RSS

Hle Dann Essay Books

13 Jul

လှည်းတန်းမှ လှည်းတန်းသို့
မိုးမခ
ဇူလိုင် ၁၂၊ ၂၀၁၁
၂၀၁၁ ခု၊ မေလအတွင်းထွက်ရှိခဲ့သော “အက်ဆေး လှည်းတန်း” စာအုပ်မှ အက်ဆေး (Essay) – ရသစာတမ်း (၂) စောင်ကို မိုးမခမှ ကောက်နှုတ်တင် ဆက်လိုက်ရပါသည်။
(ပြည်ပရောက် “လှည်းတန်းသူ၊ လှည်းတန်းသားများ” အလွမ်းပြေကြပါစေ။)
မိုးမခ

ရတနာကန်ကြီးရဲ့ အခန်းကလေးများ
မောင်သာချို
(တစ်)
အခန်းတွေကို ကျနော် စိတ်ဝင်စားပါသည်။ အထူသဖြင့် လူတယောက်ရဲ့ ဘဝအချိုးအကွေ့တခုအဖြစ် ခရီးတထောက်နားခိုမှေးစက်ခဲ့ရာ အခန်ကလေးတွေကိုဆိုရင် ကျနော်ပို၍ စိတ်ဝင်စားပါသည်။ အခန်းကလေးတွေတိုင်းမှာ ရာဇဝင်ကိုယ်စီနှင့်ရှိတတ်ကြသည် မဟုတ်လား။
ကျနော် မကြာခဏ သွားသွားပြီး ချောင်းကြည့်ခဲ့ဖူးသော အခန်းကလေးတခန်းမှာ ကံ့ကော်တောထဲက အခန်းကလေးဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသားဘဝ ရှည်လျားလှသော နှစ်ကာလတို့ကို ကျနော် ဖြတ်သန်းသွားနေရစဉ် ရန်ကုန်တက္ကသိုလ်ထဲက ပဲခူးဆောင်အပေါ်ထပ်သို့ မကြာခဏ ရောက်ပါသည်။ အဓိပတိလမ်းကြီး၏တဖက်သည် နေရာတဝိုက်၌ အမျိုးသားဆောင်တွေ ရှိပါသည်။ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ သထုံ၊ ပဲခူး စသည့် ကျောင်းဆောင်များ။
အဓိပတိလမ်းမကြီးဘက်သို့ မျက်နှာမူထားသော ပဲခူးဆောင်အပေါ်ဆုံးအထပ်က အခန်းနံပါတ် (၁၁၃) သည် ကျနော် မကြာခဏ သွားသွားချောင်းကြည့်မိသည့် အခန်းဖြစ်ပါသည်။ သော့ခလောက်ကလေးက ထာဝရချိတ်လို့၊ ကိုအောင်ဆန်းဆိုသည့် တက္ကသိုလ်ကျောင်းသားတယောက် တကိုယ်စာနေထိုင်သွားခဲ့သည့် အခန်းကလေး၊ သစ်သား တရုတ်ကပ်လေးကို အသာဆွဲဟကာ အထဲကိုချောင်းကြည့်လိုက်တော့ လူမနေသည့် အိမ်အိုကြီးတလုံးလို မှုန်မှိုင်း တိတ်ဆိတ်လို့။ လူတယောက် လဲလျောင်းရာ သစ်သားကုတင်ကလေးတလုံးက နံရံဘက်ဆီ အတင်းတိုးကပ်ကာ ဖုန်တွေအလူးလူးနဲ့။ စားပွဲကလေးရယ်၊ ကုလားထိုင်ကလေးတလုံးရယ်၊ သစ်သားကုတင်လေးအောက်က ခပ်မှောင်မှောင် အရိပ်အောက်မှာ သံသေတ္တာက လေးတုံးထင်ပါရဲ့။ နံရံတနေရာမှာ ယောက်ျားဆောင်း ဖဲထီးတလက်ကို ချိတ်လို့။ အကုန်လုံး ဖုန်တွေနဲ့ပါပဲ။ ဘယ်သူ့ကိုမှ နေထိုင်ခွင့်မပေးတော့ဘဲ ထာဝရသော့ပိတ်ခတ်ကာ အမှတ်တရ အမြတ်တနိုး ထိန်းသိမ်းထားခဲ့တဲ့ အခန်းကလေးပဲ မဟုတ်လား။
တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ တိုင်းပြည်၏ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၊ သည်လို ပုဂ္ဂိုလ်တယောက်ဟာ တခါက ဆယ်တန်း၊ ဟိုးအညာဒေသက နတ်မောက် မြို့ကလေးကနေ ဆယ်တန်းအောင်မြင်လေသောအခါ ပညာသင်ဖို့ သည်အင်းလျားကျောင်းဆောင် အပေါ်ဆုံးထပ် အခန်းနံပါတ် (၁၁၃) ထဲ သူ့အထုပ်အပိုးကလေးတွေပစ်ချ၍ ခရီးတထောက် နားခိုးသွားခဲ့ဖူးလေသတဲ့။ သည်အခန်းထဲမှာ သူ စာဖတ်ခဲ့၊ သည်အခန်းထဲမှာ ကျောင်းသားအရေးတွေကို သူဆောင်ရွက်ခဲ့၊ သည်အခန်းထဲမှာ မြန်မာ့လွတ်လပ်ရေးကို သူ အိပ်မက်ခဲ့။
အခန်း …. အခန်း
ပဲခူးဆောင် အပေါ်ထပ် နံပါတ် (၁၁၃) အခန်း။
(နှစ်)
မွန်ဘာသာအလိုအားဖြင့် ကမာဆိုသည့်က ရေကန်၊ ရွတ်ဆိုသည်က ရတနာဖြစ်ရာ၊ သည်ရတနာရေကန်ကြီး အင်းလျား၏ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာ အခန်းကလေးတွေ အများအပြားရှိပါသည်။
နောင်အခါ ဆရာဇော်ဂျီ ဟု ထင်ရှားလာမည့် ဖျာပုံမြို့က မောင်သိန်းဟန် ဆိုသော ကျောင်းသားကလေး တယောက်ရဲ့ ပဲခူးဆောင်ထဲက အခန်းကလေး တခန်းထဲမှာ နားခိုသွားခဲ့ဖူးပါသည်။
နောင်အခါ ဆရာမင်းသုဝဏ်ဟု ထင်ရှားလာမည့် ကွမ်းခြံကုန်းမြို့မှာ မောင်ဝန်ဆိုသော ကျောင်းသားကလေး တယောက် ပဲခူးဆောင်ထဲက အခန်းကလေး တခန်းထဲမှာ မှေးစက်သွားခဲ့ဖူးပါသည်။
နောင်အခါ ဆရာ ဒဂုန်တာရာ ဟု ထင်ရှားလာမည့် ကျိုက်လတ်မြို့က မောင်ဌေးမြိုင် ဆိုသော ကျောင်းသား ကလေးတယာက် စကိုင်းဆောင်ထဲက အခန်းကလေးတခန်းထဲမှာ အရိပ်ခိုသွားခဲ့ဖူးပါသည်။
နောင်အခါ သိန်းဖေမြင့်ဖြစ်လာမည့် ဘုတလင်မြို့က မောင်သိန်းဖေ ဆိုသော ကျောင်းသားကလေးတယောက် ပင်းယဆောင်ထဲက အခန်းတခန်းထဲမှာ ခရီးတထောက် နားသွားခဲ့ဖူးပါသည်။
နောင်အခါ လူထုဒေါ်အမာဖြစ်လာမည့် မန္တလေးမြို့ မအမာတယောက် အင်းလျားဆောင်ထဲက အခန်းကလေးတခန်းထဲမှာ စတည်းချသွားခဲ့ဖူးပါသည်။
ကံ့ကော်တောကြီး၏ အတွင်းထဲသာမဟုတ် သည်ရတနာရေကန်ကြီးအပါးက လှည်းတန်း ကမာရွတ် ရပ်ကွက်ကလေးတွေထဲမှာလည်း အခန်းကလေးတွေ … အခန်းကလေးတွေ။
(သုံး)
ထူးအိမ်သင်ဖြစ်လာမည့် လူငယ်တယောက်၊ ပန်းချီမုတ်သုံဖြစ်လာမည့် လူငယ်တယောက်၊ ခင်ဝမ်းဖြစ်လာမည့် လူငယ်တယောက်၊ ခင်မောင်တိုးဖြစ်လာမည့် လူငယ်တယောက်၊ ကိုနေဝင်းဖြစ်လာမည့် လူငယ်တယောက်၊ ဝင်းမင်းထွေးဖြစ်လာမည့် လူငယ်တယောက်၊ ထို့အပြင် မှိုနှင့် မျှစ်ကို နှုတ်မည့်လူငယ်၊ အိမ်တံစက်မြိတ်အောက်ကနေ ထွက်ခွာမည့်လူငယ်၊ ဉာဏ်ပညာနောက်ကို အငမ်းမရလျှောက်လိုက်နေသည့်လူငယ်၊ လူငယ်တွေ၊ လူငယ်တွေ သည်အင်းလျားကန်းတော်မဟာနှင့် သည်ကံ့ကော်တောအုပ်ကြီးတဝိုက် အခန်းကလေးတွေ အခန်းကလေးတွေထဲကနေ ထွက်ထွက်လာလိုက်ကြတာ။
ကုတင်ကလေးတလုံး၊ စားပွဲကုလားထိုင် ကလေးတစုံမျှနှင့် လူတယောက် လျောင်းသာရုံ၊ လှည့်သာရုံ အခန်းကလေးတွေမျှသာ ဖြစ်သော်လည်း နောင်သောအခါ လွမ်းစရာကောင်းသော သူတို့နားခိုသွားကြရာ အခန်းကလေးတွေဖြစ်နေသည့်အတွက် ရာဇဝင်ထဲက အခန်းကလေးတွေကို ကျနော်တို့ လှည့်လှည့်ကြည့်ကြည့်နေရသည် မဟုတ်ပါလား။
ကမာရွတ်လှည်းတန်း၏ အမှတ်တရ သမိုင်းမှတ်တိုင်များ
ဒေါက်တာ ခင်မောင်ဝင်း
ကမာရွတ် လှည်းတန်းထိပ်ဟု ယခုခေါ်တွင်သော လှည်းတန်းမီးပွိုင့်အနောက် မြောက်ထောင့် နေရာတဝိုက်ကို ၁၉၅၅ ခုနှစ်များက လှည်းတန်းထိပ်၊ ထိုနေရာရှိ အင်းစိန်လမ်းမ၊ ပြည်လမ်း၊ လှည်းတန်းလမ်းမ၊ တက္ကသိုလ်ရိပ်သာလမ်းတို့ဆုံရာကို လှည်းတန်းအဝိုင်းဟု ခေါ်တွင်ခဲ့ပါသည်။ အဝိုင်း ဟုခေါ်ရခြင်းအကြောင်းမှာ ထိုနေရာတွင် ဟံသာဝတီအဝိုင်းကဲ့သို့ အဝိုင်းကြီးတခုရှိနေသောကြောင့် ဖြစ်ပါသည်။ ထိုအဝိုင်းကြီးမှ တက္ကသိုလ် ရိပ်သာလမ်းဘက်သို့ လျှောက်သွားလျှင် ရန်ကုန်တက္ကသိုလ်စာတိုက်နှင့် ရန်ကုန်တက္ကသိုလ် အဝင်ဝသို့ရောက်ပါသည်။ ရန်ကုန်တက္ကသိုလ်၏ မြောက်ဘက်တွင် “လိုင်းထဲ” ဟုတွင်သော တက္ကသိုလ်မှ ရုံးဝန်ထမ်းအိမ်ရာများ ရှိပါသည်။ တက္ကသိုလ်ကျောင်း အပေါက်ဝရှိ ဘတ်စ်ကားမှတ်တိုင်ကို ကျောင်းမှတ်တိုင်ဟု ခေါ်ပါသည်။ ကျောင်းမှတ်တိုင်၏ အနောက်ဘက်ရှိ တက္ကသိုလ်ဓမ္မာရုံရှေ့တွင်လည်း ဘတ်စ်ကားဂိတ်တခုရှိပါသည်။ ၎င်းကို ဓမ္မာရုံမှတ်တိုင်ဟု ခေါ်ပါသည်။
လှည်းတန်းထိပ်၏ အနောက်မြောက်ဘက်တွင် လှည်းတန်းဈေးသည် ယခုရှိသော နေရာတွင် ရှိပါသည်။ လှည်းတန်းထိပ်တွင် ထင်ရှားသော နေရာသုံးခုမှာ အသောက စတိုး၊ ယူနီယံ ဓာတ်ပုံဆိုင်နှင့် ဝင်း ဆံပင်ညှပ်ဆိုင်တို့ ဖြစ်ကြပါသည်။ အာသောကစတိုးသည် အရှေ့ဘက်သို့ မျက်နှာမူနေပြီး ယူနီယံ ဓာတ်ပုံဆိုင်နှင့် ဝင်း ဆံပင်ညှပ်ဆိုင်တို့မှာ မြောက်ဘက် (အင်းစိန်ဘက်) သို့ မျက်နှာမူနေပါသည်။ ယူနီယံဓာတ်ပုံဆိုင်နှင့် ဝင်း ဆံပင်ညှပ်ဆိုင်တို့ကြားတွင် မော်တော်ကားတစီး ဝင်ဆံ့သော မြေကြီးလမ်းတခုရှိပါသည်။ ထိုလမ်းကို ဝင်သွားလျှင် လှည်းတန်းဈေးသူ ဈေးသားများ အများဆုံးနေထိုင်သော လုံးချင်းအိမ်များရှိပါသည်။ လှည်းတန်းဈေးသူ ဈေးသား မဟုတ်သော အိမ်အနည်းငယ်များထဲမှ အချို့မှာ စာရေးဆရာ ထင်လင်းနှင့် အင်္ဂလိပ်စာ ကျူရှင်ဆရာ ခင်မောင်လတ်တို့ အိမ်များဖြစ်ကြပါသည်။
တက္ကသိုလ်ဖွင့်ချိန်ဆိုလျှင် လှည်းတန်းဈေး၊ ဝင်း ဆံပင်ညှပ်ဆိုင်၊ ယူနီယံ ဓာတ်ပုံဆိုင်၊ အသောက စတိုးတို့သည် အထူးစည်ကားသော နေရာများဖြစ်ကြပါသည်။ ထိုအချိန်က အလိမ္မာ စာပေ ဟူသော အမည် တွင်/မတွင် ကိုတော့ မသိပါ။ ထိုစာအုပ်ဆိုင်သည်လည်း ဝင်း ဆံပင်ညှပ်ဆိုင်ဘေးတွင် ရှိပါသည်။ နောက်ထပ်သတိရလို့ ပြောရဦးမယ်ဆိုလျှင် အသောက စတိုးနှင့် ယူနီယံ ဓာတ်ပုံဆိုင်ကြားတွင် ရွှေဗဟိုရ်အမည်ရှိသော တရုတ်ထမင်းဆိုင် တဆိုင်လည်း ရှိပါသည်။ ထိုတရုတ်ထမင်းဆိုင်တွင် အထင်ရှားဆုံးသော စားသောက်ဖွယ်ရာမှာ အသားကင်၊ အခေါက်ကင် ဖြစ်ပါသည်။ ကျောင်းသားများ အများစုသည် ထမင်းတပွဲ၊ အသားကင်တပွဲ၊ အခေါက်ကင်တပွဲဖြင့် နံနက်စာ ညနေစာ စားကြပါသည်။
လှည်းတန်းထိပ်မှ တောင်ဘက် (မြို့ထဲဘက်) သို့လျှောက်လျှင် အာတီးယားလမ်းသို့ ရောက်ပါသည်။ အာတီးယားလမ်း၏ မျက်နှာချင်းဆိုင်တွင် လိုင်းပေါက်မှတ်တိုင် အမည်ရှိ ဘတ်စ်ကားမှတ်တိုင်ရှိပါသည်။ အာတီးယားလမ်းကို အနည်းငယ်လွန်လျှင် ကြိုးစက်ဟု အမည်တွင်သော ဘတ်စ်ကား မှတ်တိုင်ရှိပါသည်။ ကြိုးစက် ဟူသောအမည်ကို ယခုအခါ သိသောသူ အတော်ရှားပါလိ့မ်မည်။ ကြိုးစက် မှတ်တိုင်အလွန်တွင် ပြည်ရိပ်သာလမ်း ရှိပါသည်။ ထိုအချိန်က ဤလမ်းကို ပြည်ရိပ်သာလမ်းဟုပင် မခေါ်ကြပါ။ ထိုလမ်းတွင် လမ်းနာမည်ဟူ၍ပင် မရှိပါ။ လိုင်းပေါက်နဲ့ မျက်နှာချင်းဆိုင် ကြိုးစက်မှတ်တိုင်အလွန်ဟူ၍ သာခေါ်ကြပါသည်။ ထိုလမ်း၏အဝတွင် တောင်ဘက်၌ နံပါတ် (၅၀၅)၊ မြောက်ဘက်၌ (၅၀၇) ဟူ သော နံပါတ်နှစ်ခုရှိပါသည်။ ထို့ကြောင့် ဤလမ်းကိုပြောချင်လျှင် ၅၀၅ – ၅၀၇ ပြည်လမ်းဟူ၍ ပြောတတ်ကြပါသည်။ သို့သော် ထိုသို့ပြောလျှင် ဘယ်သမှ မသိကြပါ။ သိအောင် ဘယ်လိုပြောသလဲဟူသည်ကိုလည်း မမှတ်မိတော့ပါ။ ယခု လှည်းတန်း အကြောင်းကို ဆက်ပါဦးမည်။
လှည်းတန်းထိပ်တွင် စည်းကားသောနေရာ နောက်တနေရာမှာ ဆရာဦးခင်မောင်လတ်၏ အင်္ဂလိပ်စာ သင်တန်း ကျောင်းဖြစ်သည်။ ထိုသင်တန်းများသည် တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ်အတွက်ဖြစ်သည်။ ထိုအချိန်က တက္ကသိုလ်တွင် အင်္ဂလိပ်စားသည် မယူမနေရ ဘာသာတခုလည်းဖြစ်သည်။ အဆင့်လည်းမြင့်ရသည်။ ထို့ကြောင့် ကျောင်းသူ၊ ကျောင်းသားများ အခက်အတွေ့ဆုံး ဘာသာဖြစ်သည့်အတွက် ညနေပိုင်းများတွင် ကျောင်းသူ ကျောင်းသားများဖြင့် စည်ကားနေသည်။
ကျနော် ပြန်တွေးမိတိုင်း မခံချင်းစိတ်ဖြင့် ယခုထက်တိုင်ပင် အသည်းနာခဲ့ရသော အဖြစ်အပျက်တခုရှိပါသည်။ ထို့သို့ လုပ်ဆောင်ခဲ့သော ကာယကံရှင်များကိုယ်တိုင် ထိုအဖြစ်အပျက်ကို မှတ်မိချင်မှ မှတ်မိတော့မည်။ ကျနော် ကိုယ်တိုင်ကတော့ အမည်နှင့်တကွ အားလုံးကို မှတ်မိနေဆဲပါ။ အဖြစ်အပျက်မှာ ဤသို့ဖြစ်ပါသည်။
ထိုအချိန်က ကျနော်တို့အိမ်နှင့် မလှမ်းမကမ်းတွင် ညီအမ သုံးယောက်ရှိပါသည်။ (ညီအမသုံးယောက် ဟု ဆိုလိုက်သည့်အတွက် စာဖတ်သူအနေနဲ့ ဘယ်လိုဇာတ်လမ်းမျိုးပါလိမ့်ဆိုပြီး စာရေးသူကို သိပ်အထင်မကြီးသွားပါနဲ့။ အဖြစ်အပျက်ကို ဆုံးအောင်ဖတ်ကြည့်ပါဦး။ ပြီးရင်တော့ ဒါလေးများဟု ဖြစ်သွားပါလိမ့်မည်။) အဖြစ်အပျက်မှာ သင်္ကြန်တွင်းတခုက ဖြစ်ပါသည်။ ကျနော်နှင့် ကျနော့်အပေါင်းအသင်းများသည် လူငယ်ပီပီ သင်္ကြန်ရေကစား ကြပါသည်။ ထိုညီအမသုံးယောက်လည်း ကျနော်တို့နှင့်အတူ ရေလာကစားကြပါသည်။ နောက်ဆုံး အတက်နေ့သို့ ရောက်လာသည်။ အတက်နေ့တွင် ညနေအထိရေကစားပြီး ညနေစာ စားသောက်၍ စာရေးသူနှင့် အပေါင်းအသင်းများသည် ဆရာဦးထင်လင်း၏ အိမ်ရှေ့တွင် အေးအေးဆေးဆေးထိုင်၍ စကားပြောနေကြသည်။ ကျနော်တို့အချင်းချင်း ဟိုအကြောင်း ဒီအကြောင်းပြောရင်း ရယ်ကြ၊ မောကြ နေနေကြရာ၊ ထိုညီအမသုံးယောက်သည် ရေပုံးကြီးများသယ်၍ အနားရောက်လာသည်ကို သတိမပြုမိကြပါ။ သူတို့သည် သူတို့သယ်လာသော ရေပုံးများဖြင့် ကျနော်တို့ကို ရေလောင်းပြီး ထွက်ပြေးသွားကြရာ သူတို့အိမ်ထဲသို့ ဝင်ပြေးပြီး ပြန်ထွက်မလာကြတော့ချေ။
ရန်ကုန်မြို့တွင် မော်လမြိုင်မှာကဲ့သို့ နှစ်ဆန်းတရက်တွင် ရေကစားသည့် ထုံးစံကလည်း မရှိချေ။ ထို ညီအမသုံးယောက်သည် နောက်နေ့များတွင် ကျနော်တို့ကိုတွေ့တိုင်း “နောက်နှစ်ကျမှ ရေပက်ကြရအောင်နော်” စသည်ဖြင့် ပြော၍ နောက်ပြာင်နေခဲ့သည်ကို အောင့်သက်သက်ဖြင့် ခံခဲ့ရပါသည်။ နောက်နှစ်တွင်ကား ရေကစားစဖြစ်သလားကိုတော့ ကျနော် မမှတ်မိတော့ပါ။
၁၉၅၇ ခုနှစ်တွင်ဖော်ပြခဲ့သော လှည်းတန်းထိပ်၏ ပထ၀ီအနေအထားသည် အလွန်ကြီးကျယ်သော အပြောင်းအလဲတခုဖြင့် ကြုံရပါသည်။ ထိုအပြောင်းအလဲဖြစ်ရခြင်း၏အကြောင်းမှာ ကြည့်မြင်တိုင် ဆင်မလိုက်၊ သရက်တော တလမ်း၊ နှစ်လမ်း၊ သုံးလမ်း၊ လေးလမ်း၊ ငါးလမ်း၊ နတ်စင်လမ်းတို့မှ စတင်၍လောင်သောမီးသည် လှည်းတန်းထိပ်တခုလုံး ပြာကျသည်အထိ ဖြစ်ခဲ့ရပါသည်။
ထိုအချိန်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ ထူးထူးခြားခြားဆောင်ရွက်ချက်တခုကို ဤနေရာတွင် မှတ်တမ်းတင်သင့်ပါသည်။ ကျောင်းသားများသည် လှည်းတန်းထိပ်သို့ မီးကူးတော့မည်ကို သိသောအခါ ထိုနေရာရှိ ဆိုင်များ အိမ်များထဲမှ ပစ္စည်းများအားလုံးသယ်ယူ၍ လှည်းတန်းအဝိုင်းပေါ်တွင် တင်ထားပေးသည်။ သူတို့ကို ဘယ်သူက ခေါင်းဆောင်၍ မည်ကဲ့သို့ ကြီးကြပ်ပြီးလုပ်လိုက်သည် မသိပါ။ အိမ်များအားလုံး ပြာကျပြီးသွားသောအခါတွင် အဝိုင်းပေါ်၌ ပစ္စည်းများသည် သူ့နေရာနှင့် သူ့အပုံလိုက် ရှိထားပြီးဖြစ်သည်။ အိမ်နံပါတ်များကိုပင်ခွာယူ၍ ပစ္စည်းများရှေ့တွင် ထောင်ထားပေးသည်။ ဝင်း ဆံပင်ညှပ်ဆိုင်၊ အသောက စတိုး၊ ရွှေဗဟိုရ်၊ ယူနီယံ ဓာတ်ပုံဆိုင်မှ ပစ္စည်းများမှာလည်း သူ့နေရာနှင့် သူ့အပုံလိုက် ချထားသည်ကို တွေ့ရသည်။ အခြားလုပ်ငန်းများကိုတော့ မမှတ်မိတော့ပါ။ မီးလောင်ပြီး နှစ်ရက်လောက်အကြာတွင် ထိုပစ္စည်းပုံများကြားတွင် ဝင်း ဆံပင်ညှပ်ဆိုင်သည် သူ၏လုပ်ငန်းများ ပြန်လည်၍ လုပ်ဆောင်နိုင်သည်ကိုတွေ့ရဥည်။
လှည်းတန်းသူ လှည်းတန်းသားများအပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ ကျေးဇူးသည် ကြီးပါပေသည်။ ထိုကျောင်းသားများ ဘယ်သူဘယ်ဝါ ဖြစ်ကြသည်ကိုတော့ မသိတော့ပါ။ သူတို့ကို ပြန်လည်၍ ကျေးဇူးဆပ်ရန်လည်း အခွင့်မကြုံတော့ပါ။
မီးလောင်ပြီးသည့်နောက် လှည်းတန်းထိပ်ကို ပြန်လည်၍ အကွက်ချ၊ အိမ်ရှင်များလည်း မြေကွက်အသစ်များတွင် အိမ်အသစ်များဆောက်ကြသည်။ ရှေ့မျက်နှာစာတွင် အသောက စတိုး၊ ဝင်း ဆံပင်ညှပ်ဆိုင်၊ အလိမ္မာ စာပေ၊ ယူနီယံ ဓာတ်ပုံတို့သည် ယခင်နေရာများမဟုတ်သော်လည်း ဆက်လက်၍ ရှိကြသည်။
အတွင်းတွင် မြေကွက်များကို ပြန်လည်၍ အကွက်ချထားသည်။ ဝင်ပေါက် နှစ်ပေါက်ဖြစ်သွားသည်။ တပေါက်မှာ အရှေ့ဘက် အာသောက စတိုးအနီး၊ နောက်တပေါက်မှာ မြောက်ဘက်၊ နောက်ပိုင်းရောက်လာသော ရတနာထွန်း၊ စတိုးဆိုင်ဘေးနားဖြစ်သည်။ ယခင်ရွှေဗဟိုရ် စားသောက်ဆိုင်နေရာတွင် အခြားစားသောက်ဆိုင်တဆိုင် ရောက်လာသည်။ မျက်နှာစာ၏အခြားနေရာများတွင် ဆိုင်များ၊ ဆေးခန်းများ စသည်ဖြင့် ရောက်လာသည်။
ကျနော်တို့ကို ရေလောင်းသွားခဲ့သော ညီအမသုံးယောက်၏ ဇာတ်လမ်းနောက်ဆက်တွဲကိုပြောရလျှင် ညီမ အငယ်ဆုံးသည် ရေပက်ခံခဲ့ရသော ကျနော့်သူငယ်ချင်းတယောက်နှင့် အိမ်ထောင်ကျ၍ လှည်းတန်းတွင် နေထိုင်ကြသည်။ ကျနော်တောင်အသက် (၇၀) ရှိပြီဆိုတော့ သူတို့တွေလည်း မငယ်ကြတော့ဘူးပေါ့ဗျာ။
နောက်ပိုင်းတွင် လှည်းတန်း၏အနေအထားသည် ပြောင်းလဲမှုများစွာရှိပါသည်။ စာရေးသူကိုယ်တိုင်ပင် လိုက်မမီ၊ အပြည့်အစုံဖော်ပြနိုင်စွမ်းမရှိပါ။ ဥပမာ – စောစောက အရှေ့ဘက်တွင် အသောက စတိုး၏ဘေးမှဝင်သော လမ်းတခုရှိကြောင်း ပြောခဲ့သည်။ သို့သော် ပြန်စဉ်းစားကြည့်သောအခါ အသောကစတိုးဘေးတွင် ဂိုရှိုးအမည်ရှိ စတိုးဆိုင်ရှိသည်။ ဂိုရှိုးဘေးတွင် မော်တော်ကားဝပ်ရှော့ရှိသည်။ ဝပ်ရှော့ဘေးတွင် လမ်းရှိသည်။ လမ်း၏ အနောက်တဖက်တွင် Royal ဗွီဒီယိုအငှားဆိုင်နှင့် စတိုင်းဆိုင်ရှိသည်။ ထိုလမ်းမှ ဝင်သွားလျှင် မြောက်ဘက်သို့ ထွက်သောလမ်းရောက်သည်။ မြောက်ဘက်တွင် ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်နှင့်အဝတွင် ရတနာထွန်း စတိုးဆိုင် ရှိသည်။
ဆရာခင်မောင်လတ်၏ အင်္ဂလိပ်စာသင်တန်းများသည်လည်း အခြေအနေအရ ပြောင်းလဲခဲ့ရသည်။ စာမေးပွဲအတွက် မဟုတ်တော့ဘဲ အင်္ဂလိပ်စာ ဗဟုသုတကိုဦးစားပေးသော စကားပြောသင်တန်း (Speaking Class) ဖြစ်လာသည်။ အခြေခံအဆင့်တွင် What to say အမည်ရှိ စာအုပ်နှင့် တိတ်ခွေကို သင်သည်။ အဆင့်မြင့် သင်တန်းများတွင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ Colourful Myanmar, Pagoda Legends, Flowers and Festivals, အနော်ရထာတို့ကို သင်ပါသည်။ ဆရာဦးခင်မောင်လတ်မရှိသည့်နောက် တပည့်ဖြစ်သူ ဆရာဦးမြကြိုင်က ဆက်လက်၍ သင်ပါသည်။ အလွန်အောင်မြင်ပါသည်။
လှည်းတန်းအနေအထားသည် ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် တကြိမ်းပြောင်းရပြန်သည်။ နိုင်ငံတော်စီမံကိန်းအရ အသောက စတိုး၊ ဝင်း ဆံပင်ညှပ်ဆိုင်၊ အလိမ္မာစာပေ၊ ယူနီယံ ဓာတ်ပုံဆိုင်၊ ဦးခင်မောင်လတ် အင်္ဂလိပ်စာကျောင်း (ဦးမြကြိုင် ဆက်လက် သင်ကြားသောကျောင်း) နှင့် လှည်းတန်းထိပ်ရှိ အိမ်များနေရာတွင် ယခုကွန်ဒိုကြီး ဆောက်လျက်ရှိပါသည်။ ထိုကွန်ဒိုကြီးဆောက်ပြီးသွားလျှင် လှည်းတန်း၏သမိုင်းသည် နောက်ထပ်အလှည့်အပြောင်း တခုကြုံပါဦးမည်။ ယခုအခါတွင် ယခင်ကရှိခဲ့သော အရှေ့ဘက်ကဝင်သော လမ်းအပေါက်ဝနှင့် မြောက်ဘက်က အပေါက်ဝတို့ကိုသာ မြင်နိုင်ပါသည်။ စာရေးသူသိခဲ့သော ကမာရွတ်လှည်းတန်း၏သမိုင်းမှာ ဤမျှသာဖြစ်ပါသည်။
 
Leave a comment

Posted by on July 13, 2011 in Memories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: