RSS

May Kha – Megician

13 Jul

မျက်လှည့်ဆရာကြီး
(အပိုင်း-၁)
မေခ
ဇူလိုင် ၁၃၊ ၂၀၁၁

(၁)
တနေ့သောတနေ့သ၌ ကျနော်ထိုင်နေသော လဘက်ရည်ဆိုင်လေးရှေ့တွင် လင်ခရူဇာပရာဒိုကား အနက်ရောင်သစ်သစ်ပြောင်လက်လက် ကားကြီး တစီးထိုးရပ်လာချေသည်။ ကျနော်တို့မြို့သစ်လေးမှာ သည်လိုကားမျိုးစီးနိုင်သူမရှိ။ အများအားဖြင့် ဒီလိုကားမျိုးက သိန်းထောင်ချီချမ်းသာသူများသာ စီးနိုင်လေသည်။ မြို့သစ်လေးလည်းဖြစ်ပြီး လူတွေက သိပ်ကြီး စီးပွားရေးမကောင်းလှချေ။ ကားကြီးဆိုင်ရှေ့ထိုးရပ်လိုက်သောအခါ ဆိုင်ထဲက လူတွေအားလုံး၏ မျက်လုံးတွေက ကားကြီးဆီသို့ စုပြုံကျသွားလေသည်။

ကားကြီးပေါ်ကနေ ၀၀ဖိုင့်ဖိုင့် အသက်ရှစ်ဆယ်ကျော်လောက်ရှိမည့် အဖိုးကြီးတဦး ယဲ့တဲ့ယဲ့တဲ့ဖြင့် ဆင်းချလာသည်။ သူ့နောက်ဘက်ကထိုင်နေသော လူတယောက်က လှစ်ကနဲပင် သိုင်းသမားတဦးလို ဘော်ဒီဂတ်တယောက်လို လျင်ခြင်းမျိုးဖြင့် အဖိုးကြီးဘေးကိုရောက်လာခဲ့သည်။ အဖိုးကြီးကားပေါ်မှ ဒယီးဒယိုင်ဆင်းနေတာကို သူက လက်မောင်တဘက်ဖေးမကိုင်ပေးရင်း ဘေးဘီဝဲယာကို မျက်ဝေ့တချက်ကြည့်လိုက်သေးလေသည်။ သူက မျက်မှန်အမည်းများတပ်ထားလိုက်သေးချေသည်။ အဖိုးကြီးက မရယ်မပြုံး ခပ်တည်တည်မျက်နှာပေးဖြင့် လ္ဘက်ရည်ဆိုင်လေးထဲ တုန်ချိတုန်ချိဖြင့်ဝင်လာသည်။ အဖိုးကြီးသည် ပိုးပုဆိုး ကွက်တုံး မကျည်းစေ့ရောင်ဝတ်ထားပြီး မန္တလေး ကတ်္တီပါ ပိန်းတန်းဘိနပ် ရွှေရောင်လွင်လွင်ကိုစီးထားသည်။ အပေါ်ကတော့ တိုက်ပုံ ပိုးသား ပန်းနုရောင်ကို ဆင်ထားသည်။ သူ့နောက်ကနေ ခပ်ရို့ရို့အနေဟန်ဖြင့် ထိပ်ပြောင်ပြောင် ပုဏ္ဏားမျက်နှာပေး ရွှေကိုင်းမျက်မှန်ဝင်းဝင်း ဖြင့် လူတယောက်က ကပ်လိုက်လာလေသည်။ ကျနော်လည်း ဒီအဖိုးကြီးကို ဘာရယ်မသိ ငေးကြည့်နေမိလိုက်လေသည်။

အဖိုးကြီးက ပုတိုတို ဂုတ်ပိုးတက်တက်။ မျက်နှာက ပေါက်စီကိုကတ္တရာလမ်းမပေါ်ပစ်ချလိုက်တဲ့ပုံမျိုး ပါးဖောင်းဖောင်း နှုတ်ခမ်းထူတွဲတွဲ အသားကညိုညစ်ညစ် အညာသားတောသားပုံပဲ။ သူက ဆိုင်ထဲကို တည့်တည့်ဝင်လာသည်။ ဘေးကိုမကြည့်။ သူလျှောက်လာပုံက တဖြည်းဖြည်းနှင့် ကျနော်ထိုင်နေသော စားပွဲဆီ တည့်တည့်ဝင်လာနေလေသည်။ ကျနော်က ဘေးဘီင်္ကိုလှည့်ကြည့်လိုက်သည်။ အဖိုးကြီးက ကျနော်ထိုင်နေသော စားပွဲရှေ့ရောက်တော့ ရပ်လိုက်ပြီး ကျနော့်အား “ နေကောင်းလား မတွေ့တာအတော်ကြာပြီ ”ဟု နှုတ်ဆက်လိုက်လေသည်။ ကျနော်က တအံ့ဖြင့် ဘယ်သူများပါလိမ့်ဟု တွေဝေနေမိလိုက်သည်။ ရုပ်ကို ဖမ်းမရ။
“ကိုအောင်ဒင် ခင်ဗျား ကျုပ်ကိုမမှတ်မိဖူးနဲ့တူတယ်။ ကျုပ်ဘယ်သူတုန်း” ဟု သူက ပါးစုန့်ကြီးများဖြင့် သူ့ပါးစပ်က နှုတ်ခမ်းထူပွကြီးကို ဖြဲပြီးပြော နေလေသည်။
ကျနော် သူ့ကိုငေးနေရင်း ဘေးကိုကြည့်လိုက်သည်။ သူ့ဘေးမှာ လက်တွဲလာသူနှင့် ပုဏ္ဏားမျက်နှာပေး ရွှေကိုင်းမျက်မှန်ဝင်းဝင်းဖြင့်လူက ရပ်လျက် လူသေတွေလို ရပ်နေကြသည်။ ကျနော်စဉ်းစားနေတုန်း အဖိုးကြီးက လွတ်နေသော ကုလားထိုင်တခုတွင်ဝင်ထိုင်ချလိုက်သည်။ သူ့ဘေးက လူနှစ်ယောက်ကတော့ အသေတွေလိုပင် ဆက်ရပ်နေကြသည်။ အဖိုးကြီးက ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး
“ကျုပ် လွမ်းဝေလဗျာ” ဟုပြောလိုက်မှ ကျနော် သူ့ကို ရေးတေးတေးမှတ်မိရလေသည်။ ကြာလှ မင့်ကိုး။
“သြော် လွမ်းဝေကိုး ”
“ ဟဲဟဲဟဲဟဲ မှတ်မိပလား ”
“အေးဗျာ နှစ်တွေကလည်း ကြာပြီ။ မှန်း … နှစ်ပေါင်းနည်းဘူးဘဲဗျ။ နှစ်ငါးဆယ်ကျော်ပြီနော”
ကျနော်လည်း သူ့ကိုမှတ်မိသွားပြီး သူ့ရုပ်ကို ဖမ်းမိသွားတော့သည်။ သူက လွန်ခဲ့သောနှစ်ငါးဆယ်လောက်က မန္တလေးကနေ ပျောက်ခြင်းမလှပျောက် သွားခဲ့သူဖြစ်လေသည်။ သူပျောက်သွားသော်လည်း သူ့သတင်းတွေကိုတော့ကား ကြားနေရသည်။ သူက မန္တလေးသားတော့မဟုတ်။ မန်္တလေးနှင့်နီးသော မြို့လေးတမြို့အနီးနားက ရွာသားဖြစ်သည်။ ပြောပါတော့ တောသား။ ရွာက ဘုန်းကြီးကျောင်းမှာပဲ စာသင်ခဲ့ရသူဖြစ်သည်။ ရွာကမူလတန်းအောင်ပြီး မြို့လေးက အလယ်တန်းကျောင်းအတက် ရှစ်တန်းအရောက်မှာ သူကျောင်းထွက်လိုက်ရသည်။ သူ့မိဘတွေက လယ်သမားတွေ။ ဆင်းရဲသည်။ သူ့ကို ကျောင်းဆက်မထားနိုင်။ သူက ကျောင်းထွက်ပြီး ပုံနှိပ်တိုက်တခုမှာ အလုပ်သမားဝင်လုပ်သည်။ သည်လိုဖြင့် သူ့ဘ၀ စခဲ့လေသည်။ သူပုံနှိပ်တိုက်မှာလုပ်ရင်း ခဲစာလုံးတွေကိုရွေးနေရတာက သူ့ဘ၀ တိုးတက်စရာမမြင်လို့ သူအလုပ်ထွက်ခဲ့သည်။ နောက်သူ မန္တလေးမြို့ဆီ ထွက်ချလာခဲ့သည်။ သူမန္တလေးမှာ နေစရာနေရာတော့ရှိသည်။ သူ့ရွာက ဆရာတော်က စာရေးပေးလိုက်လို့ မစိုးရိမ်ကျောင်းတိုက်မှာ သူ နေလို့ရသွားသည်။ စားတော့ ကျောင်းက ဆွမ်းကျန် ထမင်းကျန် ကျောင်းကဝေယျာဝစ္စတွေလုပ်ပေးရင်း တဘက်ကနေ သူမြို့ထဲထွက်ပြီး အလုပ်ရှာသည်။

(၂)
သူတို့ခေတ်က ခေတ်ပျက် ခေတ်ဆိုးကာလလည်းဖြစ်သည်။ အလုပ်အကိုင်ကလည်း မလွယ်။ အလုပ်ရယ်လို့ မယ်မယ်ရရမရပဲ ဟိုသွားဒီသွား ကျောင်းပြန်အိပ်နှင့်သာ အချိန်ကုန်ခဲ့သူဖြစ်သည်။
သူက စားပွဲထိုးလေးကို လက်ဖျောက်တီးခေါ်ပြီး သူ့အတွက် လဘက်ရည် ချိုပစ်လဲ ကျောက်ပန်းတောင်းဟု မှာသည်။ သူ့နောက်က လူနှစ်ယောက်က မထိုင်ဘဲ ဆက်ရပ်နေကြသည်။ တောင့်တောင့်ကြီးတွေဖြစ်သည်။ မပြုံးမရယ် မျက်နှာတွေက စက်ရုပ်တွေလိုဖြစ်နေသည်။ သူကလည်း အထိုင်မခိုင်း။ ကျနော်က သူတို့တွေကိုထိုင်ခိုင်းတော့ အဖိုးကြီးက နေနေ ဒါသူတို့အလုပ်လုပ်နေတာဟု ၀င်တားသည်။ လ္ဘက်ရည်ခွက်ရောက်လာတော့ သူက ဟေ့ ရှိတဲ့မုန့် အကုန်ချလကွာဟု စားပွဲထိုးကောင်လေးကို ထပ်မှာသည်။ သူက လ္ဘက်ရည်ခွက်ကို ရွှတ်ကနဲအသံမြည်အောင် ကောက်သောက်လိုက်ပြီး ….
“အလုပ်အကိုင်အဆင်ပြေရဲ့လား ကိုအောင်ဒင်။ ခင်ဗျားကြည့်ရတာ ဘာမှမပြောင်းလဲဖူး။ အရင်လိုပဲ စာရေးတုန်းလား ခုဘာတွေရေးနေလဲ” ဟု မေး လိုက်သည်။
ကျနော်က … “အခုတလော ဘာမှမရေးဖြစ်ပါဖူး။ ရေးလို့ကလည်း မရပါဘူး”
“ဘာလို့လဲ … ရေးစရာမရှိလို့လား”
“မဟုတ်ဖူး။ ထားလိုက်ပါဗျာ ခင်ဗျား အခု အရင်လိုပဲလား” ဟု ကျနော်မေးလိုက်လျှင် သူက ဟက်ဟက်ပက်ပက်ရယ်ချလိုက်ကာ ….
“ဘယ်နဲ့မေးလိုက်တာတုန်း… ကျုပ်က အရင်လိုပဲပေါ့။ အရင်အလုပ်ပဲ ဟဲဟဲ”
သူရယ်နေတာကို သူ့နောက်ရှိလူနှစ်ယောက်က လိုက်ပြီးရယ်နေကြလေသည်။ ကျနော့်မှာ သူကရယ်စရာမဟုတ်ဘဲ ဘာလို့ရယ်နေတာပါလိမ့်ဟု တွေကြောင်တောင်တောင်ဖြစ်နေမိစဉ် သူကရုတ်ချည်း အရယ်ရပ်လိုက်ကာ မျက်ခွက်ကြီးက ညိုပုပ်သွားပြီး တည်တည်ကြီးဖြစ်သွားသည်။ ချက်ချင်းပဲ သူ့နောက်က လူနှစ်ယောက်ကလည်း မျက်နှာသေတည်တညကြီးတွေ ဖြစ်သွားကြလေ၏။ သူက …
“ကျုပ်တသက်လုံး ဘ၀မှာ ဘယ်လိုနေရင်ကောင်းကောင်းနေရမလဲ၊ စားရမလဲ၊ ချမ်းသာမလဲဆိုတာ တွေးလာခဲ့တာဗျ။ ဒါကြောင့်မို့ ကျုပ်ဘ၀ တလျှောက်လုံး ဒီအသိကရှိနေတယ်။ သတိပေါ့လေ။ ငါချမ်းသာရမယ်။ ကောင်းကောင်းနေရမယ်ဆိုတဲ့ စိတ်လေ။ ဒါကြောင့်လည်း အခုလို ဖြစ်လာတာပေါ့။ ဟဲဟဲ … ဟဲဟဲ …”
သူက သူ့စကားကို သူပြန်သဘောကျကာ ရယ်လိုက်ပြန်သည်။ သူရယ်လိုက်တာနှင့် သူ့နောက်က လူနှစ်ယောက်ကလည်း တဟဲဟဲ …. လိုက်ရယ်နေကြပြန်လေသည်။ ဘယ့်နှယ်လူတွေတုန်း။ သူအရယ်ရပ်လိုက်မှ ထိုလူနှစ်ယောက်လည်း အရုပ်တွေလြို ပန်ဖြစ်သွားတော့သည်။
သူ မန္တလေးတွင် အလုပ်ရှာသည့်အခါ ဈေးချိုကိုင်းတန်းဈေးဘက်ဆီရောက်သွားတတ်သည်။ ထိုနေရာရှိ သစ်သီးပွဲရုံများ ၊ဆန်ပွဲရုံများ၊ လ္ဘက် ခြောက်ပွဲရုံများတွင် ကုန်ဝင်ထမ်းဖို့လည်းဖြစ်သည်။ သူအဖို့ပွဲရုံတခုခုတွင် ပုံသေအလုပ်မရသောအခါ ကိုင်းတန်းဈေးထဲတွင် ခေါက်ရေဖြင့် တဆိုင်ဝင်တဆိုင်ထွက် ကုန်ထမ်းသောအလုပ်ကို သူလုပ်ရသည်။ အလုပ်က မနက်စောစော (၄) နာရီလောက်ကစလိုက်တာ နေ့လည်ခင်း (၁၂) နာရီလောက်ဆို ပါးသွားသည်။ ဒီအခါသူက ကိုင်းတန်းဈေးထဲက (၂၅ ပြား) တမတ်ထုပ် ထမင်းထုပ်ဝယ်စားသည်။ တမတ်ထုပ် ထမင်းဆိုသော် လည်း အင်ဖက်ကြီးထဲတွင် ထမင်းအမောက် ၀က်သားသုံးထပ်သားနှစ်တုံးကြီးကြီး အနှစ်ဆီရွှဲရွှဲ တို့စရာအရွက်နှင့် ငံပြာရည်ချက်၊ ပဲအိုးကပ် သရက်ချဉ် ငရုတ်သီးစိမ်းတို့ပါရာ အလွန်စားကောင်းလေသည်။ တခါတလေကျတော့ သူကုန်မထမ်းရသောနေ့၌ ရွှေတချောင်းဘေးက မြေကွက်လပ်တွင်ပြသော မျက်လှည့်ပွဲလေးတွေကို သူဝင်ဝင်ငေးမောသည်။ မျက်လှည့်ကလည်း လမ်းဘေးမျက်လှည့်မို့ ပြတာကနည်းနည်း ဆေးရောင်းတာက များများဖြစ်လေသည်။ သို့သော် သူ့အတွက်ကတော့ ငေးမောနေရတာကိုပင် အပမ်းဖြေနေရသလိုထင်၏။ ဒီမျက်လှည့်ပွဲလေးတွေက သူ့အတွက် ပညာတွေတပုံကြီးရသည်။ သည်တုန်းက ကောလိပ်ဂျင်နေ၀င်းနှင့်ခပ်ဆင်ဆင် မျက်လှည့်ဆရာက ကောလိပ်ဂျင်နေ၀င်းအိုက်တင်ဖြင့် မျက်လှည့်ပြရင်းက သူ့အမည်ကို နေလင်းဆိုပြီး ပြောင်းလိုက်သည်။

(၃)
သူက သံဖြူဖြင့်လုပ်ထားသော ရေပိုက်လိုပြွန်သုံးခုဖြင့် စားပွဲလေးပေါ်တွင် ဖန်ခွက်တွေ ပင်ပေါင်ဘောလုံး ကြက်ဥတွေကိုဖျောက်ပြ။ ပြန်ဖော်လုပ်ပြသည်။ ဖဲချပ်လေးတွေကို အပွင့်ရှာပြသည်။ သူ့လက်ထဲက လက်ကိုင်ပုဝါလေးဖြင့် အရုပ်တွေလုပ်ပြ၊ ပန်းတွေထွက်လာ။ နောက်ဆုံး ရောင်စုံစက္ကူစတွေ တထွေးကြီးထွက်လာတာတွေပြသည်။
သူအကြိုက်ဆုံးကတော့ မြေကြီးပေါ်မှာ တခေါက်ဖာထဲ လူထည့် ကြိုးနဲ့တုပ်ပြီး အပြင်ကနေ လှံတွေနဲ့ထိုးပြတာ ကြိုးလည်းဖြေလိုက်ရော ဖာထဲလူဘာမှ မဖြစ်ဘဲ ထွက်လာသောပြကွက်ပဲဖြစ်သည်။
“နေပါဦး ခင်ဗျားမန္တလေးကနေ ဘယ်ရောက်သွားတာလဲ”
“ကျုပ် ရန်ကုန် မှော်ဘီရောက်သွားတာ”
သူတွေးသလို မျက်လုံးကိုအပေါ်မော့ပြီး သူ့မေးစေ့က မုတ်ဆိတ်မွှေးတွေကို စိမ်ပြေနပြေနှုတ်နေသည်။ လွမ်းသွားသလိုဟန်မျိုးအိုက်တင်ခံနေသေး လေသည်။
“ဒီလိုဗျ။ ကျုပ် ခင်ဗျားနဲ့တွေ့တော့ ကုန်မထမ်းတော့ဖူးနော။ ကျုပ်က ဟုတ်ပြီ။ ကျုပ် ဆရာနေလင်းနောက်လိုက်နေပြီ။ ခင်ဗျားနဲ့ကလည်း ဒီမျက်လှည့်ပွဲမှာတွေ့တာပဲလေ။ မှုတ်ဖူးလား။ ကျုပ်က မျက်လှည့်ကို လွှတ်သဘောကျတာဗျ။ ဆရာပန်န၀တို့ဆို လွှတ်ကြိုက်တာ။ ဒီအလုပ်က လူတွေကို ဗြောင်လိမ်စားတာပဲ။ လူရှေ့မှာတင် လိမ်ပြနေတာ ။ လူတွေက အားလုံးလိမ်နေမှန်းသိသိကြီးနဲ့ ၀ိုင်းပြီးစောင့်ကြည့်နေကြတာ။ ဘာဖြစ်လာပါလိမ့်မလဲပေါ့ဗျာ။ ရင်တမမနဲ့။ သူတို့ထင်ထားတာတွေ ဖြစ်မလာဖူးဆိုရင် ဟာကွာလိမ်တာပါလို့ပြောကြတယ်။ ဒါပဲလေ။ လူ့စိတ်ကဒါပဲ ။ လိမ်မှန်းသိသိနဲ့ အလိမ်ခံချင်နေကြတာပဲ။ လိမ်တဲ့လူက ပိပိရိရိလိမ်သွားရင်သူတို့က ကျေနပ်ကြတယ်။ ဒါပေမယ့်သူတို့ထင်တဲ့ မှန်းထားတာတွေဖြစ်မလာရင် ဒါလိမ်တာပဲလို့မကျေမနပ်ပြောကြတာဟ။ ကျုပ်တို့က လိမ်စားပါတယ်လို့မပြောပေမယ့်လိမ်နေမှန်းလူတိုင်းသိတာပဲ ။ ဒါကိုသူတို့ပဲ ၀ိုင်းရပ်ကြည့်ကြတာ။ ပြီးရင်သူတို့ပဲ ပြောကြတာ။ ဟေး … ဟေး ”
သူကသူ့စကားကိုသူသဘောကျပြီး ရယ်ပြန်တော့ သူ့နောက်က ငနဲနှစ်ကောင်လည်း လိုက်ရယ်ကြပြန်သည်။ ဆိုင်ထဲကလူတွေလည်း ကျနော်တို့ဝိုင်းကို ကွက်ကြည့်ကွက်ကြည့်နေကြသည်။
“ဒါနဲ့ပြောစမ်းပါဦး ခင်ဗျားအကြောင်း”
သူက စားပွဲပေါ်က ကိတ်မုန့်တခုကို သူ့ပါးစပ်ပြဲပြဲကြီးထဲ တခါထဲထိုးထည့်လိုက်သည်။ ပါးလုပ်ပါးလောင်းဖြင့် …
“ကျုပ် ဆရာနေလင်းနောက်လိုက်တာ သုံးနှစ်လောက်ရှိသွားတော့ ဆရာက ကျုပ်ကို မျက်လှည့်ပြတဲ့နည်းတွေ သင်ပေးသဗျ။ မရှော့မြစ်လုပ်နည်း၊ မြွေဆိပ်ဖြေဆေးလုပ်နည်း။ ရှင်သီဝလိကိုယ်တော်ထုတဲ့နေရာတွေ အားလုံးပေါ့ဗျာ။ ဆရာစားမချန်ပဲ သင်ပေးတယ်ဗျ။ ဆေးလည်း ညာရောင်း၊ မျက်လှည့်လည်းပြပေါ့ဗျာ။ ကြာလာတော့ ကျုပ်ဒီမျက်လှည့်ပညာကို သဘောကျလာတယ်ဗျ။ ဒါ လူတွေကို လှည့်စားပြတာပဲ။ ဒါက ပညာရပ်တခုဗျ။ ညာတော့ ညာတာပဲ။ ဒါပေမယ့် လူတွေကိုစိတ်ကျေနပ်စေတယ်ဗျ။ သူတို့က ညာတာကို ကျေကျေနပ်နပကြီးလက်ခံကြတယ်။ ဒါ ပညာပဲ”
“နေဦး ခင်ဗျားကျုပ်ကို ၀က်သားရုံနောက်ဘက် ရွှေတချောင်းဘေးမှာ မျက်လှည့်ပွဲအပြီး လာပြီးမိတ်ဆက်တာမှုတ်လား။ကျုပ်မှတ်မိသေးတယ်။ ခင်ဗျား က စာရေးဆရာပေါက်စ။ ကျုပ်အကြောင်းဆောင်းပါးရေးချင်လို့ဆို မှုတ်လား ”
“၀တ္ထုပါဗျ ”
သူက မချိတချိပြုံးတဲ့ပြီး “ဟုတ်ပါ့ ၀တ္ထုရေးမယ်ဆိုပြီး ကျုပ်ကို အခုခေတ်လိုဆိုရင် အင်တာဗျူးတာပေါ့။ အဲဒီကစပြီး ကျုပ်နဲ့ခင်ဗျား မိတ်ဆွေဖြစ်သွားကြ တာမှုတ်လား။ ခင်ဗျားကလည်း စာရေးဆရာဆိုတော့ ခန္ဓာမလာဖူးလေ။ ငတ်တလှည့်ပြတ်တလှည့်ပဲ။ ကျုပ်ကမှ မျက်လှည့်ပြတဲ့နေ့ဆို သုံးရက်လောက် အေးအေးစားလို့ရတယ်။ အေးဗျာ လူ့ဘ၀ဆိုတာ ရယ်ရတယ်ဗျ”
ဆက်လက်ဖော်ပြပါမည်။
 
Leave a comment

Posted by on July 13, 2011 in May Ka, Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: