RSS

treasure of my life, poems from my heart – 24

13 Jul

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၄)
တင်မိုး
ဇူလိုင် ၁၀၊ ၂၀၁၁


၁။
ကျွန်တော့် အခန်းရှေ့မှာ တောင်ကုန်းစိမ်းစိမ်းကလေး။ သစ်ရွက်တွေ စိမ်းစိုဝေဆာ သာယာနေပါပကော။ ရှဥ့်ကလေးတွေလဲ ပြေးကြ ဆော့ကြ၊ ခဏလေးရပ်ပြီး နားစွင့်ကြ။ သမင်ကလေးတကောင် ယောင်တောင်တောင်နဲ့ မြက်ခင်းစိုစိုကလေး လာစားနေတယ်။

နေရာက မေရီလင်း(Maryland) ပြည်နယ်၊ ရော့ခ်ဗီးလ် (Rockville) မြို့၊ သြဂုတ်လရဲ့ အပူရှိန်ပြင်းတဲ့ နေ့လယ်ခင်း။

ကျွန်တော် ပြည်ပကိုထွက်ခဲ့တာ (၃) နှစ် (၃) မိုးရှိခဲ့ပြီ။ နေရာအမျိုးမျိုးရောက်ခဲ့တယ်။ “ဘာသာမတူ၊ လူလည်းတထွေ၊ ရေလည်းတခြား” ဆိုတဲ့ ဒေသတွေချည်းပါပဲ။ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံကြီးတွေဆိုတော့ အစစပြည့်စုံပါပေ့။ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တွေ အလျှံပယ်။ အသွယ်သွယ်လမ်းတွေကလဲ ဘယ်စခန်းနဲ့မဆို ခရီးဆက်လို့ရတာချည်း။

ကားကလေးတွေက မြားပြေးနေဟန်။ ဟိုက်ဝေးလမ်းမကြီးဘေးမှာ ပြောင်းပင်တွေကလဲ မိုးတိုးမတ်တတ်။ လင်းလိုက်မှိန်လိုက်နဲ့ တောင်တန်းအလှတွေလဲ လှမ်းလို့မြင်ရသေးရဲ့။ စစ်ကိုင်းတောင်တန်း ပေလား။ ပင်ဆဲလ်ဗေးနီးယားပြည်နယ်ထဲအ၀င် တောင်တန်းပြာပြာတွေ မြင်ပြန်တော့ စစ်ကိုင်းတခွင် အာရုံရောက်မိတယ်။

အမေရိကမြင်ကွင်းကို မြန်မာ့မြင်ကွင်းအသွင် စိတ်အာရုံပြောင်းပြီး ကြည့်နေမိတယ်။

၂။
ငါမအိပ်တာကောင်းပါသေး

ထင်းရှူးပင်ရိပ်၊ မေပယ်ပင်ရိပ်မှာ
အိပ်ပျော်တ၀က်၊ နိုးတ၀က်
အိပ်မက် မလှတလှ
အိပ်ရေးမ၀တ၀နဲ့
ဝိုးတ၀ါးရသကို
ညလိုလို နေ့လိုလို
ရင်ဖိုခံစားရတယ်။

ပလွေသံကလေးက နွဲ့ပျောင်း
မောင်းသံကလေးက လွင်လွင်ချိုတဲ့
တဲရိပ်ညိုအညာစခန်း
ငါမလွမ်းဘဲ နေပါ့မလား။

ဘုန်းကြီးကျောင်းက
ဗုန်းမြီးဟောင်း ရေအိုးစင်ကလေးကလဲ
ငယ်ရွယ်စဉ် မလှမပတဲ့
ဒုတိယကမ္ဘာစစ်ကြီးကို သတိရစရာ။

အမြောက်ကျည်ဆန် ကြေးအိုးကို
သပြေပန်းထိုးပြီး ဆုတောင်းခဲ့တဲ့
အမေ့အကြောင်းကိုလဲ မလွမ်းဘဲမနေနိုင်။

တူတံစဉ် အလံကလေးပတ်ထားတဲ့
တောစပ်က သူပုန့်အလောင်းကို
ခေါင်းသွင်းပြီး မေတ္တာပို့
ရွှေရင်ဆို့နေရှာတဲ့ တို့အဘကိုလဲ
အမှတ်မရဘဲ ရှိပါ့မလားကွယ်။

ရွာတံခါးအရှေ့မုခ်က
မီးသတ်တဲကလေးလုပ်ထားတဲ့နေရာဟာ
နဂါးနီဘုတ်အုပ်တွေ ခင်းထားတဲ့
စာကြည့်တိုက်ကနဖျင်းဆို ထင်ပါရဲ့။

အင်း … ခြင်းဝိုင်းကလေးလဲ နေရာပျောက်လို့
ဗွီဒီယိုရုံ ဆောက်ထားဆိုလား။

အနောက်နားက ဓမ္မာရုံလဲ
ဖျာအလုံပတ်တဲ့
ရွာဘုံစရပ်ဖြစ်ပြီး
စစ်တပ်က လူဆင့်လှည်းဆင့်
ပဲနှင့် ပြောင်းကိုလဲ
အမြဲသဖြင့် တောင်းနေသေးဆိုထင်ရဲ့။
တမာရိပ်မှာ
ငါမအိပ်တာဘဲ ကောင်းသေးထင်ပါ့ကွယ်။

ကျွန်တော့်အာရုံထဲမှာ မီးခလုတ်ဖွင့်လိုက်သလို ဖျတ်ခနဲ၊ ဖျတ်ခနဲ။ မျက်မြင်တွေ့နေရတဲ့ ထင်းရှူးပင်၊ မေပယ်ပင်တွေဟာ ထနောင်းပင်လိုလို၊ မန်ကျည်းပင်လိုလို၊ တမာပင်လိုလိုဖြစ်သွားချေရဲ့။

တမာပင်ရပ်က အဖြစ်အပျက်တွေကိုလဲ သတိရမိ၊ ကြားယောင်မိ။ ဟင် … ဒါပေမဲ့ အရိပ်ခိုလို့မရ။ တမာရိပ် ထနှောင်းရိပ်က မလှပ။ အဲဒီအရိပ်မှာ အိပ်ရမှာက စိတ်မချ။

ဒီထွေပြားအာရုံ မှုန်မှုန်ဝါးဝါးကို ကာရန်တေးသွားအဖြစ် သီကုံးမိပြန်တယ်။

(၃)
ကျွန်တော်လဲ ခရီးသွား လက်မှတ်စောင့်ရင်း ဘော်စတွန်မှာ နေခိုမိတယ်။ ချားလ်စ်မြစ်ကမ်းက ငန်းအလှရေကူးဟန်တွေကိုငေးရင်း ဒေါ်မြင့်မြင့်စိန် အစာကျွေးတာကို ကူညီတယ်။ ကားရပ်မရတဲ့ ဟားဗဒ်ညတွေမှာ အဲလီယော့လမ်းထိပ်က ဒိုးနပ်ဆိုင်သစ်ပင်ရိပ်အောက် ဘော်ကြီးနဲ့နှစ်ယောက်သား စကားတွေ တပြောပြောနေတယ်။ ဒီအတွင်း ၀ါရှင်တန်ဒီစီက မိုးနဲ့ငြိမ်းကရောက်လာပြီး ကျွန်တော့် အထုပ်အပိုးတွေ သိမ်းပြီး မေရီလင်းပြည်နယ်ကို ခေါ်လာတော့ ကျွန်တော်လဲ ယောင်ချာချာနဲ့ ပါလာပြန်ရော။

မေရီလင်းပြည်နယ်ကတော့ မြန်မာအများ စုဝေးရာနေရာပါပဲ။ “မန္တလေးပြည်နယ်” လို့ ပြောင်းရရင် ကောင်းနိုးနိုး။

မစီတို့ မသီတို့ အန်တီမြိုင်တို့တတွေ ပျော်မွေ့ရာ၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်စောဦး၊ ကိုသိန်းထိုက်ဦးတို့ စံရာ တောင်ကျွန်း ဆိုရမှာပ။

၂၁-၇-၀၂ နေ့ကရောက်ပြီး ဟိုအိမ် သည်အိမ် လိုက်လံစားတာ စုံပါလေရော။ မလုံးတို့ ဗာဂျီးနီးယား လိုက်လို့စား၊ ဦးခင်မောင်ဝင်းတို့ဆီမှာလဲစား။ မင်္ဂလာရာမဘုန်းကြီးကျောင်းလဲသွား … ပါးစပ်မနား မပြတ်စားနေခဲ့။ ဒေါ်ဥတို့ ဒေါ်သန်းစိန်တို့ ကိုကိုအောင်တို့ပါမကျန်။ မစီတို့အိမ်ကလဲ ဟင်းခွက်ပို့လိုပို့နဲ့ စာရင်း “တို့” လို့ မကုန်။ ဒေါ်ခင်မေဇော်ရဲ့ ရှမ်းထမင်းချဉ်ကိုလဲ လက်လွတ်မခံခဲ့။ တနေ့သားမှာတော့ ကျောက်ပန်းတောင်းသား ကိုသိန်းထိုက်ဦးက သူ့အိမ်က ဘူးရွက်ကလေးခူးပြီး ဘူးသီးဟင်းချိုနဲ့ ကျွေးချင်လို့ တဲ့။ ဘယ်ငြင်းလိမ့်မတုန်း။ တပြုံးပြုံးနဲ့ပေါ့။ အဲဒီနေ့ ညစာစားပွဲကလေးကိုတော့ ကဗျာတပုဒ်နဲ့ မှတ်တမ်းလုပ်မိရဲ့။

၎။
ညနေစာ ထမင်းဝိုင်း

ဘူးရွက်ဟင်းချိုသောက်
အမဲခြောက်ဖုတ်ဝါး
ပြောင်းဖူးချိုချိုစား
အညာဆန်ဆန်၊ အညာသံတွေနဲ့
ဝါရှင်တန်က ညနေစာပါကလား။

အာရ်အက်ဖ်အေ၊ ဒီဗွီဘီ
ဗွီအိုအေ၊ ဘီဘီစီက
ဗမာပြည်သတင်းများ
ပိုင်းခြားဝေဖန် နိုင်ငံရေးစကား
ဝိုင်းကြီးစည်တဲ့ တို့ပြည်သား
ဝိုင်တခွက်နဲ့ ပိုင်ချက်တော့လား။

ပွဲသိမ်းလို့အချိန်တန်
ရထားနဲ့ပြန်၊ ကားနဲ့ပြန်
ရင်ခုန်သံကိုယ်စီနဲ့
ကိုယ့်ပြည်လွမ်းစိတ်၊ ရိုးတိုးရိပ်တိတ်
လွယ်အိတ်ထဲမှာ ထည့်လို့ကွယ်
ဘယ့်နှယ် ဘယ့်နှယ်ဖြစ်သည်မသိ
ကျလာမိတဲ့ မျက်ရည်စက်
မအိပ်ရက်တဲ့ညပါတကား။

ကဗျာကလေးတွေကိုတော့ “မရေးရရင် မနေနိုင်တာကလွဲလို့” လို့ ထွန်းအိန္ဒြာဗိုလ်လို ဆိုရမလားမသိ။ ရေးမိရေးရာမှတ်တမ်းပမာ တရေးထဲ ရေးနေမိပါတယ်။ အလွမ်းဘက်များ သန်လေရော့သလားမသိ။ မိုးရွာလဲလွမ်း၊ နေသာလဲလွမ်း၊ နှင်းဝေလဲလွမ်း၊ သစ်ရွက်ကြွေလဲလွမ်း ဆိုတဲ့ လွမ်းငွေ့ဝေေ၀ ဖြေမပြေ ဖြစ်နေရင်တော့ ခွင့်လွှတ်ပါလို့ တောင်းပန်ရမှာပါ။

ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဌာနီကလဲ လွမ်းစရာကြီး မဟုတ်ပါလားဗျာ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၂)၊ စက်တင်ဘာ ၂၀၀၂

 

 
Leave a comment

Posted by on July 13, 2011 in Tin Moe

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: