RSS

Masoeyein Sayadawgyi U Kovida – Maung Yit

08 Jul

 

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ အမှတ်ရသမျှ

မောင်ရစ်။ ဧပြီ ၂၇၊ ၂၀၀၉

(ပြန်လည်ဆန်းသစ်တင်ဆက်ပါတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူတာ ၃ နှစ် ကျော်ခဲ့ပြီ)

        မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒလို သာသနာပြု ဆရာတော်ကြီးတပါးကို ကျနော်တို့ တွေ့ကြုံဆုံခွင့်ရဖို့ဆိုတာ မလွယ်ပါ။ အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေတဲ့အချိန်၊ ကိုယ့်မှာရှိနေတဲ့ နိုင်ငံရေး၊ လူမှုရေး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပူပြင်းတောက်လောက်နေတဲ့လူတယောက်အနေနဲ့ သူတော်ကောင်းတဦး၊ ပညာရှိတဦး၊ မြင့်မြတ်ကြီးကြယ်တဲ့ ဆရာတော်ကြီးတပါးကို ဖူးတွေ့ကြုံဆုံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။

သို့ပေမယ့် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အမျိုး ဘာသာ သာသနာ အစွမ်းကုန်ထိခိုက် စော်ကားနင်းခြေခံလိုက်ရတဲ့အချိန်၊ စစ်ဘီလူးတို့က သံဃာသွေးနဲ့ စစ်ဖိနပ်ကို ဆေးတဲ့အချိန်၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ခိုကိုးရာမဲ့ မပဋာမြေလူးသလိုဖြစ်နေရတဲ့အချိန်မှာ ကျနော်တို့တတွေအတွက် ဆရာတော်ဘုရားကြီးက သူ့အစွမ်းရှိသမျှ အကျင့်၊ သီလ၊ ကုသိုလ်၊ ပညာ အစွမ်းကုန် အားထုတ်လို့ ရပ်တည်လို့ လာခဲ့တယ်။ အဲဒါ ကျနော့်ဘ၀အတွက် ကြီးကျယ်မြင့်မြတ်မှုတခုကို ကိုယ်တွေ့ကြုံခဲ့ရတာပဲ။

ဘုရားရှင်က သံဃာတော်တွေအတွက် သာသနာကိုစော်ကားသူတွေကို ပြန်လည်နှိမ်နှင်းချေချွတ်ဖို့၊ သာသနာကို ကာကွယ်ဖို့ ပေးထားခဲ့တဲ့၊ ညွှန်ကြားပြသထားခဲ့တဲ့ တခုတည်းသောလမ်း – သံဃာတော်တွေရဲ့ သပိတ်မှောက်ကံဆောင်ခြင်းဆိုတဲ့ ခြေလှမ်းကို ရှေ့ကလည်း မြဲမြဲကြီး လှမ်းခဲ့တဲ့ ဆရာတော်ကြီး၊ ပြီးတော့ အဲသည်အတွက် ရဲရဲကြီး ရပ်တည် စံပြုဟောပြောခဲ့တဲ့ ဆရာတော်ကြီး။ ဆရာတော်ကြီး အခု မရှိတော့တဲ့အချိန်မှာ အဲသည်သာသနာရန်ကို ကာကွယ်တဲ့လမ်း၊ သပိတ်မှောက်ကံဆောင်နေဆဲ သံဃာတော်တွေရဲ့ အဆင့်ဆင့်သော ခြေလှမ်းတွေနောက် ကျနော်တို့တတွေ တကောက်ကောက် လိုက်လံပံ့ပိုး ရဲရင့်ကြဖို့ပဲဆိုတာကို ဆရာတော်ကြီးက ပြသခဲ့ပြီပဲ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုတက္ကသိုလ်ဆိုတာက ခရစ်ယာန်သာသနာပြုတက္ကသိုယ်တခုဖြစ်ပါတယ်။ အဲဒီက အသက်စွန့်ပြီး ခရစ်ယာန်သာသနာပြုကြတဲ့ ရဲရင့်သူတွေကို ဂုဏ်ပြုကြသလိုမျိုး ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ အသက်စွန့်ပြီး သာသနာတော်ကို ကာကွယ်ကြတဲ့ သံဃာသပိတ်မှောက်ကံဆောင်မှုကို တလေးတစားနဲ့ ဂုဏ်ပြုခဲ့ကြတယ်။ အဲဒီအခမ်းအနားကို သပိတ်မှောက်သံဃာတော်တွေကိုယ်စား ဆရာတော်ကြီးတက်ရောက်ပြီး အပူဇော်ခံခဲ့တာကလည်း ကျနော့်အတွက် အမှတ်တရဖြစ်ရပါတယ်။

အဲသည်မှာ ဆရာတော်ကြီးပြောကြားခဲ့တဲ့ အမှာစကား – အသိဉာဏ်ပညာရှိမှသာ မိမိကိုယ်တိုင်သာမက သူတပါးအကျိုးကိုပါ ဆောင်ရွက်နိုင်သူ၊ စောင့်ရှောက်နိုင်သူ ဖြစ်မယ် … တဲ့။ ဘုရားရှင်ရဲ့ စကား၊ သူ့ဘ၀နဲ့ ထမ်းပိုးပြီး လျောက်လာခဲ့သူ။ ပြီးတော့ အပြောနဲ့ အလုပ်တထပ်တည်းကျ။ အသိဉာဏ်ပညာနဲ့ ရပ်တည်သူ ဆရာတော်ကြီးမှာ အခြွေအရံတွေ လျော့နည်းမှာ၊ လာဘ်လာဘ ဆိတ်သုဉ်းမှာ၊ ခရီးလမ်းပန်း ကြမ်းတမ်းမှာတွေကို တချက်ကလေးမှ ငဲ့မကြည့်ခဲ့သူ သံဃာတော်ဖြစ်တယ်ဆိုတာကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပါတယ်။

ဒီလိုအချိန်မျိုးမှာမှ ငါက ထွက်မရပ်ဘူးဆိုရင်၊ မြန်မာပြည်က ငါ့ရဲ့ စာသင်သား သံဃာငယ်တွေ၊ အနာဂတ်သာသနာကို စောင့်ရှောက်ကြမယ့် ဘုရားသားတော် ရဟန်းတော်တွေအတွက် ငါ အလကားဖြစ်တော့မှာပေါ့လို့ အသက် ၈၀ နီးပါး ဆင်းရဲ ချည့်ငဲ့ ချို့တဲ့ တဲ့ သံဃာအိုကြီးတပါးက ရဲရဲတောက် မိန့်ကြားလိုက်တာကို နားနဲ့ ဆတ်ဆတ်ကြားခွင့်ရခဲ့တယ်။ သူ့မှာ သာသနာပြုဖို့၊ စေတီတည်ဖို့၊ ဘုန်းကြီးကျောင်းတွေ ဆောက်ဖို့၊ ကိုရင်ငယ်လေးတွေကို ကျွေးမွေးဖို့ တရားဟောရင်း ဆွမ်းခံရင်း အလှူခံရရှိသမျှကို စုဆောင်းထားသမျှ မြန်မာပြည်တွင်းက သာသနာကို စောင့်ရှောက်ဖို့၊ သပိတ်မှောက်သံဃာတော်တွေကို ကာကွယ်ဖို့ မတွန့်မဆုတ်ပေးလှူခဲ့တယ်။ တရားပွဲတွေကို လိုက်ဟောရင်း အလှူခံရတဲ့ ၀တ္ထုငွေတွေနဲ့ သာသနမောဠိဆိုတဲ့ သံဃာ့အဖွဲ့အစည်းကြီးထူထောင်ဖို့လည်း အိပ်မက်မက်ခဲ့သူ ဆရာတော်ကြီး ဖြစ်ပါတယ်။

ပြီးတော့ အမျိုးသားရေးအတွက် စွမ်းဆောင်နိုင်မယ် ထင်တဲ့ ဒကာ၊ ဒကာမတွေ၊ အဖွဲ့အစည်းတွေကိုလည်း ဆရာတော်ကြီးက ရင်ဖွင့်ပြီး ကြိုဆိုခဲ့တယ်။ မျှော်လင့်တကြီးနဲ့ အားကိုးတကြီးနဲ့ တိုင်ပင်ဆွေးနွေးလေ့လာဖို့ ကြိုးစားတာကို တွေ့ခဲ့ရတယ်။ အမျိုး ဘာသာ သာသနာအတွက် မြန်မာအမျိုးသားတွေ တဦးနဲ့တဦး ကျောချင်းကပ်ကြဖို့၊ စည်းရုံးညီညွတ် ချစ်ခင်ရိုင်းပင်းကြဖို့ကို အားထုတ်ခဲ့တယ်။ ဆရာတော်ကြီးရဲ့ အနီးကပ် ကပ္ပိယတဦးဖြစ်တဲ့ ကိုတင်မျိုးအောင် စားဝတ်နေရေးအလုပ်က ညဥ့်နက်သန်းကောင်ပြန်လာချိန်အထိ စောင့်မျှော်ရင်း မြန်မာပြည်ကြီးလွတ်မြောက်ရေးစိတ်ကူးတွေကို တိုင်ပင်လေ့ရှိတယ် … တဲ့။ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို အချိန်မရွေး တခါးဖွင့်ပြီး ကြိုဆိုတယ်။ တိုင်ပင်တယ်။

“ဟေ့ကောင်ရ … ငါတို့တွေ ဘယ်လို ဆက်လုပ်ကြရင် ပိုကောင်းမလဲ။ ပြောကြ၊ တိုင်ပင်ကြပါဦးဟ့ …” လို့ အမြဲတန်း အားပါးတရ နှုတ်ခွန်းဆက်တတ်တဲ့ ဆရာတော်ကြီး။

“ငါက သာသနာ့အလံတော်ကြီးကို ငါ့လက်နဲ့ မြဲမြဲကိုင်ပြီး လွှင့်လို့ တပ်ဦးကနေ ချီတက်ပြီး မြန်မာပြည်ကြီးထဲကို ပြန်ချင်တာကွ …” လို့ ပြောတဲ့ ဆရာတော်ကြီး။

၁၉၉၀ နှစ်များမှာ သပိတ်မှောက်ကံဆောင်လို့ ထောင် ၂၂ လ အကျဉ်းချခံရတာကို ကြံ့ကြံ့ခံရင်း သူတို့နဲ့အတူ ထောင်သွင်းအကျဉ်းချခံရတဲ့ ကိုယ်တော်တွေ ရဲဘက်စခန်းတွေမှာ သေဆုံးပျက်စီးရရှာတယ်လို့ စိတ်ထိခိုက်ရရှာတယ်။ ယခု ၂၀၀၇ သံဃာအရေးတော်ပုံမှာ ထိခိုက်ကြတဲ့၊ ပျံလွန်ကြတဲ့ သံဃာတော်တွေအတွက် စိတ်နှလုံး ညှိုးနွှမ်းပူပန်ရရှာတယ်။ အဲသည်အတွက် သပိတ်မှောက်ကံဆောင်ခြင်းကို ဘုရားအဆုံးအမနဲ့အညီ ထောက်ခံရပ်တည်တော်မူတယ်။

ကျနော်နဲ့ ဆရာတော်ကြီးတို့ ဆုံရတဲ့ ရေစက်က ၂၀၀၇ နိုဝင်ဘာက ၂၀၀၈ ဧပြီ အထိသာ ဖြစ်ပါတယ်။ အဲသည်မှာ ကျနော်တို့တတွေ၊ ပြီးတော့ ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေ တတ်စွမ်းသမျှ ဆရာတော်ကြီးအတွက် ဝေယျဝစ္စကလေးတွေ ၀ိုင်းလုပ်ပြီး ကုသိုလ်ယူခွင့်ရခဲ့တယ်။ အရိုးသားဆုံး၊ အဖြူစင်ဆုံး၊ အဖြောင့်မတ်ဆုံး၊ အလှပဆုံး သက်ရှိတရားတခုကို ဖူးတွေ့ခွင့်ရလိုက်တာပဲ။ ဘ၀မှာ ဘာလိုသလဲ။ ဘာမှ မလိုဘူး။ မသေခင်မှာ ခင်ဗျားတို့ တရားမျှတမှုနဲ့ အမှန်တရားအတွက် စက္ကန့်ဝက်လောက်ဖြစ်ဖြစ် ရပ်တည်ဖူးသင့်တယ်။ ဒါမှ ခင်ဗျား သေပျော်မှာ။ ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးက သူ့ဘ၀တခုလုံးကို ဘုရားအဆုံးအမနဲ့ အစင်ကြယ်ဆုံး အသက်ရှုသွားတာ၊ အမှန်တရားနဲ့ တရားမျှတမှုအတွက်သာ ရပ်တည်သွားတာ။

မြန်မာပြည်ရဲ့ အနာဂတ်မှာ တည်ဆောက်ကြတော့မယ့် အာဇာနည်မော်ကွန်းတိုက်ကြီးမှာ အညတြတွေ၊ သူရဲကောင်းတွေ၊ သစ္စာရှင်တွေ၊ ရဲဘော်တွေ … သူတို့အမည်တွေ ကျနော်တို့တတွေ မမေ့မလျော့ဘဲ ရေးထိုးကြတဲ့အခါ … အဲသည်မှာ မစိုးရိမ်ဆရာတော်ကြီးဦးကောဝိဒ ဆိုတာကိုပါ အထင်ကရ မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။

 

 
Leave a comment

Posted by on July 8, 2011 in Maung Yit, Potraits

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: