RSS

Aung Din – News Features

04 Jul

ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ ဆွေးနွေးနိုင်ကြမယ်
အောင်ဒင်
ဇူလိုင် ၃၊ ၂၀၁၁

(၁)

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ကျနော်တို့နိုင်ငံမှာ ပြန်လည်ထွန်းကားဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံး နည်းလမ်းက မြန်မာစစ်အုပ်စုနဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ
သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းခြင်းပဲဖြစ်တယ်လို့ ကျနော်တို့ လက်ခံယုံကြည်ထားကြပါတယ်။ အဲဒီလို ယုံကြည်မှုအတိုင်း စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့၊ ဒိုင်ယာလော့ (Dialogue) လုပ်ဖို့တောင်းဆိုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ အခုထိတော့ စစ်အုပ်စုက လုံးဝလက်မခံ ငြင်းဆန်နေဆဲပါ။

တကယ်တော့လဲ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊အားလုံးဟာ ဘယ်လိုက စခဲ့စခဲ့ နာက်ဆုံးအဆင့်မှာနှစ်ဖက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဆုံးသတ်ရတာပါ။ ဒါပေမည့် ဒိုင်ယာလော့တိုင်းဟာ ကောင်းမွန်တဲ့ရလဒ်ကို မဖန်တီးနိုင်ပါဘူး။ အထူးသဖြင့် တဘက်ရန်သူက အင်အားကြီးမားပြီး အနိုင်ရနေချိန်မှာ ဒိုင်ယာလော့ဆိုတာ ဖြစ်နိုင်ဖွယ်မရှိသလို ဖြစ်ပြန်ရင်လဲ အားနည်းတဲ့ဘက်က အရှုံးပေးလက်နက်ချရတဲ့ အခြေအနေနဲ့ အဆုံးသတ်တတ်ပါတယ်။ ကျနော်တို့နိုင်ငံကို ဗြိတိသျှကိုလိုနီအစိုးရက နယ်ချဲ့တော့ အင်္ဂလိပ်-မြန်မာစစ် သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီ စစ်ပွဲသုံးခုစလုံးကို နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဆုံးသတ်ခဲ့ရပေမယ့် အဲဒီဆွေးနွေးပွဲတွေက ကျ နော်တို့ ဘယ်လိုအရှုံးပေးရမယ်ဆိုတာကို ပြဋ္ဌာန်းအတည်ပြုတဲ့ပွဲတွေပဲဖြစ်ခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးချုပ်အက်တလီခေါင်းဆောင်တဲ့ ဗြိတိသျှအစိုးရတို့ တွေ့ဆုံဆွေးနွေးတဲ့အချိန်ကျတော့ မြန်မာပြည်သူတွေဘက်က ခေါင်းဆောင်ကောင်းများရဲ့ ဦးဆောင်မှုအောက်မှာ ညီညွတ်အားကောင်းနေတဲ့အချိန်၊ လွတ်လပ်ရေးရယူဖို့ စိတ်ဓာတ်ထက်သန် ပြင်းထန်နေတဲ့အချိန်၊ စစ်အတွေ့အကြုံ၊ လူထုတိုက်ပွဲအတွေ့အကြုံမြင့်မားပြီး ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လွတ်လပ် ရေးကိုအရယူဖို့ ဆုံးဖြတ်ထားတဲ့အချိန်၊ တဘက်မှာ ဗြိတိသျှအစိုးရအနေနဲ့က ဒုတိယကမ္ဘာစစ်ကြီးမှာ ဦးဆောင်တိုက်ခိုက်ခဲ့ရလို့ ပင်ပန်းပြီး စီးပွါးရေးအကြပ်အတည်း၊ နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အားနည်းနေတဲ့အချိန်ပါ၊ ဒါကြောင့်မို့လို့ အဲဒီ ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံကို တနှစ်အတွင်းလွတ်လပ်ရေးပေးမယ်ဆိုတဲ့ ကတိကဝတ်ကိုရခဲ့တာပါ၊

ဒီတော့ တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုတာမှန်ပေမည့် ကိုယ့်ဘက်က အင်အားမကောင်းရင် ဒိုင်ယာလော့ဆိုတာ ဖြစ်လာနိုင်စရာမရှိဘူး ဆိုတာရယ်၊ ဖြစ်ရင်တောင်မှ တန်းတူညီမျှဆွေးနွေးခွင့်ရပြီး အားလုံးအတွက်အကျိုးရှိတဲ့ ရလာဒ်တွေ ထွက်ပေါ်လာမည့်အခြေအနေမျိုးမှာ မရှိပဲ ကိုယ့်ဘက်ကပဲ လျှော့ပြီးရင်း လျှော့ရတဲ့အခြေအနေမျိုးကိုပဲ ရောက်စေနိုင်ပါတယ်၊ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သီးခြားဆွေးနွေးမှုတွေ လုပ်ခဲ့ဘူးပါတယ်။ အဲဒီဆွေးနွေးပွဲတွေမှာ စစ်အုပ်စုက အပေါ်စီးကနေ “ခင်ဗျားတို့ လက်နက်ချကြ၊ ဥပဒေဘောင်ထဲဝင်လာကြ။ ကျုပ်တို့ကို မဆန့်ကျင်နဲ့။ ဒါဆို ခင်ဗျားတို့ကို ကျုပ်တို့က သူကောင်းပြုမယ်” လို့ဆိုပြီး လက်အောက်ခံပြုရေး ဆွေးနွေးတာမျိုးပဲဖြစ်ခဲ့ပါတယ်။ ကချင်က မထုနော်တို့၊ စခုံတရိန်းတို့၊ ပအို့က အောင်ခမ်းထီတို့၊ ကရင်က ဖဒိုအောင်ဆန်းတို့ကတော့ သူကောင်းပြုခံပြီး သူတို့ရဲ့တော်လှန်ရေးကို ကျောခိုင်းသွားကြပြီး သဘောမတူတဲ့အဖွဲ့တွေကတော့ စစ်အုပ်စုရဲ့ထိုးစစ်ကို ရင်ဆိုင်နေ ကြရပါပြီ။ ဒါကြောင့် အရေးအကြီးဆုံးက ဒိုင်ယာလော့ကို တောင်းဆိုနေတဲ့တချိန်တည်းမှာပဲ ကျနော်တို့ ဒီမိုကရေစီအင်အားစုကြီး အား ကောင်းကြံ့ခိုင်ညီညွတ်ကြဖို့ လိုအပ်သလို တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကလဲ စစ်အုပ်စုက တဖွဲ့ခြင်း ခွဲခြားတိုက်ခိုက်တာ၊ စည်းရုံးတာကို စုပေါင်းပြီး ညီညီညာညာတုံ့ပြန်ကြဖို့လိုပါတယ်။ အဲဒီလို ဒီမိုကရေစီအင်အားစုကြီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားကောင်းမှ၊ ညီညွတ်မှ၊ ခိုင်မာမှ စစ်အုပ်စုနဲ့ တန်းတူညီမျှဆွေးနွေးနိုင်ကြမှာပါ၊

(၂)

ကျနော်က တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ထောက်ခံသူပါ၊ ဒါပေမယ့်လည်း ကျနော်တို့ ဒီမိုကရေစီအင်အားစုကြီးနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားကောင်းသန်မာညီညွတ်မှနဲ့ စစ်အုပ်စုအားနည်းမှပဲ ကျနော်တို့တောင်းဆိုတဲ့ ဒိုင်ယာလော့ဆိုတာဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ အဲဒီလို ဒိုင်ယာလော့မျိုးဖြစ်မှပဲ အားလုံးအတွက် အကျိုးရှိတဲ့ရလဒ်တွေထွက်နိုင်မယ်လို့ အခိုင်အမာယုံကြည်ပါ တယ်။ ဒါပေမည့်လဲ ပြည်တွင်းကနေ ထွက်ပြေးလာသူ တယောက်မို့ ပြည်တွင်းက ဒီမိုကရေစီအင်အားစုကြီး အားကောင်းခိုင်မာရေး ဆိုတာကို အဝေးက စိတ်ဓာတ်ရေးရာ ထောက်ပံ့ရုံကလွဲလို့ မဆောင်ရွက်နိုင်သူပါ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ညီညွတ် ခိုင်မာအောင်ဆိုတာလည်း ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပါ။ ကျနော်တတ်နိုင်တာ တခုကတော့ စစ်အုပ်စုအားနည်းရေး အတွက် အမေရိကန်အစိုးရကဦးဆောင်ပြီး စီးပွားရေးပိတ်ဆို့မှုတွေနဲ့ စစ်အုပ်စုရဲ့ပိုင်ဆိုင်မှုတွေ၊ ငွေဝင်လမ်းကြောင်းတွေကို တားမြစ် အောင် လှုံ့ဆော်စည်းရုံးတာပါပဲ။ မြန်မာနိုင်ငံစစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လူသတ်ယန္တယားကြီးကို အင်အားဖြည့်ဖို့၊ လက်နက် တပ်ဆင်ဖို့ ငွေကြေးအမြောက်အများသုံးစွဲ နေပါတယ်။ အဓိကရုဏ်းတွေကိုဟန့်တားဖို့၊ ဒီမိုကရေအင်အားစုကြီးကို နှိမ်နှင်းဖို့အတွက် သူတို့ရဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေအ တွက်ငွေကြေးအမြောက်အများသုံးစွဲပါတယ်။ အဲဒါအပြင် သူတို့နဲ့ မိသားစုတွေရဲ့အကျိုးစီးပွား အတွက် တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတပစ္စည်းတွေ၊ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ်တွေ၊ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းစားပြီး ရရှိတဲ့ငွေကြေးတွေကို ပြည်ပဘဏ်တွေမှာ ခိုးဝှက်မြှုပ်နှံထားတာပါ။

ရဲတံခွန်နဲ့ ရတနာကထွက်တဲ့ ဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကိုရောင်းတာကတင် တနှစ်ကို အမေရိကန်ဒေါ်လာ သန်း (၅၀၀) ကျော်ရရှိပြီး စရောင်းချိန်ကနေ ဒီကနေ့အထိ ဒေါ်လာသန်းထောင်ပေါင်းများစွာရခဲ့ပြီးဖြစ်ပေမည့် အဲဒီပိုက်ဆံတွေဟာ လူထုရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် မဟုတ်ခဲ့ပါ။ ဒီတော့ မြန်မာစစ်ခေါင်းဆောင်တွေကို စီးပွားရေးပိတ်ဆို့တာ၊ သူတို့ ခိုးဝှက်မြှုပ်နှံထားတဲ့ ပိုက်ဆံ တွေ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ တားမြစ်တာတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့အရေးယူမှုလို့ ကျနော်ယုံကြည်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ငွေဝင်လမ်းကြောင်းတွေကို ထိထိရောက်ရောက်ပိတ်ဆို့နိုင်မယ်ဆိုရင်၊ သူတို့ရဲ့ ပြည်ပမှာသိမ်း ဆည်းထားတဲ့ ငွေကြေးတွေ၊ ပိုင်ဆိုင်မှုတွေကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်မယ်ဆိုရင် စစ်အုပ်စုဟာ တဖြေးဖြေးနဲ့ အားနည်းလာလိမ့် မယ်လို့ ယုံကြည်ထားပါတယ်။ အဲဒီလို ယုံကြည်တဲ့အတွက် အမေရိကန်အစိုးရကို မြန်မာ့ဒီမိုကရေစီအင်အားစုကြီးကို အမြင့်မားဆုံး ထောက်ခံပံ့ပိုးဖို့နဲ့ မြန်မာစစ်အုပ်စုကို အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူဖို့ စည်းရုံးလှုံ့ဆော်နေခဲ့တာ အခုဆို (၁၀) နှစ်ရှိပါပြီ။

(၃)

လွန်ခဲ့တဲ့ (၂) နှစ် သမ္မတအိုဘားမားတက်လာတဲ့အချိန်ကစပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့မူဝါဒကို ပြန်လည်သုံး သပ်ပြီး ဆန်ရှင်နဲ့ဖိအားပေးမှုတွေကို ဆက်လက်ဆုတ်ကိုင်ထားပြီး တချိန်တည်းမှာ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ (Pragmatic Engagement Policy) မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အမေရိကန်အစိုးရ ကလည်း မြန်မာစစ်ခေါင်းဆောင်များနဲ့ ဒိုင်ယာလော့လုပ်မယ်ပေါ့။ အဲဒီ မူဝါဒသစ်ကို ကျနော်ထောက်ခံပါတယ်။ အရင်တုံးက အမေရိကန် က စစ်အုပ်စုကို ကြားလူကတဆင့်ဆက်ဆံပြီး အပြောင်းအလဲလုပ်ဖို့တိုက်တွန်းခဲ့တယ်။ အခု ကြားလူ/ကြားနိုင်ငံကို မသုံးတော့ပဲ တိုက်ရိုက်စကားပြောမယ်။ စစ်အုပ်စုက အပြုသဘောတုန့်ပြန်မှ၊ အပြောင်းအလဲတွေလုပ်မှ ဆန်ရှင်ကို ရုပ်သိမ်းမယ်။ ဒါဟာ ကောင်းမွန် တဲ့ မူဝါဒတရပ်ပါ။ ဒါပေမည့် အဲဒီလို တိုက်ရိုက်ဆက်ဆံမှုအပေါ်မှာ စစ်အုပ်စုက အမြတ်ထုတ် အခွင့်အရေးယူပြီး နိုင်ငံတကာ ဖိအားပေးမှု တွေကို ဝေဝါးအောင်၊ လျော့နည်းအောင် လှည့်ဖျားနိုင်တာမို့ သတိကြီးကြီးထားဖို့ အကြံပြုတောင်းဆိုခဲ့ပါတယ်။

တကယ်တော့ အာဏာရှင်များနဲ့ ဒိုင်ယာလော့လုပ်တဲ့နေရာမှာ အထက်ကတင်ပြခဲ့သလို ကိုယ့်ဘက်က အားကောင်းဖို့လိုပါတယ်။ မဟုတ်ရင် အာဏာရှင်က ဒိုင်ယာလော့ဆိုတာကို လေးစားမှုမရှိပဲ တဖက်က အားနည်းလို့၊ အရေးနိမ့်နေလို့ စကားပြောဖို့ကမ်းလှမ်းတာလို့ မြင်ပါလိမ့်မယ်။ အဲဒီလို မြင်တဲ့အခါကျတော့ အာဏာရှင်က သူလိုချင်တာကိုပဲ တဘက်သတ်တောင်းဆိုပြီး သူ့ဘက်ကတော့ တစုံတရာ ပြန်ပေးဖို့ စဉ်းစားမှာမဟုတ်ပါ။ ဒါကြောင့် ကျနော်က အမေရိကန်အစိုးရကို ကိုယ့်ဘက်က အားကောင်းအောင်အရင်လုပ်ဖို့၊ ဒိုင်ယာလော့ လုပ်မည့်အချိန်ကာလကို (၁) နှစ်ဖြစ်စေ၊ (၂) နှစ်ဖြစ်စေ အတိအကျသတ်မှတ်ဖို့၊ အဲဒီ တိကျတဲ့အချိန်ဇယားထဲမှာ ကိုယ့်ဘက်က လိုချင် တာတွေ၊ (နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံသားအားလုံး တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းဖို့) စတာတွေကို ခိုင်ခိုင်မာမာ တောင်းဆိုဖို့၊ ပြီးတော့ စစ်အုပ်စုက အပြုသဘောတုန့်ပြန်ရင် ကိုယ့်ဘက်က လိုက်လျောနိုင်တာတွေကို ချပြဖို့နဲ့ စစ်အုပ်စုက မတုန့်ပြန် ရင် ကိုယ့်ဘက်က ပိုပြီးအရေးယူနိုင်တာတွေကို ပြင်ဆင်ထားဖို့၊ အဲသလို အကြံပြုခဲ့ပါတယ်။ အခုထိတော့ အမေရိကန်ရဲ့ စစ်အုပ်စုနဲ့ ဒိုင်ယာလော့ဟာ နှစ်နှစ်သာကြာလာတယ်။ ဘာရလာဒ်မှမထွက်ဘူးဆိုတာကိုဝန်ခံကြပေမည့် ကျနော်အကြံပြုသလို ဖြစ်မလာသေးပါ။

(၄)

တဖက်မှာလည်း ဆန်ရှင်ဟာ ထိရောက်မှုမရှိဘူး ဆိုပြီး အမေရိကန်အစိုးရကို ဆန်ရှင်တွေလုံးဝရုတ်သိမ်းပြီး စစ်အုပ်စုနဲ့ ရင်းနှီးအောင် ဆက်ဆံဖို့ တိုက်တွန်းလှုံ့ဆော်နေကြသူတွေလဲအများကြီးပါ။ သူတို့ရဲ့ အဓိကဝေဖန်ချက်ကတော့ တရုတ်အစိုးရက မြန်မာစစ်အုပ်စုကို စီးပွားရေးအထောက်အပံ့နဲ့ နိုင်ငံရေးအကာအကွယ်ပေးနေတာမို့ အမေရိကန်ရဲ့ ဖိအားပေးမှုဟာ အကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုပါ တယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုကိုရုတ်သိမ်း၊ မြန်မာစစ်အုပ်စုကို ရင်းရင်းနှီးနှီးဆက်ဆံပြီး ယုံကြည်မှုရအောင်ကြိုးစားရင် တဖြေး ဖြေးနဲ့ အပြောင်းအလဲတွေလုပ်အောင် စည်းရုံးသိမ်းသွင်းနိုင်လိမ့်မယ်၊ တရုတ်လက်ထဲကနေ မြန်မာစစ်အုပ်စုကို ဆွဲထုတ်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ အဲဒီဉာဏ်ကြီးရှင်များက ကြွေးကြော်ကြပါတယ်။

တရုတ်ရဲ့အကာအကွယ်ပေးမှုကြောင့် အမေရိကန်ရဲ့ဖိအားပေးမှုတွေ ထိရောက်သင့်သလောက် မထိရောက်ဘူးဆိုတာ အတိုင်းအတာ တခုထိတော့မှန်ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက အာဏာရှင်များအားလုံးရဲ့ ဖခင်ကြီး၊ သူကိုယ်တိုင်က သူ့ပြည်သူတွေကို အကန့် အသတ်တွေ၊ အကြမ်းဖက်မှူတွေနဲ့ အုပ်ချုပ်နေသလို တကမ္ဘာလုံးက အာဏာရှင်အစိုးရများကို ဦးဆောင်ဦးရွက်ပြုနေသူဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်ရဲ့တန်ဘိုးထားမှုတွေက အရှေ့နဲ့အနောက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြပါတယ်။ တရုတ်က ဒီမိုကရေစီ၊ တရားမျှ တမှုနဲ့ လူ့အခွင့်အရေးဆိုတာကို ကွန်မြူနစ်ပါတီရဲ့ အာဏာကို ခြိမ်းခြောက်မှုအဖြစ်သဘောထားတယ်။ အမေရိကန်က ဒီမိုကရေစီ၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေးဆိုတာကို လူ့အဖွဲ့အစည်းတိုင်းမှာ မလွဲမသွေရှိသင့်တဲ့၊ လူသားတိုင်း ခံစားပိုင်ခွင့်ရှိတဲ့ အခြေခံရပိုင်ခွင့် များလို့ ယုံကြည်တယ်။ တရုတ်အစိုးရက အာဏာဟာ သေနတ်ပြောင်းဝမှာတည်တယ်လို့ကျင့်သုံးပြီး အမေရိကန်က အာဏာဆိုတာ
လူထုရဲ့လွတ်လပ်စွာရွေးချယ်တင်မြှောက်မှုနဲ့ပဲ ရရှိသင့်တယ်လို့ လက်ခံတယ်။ ဒါကြောင့် တန်ဘိုးထားမှုခြင်း ဆန့်ကျင်ကြတဲ့နေရာမှာ အမေရိကန်အစိုးရကို သူ့ရဲ့တန်ဘိုးထားမှုတွေကိုစွန့်လွှတ်ပြီး တရုတ်အစိုးရလို ကျင့်ကြံဖို့တောင်းဆိုတာ အဓိပ္ပါယ်မရှိပါ။

မြန်မာစစ်အုပ်စုနဲ့ ရင်းနှီးကျွမ်းဝင်သွားရင် အပြောင်းအလဲတွေလုပ်အောင် ဖြေးဖြေးချင်း စည်းရုံးနိုင်လိမ့်မယ်လို့ဆိုတာလဲ စိတ်ကူးယဉ် တာပဲ ဖြစ်ပါလိမ့်မယ်။ အမေရိကန်က အီဂျစ်သမ္မတ မူဘာရက်ကို မဟာမိတ်အဖြစ်ဆက်ဆံပြီး အထောက်အပံ့တွေအများကြီးပေးပြီး ဒီမိုကရေစီအပြောင်းအလဲတွေလုပ်ဖို့ စည်းရုံးခဲ့ပေမယ့် မအောင်မြင်ပါ။ လူထုရဲ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး လူထုကို အကြမ်းဖက်အုပ်ချုပ်ခဲ့တဲ့ မူဘာရက်ဟာ နောက်ဆုံးတော့ လူထုအုံကြွမှုတွေကဖယ်ရှားမှပဲ အာဏာက ဆင်းပေးရတာပါ။ ဆီးရီးယား သမ္မတ အာဆတ်ကိုလဲ အပြောင်းအလဲလုပ်မည့် ခေါင်းဆောင်တယောက်လို့ အနောက်နိုင်ငံတွေက မျှော်လင့်ခဲ့ကြဘူးပါတယ်။ အခုတော့ အဲဒီအစိုးရတွေအားလုံးက ပြည်သူတွေရဲ့ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းနေတဲ့ အာဆတ်ကို ဝိုင်းဝန်းရှုံ့ချ နေကြရပါပြီ။ ကျနော်တို့တောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ မြန်မာစစ်အုပ်စုနဲ့ မြန်မာပြည်သူများအကြား ပြန်လည် သင့်မြတ်ရေးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့ အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများရဲ့ပြန်လည်သင့်မြတ်ရေးမဟုတ်ပါ။

နောက်တချက်က ဆန်ရှင်ကမထိရောက်ဘူးဆိုရင် အမေရိကန်ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌန်းချမှတ်ထားတဲ့ အရေးယူမှုတွေကို အမေရိကန်အစိုးရက အပြည့်အဝ၊ ထိထိရောက်ရောက်အကောင်အထည်ဖော်ရဲ့လားဆိုတာကိုလည်း ပြန်လည်သုံးသပ်သင့်ပါတယ်။ ကျနော်ကတော့ အမေရိကန်အစိုးရဟာ ဥပဒေနဲ့ ပြဋ္ဌန်းထားတဲ့အရေးယူမှုတွေကို အပြည့်အဝအကောင်အထည်ဖော်ခြင်းမရှိသေးဘူး။ အမေရိကန်သံတမန်တွေကိုယ်တိုင်က ဆန်ရှင်ကို အရေးကြီးတဲ့လက်နက်တခုအဖြစ် အသုံးမချကြဘူးလို့ ထောက်ပြချင်ပါတယ်။

အမေရိကန်သံတမန် အတော်များများက ဆန်ရှင်ဆိုတာကို အကျိုးရှိတဲ့လက်နက်တခုလို့မမြင်ပဲ သူတို့ရဲ့သံတမန်ရေးရာအားထုတ်မှုမှာ အဟန့်အတားတခုလို့မြင်ပါတယ်။ ဒီဆန်ရှင်ကြောင့် သူတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ အစိုးရခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်မရ၊ တွေ့ဆုံခွင့်မရ၊ သူတို့ လွတ်လွတ်လပ်လပ်သွားလာလို့မရတာလို့ အပြစ်မြင်ကြပါတယ်။ ၂၀၀၃ ခုနှစ်မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က မြန်မာနိုင်ငံကတင်ပို့တဲ့သွင်းကုန်တွေကို ပိတ်ဆို့တဲ့အရေးယူမှုပါဝင်တဲ့ (Burmese Freedom and Democracy Act of 2003) ကို ဥပဒေပြဋ္ဌန်းခဲ့ပါတယ်။ အဲဒီဥပဒေက သမ္မတက ဇူလိုင်လထဲမှာ လက်မှတ်ရေးထိုးအတည်ပြုပြီး တလအကြာ ဩဂုတ်လထဲမှာမှ အသက်ဝင်တာပါ။ ဒါပေမယ့် စက်တင်ဘာလထဲမှာလုပ်တဲ့ လွှတ်တော်ကြားနာပွဲတခုမှာ အဲဒီတုံးက ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးလုပ်နေတဲ့ပုဂ္ဂိုလ်က ဒီသွင်းကုန်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံတွေ ရာနဲ့ချီပြီး ပိတ်ရပြီး
အမျိုးသမီးလေးတွေ ထောင်ပေါင်းများစွာ အလုပ်ပြုတ်ရတယ်။ တချို့မိန်းကလေးတွေ ပြည့်တန်ဆာ ဖြစ်သွားကြပါတယ်လို့ ထွက်ဆိုသွားပါတယ်။ တကယ်တော့ သူထွက်ဆိုတဲ့အချိန်မှာ သွင်းကုန်ပိတ်ဆို့အရေးယူမှုက သက်ရောက်မှုရှိတာ ရက်ပိုင်းလေးပဲ ရှိပါ သေးတယ်။ သူပြောသလို ဘယ်လိုမှမဖြစ်နိုင်ပါ။ ဒါပေမယ့် အမေရိကန်အစိုးရထိပ်တန်းအရာရှိ ကိုယ်တိုင်ကပြောတာမို့ ကမ္ဘာတဝှမ်းက သတင်းစာတွေမှာ ထိပ်တန်းသတင်းတပုဒ်ဖြစ်ခဲ့ပြီး အခုထိလဲ ဆန်ရှင်သည် သာမာန်ပြည်သူများကိုသာ ထိခိုက်သည်လို့ ပြောချင်သူများ အတွက် ထာဝရကိုးကားစရာ ဖြစ်နေပါတယ်။ နောက် သိပ်မကြာခင်မှာပဲ အဲဒီအရာရှိလည်း တာဝန်ကအနားယူပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေ ရုတ်သိမ်းပေးဖို့ အကြီးအကျယ်လော်ဘီလုပ်နေတဲ့ စီးပွားရေးကော်ပိုရေးရှင်းများကိုယ်စားပြုအဖွဲ့တဖွဲ့ရဲ့ အကြီးအကဲ ဖြစ်သွားပါတယ်။ ဆိုလိုချင်တာက အမေရိကန်သံတမန်တချို့ကိုယ်တိုင်က အစိုးရရဲ့ ဆန်ရှင်မူဝါဒကို ထိထိရောက်ရောက်အကောင်အထည်ဖော်ရမည့်အစား သူတို့ကိုယ်တိုင်က ဆန်ရှင်ကို ပြစ်တင်ဝေဘန်ပြီး အားနည်းအောင်လုပ်နေကြတာပါ။

၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က Tom Lantos Block Burmese JADE Act of 2008 ကို ပြဌန်းအတည်ပြုပါတယ်။ အဲဒီဥပဒေမှာပါတဲ့အရေးယူမှုတွေထဲမှာ ထင်ရှားတာ (၂) ခုက စစ်ခေါင်းဆောင်တွေနဲ့ သူတို့ကို စီးပွားရေး၊ နိုင်ငံရေးထောက်ပံ့နေသူတွေကို ပစ်မှတ် ထား အရေးယူတဲ့ Targeted Financial Sanctions နဲ့ သူတို့ရဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲပေးနေတဲ့ နိုင်ငံခြားဘဏ်တွေကိုအရေး ယူတဲ့ Banking Sanction ပါ။ အဲဒီဥပဒေအရ အမေရိကန် ဘဏ္ဏာရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ အလိုတော်ရိ စီးပွားရေးသမားတွေကို နာမည်ပျက်စာရင်းထဲ (Specially Designated Nationals/SDN) ထည့်သွင်းပြီး အရေးယူမှုတွေ စတင်ခဲ့ပါတယ်။ ဒါပေမည့်လည်း ဒီကနေ့ အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူတဲ့ နာမည်ပျက်စာရင်းဝင်ပုဂ္ဂိုလ်များအရေအတွက်ဟာ ဥရောပသမဂ္ဂက ပြည်ဝင်ခွင့်မပြုဖို့ ငြင်းဆိုထားတဲ့အရေအတွက်နဲ့ ဩစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူထားတဲ့အရေ အတွက်ထက် အများကြီးနည်းနေပါတယ်။ ဥရောပသမဂ္ဂနဲ့ ဩစတြေးလျအစိုးရကအရေးယူထားတဲ့ အလိုတော်ရိတချို့ဟာ ဒီကနေ့ အထိ အမေရိကန်အစိုးရရဲ့အရေးယူမှုကနေ ကင်းလွတ်နေဆဲဖြစ်တာကို အံ့ဩဖွယ်တွေ့ရပါတယ်။

ပိုပြီးအရေးကြီးတဲ့ Banking Sanction ကိုတော့ အမေရိကန်အစိုးရက လုံးဝအကောင်အထည်ဖော်တာမတွေရပါဘူး။ ၂၀၀၆ ခုနှစ်က အဲဒီဆန်ရှင်နဲ့ အမေရိကန်အစိုးရက မြောက်ကိုရီးယားအစိုးရ မကာအိုဘဏ်တခုမှာလျှို့ဝှက်အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော်ကို ထိန်းချုပ်လိုက်နိုင်လို့ နောက်ဆုံးမှာ ကင်ဂျုံးအီက ခြောက်နိုင်ငံဆွေးနွေးပွဲမှာ ပြန်ပါဖို့ ကတိပြုရတာပါ။ အခု မြန်မာ စစ်ခေါင်းဆောင်တွေရော၊ အလိုတော်ရိစီးပွားရေးသမားတွေရော တိုင်းပြည်တွင်းက သယံဇာတတွေ၊ ပြည်သူလူထုရဲ့အကျိုးစီးပွားတွေကို ခိုးဝှက်လုယူထားတဲ့ ဒေါ်လာ သန်းထောင်ပေါင်းများစွာကို ပြည်ပနိုင်ငံတချို့ကဘဏ်တွေမှာ ရင်းနှီးမြှုပ်နှံထားကြတာပါ။ အဲဒီငွေကြေးတွေကိုသာထိန်းချုပ်နိုင်မယ်ဆိုရင် စစ်အုပ်စုကို အကြီးအကျယ်အားနည်းစေမှာပါ။

ဒီအချက်တွေကြောင့် ဆန်ရှင်က မထိရောက်ဘူးဆိုတာဟာ အမေရိကန်သံတမန်တွေက ထိရောက်မှုရှိအောင် အသုံးမချတာရယ်၊ အမေရိကန်အစိုးရကိုယ်၌က ဆန်ရှင်ကိုအပြည့်အဝအကောင်အထည်မဖော်သေးလို့ဖြစ်တယ်လို့ ကျနော် ရဲရဲကြီးပြောနိုင်ပါတယ်။

(၅)

ကိုယ့်ဘက်က အင်အားကောင်းမှ တန်းတူညီမျှ စကားပြောလို့ရပါလိမ့်မယ်။ ဒီ့အတွက် ကိုယ့်ဘက်ကအင်အားကို အမြင့်မားဆုံးဖြစ် အောင် တည်ဆောက်ဖို့နဲ့ မြန်မာစစ်အုပ်စုကို စီးပွားရေး၊ နိုင်ငံရေးအရေးယူမှုတွေနဲ့ အားအင်ချိနဲ့အောင် အပြင်းထန်ဆုံး ဖိအားပေးရေး နှစ်ခုဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့က အမေရိကန်အစိုးရကို လက်ရှိချ မှတ်ထားတဲ့ဥပဒေအရ အရေးယူမှုတွေကို အပြည့်အဝနဲ့ ထိရောက်အောင်အကောင်အထည်ဖော်ဖို့၊ စစ်အုပ်စုနဲ့ဆွေးနွေးတာကို တိကျတဲ့အချိန်စာရင်းသတ်မှတ်ဖို့၊ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေအပေါ်မှာ ကောင်းရင် ကောင်းသလို၊ ဆိုးရင်ဆိုးသလို တုန့်ပြန်နိုင်ရန်အဆင်သင့်ရှိဖို့ တိုက်တွန်းနေကြတယ်။ အဲဒီလိုတိုက်တွန်းရာမှာ ကျနော်တို့ရဲ့ U.S. Campaign for Burma အဖွဲ့ဝင်များ၊ အမေရိကန်နိုင်ငံတဝှမ်းက မြန်မာ့ဒီမိုကရေစီအရေးထောက်ခံသူများနဲ့ လူ့အခွင့်အရေး အဖွဲ့ အစည်းများ၊ ကွန်ဂရက်လွှတ်တော်အမတ်များရဲ့ ကူညီအားပေးမှုနဲ့ ဆောင်ရွက်နေကြတာပါ။

ဒီလှုပ်ရှားမှုရဲ့ အဆင့်တဆင့်အနေနဲ့ ဇွန်လ (၂၇) ရက်နေ့က မြန်မာစစ်အုပ်စုကို နိုင်ငံရေးအရ၊ စီးပွားရေးအရ ထောက်ခံပံ့ပိုးနေတဲ့ အလိုတော်ရိစီးပွားရေးသမားနဲ့ ဝါဒဖြန့်ချိရေးသမား (၄၂) ယောက်ရဲ့အမည်စာရင်းကို အမေရိကန်ဘဏ္ဏာရေးဝန်ကြီးထံ ကျနော်တို့ တရားဝင်တင်သွင်းပြီး ဒီပုဂ္ဂိုလ်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။ (အဲဒီ အလိုတော်ရိ ၄၂ ယောက်စာရင်းကို အောက်မှာကြည့်ပါ၊) ဒီ (၄၂) ဦးစာရင်းကိုလည်း ပြည်တွင်းက မိတ်ဆွေများ၊ ရဲဘော်များရဲ့အကူအညီနဲ့ ပြုစုခဲ့တာပါ။သိပ်ပြီးပြည့်စုံတဲ့ စာရင်းတော့မဟုတ်သေးပါ။ အမှားအယွင်းအချို့လည်း ရှိပါတယ်။ ပြည်သူများရဲ့ အကြံပြုချက်၊ ဖြည့်စွက်ချက်တွေကိုလလည်း ဖိတ်ခေါ်ပါတယ်။ တယောက်ကထောက်ပြလို့ ဥဿာယူနိုက်တက် ဘောလုံးကလပ်ရဲ့ပိုင်ရှင်ဟာ အောင်ကျော်မိုးမဟုတ်ပဲ အောင်မိုးကျော်ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီ မဂ္ဂဇင်းရဲ့ဘလော့ကိုပို့တဲ့ မှတ်ချက်တခုအရ စစ်ကိုင်း ဒေသကြီး ကောလင်းမြို့အနောက်ဘက် ပင်လယ်ဘူးမြို့ကလေးမှာ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးရဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီက ဒေသခံ တွေရဲ့လုပ်ကွက်တွေကို စစ်တပ်နဲ့ပေါင်း အဓမ္မသိမ်းဆည်းပြီး လုပ်ငန်းလုပ်နေတာတွေ၊ လမ်းတွေကိုဖျက်ပြီး မြို့ကလေးကို နစ်နာ အရုပ်ဆိုးအောင်လုပ်နေတာတွေ သိရပါတယ်။ အလိုတော်ရိစာရင်းမှာ ထည့်သွင်းရမည့် အခြားပုဂ္ဂိုလ်တွေအများကြီးရှိပါသေးတယ်။ လူထုရဲ့အကြံပြုချက်တွေနဲ့ အလိုတော်ရိများစာရင်းကို ပိုပြီး ပြည့်စုံအောင်ပြုစုပြီး အမေရိကန်အစိုးရက အရေးယူအောင် ဆက်ပြီး တောင်းဆိုပါ့မယ်။

Banking Sanction ကို အကောင်အထည်ဖော်ဖို့အတွက်လဲ ဇွန် (၂) ရက်နေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီက ကျင်းပတဲ့ ကြားနာပွဲနဲ့ ဇွန် (၂၂) ရက်နေ့မှာ အောက်လွှတ်တော် အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မီတီကကျင်းပတဲ့ ကြားနာပွဲမှာ ကွန်ဂရက်လွှတ်တော်အမတ်များကို ကျနော် တရားဝင်တင်ပြတောင်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီးလဲ အမေရိကန်ပြည်သူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အဖွဲ့အစည်းများရဲ့အကူအညီနဲ့ အမေရိကန်အစိုးရကို ဆက်လက်ဖိအားပေးသွားပါ့မယ်၊ မြန်မာ စစ်အုပ်စုက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတခုလုံးအပေါ် အကြမ်းဖက်နေမှုတွေကို ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ကိုလည်း တကယ်ဖြစ်မြောက်လာအောင် ဆက်လက်လှုံ့ဆော်ပါမယ်။ စစ်အုပ်စုကို ဘက်ပေါင်းစုံက အားနည်းအောင်လုပ်နိုင်မှ၊ ကိုယ့်ဘက်က အင်အားကောင်းမှပဲ ဒိုင်ယာလော့ဆိုတာ တကယ်ဖြစ်လာပြီး အဲဒီ ဒိုင်ယာလော့မှာ တန်းတူညီမျှဆွေးနွေးနိုင်ကြပြီး တိုင်းပြည်နဲ့လူထုအတွက် အမှန်တကယ်အကျိုးရှိတဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်မှာပါ။

လေးစားစွာဖြင့်
…. …. ….

အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (U.S. Campaign for Burma) မှ အမေရိကန်အစိုးရသို့တင်ပြထားသော ဥပဒေအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူသင့်သည့် မြန်မာစစ်အုပ်စုအား ထောက်ပံ့ကူညီနေသော အလိုတော်ရိစီးပွားရေးသမားများနှင့် ဝါဒဖြန့်ချိရေးသမားများ၏ အမည်စာရင်း၊
ဇွန် ၂၇၊ ၂၀၁၁



 
Leave a comment

Posted by on July 4, 2011 in Aung Din, News Features

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: