RSS

May Kha – Megician

14 Jul

မျက်လှည့်ဆရာကြီး (အပိုင်း -၂)
မေခ
ဇူလိုင် ၁၄၊ ၂၀၁၁


(၄)
ဒီတခါတော့သူက မရယ်ဘဲ ဆွေးနေတဲ့ မျက်နှာဂိုက်ပေးပြီး စားလိုက်ပြောလိုက်လုပ်နေရာ ပန်းကန်တွေထဲမှာ မုန့်တွေကလည်း ကုန်သလောက်ရှိနေပြီမို့ စားပွဲပေါ်က လန်ဒန်တလိပ်ကို သူယူလိုက်သောအခါ နောက်ကလူတယောက်က သူ့အိတ်ထောင်ထဲက ရွှေမီးခြစ်လေးနဲ့ ခါးကုန်းပြီး မီးညှိပေးလိုက်သည်။ သူရယ်လိုက်မည်ထင်ကာ လိုက်ရယ်ဖို့ဟန်ပြင်နေကြသော သူ့နောက်က လူနှစ်ယောက် ရယ်ရမလိုတည်ရမလို မျက်နှာဖြင့်ဖြစ်နေကြသည်။

သူက ဆေးလိပ်မီးခိုးတွေကို အပေါ်မှုတ်ထုတ်လိုက်ပြီး …

“ဒီလိုဗျ။ ကျုပ်နောက်ပိုင်း မျက်လှည့်ပညာကို သိပ်လိုက်စားသွားတယ်။ လမ်းဘေးမှာ မျက်လှည့်ပြ ဆေးညာရောင်းတာလောက်နဲ့ မကျေနပ်နိုင်တော့ဘူး။ ခင်ဗျားသိတဲ့အတိုင်းပဲလေ။ စဉ်းစားကြည့် ကျုပ်တို့လမ်းဘေးမှာ မျက်လှည့်ဝိုင်းစပြီဆို ပထမတော့ တကယ်မျက်လှည့်လေးတွေပြတာပေါ့ နောက်လူလည်းများလာပြီ၊ အုံလာပြီဆိုရင် တခါထဲ ဖာထဲကို စပါးကြီးမြွေကြီးထည့် ကြိုးနဲ့တုပ်ပြီး ကတ္တီပါ နီရဲရဲနဲ့ အုပ်ထားလိုက်တယ်။ အပေါ်မှာ လူအရိုးခေါင်းတခုတင်ထားပြီး နှင်းဆီပန်းတပွင့်ကို အရိုးခေါင်းခွံပေါ်ထိုးထားလိုက်။ နောက် ဘင်နဲ့ လင်းကွင်း နာနာတီး ဇော်ကနီ၊ ဇော်နက်တွေလာစမ်း … ကိုယ်ရှိမှ ကိုယ်စား ဘယ်ဆွေမျိုးမှ အားမကိုးနဲ့ ဟိတ် … ချလောင်းဆိုပြီး ဒီဖာထဲက စပါးကြီးမြွေဟာ မကြာခင်မှာ လဒအဖြစ် ပြောင်းသွားမယ်ဆိုပြီး ရှင်သီဝလိရုပ်ထုလေးတွေလိုက်ဝေပြီးရင် ရတဲ့လူက ကံကောင်းတဲ့လူဖြစ်ပြီး ဘုရားတည်ဖို့၊ သာသနာပြုဖို့ဆိုပြီး၊ အလှူငွေလိုက်ကောက်တာပဲ။ ရှင်သီဝလိ လက်တဆစ်လေးထုထားတာရတဲ့လူတိုင်းက ပေးကြတာပဲ။ ဟော ပြီးရင် ကချင်ပြည် ရေခဲတောင်ပေါ်က မရော့မြစ်ကိုရောင်း၊ လူတွေက ဖာထဲက မြွေကြီး လဒဖြစ်မဖြစ်ကိုပဲ စိတ်ရှည်လက်ရှည်နဲ့ စောင့်ပြီးဆေးဝယ်ကြနဲ့ စောင့်တာပဲ။ ဟော အားလုံးရောင်းလည်းပြီးရော နောက်နေ့ကျမှ ဆက်ပြမယ်ပြောပြီး ပွဲသိမ်းလိုက်ရော။ လူတွေက မကျေမနပ်နဲ့ ပါးစပ်က ပွစိပွစိနဲ့ ပြောပြီးပြန်သွားကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျုပ်တို့ကို ဗြောင်ဆဲတာဆိုတာမရှိဖူးဗျ။ ဟုတ်တယ်လေ ကျုပ်တို့က လိမ်နေတာလေ။ လူလယ်ခေါင်မှာ ဗြောင်လိမ်နေတာ။ ဗြောင်လိမ်ဗြောင်စားလေ။ ပွဲကပြီးသွားပြီ။ အားလုံး ကိုယ့်လမ်းကိုယ်ဆက်သွားကြတာပေါ့။ တချို့က ဈေးလာရင်း ၀င်ရပ်ငေး၊ တချို့က အလုပ်ကလမ်းကြုံလို့ဝင်ငေး၊ တချို့ကျ အလုပ်ကိုမရှိလို့ လမ်းဘေးမျက်လှည့်ဝင်ထိုင်တာပဲ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဒါ ကျုပ်တို့ ဗမာတွေရဲ့စိတ်ပဲဗျ။ စကားတောင်ရှိသေးသဗျ။ ပွဲပြီးမီးသေ။ နောက်ကောက်ရိုးးမီးဆိုတာတွေလေ”


သူမောသွားပြီး လဘက်ရေကြမ်းတခွက်ငှဲ့သောက်နေသည်။ ကျနော်က …

“နေဦး ခင်ဗျား နိုင်ငံခြားတွေ ဘာတွေ သွားပြီး မျက်လှည့်ပြသေးဆို။ ကျနော် တီဗွီထဲတွေ့လိုက်ဖူးတယ်”

သူက လက်ဖြောက်တချက်တီးထဲ့ပြီး ….

“မှန်လိုက်လေဗျာ။ ကျုပ်က ဒီလိုဗျ။ လမ်းဘေးမျက်လှည့်ပြ ဆေးညာရောင်းစားနေရတာကို ကြာလာတော့ ငြီးငွေ့လာတယ်။ လူတွေရဲ့ စိတ်ဓာတ်ရေးရာပေါ့လေ။ လူ့သဘောသဘာဝတွေကို နားလည်လာတယ်။ ကျုပ်ဆရာရဲ့ ပျော့ကွက်ဟာကွက်တွေကိုလည်း မြင်လာတယ်။ ငါသာဆို ဒီပျော့ကွက်တွေကို ဖာလိုက်မယ်ပေါ့။ ငါတော့ ဒီလိုပဲ လမ်းဘေးမျက်လှည့်ဆရာဘ၀နဲ့ အရိုးထုတ်လို့မဖြစ်ဖူးလို့ တွေးလာမိတယ်ဗျ။ နောက်တိုတိုဆိုကြပါစို့ဗျာ။ ကျုပ်တနေ့ မန္တလေး ပန်တျာဝင်းထဲမှာလာပြတဲ့ အိနိ္ဒယကလာတဲ့ ပီစီဆော်ကာ မျက်လှည့်ပွဲကိုသွားကြည့်သဗျာ။ အပါးပါး ကျုပ်တို့ လမ်းဘေးမှာပြနေတာက ပမွှားဆိုတာသိလာရတယ်။ ဘယ်နဲ့ဗျာ … ဒီကုလားကြီးက သားသားနားနားနဲ့ စတိတ်ခုံပေါ်မှာ ဟိတ်နဲ့ဟန်နဲ့ လူတွေကို ဟောက်လိုက်ဟန်ပြလိုက်နဲ့ တည်တည်ကြီးမျက်လှည့်တွေပြနေတာ။ လူတွေက သူ့ကိုပိုက်ဆံပေးပြီး သူလိမ်တာကိုသွားကြည့်နေကြတာဗျ။ အောင်မယ် လက်ခုတ်များတောင်တီးတဲ့ပြီး သြဘာပေးလိုက်ကြတာ ရုံကွဲမတတ်ပဲ။ ဒီမှာတင် ကျုပ် သင်ခန်းစာတခုရလိုက်တယ်ဗျ။ လူတွေက လူလယ်ခေါင်မှာ ခမ်းခမ်းနားနားနဲ့ ခပ်တည်တည်လိမ်ပြရင် လိမ်မှန်းသိသိကြီးနဲ့ လက်ခံကြတယ်ဆိုတဲ့ အသိပဲ။ အဲဒီည ပီစီဆော်ဒကာမျက်လှည့်ပွဲကအပြန် ကျုပ်ဆုံးဖြတ်ချက်ချလိုက်တယ်။ တနေ့ ဒီလို တိုင်းပြည်နဲ့ချီပြီး မျက်လှည့်ပြနိုင်တဲ့လူဖြစ်ရမယ်လို့လေ။ ကျုပ် ဘုရားကြီးသွားပြီး ဆုတောင်းတယ်ဗျ။ ခင်ဗျားသိတဲ့အတိုင်းပဲလေ။ ကျုပ်တို့နောက်ပိုင်း ရုံပွဲလေးတွေကို ဘုရားပွဲတွေမှာလိုက်ပြတယ်”

(၅)
ကျောက်တော်ကြီးပွဲ ဘုရားကြီးပွဲ တရုတ်တန်းပွဲ ၊ တောင်ပြုန်းပွဲ၊ ရတနဂူပွဲ နောက်လယကြီးနတ်ပွဲ၊ အိုအစုံပါပဲ။ (၁၂) ပွဲဈေးတိုင်း လိုက်ပြတယ်။ နောက်တော့ ပဲခူးပွဲ၊ ရန်ကုန်၊ စမ်းချောင်း ပဒုံမာကွင်းပွဲ၊ သမိုင်း၊ တံတားလေး၊ မယ်လမု အစုံပဲ။ ဟိုးရှမ်းပြည်ဘက် သီပေါ ဘော်ကြိုပွဲတောင်ပါသေး တယ်။ နောက်ပိုင်း ကျုပ်က ကိုယ်တိုင်ဆရာလုပ်ပြီး ပွဲခွင်ဝင်တာဗျ။ ကျုပ်ဆရာနဲ့ကျုပ် လမ်းခွဲလိုက်တယ်။ ဆရာကလည်း ကျုပ်ကို သူ့တပည့်တွေထဲက အူတူတူမတုန်မလှုပ်နဲ့ကောင်မို့ ယုံပြီး လက်ကုန်သင်ပေးတာ။ ကျုပ်ကိုဆရာပြောတာ မှတ်မိသေးသဗျ။ မင်းက ဆင်လိုမျက်လုံးနဲ့ ဆင်ကြံကြံမယ့်ကောင်ပဲတဲ့ ဟဲဟဲ … ဟဲဟဲ … ဆရာပြောတာသိတ်မှန်တာ”

သူ့နောက်က ငတိနှစ်ကောင် အမှီလိုက် ဟဲဟဲ … လုပ်လိုက်ကြသည်။

“ကျုပ်ကဘာရမလဲ။ ဆရာကို ကန်ထုတ်ပြီး တစင်ထောင်တာပဲ။ ဆရာလည်း အသေမဖြောင့်ရှာပါဖူး။ ဘယ်တတ်နိုင်မလဲဗျာ။ သူညံ့လို့ သူခံရတာပဲ။ ကျုပ်က တသက်လုံး သူ့တပည့်လုပ်ပြီး သူပေးတာပဲ စားနေရမလားဗျ”

သူဒေါသနည်းနည်းထွက်လာပုံရပြီး တောက်ကနဲ တချက်ခေါက်လိုက်ကာ စားပွဲပေါ် လက်ဝါးဖြင့် ဘုန်းဆိုရိုက်ချလိုက်သည်။ သူ့နောက်က နှစ်ကောင်လည်း လန့်ဖြတ်သွားပြီး ရန်သူကိုရှာသလို ဘေးဘီကိုကြည့်ကာ တိုက်ခိုက်တော့မည့်ဟန် ပြင်ထားလိုက်ကြသည်။ မျက်ခွက်တွေကလည်း သူ့ဆရာကြီးလို ဒေါသဖြစ်ဟန်မျက်လုံးကြီးတွေ ပြူးထွက်နေကြလေ၏။ နောက်မှ သူက …

“ကျုပ် နောင်တမရပါဖူး။ ကြောက်ရင်လွဲ ရဲမင်းဖြစ်တဲ့လေ။ ၀က်ဖြစ်မှ ချေးကြောက်နေလို့ဖြစ်မလား။ ကျုပ်အလုပ်ကိုက မျက်လှည့်ဆရာ လူတွေကိုလိမ်ပြစားတဲ့အလုပ်။ ဘယ်မှာ သမာအာဇီဝဖြစ်မလဲ ဘုရားဟောနဲ့ကိုက်လားဗျ။ ဒါပေသိ လက်တွေ့မယ် ကျုပ်က ဘုရားတရားကို မမေ့ပါဘူး။ ရတဲ့ထဲကနေ ဘုန်းကြီးကျောင်းလှူပါတယ်ဗျ။ ဒါ ကျုပ်ဝါဒပဲ။ အလုပ်က အလုပ်ပဲ ။ ကျုပ်ဆရာကိုကန်ထုတ်ပြီး ကျုပ်လည်း တပည့်တွေမွေးရတော့ တာပေါ့ ။ ကျုပ်က ချာတိတ်တွေကို ရှာမွေးတယ်။ ကျောင်းပညာ ဘာညာ တတ်တယ်ဆိုတဲ့ကောင်မျိုးမရှာဘူး။ ကျုက်ထက်ပိုတတ်လို့ မဖြစ်ဘူး။ အတန်းပညာမတတ်တဲ့ကောင်ရှာတယ်။ ကျုပ်ကို ကလန်မယ့်ကောင်လား၊ စားကွက်လုမယ့်ကောင်လား၊ ကြည့်တယ်။ ငတုံးဆို ပိုသဘောကျတယ်။ ဒါမှ ကျုပ်ခိုင်းလို့ရမှာကိုး။ ကျုပ်ထက် တော်နေ တတ်နေရင် မောင်းထုတ်လိုက်တာပဲ။”

”သူက ကျုပ်အလုပ်ကို လုစားသွားမယ်လေ။ မှုတ်လား။ ခင်ဗျား အခုတွေ့တာ ကံကောင်းတယ်မှတ်ကျုပ်နဲတွေ့ရဖို့ လွယ်မှတ်လို့။ ကျုပ်က မန်းလေးလာဘုရားဖူး ယတြာလုပ်ဖို့ရောက်တုန်း၊ ခင်ဗျားကိုသတိရလို့ ရုံတောကြီးက ထွန်းဦးစာအုပ်ဆိုင်ဝင်ပြီး၊ ထွန်းဦးမေးလိုက်လို့ မြို့သစ်က ဒီလဘက်ရည်ဆိုင်မှာ ဒီအချိန် ခင်ဗျားရှိမှန်းသိလို့ လိုက်ချလာတာ။ တော်တယ်မှုတ်လား ဟဲဟဲ.. ဟဲဟဲ …”

ထုံးစံအတိုင်းပဲ သူ့နောက်ကကောင်တွေ လိုက်ပြီးဟဲကြပြန်ရာ ကျနော်က အမြင်ကပ်လာလေသည်။

“ကဲပါ။ ခင်ဗျား ဘယ်လိုလုပ်နိုင်ငံခြားသွားပြတာလဲ ဆိုစမ်းပါဦး”

သူက အကွက်ဆိုက်ပြီဆိုသောဂိုက်ဖြင့် သူ့ပီတိကိုမဖုံးနိုင်ဘဲ ပါးစပ်တွင် စီးကျလာသောသွားရည်များကို သူ့လက်ချောင်း တုတ်တုတ်တိုတို ကြမ်းကြမ်းကြီးများဖြင့် သုတ်ချလိုက်ကာ သူ့ပိုးပုဆိုးကိုသုတ်ချလိုက်ပုံက အညာသား တောသားဂိုက် မပျောက်သေးကြောင်းကို ပြလိုက်လေသည်။ သူ့သွားတွေကလည်း ကွမ်းချေးများဖြင့် မည်းချိတ်ညစ်ပတ်နေသည်။

“ဒီလိုဗျ။ ကျုပ်က နောက်ပိုင်းကျတော့ နာမည်ကြီးလာတယ်လေ။ ရုံသွင်းပြီးပြလာတာ ရုံက ဇာတ်ရုံလောကကြီးတယ်။ ဇာတ်ပွဲတွေနဲ့အပြိုင်ပေါ့ဗျာ။ ကျုပ်နာမည်ကြီးလာတော့ တရုတ်ပြည်က မျက်လှည့်ဆရာအဖွဲ့က ဖိတ်တယ်ဗျ။”

(၆)
”နှစ်နိုင်ငံချစ်ကြည်ရေး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး မျက်လှည့်ပညာ ဖလှယ်ပွဲပေါ့ဗျာ။ ကျုပ်ကိုဖိတ်သဗျ။ အောင်မယ် ကျုပ်ကို တရုတ်ယဉ်ကျေး မှုဝနကြီးကိုယ်တိုင် လေဆိပ်ဆင်းကြိုတာနော။ ကျုပ်ကလည်း အပီပြတာပေါ့။ တရုတ်မျက်လှည့်ဆရာတွေအားလုံး လာကြည့်ကြတယ်။ ကျုပ်ရဲ့ မျက်လှည့်ပညာကို သူတို့ချီးကျူးကြတယ်။ သြဘာပေးကြတယ်။ နောက်သူတို့ရဲ့မျက်လှည့်ပညာနဲ့ ကျုပ်မျက်လှည့်ပညာချင်း ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ဒါနဲ့ ကျုပ်လည်း နိုင်ငံတကာကိုသွားဖို့ လမ်းပွင့်သွားခဲ့တယ်။ တရုတ်မျက်လှည့်ပညာရှင်အဖွဲ့ချုပ်ရဲ့ ကမကထပြုလိုက်မှုကြောင့် နောက်ပိုင်း ကျုပ် ထိုင်းသွားပြတယ်။ ထိုင်းက မျက်လှည့်ဆရာတွေက ကျုပ်တို့လိုမဟုတ်ဖူးဗျ။ သူတို့က ၀ိညာဉ်တို့၊ စုန်းတို့ အောက်လမ်းနည်း နည်းနည်းပါသေးတယ်။ သူတို့က ကျုပ်မျက်လှည့်ပညာကို သိတ်သဘောမတွေ့ကြဖူး။ ဒါပေမယ့် လောတို့ ကမ္ဘောဒီးယားတို့က ကြိုဆိုတယ်။ ကျုပ်ကိုသဘောကျကြတယ်။ နောက် အင်ဒိုနီးရှားရောက်တယ်”

”သူတို့ကတော့ဗျာ မျက်လှည့်ဆရာအကြီးစားတွေပဲ ကျုပ်လက်ဖျားခါရတယ်။ သူတို့နဲ့တွေ့မှ ကျုပ်က ကျောင်းသားပြန်ဖြစ်သွားတယ်။ သူတို့ဆီက မျက်လှည့်ပညာတွေ ကျုပ်အတော့်ကို နှစ်ပေါင်း ဆယ့်လေးငါးနှစ်လောက် လေ့လာလိုက်စားရတယ်။ ဒါနဲ့ အခုပြန်လာတော့ တရုတ်ကရတဲ့နည်း အင်ဒိုနည်းတွေနဲ့ ကျုပ်ရဲ့ခေါင်း ပေါင်းလိုက်တော့ လူတိုင်းလက်ဖျားခါရတဲ့ မျက်လှည့်ဆရာကြီးအဖြစ်နဲ့ ကျုပ်စားနေရတော့တာပေါ့။ ဟီဟီး…”

သူမောသွားပြီး လ္ဘက်ရည်ခွက်ထဲက လဘက်ရည်အကျန်လေးကို မော့ချလိုက်သည်။ သူ့နောက်ကနှစ်ကောင်ကလည်း သွားတွေလိုက်ဖြဲပြနေကြလေ သည်။

“ဒါနဲ့ အခု ခင်ဗျား မျက်လှည့်မပြတော့ဖူးဆို။ ဟိုတလောက ကြားလိုက်ပါတယ်”

သူက နဖူးပေါ်ကချွေးသီးများကို အိတ်ထောင်ထဲက လက်ကိုင်ပုဝါကိုထုတ်ပြီး သုတ်ချလိုက်သည်။ နောက်လှည့်ပြီး …

“ရေခဲစိမ်တာဝါမှာစမ်း ” ဟု လှည့်ပြောလိုက်ရာ သူ့နောက်က ထိပ်ပြောင်က ”ဟေ့ .. ရေခဲစိမ်တာဝါတခုယူခဲ့ဟေ့ ” ဟု စားပွဲထိုးလေးကို လှမ်းအော်လိုက်သည်။

သူကတော့ သတိအနေအထားဖြင့် ပြန်ရပ်နေသည်။ စားပွဲထိုးလေးရောက်လာပြီး အဖိုးကြီးကို ရေခဲစိမ်တာဝါလေးပေးလိုက်သောအခါ သူက တာဝါလေးဖြင့် အဆီပြန်နေသော မျက်ခွက်ညိုညစ်ညစ်ဖောင်းဖောဖောကြီးကို သုတ်ချနေသည်။ ပြီးမှ …

“အေးဗျ။ ကျုပ်အသက်လည်းကြီးပြီ။ ကျုပ်ရှာဖွေထားတဲ့ ပစ္စည်းတွေကလည်း နှစ် (၁၀၀) စားမကုန်ပါဘူး။ သားသမီးတွေလည်း အမွေခွဲပေးထားပြီးပြီ။ ကျုပ်ပိုင်တဲ့ ခြံတွေ၊ လယ်တွေ၊ တိုက်တွေ၊ ဒေါ်လာတွေ၊ ရွှေစိန် အို ဘယ်လောက်မှန်းတောင် မသိတော့ပါဘူး။ ရာဘာခြံတွေလည်း ဧကထောင် ချီနေတယ်။ ထားတော့။ ကျုပ် ဘာလုပ်တော့မလဲဗျာ။ ဘ၀ကူးကောင်းအောင် ဘုရားတရားလုပ်မယ်။ ဒါပေမယ့် ကျုပ်အလုပ်ကို ကျုပ်ရဲ့ မျက်လှည့် ပညာတွေကို ကျုပ်ရဲ့တပည့် (သူ့နောက်ဘယ်ဘက်က ထိပ်ပြောင်ကိုလှည့်ပြီး) သူ့ကိုလွှဲထားလိုက်တော့တယ်။ ကျုပ်ကိုယ်တိုင် ဇာတ်ခုံပေါ်တက်ပြီး မပြတော့ဖူး။ ကျုပ်တပည့်သူက ဆက်ပြလိမ့်မယ်။ ကျုပ်ပြခဲ့တုန်းကတော့ နိုင်ငံခြားစတိုင်ပေါ့ဗျာ။ ကုတ်နဲ့ဘောင်းဘီနဲ့ ဥရောပ၀တ်စုံအပြည့်နဲ့ပေါ့။
ဟို ဒေးဗစ်ကောပါဖီးလိုပေါ့ ။ မျက်လှည့်ပွဲက မျက်လှည့်ကြည့်နေရသလိုမဟုတ်ဘဲ တေးဂီတနဲ့ အပြင်အဆင်နဲ့ ကောင်မလေးတွေ လှလှပပလေးတွေနဲ့ဆို ကြည့်ကောင်းတာပေါ့။ ပြဇာတ်ကနေသလိုပေါ့။ အခုကျုပ်တပည့်တွေကိုတော့ ခေတ်ကပြောင်းပြီမှုတ်လား။ မြန်မာဆန်ဆန် အမျိုးသားဟန်ပေါ့ဗျာ။ တောင်ရှည်နဲ့ ဘာနဲ့ရှေးကမြန်မာကြီးတွေစတိုင်ဂိုက်နဲ့ ဇာတ်စင်ပေါ်မှာ ဆက်ပြခိုင်းတယ်။ ဒါမှလည်း လူတွေမျက်လုံးထဲ အသစ်အဆန်းဖြစ်နေမှာပေါ့။ ရိုးရာလည်းဆန်တာပေါ့နော။ အမျိုးသားဟန်ပေါ့လေ ဟဲဟဲ။ ခက်တာက လူတွေပဲ။ ကျုပ်က မျက်လှည့်ဆရာဗျ။ မျက်လှည့်ဆရာဆိုတာက တသက်လုံးလိမ်စားလာတာ။ လူတွေကို ဗြောင်ပြပြီးဗြောင်လိမ်စားတာ။ သူတို့ဘာသာ ကျုပ်ကို ပိုက်ဆံပေးပြီးကြည့်နေကြ တာ။ ကျုပ်က လူတွေရှေ့မှာရပ်ပြီး လိမ်ပြနေရတာ။ မှုတ်ဖူးလား။ မခက်ဖူးလား။ ဒါနဲ့များဗျာ ကျုပ်ကို လိမ်စားတယ်တဲ့ပြောသေးတာ။ ဟီဟီး … ဟေးဟေး မျက်လှည့်ဆရာဗျ လိမ်ပြနေတာပေါ့။ ဆရာဝန်က ဆေးကုရမှာပဲ။ ကျောင်းဆရာက စာသင်ရမယ်။ ကျုပ်က မျက်လှည့်ဆရာဗျ ”

(၇)
သူ့ကို ကျနော်ငေးတွေကြည့်နေမိစဉ် သူကလည်း သူ့စကားကို သူပြန်သဘောကျပြီး တဟီးဟီးရယ်နေရာ သူတပည့်နှစ်ယောက်ကလည်း နောက်က လိုက်ဟီးနေကြပြန်လေသည်။ ကျနော်က သူ့ကို ဘာပြန်ပြောရမှန်းမသိပဲဖြစ်နေစဉ် …

“ဒါနဲ့ ခင်ဗျားအခုဘယ်ပြန်မှာလဲ”

“ကျုပ်အိမ်ပြန်မယ်လေ။ ခင်ဗျားကိုဖိတ်ပါတယ် ကြုံတဲ့အခါဝင်ခဲ့ပေါ့” ဟုပြောရင်း သူ့လက်ကိုင်အိတ်ထဲက လိပ်စာကဒ်လေးတခုကျနော့်အား ထုတ်ပေးသည်။ ကျနော်က လိပ်စာကဒ်လေးကိုကြည့်လိုက်ပြီး စိတ်ထဲ ဘ၀င်မကျတာမို့ …

“ခင်ဗျားကို မျက်လှည့်ဆရာကြီးဆိုပြီး နိုင်ငံခြားကတောင် ချီးကျူးနေကြတာ။ အခု ကျနော့်ကိုလက်တွေ့တခုလောက် မျက်လှည့်ပြပြီး လိမ်ပြပါလား ကြည့်ချင်လို့” ဟု ကျနော်က သူ့ကိုပြောလိုက်မိလေသည်။

သူက အားရပါးရရယ်လိုက်သည်။ အသံတောင်မှထွက်လို့ သူ့တပည့်တွေကပါ လိုက်ရယ်လိုက်ကြတော့ ဆိုင်ထဲ တ၀ါးဝါးဖြစ်နေလေသည်။ ဘေးစားပွဲကလူတွေကလည်း လှည့်ကြည့်လိုက်ကြသည်။ သူက မျက်ရည်ထွက်အောင်ရယ်ပြီးနောက် စားပွဲရှေ့ထရပ်လိုက်သည်။ ပုဆိုးပြင်ဝတ်ရင်း ကဲသွားကြမယ်ဟု သူက တပည့်နှစ်ယောက်ကို ပြောလိုက်သည်။ ငနဲနှစ်ကောင်က သူ့နောက်က ကုတ်ကုတ်ကုတ်ကုတ်ဖြင့်လိုက်သွားကြသည်။ ကျနော်က တအံ့တသြဖြင့် ငေးကျန်နေရစ်တုန်း သူကနောက်ပြန်လှည့်ပြီး …

“ကိုအောင်ဒင် .. ကျုပ် ခင်ဗျားကိုချစ်လို့နော် … နောက်တဲ့အနေနဲ့ မျက်လှည့်ပြခဲ့ပြီးပြီ … သွားပြီဗျို့” ဟု နောက်လှည့်ပြောရင်း ထွက်သွား တော့လေသည်။

သူကားပေါ်တက်ပြီး လက်ပြထွက်သွားသောအခါ ကျနော်ငေးပြီးကျန်ရစ်ခဲ့ရသည်။ ဒီကောင် ဘာလဲဟ။ မျက်လှည့်ပြပါဆိုတာကို မပြဘဲ ထွက်သွား တယ်ဟု စိတ်ထဲပြောလိုက်ပြီး ခံတွင်းချဉ်လာသဖြင့် စားပွဲပေါ်က လန်ဒန်တလိပ်ကောက်ပြီး မီးညှိလိုက်သည်။ သူ့အကြောင်းတွေကို ကျနော် ရုပ်ရှင် ကားတကား အနှေးပြကွက်ဖြင့် နောက်ပြန်လှည့်ကြည့်သလို တွေးနေမိလေသည်။ ကျနော်ဆိုင်တွင် ဆယ့်ငါးမိနစ်လောက်ဆက်ထိုင်ပြီး ပြန်မည်တွေး မိသောအခါမှ စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်မိသည်။

စားပွဲထိုးလေးရောက်လာပြီး ကျနော်တို့ဝိုင်းကိုရှင်းဖို့ပိုက်ဆံတွက်လိုက်တော့မှ ကျနော်အိတ်ထောင်ထဲတွင် မျက်လှည့်ဆရာစားသောက်သွားသော ကျသင့်ငွေကိုရှင်းဖို့ ငွေမလောက်ကြောင်းသိတော့သည်။

သူမျက်လှည့်ဆရာကြီးဖြစ်ကြောင်း ကျနော်သိလိုက်ရလေသည်။

 
Leave a comment

Posted by on July 14, 2011 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: