RSS

Letters from Michigan 77

18 Jul

မစ်ရှီဂန်ကပေးတဲ့စာ(၇၇)
အောင်ဝေး
ဇူလိုင် ၊ ၂၀၁၁

“—ကိုဇေယျာသော် ထောင်က လွတ်လွတ်ချင်းပြောခဲ့တဲ့“မြွေအရေခွံလဲတယ် ဆိုတာ ထပ်ပြီး ကြီးထွားလာဖို့ပဲ” ဆိုတဲ့စကားကို ကျနော်ကြိုက်တယ်—”



မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့သာလို့မာပါစ…။ ဥတုရာသီများလည်း သာပါစ…။
ဒီတခါတော့ အဝေးကနေ လွမ်းရတဲ့ ရွှေပြည်ကြီးဆီက ကိုယ့်စာပေလောကအကြောင်း တချို့  ပြောကြည့်ချင်လာပါတယ်။

ကိုယ့်တိုင်းပြည်နဲ့  မိုင်ပေါင်း(၉၀၀၀)ကျော်ဝေးတဲ့ အရပ်မှာ၊ ကျနော်တို့က အိမ်လွမ်းစိတ်နဲ့ အသက်ရှင်နေကြတာပါ။ ကျနော်တို့စိတ်တွေရဲ့ ချည်တိုင်က ကိုယ့်တိုင်းပြည်ကလေးဆီမှာပါပဲဗျာ။ ပြည်ပရောက်နေတဲ့ ဘယ်သူမဆို အိမ်လွမ်းစိတ္တဇ၊ အိမ်လွမ်းဝေဒနာကတော့ အနည်းနဲ့ အများ ရှိကြတာပါပဲ။ ဒီမှာတော့ အိမ်လွမ်းစိတ် ဆိုတာ၊ ဓားလှံလက်နက်လိုပဲ၊ အမြဲ ထက်နေအောင် သွေးနေရတယ် ကိုဒေါင်း…။

ကျနော်တို့ဟာ ဆင်းရဲတဲ့ တိုင်းပြည်ကနေ ရောက်လာတဲ့သူတွေ မှန်ပေမဲ့၊ ကျနော်တို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ လူထုတော်လှန်ရေးတွေကတော့ ဘယ်တုန်းကမှ မဆင်းရဲခဲ့ပါဘူး။ ချွတ်ခြုံမကျခဲ့ပါဘူး။ အဲဒီ ကြွယ်ပိုးကြွယ်ဝ ရှိလွန်းလှတဲ့ ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်၊ ကိုယ့် စာပေအမွေအနှစ်၊ ကိုယ့်အရေးတော်ပုံ အမွေအနှစ်တွေကို ကျနော်တို့စိတ်ထဲမှာ အမြဲ ဂုဏ်ယူ တန်ဖိုးထား လေးစားလျက်ပါ။

အဲဒီအထဲက စာပေ ဆိုပါတော့။ ကျနော်တို့ မြန်မာစာပေပေါ့ ။ အဝေးရောက်နေတဲ့သူတွေ ဘယ်သူပဲဖြစ်ဖြစ်၊ ကိုယ့်မြန်မာစာပေကိုတော့ ငတ်မွတ်ကြတာပါပဲ။ တမ်းတ ဆာလောင်ကြတာပါပဲ။ ကိုဒေါင်းရေ၊ ကျနော်တို့တွေ ဒီမှာ မြန်မာစာအုပ်၊ မြန်မာစာစောင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြံပြီး ဖတ်ကြရတာပါ။ မြန်မာစာ မဖတ်ရရင် မနေနိုင်ကြပါဘူး။

အများနည်းတူ ကျနော်လည်း မြန်မာစာကို ဖတ်ရပါတယ်။ မဖတ်လို့ မရပါ။ ကိုယ်က ဒီမှာလည်း စာရေးနေတဲ့ သူ ဆိုတော့ တခြားသူတွေထက် ပိုဖတ်ရတာပေါ့ ။ အမေရိကမှာ ကိုယ့်စာပေ၀မ်းစာကို ဖြည့်ဖို့က၊ ကိုယ့်မြန်မာစာအုပ်တွေဖတ်မှပဲ ရတော့မှာ မဟုတ်လား။ စာအုပ်တွေက ၀မ်းစာကို ပေးပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်က ခွန်အားကို ပေးပါတယ်)

ကျနော်ပြောချင်တာက… ကျနော်တို့ အဝေးရာက်နေတဲ့သူတွေလည်း ကိုယ့်မြန်မာစာပေနဲ့ ၊ ကိုယ့်မြန်မာစာပေလောကနဲ့  ကင်းကွာမနေပါဘူး ဆိုတာကိုပါပဲ။ စာဖတ်တော့ ကိုယ့်မြန်မာစာပေရဲ့ရေချိန်ကို ကိုယ်က အဝေးကနေ မှန်းဆ နားလည်နိုင်တာပေါ့ ။ ကိုယ့်မြန်မာစာပေလောကရဲ့ အနေအထားကို ချင့်ချိန် သုံးသပ်နိုင်တာပေါ့ ။

ဒါပေမဲ့………။ ခုတော့ကိုဒေါင်းရေ… ဒီတလော ကျနော်တို့ မြန်မာစာပေလောကကြီး ပျက်စီးလုနီးပြီလား ဆိုပြီး ကျနော် စိုးရိမ်စိတ်ဝင်မိတယ်။ ကျနော်တို့ မြန်မာစာပေလောကကြီး ကမောက်ကမ ဖြစ်နေပြီလား။ ကျနော် တွေးပူပန်တယ်။

တိုင်းပြည်မှာကလည်း မတရားတဲ့ဖွဲ့ စည်းပုံဥပဒေနဲ့ ၊ မမှန်တဲ့ရွေးကောက်ပွဲနဲ့ ၊ မသန့်ရှင်းတဲ့ ကြံ့ဖွံ့  အရပ်သားအစိုးရ တက်လာတယ်။ ကိုဇေယျာသော် ထောင်က လွတ်လွတ်ချင်းပြောခဲ့တဲ့“မြွေအရေခွံလဲတယ် ဆိုတာ ထပ်ပြီး ကြီးထွားလာဖို့ပဲ” ဆိုတဲ့ စကားကို ကျနော်ကြိုက်တယ်။ တိုင်းပြည်မှာ စစ်အာဏာရှင် စနစ်မြွေဆိုးက အရေခွံလဲပြီးတာမှ ဘာမှ မကြာသေးဘူး။

တိုင်းပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် မရောက်သေးဘူး။ လူထုတွေ မလွတ်လပ်သေးဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံ မငြိမ်းချမ်းသေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးဘူး။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ပါတီ ကိုယ်တိုင် ချုပ်ချယ်ခံနေရတုန်း။ တိုက်ခိုက် ချေမှုန်းခံနေရတုန်း။ ပိုဆိုးတာက နောက်တက်လာတဲ့ ကြံ့ဖွံ့ အစိုးရက၊ အပစ်ရပ် တိုင်းရင်းသားအင်အားစုတွေကို၊ တနေရာပြီး တနေရာ စစ်ကြေညာ တိုက်ခိုက်လာနေတာပါပဲ။

ဒီလိုအချိန်မျိုးမှာ ကျနော်တို့မြန်မာစာပေလောကကြီး ဟန်ချက် မငြိမ်၊ ရစ်သမ် မမှန်နဲ့ ဘာတွေ ကယောင်ကတမ်း ထဖြစ်တာလဲ မသိပါဘူးဗျာ။ မကြာသေးခင်က ဖတ်လိုက်ရတဲ့ပြည်တွင်း စာစောင်တွေထဲက စာနှစ်ပုဒ်ဟာ ကျနော်တို့ အဝေးရောက် စာဖတ်သူတွေရဲ့ စိတ်နှလုံးကို နောက်ကျိစေတာတော့ အမှန်ပဲဗျာ။

“—အလိုဗျာ … ဘင်လာဒင်ကြီး သေတာ ၀မ်းမသာလို့ ကျနော်တို့က ထိုင်ငိုပေးရမှာလား–”




ကိုဒေါင်းကြီး… လစဉ်ထုတ်စာစောင်တခုထဲက“စံမြတ်” ဆိုသူက ဆရာဒဂုန်တာရာကို အသားလွတ် စော်ကား တိုက်ခိုက်ထားတဲ့ ဆောင်းပါးဟာ ပဉ္စမံတပ်သားတွေရဲ့ လက်ချက် ဆိုတာ အသိသာ အထင်ရှားကြီးပါ။ စံမြတ် ဘယ်သူလဲ ဆိုတာ ကျနော်တို့မသိပါဘူး။ ကျနော်တို့သိတာက ဆရာဒဂုန်တာရာဆိုတာ လူထုဘက်က တလျှောက်လုံး ရပ်တည်လာတဲ့ ငြိမ်းချမ်းရေးဒဿန ပညာရှင် ကဗျာဆရာ၊ စာရေးဆရာကြီးပဲ။

သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်ပြီးရင် ဒဂုန်တာရာပဲ။ အဲဒီလို ကြီးကျယ်မြင့်မြတ်တဲ့ တိုင်းပြုပြည်ပြု စာပေအနုပညာရှင် တဦးကို၊ မလိုမုန်းထား ပုတ်ခတ်တဲ့စာတွေ ဘယ်ကနေ ထွက်ပေါ်လာတာလဲ။ ဘာအတွက် ထွက်ပေါ်လာတာလဲ။ ကျနော်တို့ တော်လှန်ရေးသတိ၊ စာပေသတိရှိဖို့တော့ လိုပြီ ကိုဒေါင်းကြီး…။

နောက်တခါ၊ အနုပညာဂျာနယ်တစောင်ထဲမှာ၊ ဆောင်းပါးရှင်“မြင့်သန်း” က အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင် သေသွားလို့ ၀မ်းသာနေတဲ့သူတွေ အပေါ် မြင့်သန်းက ဝေဖန် တိုက်ခိုက်ထားပြန်ပါရောလား။ အလိုဗျာ … ဘင်လာဒင်ကြီး သေတာ ၀မ်းမသာလို့ ကျနော်တို့က ထိုင်ငိုပေးရမှာလား။

ဘင်လာဒင်ဟာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား (Terrorist)၊ သူသေသွားတာဟာ အကြမ်းဖက်ဝါဒ (Terrorism) ကျဆုံးတော့မယ့် လမ်းစပါပဲ။ မြန်မာ န၀တ၊ နအဖ စစ်အာဏာရှင်တွေလည်း ဘင်လာဒင်တွေပဲ။ အကြမ်းဖက်ဝါဒီတွေပဲ။ ၂၀၀၃ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတာ၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေကို ရက်ရက်စက်စက် ဖြိုခွင်းတာတွေဟာ စစ်အစိုးရရဲ့ နိုင်ငံတော် အကြမ်းဖက်ဝါဒ (State Terrorism) လုပ်ရပ်တွေပဲ။

ဘင်လာဒင်လို အကြမ်းဖက်ဝါဒရဲ့ မကောင်းဆိုးရွားတယောက်ဘက်က မားမားမတ်မတ် ရပ်ပြီး ကာကွယ်ပေးနေတဲ့ ဒီဆောင်းပါးမျိုး ဘာဖြစ်လို့ ထွက်ပေါ်လာသလဲ။ ဒါလည်း ပဉ္စမံတပ်သားတွေရဲ့ ကျည်ဆန်တတောင့်ပဲ။ ဒီကျည်ဆန် ဘယ်ကလာသလဲ။

ကိုဒေါင်းရေ… ဒီဆောင်းပါးနှစ်ပုဒ်ဟာ ကျနော်တို့ မြန်မာစာပေလောကကြီးကို ကျက်သရေ ယုတ်စေတယ် လို့ ယူဆတယ်ဗျာ။ ဒီလိုစာမျိုးတွေဟာ ရန်သူအားရ ဖြစ်စေတဲ့စာတွေပဲ။ ဒီလိုစာမျိုးတွေကြောင့် ကျနော်တို့ မြန်မာစာပေလောကကြီး မညစ်နွမ်းစေချင်ဘူး။ ခေတ်အဆက်ဆက် မြန်မာစာပေလောကကြီးရဲ့ ကောင်းမြတ်တဲ့ သမိုင်းအစဉ်အလာကို ကျနော်တို့ ကာကွယ်ထိန်းသိမ်းဖို့ လိုပြီလို့ မထင်ဘူးလား ကိုဒေါင်း…။

အားလုံးကို သတိရလျက်-

အောင်ဝေး
ဇူလိုင် ၃-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: