RSS

Arkar Htet – My Older Daughter

02 Jul

ကျနော့်သမီးကို သံလွင်မှာ မျှောခဲ့ရသော်လည်း

အာကာထက်

ဇူလိုင် ၂၊ ၂၀၁၁

 

 ၂၀၁၁ ခုနှစ် မေလထဲတွင် ကျနော့်သူငယ်ချင်း သိန်းထိုက်ဦး (VOA) နှင့် ဇနီးသည် မသီရိတို့ရှိရာ ဝါရှင်တန်ဒီစီသို့ အလည်ရောက်ဖြစ်ခဲ့ရင်း ၈၈ ကာလ ပြည်တွင်းတွင် ဖြတ်သန်းခဲ့မှုများနှင့် မိမိတို့ မတွေ့တော့သည့် အချိန်ကာလများအတွင်း မိမိတို့ ဖြတ်သန်း ဖြစ်ပျက်ခဲ့သည့်များကို နောက်ကြောင်းပြန် ဖြစ်ခဲ့သည်။ မိမိအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးဘဝတွင် (၁၂ နှစ် – ၁၃ နှစ်) ခန့် လူထုကျန်းမာရေးကို စောင့်ရှောက်ခဲ့ရင်း ကိုယ်တွေ့ဘဝ အတွေ့အကြုံအကြောင်း အရာများစွာထဲမှ မိမိကိုယ်တွေ့ဖြစ်စဉ်တခုကို ကျနော့် သူငယ်ချင်းအား ပြောပြခဲ့ပေသည်။

သူငယ်ချင်းမှ ကျနော်ပြောသည်များကို စိတ်ဝင်တစား နားထောင်ရင်း “ခင်ဗျား စာရေးဖို့ ကောင်းတယ်” လို့ ကျနော့်အား အကြံပြုလာပါသည်။ ကျနော်ကိုယ်တိုင်ကလည်း စာရေးသည်ကို ဝါသနာပါ ပါသည်။ အနည်းငယ်လည်း ရေးဖြစ်ပါသည်။ သို့သော် အကြောင်းအရာများသည် နှုတ်မှပြောလို့ရသော်ငြားလည်း စာဖြင့်ချရေးရန် လွယ်ကူသည့် အရာမဟုတ်သည်ကို အားလုံး သိပြီးသား ဖြစ်ပေမည်။

 

သို့သော် ကျနော် ကြိုးစားပြီးရေးမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုသို့ဆုံးဖြတ်ရင်း အောက်ပါ ကိုယ်တွေ့အမှတ်တရကို ရေးသားဖြစ်ခဲ့ပါသည်။ ကျနော့်ဘဝ သမိုင်းတကွေ့မှ အပိုင်းအစမှတ်တမ်းတခု ဖြစ်ပါသည်။

 

အချိန်အားဖြင့် ၁၉၉၆-၁၉၉၇ ခုနှစ် ကာလဆီများဖြစ်သည်။ ကေအင်ယူဌာနချုပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ အခိုင်အမာရှိရာ မာနယ်ပလော ဌာနချုပ်အား နအဖ စစ်ကြောင်းများမှ အပြင်းအထန် ထိုးစစ်ဆင်၍ မာနယ်ပလော ကျဆုံးသွားပြီးနောက်ပိုင်း ကေအင်ယူနယ်မြေ တပ်မဟာ (၅) ဖာပွန်ခရိုင်အတွင်းတွင် နအဖ ဖာပွန်အခြေစိုက် တပ်ရင်းများ နှင့် ကမ်းရိုးတန်းတိုင်း တပ်ရင်းများ (လေယဉ်ပျက်ကျပြီး အသေဆိုးဖြင့်သေရသည့် သီဟသူရ စစ်မောင်) တပ်များနှင့် စုစုပေါင်း တပ်ရင်း ၁၀ ရင်းကျော်ဖြင့် နယ်မြေတခုလုံးအား ချေမှုန်းနေသည့်အချိန် ဖြစ်ပါသည်။ နအဖ စစ်တပ်များမှ သံလွင်ဖြစ်စိုးမိုးရေးကို ပြုလုပ်ပြီး မိမိနယ်မြေမှ အဓိက ဝင်ထွက်သွားလာရာ လမ်းကြောင်းများဖြစ်သည့် ကျောက်ညှပ်စခန်း၊ သေ့မူထ စခန်းများလည်း ကျဆုံးသွားခဲ့ပါသည်။

 

မိမိဆေးခန်းရှိရာ အတွင်းပိုင်းကျေးရွာများတွင်လည်း ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ စသည်တို့ကို မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများအား တွေ့သမျှ ကလေး၊ လူကြီးမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေပါသည်။ ကေအင်ယူနှင့် ကျောင်းသား တပ်မတော် စစ်ကြောင်းနှင့်လည်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် အပြင်းအထန်ဖြစ်နေချိန်ဖြစ်သည်။ ရွာသားများမှာလည်း သံလွင်မြစ်တွင် နအဖတပ်များရှိနေသဖြင့် အပြင်သို့ထွက်လို့ မရပါ။ အထဲတွင်သာ စစ်ကြောင်းများ အကူအညီဖြင့် ခိုလှုံနေရပါသည်။ မိမိ ဆေးအဖွဲ့နှင့်အတူ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို အပါအဝင် လူပေါင်း ၅၀၀ ခန့် ရှိမည်ထင်သည် ရှောင်ပုန်းနေကြရသည်။ အထူးသဖြင့် ကလေးများမှာ ငှက်ဖျားရောဂါ၊ ဝမ်းလျှောရောဂါ၊ အသက်ရှုလမ်းကြောင်း ရောဂါများကို ခံစားနေရပြီး မိမိဆေးဝန်ထမ်းများမှ တာဝန်ယူ ကုသပေးနေရပါသည်။ ရွာသားများမှာ အတော်ပင် လေးစားစရာကောင်းပါသည်။ ကေအင်ယူတပ်ဖွဲ့များနှင့် ကျောင်းသားတပ်ဖွဲ့များအား ပြေးလွှားနေရစဉ်ပင် လိုအပ်သည်များကို ကူညီပံ့ပိုးပေးကြပါသည်။ နအဖလို ပေါ်တာဆွဲစရာ မလိုပါ။ (မိမိနေရာဒေသအား မတရားကျူးကျော်ပြီး လာရောက် ဖျက်ဆီးသည့် လူစိတ်ကင်းမဲ့သူများအား တော်လှန်ရမည်ဆိုသည့် အသိစိတ်ဓာတ်ဖြစ်ပါသည်) ထိုစဉ်က မြို့နယ်ခေါင်းဆောင်တဦး ပြောစကားကို သတိရမိပါသည်။ “မင်းတို့ ဘာမှစိတ်မပူနဲ့ ငါတို့လည်း မပြေးဘူး၊ မင်းတို့လည်း ပြေးစရာမရှိဘူးဆိုရင် ငါးကြီးသေရင် ငါးခြောက်၊ ငါးလေး သေတော့ ငပိ ဖြစ်တာပေါ့” တဲ့။ အင်မတန်မှ တော်လှန်ရေးစိတ်ဓာတ်ပြည့်ဝသူများ ဖြစ်ပါသည်။

 

ထိုကာလတွင် မိမိဇနီးသည်တွင် ကိုယ်ဝန်လရင့်နေသည့်ကာလဖြစ်ပါသည်။ ဇနီးသည်အား မိဖများထံတွင် ပြန်နေစေပြီး မိမိမှာ ပြည်သူများနှင့်အတူ တတ်နိုင်သည့်ဘက်က တာဝန်များကို ထမ်းဆောင်နေရပါသည်။ ရွာသားများမှ ပြောပါသည်။ “ဆရာတို့တောင် နေနိုင်သေးရင် ကျနော်တို့လည်း မပြေးဘူး” တဲ့။ တကယ်လည်း ဟုတ်ပါသည်၊ သူတို့ ဘယ်မှ မသွားပါ။ သူတို့နေရသည်မှာ နေ့ဘက်တွင် ငှက်ပျောဖက်ကိုမိုးပြီး ခြောက်သွားပါက နောက်နေ့တွင် ငှက်ပျောရွက်အသစ်ဖြင့်ပြန်မိုးပြီး နေရသည့်ဘဝ ဖြစ်ပါသည်။ ထိုအချိန်တွင် ကျနော့် ဇနီးသည် နေထိုင်သည့် ကျေးရွာအား နအဖ စစ်ကြောင်းမှ ဝင်ရောက်ဖျက်စီးသွားသည် ဟု သိရပါသည်။ ကျနော့်ဇနီးလည်း ကိုယ်ဝန် နေ့စေ့လစေ့ဖြင့် တောအထပ်ထပ် တောင်အထပ်ထပ်ကို ကြိုးစားဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းအထိ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။ ကျနော်နှင့်လည်း အဆက်အသွယ် လုံးဝ ပြတ်သွားခဲ့တော့သည်။

 

ကျနော့်အနေဖြင့် ဇနီးသည်အတွက် စိတ်ပူပင်သောက ရောက်ရသော်လည်း မိမိနှင့်အတူ နေထိုင်သည့် ပြည်သူအများစုအရေးမှာ ပိုပြီးအရေးကြီးနေသည့်ကာလ ဖြစ်ပါသည်။ တကိုယ်ကောင်းဆန်ခြင်း မဟုတ်ပါ။ တော်လှန်ရေးသမားများအားလုံး ခံယူထားသည့် စိတ်ဓာတ်ဖြစ်ပါသည်။ တနေ့တွင် မိမိထံတွင်လိုအပ်သည့် ဆေးဝါးများ ကုန်ဆုံးသွားခဲ့ပါသည်။ မည်သို့လုပ်ရမည်နည်း။ သံလွင်မြစ်ကို ဖောက်ထွက်ပြီး မဲဆောက်ရှိ ကျောင်းသားဆေးခန်းတွင် ဆေးဝါးများသွားယူမှရမည် ဖြစ်မည်။ သံလွင်မြစ်တလျှောက်တွင်လည်း နအဖ စစ်တပ်များ နေရာယူထားပါသည်။ မတတ်နိုင်ပါ။ စွန့်စားရပါမည်။ ပြည်သူအတွက်၊ တော်လှန်ရေးအတွက် ဖြစ်ပါသည်။ ကေအင်ယူ အထူးတပ်ရင်း (၁၀၂) မှ တပ်စုမှူး ဗိုလ်လူး ဦးဆောင်မှုဖြင့် နအဖ စခန်း အနီးမှဖြတ်ပြီး ကျနော် ဖောက်ထွက်နိုင်ခဲ့သည်။ (ထိုစဉ်က ကျနော့်ဆေးခန်းအား မီးရှို့ပြီး ကျနော် သေသွားပြီဟု နအဖမှ သတင်းလွှင့်ခဲ့ပါသေးသည်။ (ကျောင်းသားဆေးခန်းမှ ဆေးမှူး တင်မောင်လတ်မှ) သံလွင်ကမ်းအထိလိုက်လာပြီး ကျနော်နှင့် ဆက်သွယ်ပါသည်။ မရခဲ့ပါ။ ကျောင်းသားရဲဘော်များနှင့်တွေ့ပြီး ကျနော် မသေကြောင်းသိရသဖြင့် မဲဆောက်ကို ပြန်သွားခဲ့ပါသည်)။

 

ကျနော်လိုအပ်သည့် ဆေးဝါးများကို ဆေးမှူး သီဟမောင်နှင့်အတူ မဲဆောက်မှ ယူဆောင်လာပြီး သံလွင်မြစ်ကမ်းဘေးတွင် ရောက်ခဲ့ပြီး ၂ ရက်အကြာတွင် ကျနော့် ဇနီးသည်လည်း ကျနော်ရှိရာသို့ ပြန်လည်ရောက်ရှိလာပါသည်။ သူလာခဲ့သည့်လမ်းမှ တောင်တန်းများ အလွန်ထူထပ်ပြီး လမ်းပြင်းပြင်း ၂ ရက်ကျော် လျှောက်ခဲ့ရပါသည်။ ကျနော့် ဇနီးသည်အား တွေ့လိုက်ချိန်တွင် အလွန်ဝမ်းသာသွားသော်လည်း သူ့တွင် အားအင်များစွာ ကုန်ခမ်းနေပေပြီ။ ကိုယ်ဝန်မှာ သားဦးကိုယ်ဝန်ဖြစ်သလို မွေးရမည့် ရက်စေ့နေပေပြီ။ ကျနော် သိပါသည်။ သူ့တွင် ကလေးမွေးနိုင်လောက်သည့် လိုအပ်သော ကိုယ်ခံအား မပြည့်စုံပါ။ သို့သော် ဘာများတတ်နိုင်မည်နည်း။ အရပ်လက်သည် မရှိပါ။ တကယ့်ဆေးရုံဆေးခန်း မရှိပါ။ လျှပ်စစ်မီး မရှိပါ။ တောတောင်အကြားတွင်ရှိသည့် သံလွင်မြစ်ကမ်းနဘေးတွင် ဖြစ်ပါသည်။ ကျေးရွာမှ ကျနော့်အိမ်အဟောင်းတလုံး ပေးထားပါသည်။ နောက်နေ့တွင် ဇနီးသည်မှာ ကလေးမွေးရန် ဝမ်းဗိုက်နာစပြုလာပါသည်။ ကျနော့်အဖြစ်ကို ပြောပြပါမည် ကျနော့်ဘဝတွင် လူနာပေါင်း များစွာကို ကိုင်တွယ်ကုသခဲ့ပါသည်။ လက်ပြတ်နေသူ၊ ခြေထောက်ပြတ်နေသူ၊ သေနတ်ထိသူ သေဆုံးသူအလောင်းများ၊ ဝက်ဝံကုတ်ပြီး တကိုယ်လုံး လူနှင့်မတူအောင် စုတ်ပြတ်နေသူ၊ လူသေ အလောင်းကို လိုအပ်သဖြင့် ခွဲစိတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မွေးပေးခြင်းတို့ကို မြောက်များစွာ ပြုစုစောင့်ရှောက်ပေးခဲ့ဖူးသော်လည်း မည်သို့မှ မတုန်လှုပ်ခဲ့ပါ။ ကျနော့်ဇနီး မွေးမည့်ညတွင် ကျနော် ဆောက်တည်ရာမရအောင်ကိုပင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့ပါသည်။ (ကျနော့် ဆေးသင်တန်းမှ ဆရာဝန်တဦးက ပြောဖူးပါသည်။ သူ့မိခင်၊ ဖခင်များ နေမကောင်းလျှင် သူဘယ်တော့မှ မကုဘူးတဲ့ တခြားဆရာဝန်ဆီမှာ သွားကုခိုင်းသည်မှာ ဒါမျိုးပဲဖြစ်မည်) သူ စတင်မွေးပါပြီ။ ကလေးဦးခေါင်းထွက်လာပါပြီ။ သို့သော် သူ ကျနော့် ပြောပါသည်။ သူ ဆက်ပြီး မညှစ်နိုင်တော့ပါ။ ကျနော် စိုးရိမ်မှု အမြင့်ဆုံးရောက်သွားပါပြီ ဆေးမှူး သီဟမောင်မှ ကြိုးစားပြီး မွေးပေးပါသည်။ ကျနော်ဘာမှ မလုပ်တတ်တော့ပါ။ ကလေးအသက်၊ မိခင်အသက် ဆုံးရှုံးရမည့်အခြေနေ (အထူးသဖြင့် သားဦးမိခင်များ မွေးဖွားရာတွင် အသေအပျောက်နှုန်း ပိုမိုများပါသည်) ကုသိုလ်ကံကောင်းသည်ဟု ဆိုရပါမည်၊ ကျနော့်တွင် သားအိမ်ပွင့်ဆေး တပုလင်း လက်ကျန်ရှိနေပါသည်။ ထိုဆေးကို အကြောဆေးအတွင်းတွင် ရောပြီးပေးလိုက်သည့် နောက်ပိုင်း ဇနီးသည်မှာ သားအိမ်ညှစ်အား ပြန်လည်ရရှိကာ ဆေးမှူးသီဟမောင်မှ လိုအပ်သည့် ခွဲစိတ်မှုကို ပြုလုပ်ပြီး ကလေးကို အောင်မြင်စွာ မွေးပေးနိုင်ခဲ့ပါသည်၊ မီးမရှိသဖြင့် အသုံးပြုထားရသော သုံးထောင့်ထိုး လက်နှိပ်ဓာတ်မီး နှစ်လုံးလည်း ဓာတ်ခဲအား ကုန်စပြုပြီး မီးရောင်များ မှေးမှိန်စပြုလာပေပြီ။

 

ကျနော် မပျော်နိုင်ခဲ့ပါ။ ကျနော့်သမီးဦးလေးမှာ မွေးဖွားချိန်ကြာမြင့်သည့်အတွက် အပြင်ရောက်ချိန်တွင် အသက်မရှိတော့ပါ။ ဆေးမှူးသီဟမောင်မှ ကြိုးစားပြီး အသက်ရှူ ထောက်ကူနည်းဖြင့် ကုသပေးပါသည်၊ မရပါ။ သမီးလေး ကံဆိုးခဲ့ပါသည်။ ဝမ်းနည်းစွာဖြင့် ပိတ်ဖြူပတ်ပြီး ကျနော့်သမီးလေး ရုပ်အလောင်းကို သံလွင်မြစ်တွင် မျှောခဲ့ရပါတော့သည်။ ထိုညတွင် ကျနော် အိပ်မပျော်ပါ။ မွေးပြီးစ ဇနီးသည်အား လိုအပ်သည့် ဆေးကုသမှုပေးရင်း မိမိကိုယ်မိမိ ယူကြုံးမရဖြစ်ခဲ့ပါသည်။ ငါဟာ သူများအသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ င့ါသမီးလေးအသက်ကို ဘာကြောင့်များ မကယ်တင်နိုင်သနည်း။ တကယ်လို့များသာ ခေတ်မီတဲ့ ဆေးရုံမှာဆိုရင် ငါ့သမီး ဒီလိုမဖြစ်ဘူးဆိုတာ တွေးမိပြီး မိုးလင်းပိုင်းတွင် အိပ်ပျော်သွားခဲ့ပါသည်။

 

နံနက် ၁၀ နာရီကျော်ခန့်တွင် ကျနော့်ဆေးတပ်ဖွဲ့မှ ဆေးမှူးလေးတဦးမှ ကျနော့် အမည်အားခေါ်ပြီး အတင်းပြေးလာပါသည်။ “ဆရာ ကျနော်တို့ ရွာဘက်ကို ရန်သူ နအဖ စစ်သား ၅ ယောက် လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထားလုပ်ပြီး ဝင်လာတယ် ဆရာ” တဲ့။ အဲဒါမှ ပြဿနာ။ ထိုစဉ်က ကျနော့်တွင် (အထူးတပ်ရင်း ၁၀၂ ရဲဘော်များ ကျနော့် ဆေးတပ်ဖွဲ့မှ ရဲဘော်များဖြင့် သံလွင်မြစ်မှ အတွင်းပိုင်းသို့ ဖြတ်သွားသည့်လမ်းကြောင်းအား ကွပ်ကဲမှုပါ လုပ်ဆောင်နေရပါသည်။ အကယ်၍ အတွင်းမှာလာသည့် ရဲဘော်များနှင့် အပြင်မှဝင်သွားသည့် ရဲဘော်များ အဆက်သွယ်မရှိပါက လမ်းတွင်တွေ့ပြီး အချင်းချင်း မှားယွင်း ပစ်ခတ်တတ်ပါသည်။ လမ်းကြောင်းမှာ တလမ်းတည်း ရှိပါသည်။ အတွင်းမှ ရဲဘော်များ သံလွင်မြစ်ကမ်းသို့ ရောက်ပါကလည်း အမြန်ဆုံးကူးနိုင်ရန် လှေများကို အဆင်သင့်ထားပေးရပါသည်။ ထို့အပြင် ရန်သူ့သတင်းလည်း ထောက်လှမ်းရပါသည်။ လှည့်ကင်းများရှိလား၊ စခန်းအပြင်ထွက်လား စသည်ဖြင့်) ကျနော်မှ မိမိသေနတ်ကိုဆွဲပြီး ရန်သူများတက်လာရာသို့ ထွက်သွားပါသည်။ မိမိဘက်မှ ရဲဘော်များကလည်း ပစ်ခတ်ရန်အဆင်သင့် နေရာယူထားပြီးဖြစ်သည်။ သို့သော် ကျနော်မှ ရန်သူများတက်လာရာ လမ်းကြောင်းကိုသွားကြည့်ရာ ရှေ့ဆုံးမှ ဦးစွာတက်လာသူမှာ ကျနော်နှင့်သိသော ကျေးရွာသူကြီး ဖြစ်နေပါသည်။ ကျနော် စဉ်းစားပါသည်။ သူတို့ ဓားစာခံ လုပ်လာတာလား၊ သို့မဟုတ် မည်သည့်အတွက် လာသနည်းဟု ရွာသူကြီးအား လှမ်းမေးပါသည်။ ရန်သူများပုံစံမှာ တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်နေသည့်ပုံပေါ်ပါသည်။ ကျနော့်လူများလည်း ကျနော့်အမိန့်မရလျှင် မပစ်ခိုင်းပါ။ ရွာသူမှ လှမ်းပြောပါသည်။ သူတို့ လက်နက်ချ အလင်းဝင်ရန်လာခြင်းဖြစ်ကြောင်း ကျနော့်အား လှမ်းလိုက်ပါသည်။ ကျနော်မှလည်း လက်နက်ချမည်ဆိုလျှင် သူတို့လက်နက်နှင့် စစ်အသုံးအဆောင်များနှင့် ယူနီဖောင်းကိုပါ ချွတ်ထားပြီး လူချည်းပဲ တက်လာခိုင်းပါသည်။ သူတို့ ငါးယောက် တက်လာပါသည်။ အသက်အကြီးဆုံး ဇော်ရဲနိုင် ဆိုသည့်ရဲဘော်သည်ပင် အသက် ၂၀ ကျော်ပင်ရှိသေးပါသည်။ ကျနော့်အိမ်တွင်ပင် ကောင်းမွန်စွာ ကျွေးမွေးပြီး သူတို့လိုအပ်သည့် အဝတ်အစား၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဖိနပ် စသည်များကို ကူညီပေးခဲ့ပြီး၊ သိမ်းဆည်းရမိသည့် လက်နက်များ၊ ကျည်ဆံများ၊ လက်ပစ်ဗုံးများ စသည်များကို စာရင်းပြုစုပြီး ကေအင်ယူ တပ်ဖွဲ့သို့ ပေးအပ်လိုက်ပါသည်။

 

အားလုံးပြီးဆုံးပြီးချိန်တွင် ကျနော်မှ အထူးတပ်ရင်းမှ ဒုရင်းမှူးအား အစီရင်ခံပါသည်။ ညွန်ကြားချက်မှာ ထိုရဲဘော်များအား ကျနော်မှဦးဆောင်ပြီး ကျောင်းသားတပ်မတော်သို့ ပို့ဆောင်ရန် ဖြစ်ပါသည်။ သို့သော် အောက်ခြေမှ ရဲဘော်များမှာ ကျနော့်ထံ လာရောက်ပြီး သူတို့ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ချင်သည့်အကြောင်း ပြောလာပါသည်။ သူတို့ကို အပြစ်မပြောလိုပါ။ ထိုစစ်ကြောင်းများမှ မကြာသေးခင် ရက်ပိုင်းအတွင်းမှာပင် သူတို့ရွာတွေကို ဖျက်စီးခဲ့သည်။ သူတို့လူမျိုးများကို မတရားသတ်ဖြတ်ခဲ့သည် မဟုတ်ပါလား၊ သို့သော် ကျနော်မှ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအကြောင်း ရှင်းပြပါသည်။ မိမိနှင့် ရှေ့တန်းတွင် ရင်ဆိုင်တိုက်နေပါက ရန်သူဖြစ်သော်လည်း မိမိထံတွင် လက်နက်ချလာလျှင် ရန်သူ မဟုတ်တော့ကြောင်း သူတို့တွင် လူ့အခွင့်အရေးရှိကြောင်း အတော်ကြာ အောင်ပြောရပါသည်။ အထက်က အမိန့်မှာလည်း ကျောင်းသားစခန်းကို ပို့ရမည်ဟုပါ ပြောလိုက်ရပါသည်။ ရဲဘော်များမှ တောင်းဆိုချက်တခုတော့ ကျနော် လိုက်လျှောလိုက်ပါသည်။ ထိုလက်နက်ချရဲဘော်များအား ဒီည ရွာထဲတွင် လုံးဝ မအိပ်ခိုင်းခြင်းပဲ ဖြစ်ပါသည်။ နေလည်း စောင်းစပြုနေပြီ၊ ကျနော် သဘောတူလိုက်ပါပြီ။ ရွာထဲတွင်ထား၍ မဖြစ်ပါ။ ကျနော့်ရဲဘော်များအကြောင်းကို ကျနော် သိပါသည်။

 

ထိုအလင်းဝင် ရဲဘော် ၅ ယောက် အသက်မှာ ကျနော့်လက်တွင် ရှိနေပေပြီ။ တဖက်တွင်လည်း ကလေးမွေးပြီးခါစ၊ ကလေးဆုံးလို့ စိတ်ထိခိုက်နေသည့် ဇနီး။ သူ့တွင် အားအင်များလည်း ကုန်ခမ်းနေသည့်အချိန်။ သို့သော် ကျနော် ဆုံးဖြတ်ရပါသည်။ ဇနီးသည်အား တိုင်ပင်ရပါသည်၊ သူလည်း လိုလိုလားလား လက်ခံပါသည်။ သူသည်ပင် ကရင့်တော်လှန်ရေး မျိုးရိုးမှ မွေးဖွားလာသူဖြစ်ပါသည်။

 

ထို့နောက် ကျနော့်ရဲဘော်အချိုနှင့်အတူ ထိုရဲဘော် ၅ ဦးအားခေါ်ဆောင်၍ ညနေစောင်း တွင်ပင် ကျောင်းသားစခန်းအား ခေါ်ဆောင်ခဲ့ရပေသည်။ ထိုစဉ်က ကျောင်းသားတပ်မတော် တပ်ရင်း (၂) မှ တာဝန်ရှိသူများဖြစ်သည့် တပ်ရင်းမှူး လှတိုး (ကျဆုံး)၊ ကိုကျော်သူရိန် (တပ်ခွဲမှူး ဖြစ်မည်ထင်သည်) နှင့် စစ်ရုံးချုပ်မှ တာဝန်ရှိသူဖြစ်သည့် ကိုဝေလင်းဇင်ထံ အပ်နှံခဲ့ပါသည်။ (ထိုသတင်းကို ယခင်က ဘန်ကောက်တွင် ထုတ်သော ခေတ်ပြိုင် သတင်းစာတွင် ထိုစဉ်က ပါခဲ့သည်ကို တွေ့မိလိုက်ပါသည်) ကျနော် သူတို့အတွက် စိတ်အေးရပါပြီ။ သို့သော် ကျနော် စိတ်မအေးနိုင်သည်မှာ ကျနော့်ဇနီးသည်အတွက်ပင် ဖြစ်ပါသည်။ သူမှ မည်သို့ပင် သဘောထားကြီးသည်ဖြစ်စေ သူ့ကျန်းမာရေးအခြေနေကို ကျနော် သိပါသည်။ မီးဖွားပြီးစ သွေးများလည်း ဆင်းနေပါသေးသည်။ နောက်တနေ့ ကျနော့် အိမ်အပြန်ခရီးသည် စိတ်ပူပင်မှုမြောက်များစွာဖြင့် နေပူပူတွင် အပြင်းလျှောက်ခဲ့မိနေပါသည်။ အိမ်နားသို့ ရောက်ပါပြီ။ ကျနော် အိမ်အပေါ်သို့ တော်တော်နှင့် မတက်ရဲပါ။ ကျနော့် ဇနီးသည် အခြေအနေကို အရင် ချောင်းကြည့်မိပါသည်။ ဇနီးသည်မှာ ထိုင်နေပြီး အစာအနည်းငယ်ကို စားနေသည်ကိုတွေ့လိုက်ရသဖြင့် ကျနော် အတိုင်းမသိ ပျော်ရွင်ခဲ့ပါသည်။ တဖက်တွင် မိမိသမီးကြီးအား သံလွင်တွင် မျှောလိုက်ရသော်လည်း တဖက်တွင် လူ့အသက် (၅) ချောင်းအား ကယ်တင်လိုက်နိုင်သည် မဟုတ်ပါလား။ ကွယ်လွန်သွားသည့် ကျနော့် သမီးကြီးသာ နောင်ဘဝမှနေ ထိုဖြစ်ရပ်တွေကို သိနေပါက သူ့ဖခင် ကျနော့်အား ခွင့်လွှတ်နိုင်မည် ထင်ပါသည်။ ကျနော့်သမီးကြီး ကောင်းရာမွန်ရာ ရောက်ပါစေ၊ ဘဝဆက်တိုင်း ဆက်တိုင်း မင်းဆိုး မင်းညစ် လက်ထက်မှာ လူသားအဖြစ် ရောက်မလာပါစေနဲ့ လို့ အဖေ ဆုတောင်းလိုက်ပါတယ်။

 

လူသားအားလုံး ဘဝဆိုးများမှ ကင်းဝေးပါစေ။

 

ပြည်သူလူထုအား မတရားအုပ်ချုပ်သူတွေ ကျဆုံးပါစေ။

 

(၆၊ ၂၅၊ ၂၀၁၁)

 

 
Leave a comment

Posted by on July 2, 2011 in Memories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: