RSS

Remembering 7th July of 1962

08 Jul

ဆဲဗင်း ဇူလိုင်မမေ့နိုင်

အမှတ်တရကဗျာများ၊ ဇူလိုင် ၇၊ ၂၀၁၁

၁၉၆၂၊ ဇူလိုင်၊ ၇ ရက်၊ မြန်မာ့လွတ်လပ်ရေးမော်ကွန်းဝင် ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အအုံနှင့်တကွ ကျောင်းသားသမဂ္ဂများကိုပါ အာဏာရှင်တို့က အကြမ်းဖက် မြေမြုပ် ဖျက်ဆီးခဲ့သော နေ့၊ ၄၉ နှစ်မြောက့် အထိမ်းအမှတ်အဖြစ် ဇူလိုင်(၇) အရေးတော်ပုံညက ရေးသားခဲ့သော ကဗျာတပုဒ်နှင့် ထိုနှစ်က ထုတ်ဝေသော ကျောင်းသားစာစောင်တွင် ရေးသားခဲ့သော ကဗျာ တပုဒ်ကို ပူးတွဲတင်ဆက်လိုက်ပါတယ်။

 

နေခြည်ပွင့်အကြွေမှာ

တက္ကသိုလ်မိုးဝါ

 

သည်အချိန်တွင်

ညို့မင်ပါးလျ၊ မြိုင်အထလည်း

မှိန်ပျမှေးမှေး၊ ရောင်ခြည်ဖေးတည့်

အတွေးမပျော်၊ ဖြူယော်နိမ့်ဆင်း

ညနေခင်းမှာ၊ ပစ်ကွင်းသဖွယ်

အန္တရာယ်ဝိုင်း၊ ဒုန်းစိုင်းပြေးရ

သမင်မ,လည်း၊ နေကျသည့်စွန်

ဝေးဝေးလွန်သို့

အားသွန်ခုန်ပေါက်တော့သည်တကား။ ။

 

အော် ..

ကြီးထွားဆို့ပိတ်၊ ကျဲတောံဖိတ်သော

သစ်ရိပ်ကိုင်းကျ၊ “၀က်သစ်ချ”လည်း

အာမှခြောက်သွေ့၊ ငိုခြင်းလွေ့ပြီး

ထန်ဝေ့လေရူး၊ မူးမူးဖိုလှိုက်

မဆည်ရှိုက်မို့၊ တခိုက်ဖြေလို

ဖရိုဖရဲ၊ သစ်ရွက်ကျဲများ

မစဲကြွေယင်း၊ ယိုယွင်းပျက်စီး

ယိမ်းယိုင်ပြီးသော်၊ ငြီးငွေ့ငေါထွက်

သစ်တခက်ကို၊ ဆက်လက်ထိုးစစ်

လူးလှိမ့်ပစ်အောင်

တွန့်ရစ် အချိုးမကျပါတကား။ ။

 

အို .. သစ်ချပင် ..

သင်တဦးတည်း၊ မြည်းတွားညည်း၍

ငိုကြီးချက်မ၊ ရင်နာရအောင်

ပျပျအဖြေ၊ မမှုန်ဝေပါ

ညနေရောင်နှင့်၊ မတူလင့်သော်

နိမ့်မြင့်မြေလွှာ၊ သည်လူ့ရွှာဝယ်

ရောင်ဝါတောက်ပ၊ ရွှေရောင်မြနှင့်

များစွ “အနက်” ၊ တုဘက်ပြိုင်ဆိုင်

စိတ်မခိုင်ဘဲ

အနိုင်လုနေကြတကား ။ ။

 

အော် ….ကျဆုံးသူတို့-

မေ့ဘို့မရည်၊ ဒို့တိုင်တည်၏-

လွမ်းထည်ဖြင့်ခြုံ၊ ဖုံး မလုံမို့

ကြုံတွေ့ခဲ့ချေ၊ ခန္ဓာကြွေလည်း

မသေနိုးထ၊ ဘ၀မငြိမ်း

သွေးစိမ်းစီးလျက်၊ သည်ဒဏ်ချက်မှာ

အနဂ္ဃတန်ဖိုး ရှိသည်တကား။ ။

 

(၇-၇- ၁၉၆၂ ညတွင် ရေးသည်)

 

မြက်ခင်းနီ မှတ်တမ်းကလေး

မောင်နွယ်ထွေး

 

“မြက်ခင်းနီသည်”

ယုံကြည်ဘယ်သူရှိမည်နည်း။

မယုံကြည်လျှင် ပြောပြချင်၏

ပုံပြင်တော့လည်း မဟုတ်ပါ။

အခါသင့်လျှင် …

အသင်သွားရောက်၊ သတင်းထောက်၍

ရှောံ(လျှောက်)သည့်လမ်းဘေး၊ မြက်ခင်းလေးကို

မေးကြည့်သောအခါ၊ ပြန်ပြောလာမည်

ရှိုက်ကာ ငိုကာနှင့်တကား။     ။

 

သည်နေရာတွင်…

အခါကြိမ်မျှ၊ များလှကျောင်းသား

စုပေါင်းအားနှင့် လာသွားပျော်ရွှင်

စာပေသင်ရင်း၊ ချစ်ချင်းဆွေးနွေး

လေပြေအေးတွင်၊ မေးလို့ပြောလို့

မောဘို့(ဖို့) မမြင်၊ ကျောင်းဥယျာဉ်မှာ

ခင်မင်စုရုံးခဲ့ကြသည်။

 

သည်နေရာတွင်…

အခါကြိမ်မျှ၊ ရှိခဲ့ကြ၏

ဂီတ စာနု၊ ဆွေးနွေးမှုဖြင့်

ရတုသဘင်၊ ဆင်ယင်ခန့်ညား

“ကျောင်းသားပွဲတော်” ၊ အားလုံးပျော်လို့

အဖေါ်ပေါင်းသင်း စုံခဲ့သည်။

 

သည်နေရာကို

သာယာကျွန်းမြ၊ တက္ကသီလာ

ခေါ်တွင်ပါလည်း၊ မကြာမီက

မုန်တိုင်းကျ၍၊ မြေခဆောက်အုံ

အုတ်ပုံပြောင်းလွဲ၊ ပန်းတွေလဲကြွေ

ရေတွေလဲနောက်၊ လူလဲပျောက်ခဲ့

ဝင်ရောက်ချဉ်းနင်း၊ ခြေသံပြင်းနှင့်

မြက်ခင်းတွေပေါ်၊ ကျူးကျော်ဖြတ်ပြေး

မေးသံအော်သံ၊ သေနတ်သံနှင့်

ရှိုက်သံဖုံးလွှမ်း၊ အမှောင်ခန်းဝယ်

ဆင်ကန်းတောတိုး၊ အဖြစ်ဆိုးလျှင်

ကြောရိုးစိမ့်မျှ ကြုံခဲ့သည်။

 

သည်နေ့မှစ …

မစိမ်းမြပြီ၊ စီးကျမျက်ရေ

သွေးနှင့်ဝေလို့၊ မြေနှင့်မြက်ခင်း

လိမ်းကျံရင်းဖြင့်၊ အဆင်းပြောင်းလွဲ

မြက်လဲမစိမ်း၊ သွေးရှိန်းရှိန်းနီ

ရုပ်မပီပုံ၊ ဇာတ်လမ်းစုံကို …

သင်ယုံကြည်လျှင်၊ မှတ်တမ်းတင်ကာ-

သားစဉ်မြေးဆက်၊ သမိုင်းဆက်လို့

ဆက်လက်ပြောကြားကြပါစေ။ ။

 

(ဇူလိုင် “၇” ရက်နေ့ …သို့)

 

အထက်ပါ ကဗျာ ၂ ပုဒ်သည် ၁၉၆၂- ဇူလိုင် (၇) ရက် အရေးအခင်းဖြစ်ပြီး (၇)လအကြာ ဒဂုံဆောင် သဟာယနှင့် စာဘတ်အသင်းသစ်မှ ထုတ်ဝေခဲ့သည့် ဥဒါန်းမကြေ စာစောင် စာမျက်နှာ – (၁၀-၁၃) နှင့် (၁၈-၁၉)တို့မှ ကောက်နှုတ်ကာ မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

(ပေးပို့ မျှဝေသူ ခင်လွန်း (နို့ဖိုးဒုက္ခသည်စခန်း၊ ထိုင်းနိုင်ငံ) ကို မိုးမခက ကျေးဇူးမှတ်တမ်းပြုပါတယ်)

 

 
Leave a comment

Posted by on July 8, 2011 in For the record, poem

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: