RSS

Kamar Pale – 23 years 8888

04 Jul

၈၈၈၈ … ၂၃ နှစ်
ကမာပုလဲ
ဇူလိုင် ၄၊ ၂၀၁၁


၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်ခဲ့ပြီဖြစ်တယ်။ ၂၃ နှစ်တာ ခရီးဆိုတာ မျိုးဆက်တဆက် ကို ဖြတ်သန်းခဲ့ကြရတာဖြစ်တယ်။ ၂၃ နှစ်တာ အချိန်ကာလနဲ့ အရေးတော်ပုံ ခရီးကြမ်းဟာ ပြည် တွင်း မြေပေါ်နဲ့ မြေအောက်(ယူဂျီ) ဘ၀တွေရော၊ လွတ်မြောက်နယ်မြေလို့ ခေါ်တဲ့ လက်နက်ကိုင်တော် လှန်ရေးနယ်မြေက ဘ၀တွေအတွက်ပါ အရင်းအနှီးကြီးစွာ ပေးဆပ်ခဲ့ရတဲ့ သမိုင်းဖြစ်ခဲ့တယ်။

တကယ်တော့ ၈၈၈၈ အရေးတော်ပုံကြီးဟာ လူထုရဲ့တိုက်ပွဲသရဖူ ဖြစ်ပါတယ်။ အရေးတော်ပုံကာလက သင်ဟာ မဆလအာဏာရှင် စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့ လူထုထဲက လူသားတယောက်အဖြစ်နဲ့ ပါဝင်ခဲ့ကောင်း ပါဝင်ခဲ့မှာပါ။ အဲဒီလို ပါဝင်ခဲ့တဲ့အတွက်လည်း သမိုင်းပေး တာဝန်ကို အထိုက်အလျောက် ကျေပွန်ခဲ့တယ် လို့လည်း ကျေနပ်ရမှာပါ။

အဲဒီတုန်းက သင်ဟာ ကျောင်းသားအရွယ် ဖြစ်ချင်ဖြစ်နေမယ်။ အလုပ်ထဲကလည်း ဖြစ်နိုင်တယ်။ သက်ကြား အိုအရွယ်လည်း ဖြစ်နိုင်ပါ တယ်လေ။ ဘယ်အရွယ်ပဲဖြစ်ဖြစ် အဖိနှိပ်ခံဘ၀မှာ မခံမရပ်နိုင် တိုက်ပွဲဝင်ချင်သူ တိုင်းအတွက် ၈၈၈၈ အရေးတော်ပုံကြီးဟာ သမိုင်းကပေးလိုက်တဲ့ ကြီးမြတ်တဲ့လက်ဆောင်ကြီးဆို တာ ငြင်းလို့မရနိုင်ပါဘူး … ။

ပါတီတွေ ဖွဲ့ခဲ့ကြတယ်။ အကျဉ်းထောင်တွေထဲ နှစ်ရှည်လများ ရောက်သွားကြတယ်။ ထောင်တွင်းမှာ တချို့ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့တယ်။ တချို့ ထောင်ကထွက်လာတယ်။ မိသားစုဘ၀ကလေးတွေ အသိုက်ပျက်ခဲ့ကြတယ်။ ယုံကြည်ချက်အတိုင်း ထောင်မကြောက်၊ စစ်ကြောရေးမကြောက် ဆက်လက် လှုပ်ရှားနေခဲ့ကြတယ်။ သူလို၊ ကိုယ်လို၊ ကျနော်တို့လိုလူမျိုးတွေ မပြောနဲ့။ အမျိုး သားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးရဲ့ ဖခင်ကြီးလို့ သမိုင်းမော်ကွန်းရေးထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီးကိုယ်တိုင် နေအိမ် အကျယ်ချုပ်နဲ့ နှစ်ရှည်လများ နေခဲ့ရတယ်မဟုတ်ပါလား။ အပြင်ပြန်ရောက်တော့လည်း လူအုပ်စုနဲ့ လုပ်ကြံ သတ်ဖြတ်တာကို ခံလိုက်ရသေးတယ်။ မိသားစုဘ၀ တစစီပြိုကွဲခဲ့၊ ပြိုကွဲနေတာကိုတော့ ထူးပြီးပြောမနေတော့ ပါဘူး။

စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အငြိုးကြီးရက်စက်မှုဟာ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် (အဆိုတော် ကိုသန်းလှိုင်၏ အကို) ကိုကိုးကျွန်းပြန်ကြီး၊ နောက် ကိုကိုးကျွန်းပြန်တွေဖြစ်ကြတဲ့ ကိုတင်မောင် ၀င်း၊ ကိုညိုဝင်းတို့သည်လည်း ထောင်ထဲမှာ နှိပ်စက် ခံရမှုကြောင့် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ရတာဖြစ် တယ်။ ကိုတင်မောင်ဝင်းဈာပနမှာ ကမ်းခဲ့တဲ့ ယပ်တောင်ကလေးမှာ ရေးထား တာက … “လူကိုသတ်တာ ကင်ဆာ လား၊ ကင်ဆာကျဆုံးပါစေ”
စစ်အုပ်စု အလိုကျ ထောင်ပိုင်တွေက ကိုတင်မောင်ဝင်းကျဆုံးတာ ကင်ဆာကြောင့်လို့ ဗြောင်လိမ်သတင်း ထုတ်ခဲ့တာကိုး။ ဒါပေမယ့် အဲဒီကဗျာစကလေးက အဖြစ်အမှန်သမိုင်းကို မော်ကွန်းထိုးခဲ့လေတယ်။

စစ်အုပ်စုရဲ့ထောင်ထဲမှာ နှိပ်စက်တယ်ဆိုတာက နည်းအမျိုးမျိုးရှိတယ်။ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်းမျိုး စုံ နှိပ်စက်လို့ရတဲ့အပြင် ဆေးဝါးကုသမှု စနစ်မကျတာ ( ဆေးကို ပုံမှန်သေချာမထိုး၊ မတိုက်တာ) အစားအသောက် စသည်ဖြင့် နှိပ်စက်လို့ရတယ်။ ၀မ်းကိုက်ရောဂါဟာ အကျဉ်းကျ နိုင်ငံရေးသမားတွေ အတွက်တော့ လူတိုင်းဖြစ်နေကျရောဂါ။ ဒါကို ဆေးပုံမှန်မကုသပေးရင် ၀မ်းကိုက်ပိုးက အသည်းထဲဝင်တော့ တာ။ နီးစပ်သူတွေထဲကဆိုရင် ဖထီးမန်းဒါဝိတ်၊ ဘိုကလေး လူ့ဘောင်သစ် (မျိုးချစ်ဒီမိုကရက်တစ် လူငယ် တပ်ပေါင်းစု) က ဂျပန်ကြီးခေါ် ကျော်မျိုးသန့်တို့ဟာ အသည်းထဲဝမ်းကိုက်ပိုးဝင် ကျဆုံးခဲ့ကြတာဖြစ်တယ်။

စာကို ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ရောရေးတတ်တဲ့ အင်ဂျင်နီယာ ကျောင်းသားဟောင်း ကိုအောင်ကျော်မိုး ကျတော့ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ အစာငတ်ခံတိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့တာဖြစ် တယ်။ သူလို တိုက်ပွဲဝင်ကျဆုံးခဲ့သူများကား သမိုင်း မော်ကွန်းတင်ရစ်ခဲ့ပြီ။ ဗန်းမော်ဦးတင်အောင်စကားကို ကိုးကားပြောရရင် သူတို့ဖြတ်သန်းနေတဲ့ခေတ်ကြီးက သူတို့ပခုံးပေါ်ကို တင်ပေးလိုက် တဲ့သမိုင်းပေးတာဝန် ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသူတွေ …။

အမေဒေါ်ကြည်ကြည် (သခင်ဇင်၏ဇနီး) ဆိုရင် ထောင်ထဲမှာသာ အနေများခဲ့ရတယ်။ သူမဆိုရင် နိုင်ငံရေး သမားများအတွက် ဂေါ်ကီရဲ့ “အမေ” လို ကျင့်ကြံနေထိုင်သွားခဲ့တာ။ အမေလူထုဒေါ်အမာကလည်း သူသေ သည်အထိ လူထုအကျိုးစီးပွားဘက်က ရပ်ခံခဲ့တယ်။ သူ့ဖြတ်သန်းမှု သမိုင်းဟာ ဗမာတင်မက တကမ္ဘာလုံးက အမျိုးသမီးတွေအတွက် အားကျအတုယူစရာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မန္တလေးရောက် ရင် အမေ့ကို သွားရောက်ဂါရ၀ပြုနေကျ။ ဦးဝင်းတင်၊ ဦးတင်ဦးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံး ၀န်းရံပေးနေခဲ့၊ ပေးနေဆဲဖြစ်တယ်။ သူတို့ဟာ သက်ကြားအိုတွေဖြစ်နေကြပေမဲ့ စစ်အာ ဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီအကျိုးစီးပွားတည်ဆောက်ရေးဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည် မသုန် ဆောင်ရွက်နေကြတာ။ သတ္တိရှိသလို ဇွဲလည်းရှိကြတယ်။ ဒုက္ခမျိုးစုံကိုလည်း ကြံ့ကြံ့ခံနိုင်ကြတယ်။ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို မျက်ခြေမပြတ်ကြဘူး။ လူငယ်တွေအတွက် စံပြုအတုယူရမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးကြီးတွေအဖြစ် ယနေ့အထိ ပိုင်းဖြတ်တိုက်ပွဲဝင်နေကြတယ်။

မီဒီယာဘက်ကကြည့်မယ်ဆိုရင် လူထုဦးစိန်ဝင်းဟာ လူထုတပ်ဦးကနေ ဦးဆောင်လမ်းပြ တိုက်ပွဲဝင်နေ တဲ့ ခေါင်းဆောင်ကြီး တယောက်ဖြစ်တယ်။ ဘယ်လိုပဲ အတွေးအခေါ်တွေ ရှုပ်ထွေးနေပါစေ။ သူပြောလိုက်ရင် ရှင်းသွားတာပဲ။ မျက်ခြေမပြတ်တော့ဘူး။ လက်ရှိမှာ အောက်ဆီဂျင်နဲ့ အသက်ရှုနေရတယ်။ စိတ်ဓာတ်ကတော့ ရန်သူ့အပေါ်မှာ ပြတ်သား မာကျော ခိုင်မာနေမြဲပဲ …။

လက်ရှိ ကျနော်တို့ရဲ့ လွတ်မြောက်နယ်မြေမှာရော …။

မိခင်ရုံးကိုရောက်သွားတော့ တိုက်ပွဲဝင်ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေနဲ့ ပြန်တွေ့လိုက်ရတယ်။ သူတို့ကို သူတို့ ရဲ့ ရှားပါးဓာတ်ပုံ ကလေးတွေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုထားတာ ဖြစ်တယ်။ ဓါတ်ပုံထဲက သူတို့ရဲ့ ရုပ်ပုံလွှာတွေ ဟာ ပီဘိ အပြစ်ကင်းစင် ရိုးသားကြတယ်။ မျက်နှာကလေးတွေက နုနုကလေးတွေ။ မိဘတွေရဲ့ မျက်စိအောက်မှာ အေးချမ်းစွာပညာသင်ကြားရမယ့် အရွယ်တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်အောင် ဖော်ပြနေကြတယ်။ သူတို့ကား ဒီမိုကရေစီရေးအတွက်၊ တိုင်းပြည်အတွက်၊ အဓမ္မ ဗုံးခွဲအဖျက် ဆီးခံ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးအတွက်၊ အစဉ်အလာကြီးမားသော ဗမာပြည်ကျောင်းသား လှုပ်ရှားမှုသမိုင်းအတွက် တကယ့်ကို တန်ဖိုးရှိရှိ ဂုဏ်ယူဖွယ်ကျဆုံးခဲ့ကြတာဖြစ်တယ်။

ဓာတ်ပုံတွေထဲကနေ ကျဆုံးရဲဘော်တွေက ကျနော်တို့ကို ကြည့်နေသလိုပဲ။ တစုံတခုကို ပြောနေ၊ သတိပေးနေသလို ခံစားရတယ်။ မင်းတို့ ဘယ်လမ်းလျှောက်နေကြပြီလဲ။ မင်းတို့ ဒီလွတ်မြောက်နယ်မြေကို ဘာအတွက်၊ ဘာလုပ်ဖို့ လာခဲ့ကြတာလဲလို့ မေးခွန်း ထုတ်နေသလိုလို ခံစားလာရတယ်။ ထွက်ပြေးမတတ် သိမ်ငယ်နေတဲ့ မိမိလိပ်ပြာဟာ ကြေကွဲစွာလွင့်စဉ်သွားမတတ် ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးပေး။ ပြီးတော့ ကိုယ့်အတ္တကို ကိုယ်တိုက်ပွဲဝင်ဖို့ လုပ်ရတယ်။ ဒီလိုမှ မဟုတ်ရင် သမိုင်းက အညှာအတာ ကင်းတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မယ် မဟုတ်တော့မှာ သေချာတယ်။ သြော် သူတို့ဟာ ကျဆုံးပြီးခဲ့တာတောင် ဆက်ပြီးတိုက်ပွဲဝင် တာဝန်ကျေနေကြမြဲ။ သူတို့ရဲ့ မိခင်တွေဟာ သမိုင်းရဲ့အမျိုးသမီးကောင်း မိခင်တွေ ဖြစ်ခဲ့ပြီ …။

ပြောင်းလဲနေတဲ့ ကမ္ဘာ့အခင်းအကျင်းသစ်ပေါ်ကနေ စစ်အုပ်စုဟာ အသက်ရှုပေါက်ချောင်သလို ဖြစ်သွားခဲ့ တယ်။ ဒေသန္တရ နိုင်ငံရေး၏ကလည်း သူ့ကို လူမိုက်အခြေအနေကောင်း ဖြစ်စေပြန်နေရော။ အတုအယောင် အပစ်အခတ်ရပ်စဲရေးကနေ ငြိမ်းချမ်း ရေးဆိုပြီး နတ်စကားတွေ လှိုင်လှိုင်ထုတ်ပြန်နေခဲ့တယ်။ နောက်ဆုတ် လိုက်ရတဲ့ လက်နက်ကိုင်တော်လှန်ရေး ဒီရေအကျမှာ လွတ်မြောက်နယ်မြေက ဘ၀တွေ လိမ့်နေအောင်ခံ လိုက်ရတယ်။ အခင်းအကျင်းတခုလုံးနဲ့ လက်တွေ့သမိုင်းရဲ့အခြေအနေကို မဆုပ်ကိုင်မိဘူးဆိုရင် လူဟာ ကိုယ့်ကိုယ်ကိုယ်ဆယ်ယူဖို့ အတော့်ကိုခက်သွားလိမ့်မယ်။ မျက်မှောက်ပြုနေရတဲ့ လေထုထဲမှာ တန်ဖိုးအတွက် စံသတ်မှတ်စရာ ပေတံ ရှားပါးနေခဲ့တယ်။ ကိုယ့်အတ္တကိုမှ ကိုယ်မနိုင်ရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးဖို့က သေချာ သလောက်ရှိနေပါတယ်။

အဆိုးဆုံးက ကိုယ်ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိတော့တဲ့ကိစ္စ။ ဘ၀ဟာ ကိုယ့်ကိုယ် ကိုယ် ပျောက်ဆုံး သွားဖို့ သိပ်လွယ်လွန်းနေတယ်။

ခုတော့ မင်းသားခေါင်းပြုတ်ကျပြီး ဘီလူးခေါင်းပြန်ပေါ်လာတဲ့ စစ်အုပ်စုဟာ အတုအယောင်အပစ်အခတ် ရပ်စဲရေးဖြစ်ပါတယ်ဆိုတာကို တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ကမ္ဘာကိုရော သမိုင်းကိုပါ ၀န်ခံလိုက်ရပြီ။ ကျနော်တို့ ဒီမိုကရေစီရေး ဘက်က မရှိမဖြစ်လိုအပ်နေသည်မှာ အဖိနှိပ်ခံလူထုကြီး၏ အနှစ်သာရပြည့်စုံတဲ့ “ညီညွတ်ရေး” … ။ ဘုံရန်သူ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ရှိရုပ်သေးအစိုးရကို ဖျက်သိမ်းပစ်ဖို့အတွက် အနိမ့်ဆုံးဘုံလုပ်ငန်စဉ်တခုကို ချမှတ်နိုင်ဖို့ အမြန်ဆုံး လိုအပ်နေပါတယ်။

မည်သူမဆို ကိုယ်ရောက်ရာအရပ်ကနေ ဒီမိုကရေစီရေးကို ရွက်ကျပင်ပေါက် ပမာ ဆောင်ရွက်နိုင်တယ်လို့ နာယူမှတ်သားခဲ့ဖူးတယ်။ ဟုတ်ပါတယ်။ မည်သူမဆိုပါ။ ဆန္ဒအတိုင်း မဖြစ်တတ်တဲ့ ဘ၀မှာ လူသားဟာ ကိုယ်ရောက်တဲ့အရပ်ကနေ ဘုံရန်သူကို မျက်ခြေ မပြတ်ဖို့နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူထုရဲ့ အကျိုးစီးပွားကို နိုင်ငံရေးအသိ၊ သတိရှိရှိနဲ့ လုပ်သွားကြဖို့လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြား ခံယူလာမိတယ်။ အဲဒီခံယူမှုကို ခိုင်မာသထက် ခိုင်မာအောင် လုပ်သွားမယ်လို့လည်း ပိုင်းဖြတ်ရပါမယ်။ ဒီအသိနဲ့ ဒီအား အင်တွေက သူ့အလိုလို ဖြစ်လာတာတော့မဟုတ်ဘူး။ အထက်ဖော်ပြပါ ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ကျဆုံးခဲ့ကြ သူတွေက သူတို့ရဲ့ ဘ၀တွေ၊ အသက်တွေ၊ သွေးတွေနဲ့ ရင်းနှီးပြီး သမိုင်းတာဝန် သင်ကြားချက်ကို တန်ဖိုးရှိရှိပေးခဲ့တာ …။

၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တချို့ကား ကြယ်စင်တွေလို ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ကျဆုံး ကြွေသက်ခဲ့ကြတယ်။ တချို့ကား …။

အရေးတော်ပုံကြီး၏ ခရီးရှည်ကား မဆုံးသေး … ။ ပန်းတိုင်သို့ … မရောက်ရှိသေး … ။ တနေ့မှာ … ဒီမိုကရေစီအကျိုးစီးပွား ပန်းတိုင်ဆီသို့ မလွဲမသွေ ရောက်ရှိမည်ကို အခိုင်အမာယုံကြည်တယ် … ။ ။

 
Leave a comment

Posted by on July 4, 2011 in Kamar Pale

 

Leave a comment