RSS

Maung Lwan Ni – Sugar coated troubles (13)

04 Jul

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၃
မောင်လွမ်းဏီ
ဇူလိုင် ၅၊ ၂၀၁၁
“အုတ်နဲ့ပတ်သက်နှီးနွယ်တာကို ပြောရရင်တော့ မီးသွေးမီးဖိုလေးအောက်က ခုခံထားတဲ့ အုတ်ခဲသုံးလုံးကိုပဲ ပြောရပါလိမ့်မယ်။ ကျွန်တော်ရောက်နေတဲ့ အုတ်ကျင်းလေးက နေချင့်စဖွယ်နေရာလေးပါ။ ဘေးကပ်လျက်မှာ ပန်းခြံလေးနဲ့ လှလှပပ ပြင်ဆင်ထားတဲ့ သင်္ချိုင်းလေးတခု ရှိတယ်။ ငွေကုန် ကြေးကျခံလုပ်ထားတဲ့ အုတ်ဂူလေးတွေ စီစီရီရီနဲ့ပေါ့”
အာအက်ဖ်အေ သောတရှင်များခင်ဗျား
ထိုင်းနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်တာနဲ့အညီ နေအိမ်တိုက်တာတွေ၊ ပိသုကာလက်ရာဆန်းတွေနဲ့ အပတ်မန့်ကြီးတွေ၊ အစိုးရရုံးဌာနကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ မိုးမျှော် အဆောက်အအုံတွေ၊ ဟော်တယ်ကြီးတွေ၊ တက္ကသိုလ်ကြီးတွေ၊ နိုင်ငံတကာ လေဆိပ်ကြီးတွေကလည်း ခန့်ညားထည်ဝါလှပါတယ်။ 

ဒီလို အဆောက်အအုံကြီးတွေ ဆောက်လုပ်ဖို့ရာအတွက် ဘိလပ်မြေ၊ ကျောက်၊ သဲ၊ အုတ်ဟာ အခြေခံအကျဆုံး ဆောက်လုပ်ရေးပစ္စည်းတွေ မဟုတ်ပါလား။ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် လိုအပ်တဲ့ အခြေခံအုတ်သားတွေကို အခြေခံအလုပ်သမားတွေဖြစ်တဲ့ ကျွန်တော်တို့ မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုတွေ လုပ်ကိုင်နေတာပေါ့လို့ပြောရင် မထူးဆန်းတဲ့ အကြောင်းအရာပဲ ဖြစ်နေလေမလား။ သို့ပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်း အချက်လေးတွေရှိနေတယ်ဆိုတာကို စုတ်ချက်ကြမ်းကြမ်းနဲ့  ချွေးဆေးပန်းချီကားတွေ ရေးကြည့်ကြရအောင်ပါ။ 
ထိုင်းနိုင်ငံရဲ့  ပိသုကာလက်စွမ်းနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြီးတွေထဲမှာ ချင်းမိုင်မြို့က ကစုန်ကယောက လို့ ခေါ်တဲ့ ကစွန်ကယောက်စင်ထရယ် ကုန်တိုက်ကြီးကလည်း ခန့်ထည်ဝင့်ကြွားပြီး ထူးခြားပြည့်စုံလှတဲ့ ပိသုကာအဆောက်အအုံကြီး တခုလို့ ဆိုရပါလိမ့်မယ်။ အဆောက်အအုံကြီးရဲ့ ထူးခြားချက်ကတော့ ရှေးဟောင်းမြို့တော်ကြီးတခုက ရဲတိုက်ကြီးတခုသဖွယ် တည်ဆောက်ထားတာပါ။ အုတ်တချပ်ချင်း၊ အုတ်ရိုးတလွှာချင်း ညီညာ သေသပ် စီရီမွန်းမံထားပုံက မြင်သူရဲ အာရုံကိုညှို့ယူဖမ်းစား ထားပါတယ်။ ရှေးဟောင်းရဲတိုက်ကြီးတလုံးကို ငေးမော့ကြည့်နေရသလိုဆိုပါတော့။ အထူးသဖြင့် အုတ်ထု အုတ်သားတွေနဲ့ ခြယ်မှုန်းတည်ဆောက်ထားလေတော့ နီညိုရောင် အုတ်တိုက်ဟောင်းကြီးတလုံး ခေတ်သစ်မြို့ပြအလယ်မှာ ပြတိုက်ကြီးတခုအလား ထီးထီးမားမား တွေ့မြင်ရတာပါ။ 
ချင်းမိုင်မြို့က နန်းမြို့ဟောင်း၊ နန်းတော်ရာဟောင်းဖြစ်တာနဲ့အညီ ရှေးဟောင်း အမွေအနှစ်တွေကိုလည်း ထိန်းသိမ်းနေဆဲပါပဲ။ တချို့သော ဗုဒ္ဒဘာသာဘုန်းကြီးကျောင်းတွေ၊ မြို့လယ်မှာ ယခုထိ ထိန်းသိမ်းစောင့်ကြပ်ထားတဲ့ မုခ်ဦးနဲ့ မြို့ရိုး၊ ကျုံးနဲ့ စေတီဟောင်းတွေဟာ သမိုင်းတန်ဖိုးကို အလေးအမြတ်ထားတဲ့သဘောလို့ ပြောရပါလိမ့်မယ်။ သိသာမြင်သာတာကတော့ အုတ်ဟောင်းတချပ်၊ အုတ်ရိုးအလွှာတိုင်းမှာ ဟောင်းမြေ့ပေမယ့် နီညိုရောင်ယဉ်ကျေးမှုသမိုင်းကို ဖော်ပြနေခြင်းပါပဲ။ 
ကျွန်တော် မြန်မာတိုင်းရင်းသား အလုပ်သမားတွေ နေထိုင်လုပ်ကိုင်တဲ့ အုတ်ကျင်းလေးတွေကို သွားရောက်လေ့လာခံစားကြည့်ပါတယ်။ မအံ့သြပေမယ့် မင်သက်မိစရာပါ။ အုတ်ဖုတ်တဲ့ မြန်မာအလုပ်သမားလေးတွေရဲ့ အိမ်လေးတွေက သွပ်မိုးသွပ်ကာ တဲသာသာတွေပါ။ သွပ်ကလည်း အကြိမ်ကြိမ်ဖာထေးထားတဲ့ အမျိုးအစားလို့ ပြောရမှာပေါ့။ အုတ်နဲ့ပတ်သက်နှီးနွယ်တာကို ပြောရရင်တော့ မီးသွေးမီးဖိုလေးအောက်က ခုခံထားတဲ့ အုတ်ခဲသုံးလုံးကိုပဲ ပြောရပါလိမ့်မယ်။ ကျွန်တော် ရောက်နေတဲ့ အုတ်ကျင်းလေးက နေချင့်စဖွယ်နေရာလေးပါ။ ဘေးကပ်လျက်မှာ ပန်းခြံလေးနဲ့ လှလှပပ ပြင်ဆင်ထားတဲ့ သင်္ချိုင်းလေးတခု ရှိတယ်။ ငွေကုန် ကြေးကျခံလုပ်ထားတဲ့ အုတ်ဂူလေးတွေ စီစီရီရီနဲ့ပေါ့။
“သူဌေး အလုပ်ရှင်ပေါ့နော်၊ သူ့မြေ သူ့အုတ်ကျင်းပေါ့။ ဒီမှာပဲနေခိုင်းတယ်။ ရေမီးလည်း ပေးထားပါတယ်။ ရေခမီးခကိုတော့ နေကြတဲ့သူတွေ စုပေးပေါ့။ နေထိုင်မကောင်းရင်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့။ ကျွန်တော်တို့ ခုလုပ်တဲ့ အုတ်ကျင်းက သာမာန်ပါ။ အိမ်တွင်း အုတ်လုပ်ငန်းပါ။ ကျွန်တော်တို့ မြန်မာပြည်မှာလို မြို့တိုင်းလိုလို အုတ်ကျင်းတွေ ဒီမှာမရှိဘူး။ ဒီနိုင်ငံမှာက အုတ်လုပ်မယ့် အုတ်ဖုတ်မယ့် မြေကို သေသေချာချာ တူးဖော်သန့်စင်ပြီးမှ ဓာတ်ငွေ့နဲ့ အုတ်အလုပ်ရုံကြီးတွေမှာ ဖုတ်တာလေ၊ ခု ကျွန်တော်တို့လုပ်တဲ့ အုတ်ကျင်းက စောစောကပြောသလို အုတ်အညံ့စားလုပ်တဲ့ ကျင်းပေါ့။ မြေညံ့ပေါ့။ ဒီလို အုတ်ကျင်းမျိုးက ထင်းမီးကို အဓိကသုံးရတာကို။ ဒီမှာက ဂတ်စ်က ပေါတယ်။ ထင်းက ရှားတယ်။ ထင်းခုတ်ရင် သိတ်အပြစ်ကြီးတယ်၊ စွန့်ပစ်ကိုင်းဖျားကိုင်းနားနဲ့ ယူကလစ်သားနဲ့ ဖုတ်ကြတာပါ။ အုတ်ကလည်း အညံ့စားဆိုတော့ မြေခင်းခဲခုလောက်ပဲ အသုံးဝင်တယ်လေ။ ဈေးပေါတဲ့အုတ်ပေါ့” 
အုတ်ကျင်းက မြန်မာစကား လည်လည်ဝယ်ဝယ်ပြောတတ်တဲ့ ရှမ်းလူငယ်လေးတယောက်က မိတ်ဆက်ပြောပြနေတာပါ။ ကျွန်တော် အုတ်ကျင်းလေးရဲ့ ပတ်ဝန်းကျင်ကို အကဲခတ် ငဲ့စောင်းကြည့်ရင်း ဖိုထဲမထည့်ရသေးတဲ့ မိုရိုက်ထားတဲ့၊ စီကာညီကာ တန်းထားတဲ့ အုတ်စိုတွေကို ချိုးရေတွက်ဆနေတဲ့ အုတ်လုပ်သားကြီးကို ကြည့်နေမိပါတယ်။ 
“ဦးလေးက ဒီကျင်းမှာ ၁၅ နှစ်ကျော်ပြီ။ အုတ်သူကြီးပေါ့။ ရွံ့အကြောင်းလည်း သိတယ်။ ထင်းအကြောင်း မီးအကြောင်းလည်း သိတယ်။ သူဌေးက ဦးလေးပြောရင် အကုန်ပြီး။ စားဝတ်နေရေး ကျန်းမာရေး အကုန်ပေါ့။ ဦးလေးကို သူဌေးကပေါ့နော်။ အုတ်ကျင်း ပိုင်ရှင်ပေါ့။ ယုံကြည်တာ။ သူက ၁၅ နှစ်ကျော် သစ္စာရှိရှိလုပ်နေတာကိုး။ ဒီအလုပ်က ဘယ်သူမှ မမြဲဘူးလေ။ တခြားအလုပ်တွေထက် ဆင်းရဲပင်ပန်းတယ်။ လေးလံတယ်။ ဒါပေမယ့် လုပ်ခလစာ အပြည့်ရပါတယ်။ အလုပ်ကောင်းမတွေ့ခင် ခေတ္တယာယီဝင်လုပ်တဲ့ အလုပ်မျိုးပေါ့။ ဒီအုတ်လုပ်ငန်းနဲ့ ဘောက်အုတ်လုပ်ခေါ်တဲ့ ဘိလပ်မြေ အုတ်လုပ်ငန်းက ကွဲပြားပေမယ့် ပင်ပန်းဆင်းရဲတာက တူတယ်။ ဒီအလုပ်ကို သူတို့ထိုင်းတွေ မလုပ်နိုင်ကြတော့ဘူး။ ကျွန်တော်တို့မြန်မာပြည်သားတွေပဲ ခဏတဖြုတ် ဝင်လုပ်ကြတာ။ အုတ်ကျင်းနဲ့ အုတ်လုပ်ငန်း၊ ဘောက်အုတ်လုပ်ငန်းတွေအကြောင်းပြောရင် သေချင်စော်နံ သွားမယ်” တဲ့။ ကျွန်တော်က သိချင်ကြားချင်တာပေါ့လို့ပြောတော့ “ဟိုဘက်မှာ တွေ့လား”တဲ့။ ကျွန်တော် လည်ဆန့်ကြည့်လိုက်မိပါတယ်။ “သူတို့က သင်္ချိုင်း။ ကျွန်တော်တို့က ပန်းခြံလေ။ ဒီထဲမှာ ဘဝတွေရှိတယ် တဲ့။ အကိုသိချင်ရင် ပြောပြပါအုန်းမယ်” တဲ့။ 
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၂၄- ၁၁- ၂၀၁၀
လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
သရုပ်ဖော် – မောင်မောင်တင်
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: