RSS

Maung Lwan Ni – Sugar coated troubles (14)

18 Jul

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၄
မောင်လွမ်းဏီ
ဇူလိုင် ၁၅၊ ၂၀၁၁
အာအက်ဖ်အေ သောတရှင်များခင်ဗျား
အာစရိယဂုဏော အနန္တော၊ အနန္တဂိုင်းဝင် ကျေးဇူးရှင်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားစရာ၊ ဘယ်လို ဆရာမျိုးမဆို တပည့်သားမြေးတွေအပေါ် စေတနာ၊ အနစ်နာ၊ ဝါသနာဆိုတဲ့ နာ သုံးနာနဲ့ ပြုစုပျိုးထောင်ပေးကြတဲ့ တကယ့် ဆရာသခင် ကျေးဇူးးရှင်တွေပါ။ ဘယ် တပည့် သားမြေးမဆို အိုမင်းမစွမ်း အရွယ်ရောက်သည်အထိ ငယ်ဆရာကြီးတွေအပေါ် ချစ်ကြောက်ရိုသေကြတာ၊ ဂါရဝတရား ထားကြတာ ကျွန်တော်တို့လူမျိုးတွေရဲ့ အမျိုးသားရေး လက္ခဏာတရပ် ဆိုရင်လည်း မမှားပါဘူး။ 

ဆရာကြီးတွေဟာ မိဘ ၂ ပါးထက် သြဇာကြီးကြသူတွေဖြစ်တာကြောင့်လည်း ဆရာကြီးတွေရှေ့ ရောက်သွားရင် ဧကရာဇ်တွေတောင် လက်အုပ်ချီရတဲ့ဆိုတဲ့ အဆိုအမိန့်ဟာလည်း လောကနီတိ တခုပဲ မဟုတ်ပါလား။ ဆရာဆိုတဲ့ ဂုဏ်ထူးဝိသေသတွေ၊ ကြီးမြတ်ခံထည်မှုတွေကို တန်ဖိုးထားတဲ့ ကျွန်တော်တို့တတွေရဲ့ စံထားခံယူချက်တွေဟာ ဒီကနေ့ကာလမှာ ခိုင်မာမြဲမြံနေဆဲပဲလားဆိုတာ ဝေခွဲရခက်တဲ့အကြောင်း ကျွန်တော် တင်ပြဆွေးနွေး ကြည့်ချင်လှပါတယ်။
တလောလေးက ရတနာပုံဂေဇက်သတင်းစာမျက်နှာနဲ့ မောက္ခ ပညာရေးမဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ `တောင်းရမ်းစားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ´ သတင်းဆောင်းပါးလေးကို ဖတ်ပြီး စို့နင့်ကြေကွဲ ရင်နာရပါတယ်။ မန္တလေး တက္ကသိုလ်သမိုင်းဌာနမှာ နှစ် ၃၀ ကျော် ကထိက တာဝန်ယူခဲ့အပြီး အငြိမ်းစားယူထားသူ ဆရာကြီးတဦးက ရတဲ့ ပင်စင်လစာက မလောက်မငမို့ လမ်းစရိတ်နဲ့ လက်ဖက်ရည်ဖိုးပဲရှိတဲ့အကြောင်း၊ ပင်စင်တခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မဝလင်တဲ့အကြောင်း ပြောပြသွားပါတယ်။
ရှမ်းပြည်နယ် တောင်ကြီး အထက်တန်းကျောင်းမှာ ကျောင်းအုပ်ဆရာကြီးလုပ်ခဲ့သူ ဆရာကြီးတဦးကတော့ မိသားစုဝင်တွေကလည်း မထောက်ပံ့နိုင်တဲ့အတွက် တပည့်တပန်းဟောင်းတွေရဲ့ အိမ်တွေကို တအိမ်တက်ဆင်း လိုက်လံ တောင်းခံစားသောက်ရင်း ကျန်ရှိနေတဲ့ဘဝရဲ့  နိဂုံးနှစ်ကာလတွေကို နာကျင်ထိခိုက်စွာဖြတ်သန်းနေရပါတယ်တဲ့။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အထက်တန်း ကျောင်းအုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး မြို့နယ်တခုမှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ ဆရာကြီးတဦးကလည်း ကျောင်းဆရာ စလုပ်ခါစ နှစ်ကာလတွေနဲ့ မတူတော့ဘဲ ဆရာတန်ဖိုး ကျဆင်းနေရတဲ့အတွက် လုပ်ခဲ့သမျှ အရာမထင်သလို ခံစားရပုံ၊ ရင်နာရပုံတွေကို ကြေကြေကွဲကွဲ ပြောပြတာကတော့ ပညာရေးစနစ်ကြီး ပျက်စီးနေတာကိုကြည့်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့။ “ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ ဒါပေမယ့် တန်ဖိုးကတော့ လုံးလုံးကျသွားပြီ။ ကျောင်းသားကလည်း ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ အနှစ် ၂၀ ကျော်ကာလမှာ အဆိုးဝါးဆုံးပါပဲ” တဲ့။
မူလတန်းကျောင်းအုပ်တာဝန်ကို နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင် လုပ်ကိုင်ခဲ့တဲ့ ပဲခူးတိုင်း၊ နယ်မြို့လေးတမြို့က ဆရာမကြီးတယောက်ကတော့ သူတို့ ပညာသင်ကြားပေးခဲ့ကြတဲ့သူတွေထဲမှာ ယခုအခါ နိုင်ငံ့ခေါင်းဆောင်များတောင် ဖြစ်သူတွေ ဖြစ်နေကြပါပြီတဲ့။ ဘယ်တုန်းကမှ ဆရာကန်တော့ပွဲ အခမ်းအနား မလုပ်ခဲ့ကြဖူးဘူးတဲ့။ ဒါ့အပြင် စားဝတ်နေရေးအတွက် မလောက်မငဘဝနှင့် ရုန်းကန်ရှင်သန်နေရတာကြောင့် တောင်းရမ်းစားသောက်နေရတဲ့ဘဝ ဖြစ်နေရတယ်လို့လည်း မျက်ရည်အပြည့်နဲ့ ခံစားပြောပြတာကို ကျွန်တော်တော့ နားမထောင်ဝံ့တာ အမှန်ပါပဲ။ ဒါပေမယ့် သူ ပြောပြတာတွေကိုတော့ ကျွန်တော် ဆက်ပြီး ဖောက်သည်ချပါရစေ။ 
“ကျမ မူလတန်းကျောင်းအုပ်တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီးနောက်ခံကလည်း မရှိဘူးလေ။ ယဉ်ယဉ်ကျေးကျေး ခိုးကြောင်ခိုးဝှက် တောင်းရမ်း စားသောက်နေကြရတယ်လို့ပဲ ပြောရမှာပေါ့။ ရှက်လည်း မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ ခုအခါမှာ လူကြီးတွေဖြစ်၊ ကုမ္ပဏီဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာပွားပါတယ်။ သို့သော်လည်းပဲ ကျောင်းသားဟောင်းတွေဆီကပဲ လှူဒါန်းပေးကမ်း စွန့်ကြဲမှုကို မျှော်လင့်နေကြရတာပေါ့။ ပုံမှန်ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။ ခုတော့ မြင်တဲ့အတိုင်းပါပဲတဲ့လေ။ ကျွန်တော့်ငယ်ဆရာကြီးငယ်တွေ၊ ကြီးဆရာတွေရဲ့ ကျေးဇူးတရားတွေကို ဆင်ခြင်အောက်မေ့ပေမယ့် ဆရာကြီးတွေရဲ့ ပုံရိပ်တွေကို ပုံဖော်မကြည့်ဝံ့တော့ပါဘူး။ 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ပတ်ဝန်းကျင်မှာလည်း ရွေ့ ပြောင်းအလုပ်သမား မိသားစုလေးတွေ၊ လူမှုရေး၊ ပညာရေးလုပ်ငန်းဆောင်ရွက်ကြတဲ့ မြန်မာအဖွဲ့အစည်းတွေ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ မူလတန်းကနေ အထက်တန်းဆင့်အထိ ကျောင်းတွေရှိကြပါတယ်။ ဒီကျောင်းတွေမှာ ပင်စင်စား မဟုတ်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ ပါမောက္ခကြီးတွေ၊ တက္ကသိုလ်ဆရာတွေ၊ အထက်တန်းပြဆရာတွေ ရှိနေကြတာ သိပ်ထူးဆန်းစရာ မရှိတော့ပါဘူး။ 
မဲဆောက် ဆင်ခြေဖုန်းနေရာတခုမှာ မူလတန်းကျောင်းလေး ဖွင့်ထားတဲ့ မိတ်ဆွေကျောင်းဆရာလေးကျောင်းကို မကြာမကြာ အလည်ရောက်သွားတတ်ပါတယ်။ သူ့ကျောင်းလေးဘေးမှာတော့ အလုပ်သမားတန်းလျားတခု။ တန်းလျားရဲ့အခန်းကျဉ်းတခုမှာတော့ ဆရာအိုကြီးတယောက်က အပ်ချုပ်စက်ထိုင်ခုံမှာထိုင်ပြီး ကျောင်းသူ ကျောင်းသား ၃ ယောက်ကို စာသင်ပေးနေတာ တွေ့ရတတ်တယ်။ သူ သင်ပေးနေတာက တက္ကသိုလ် ဒုတိယနှစ်သင်ခန်းစာပါ။ စာသင်သားတွေက မဲဆောက်က စက်ရုံတခုမှာ လာအလုပ်လုပ်နေကြသူလေးတွေပေါ့။ အဝေးသင်တက်နေသူတွေဆိုပါတော့။ စာမေးပွဲနီးမှ အိမ်ပြန် စာမေးပွဲဖြေသူတွေလို့လည်း ပြောရမှာပါပဲ။ ဆရာကြီးက အသက်အရွယ်ကလည်း ထောက်၊ မျက်လုံးကလည်း မွဲပေမယ့် မတတ်တတတ် စက်ချုပ်ပညာနဲ့ ဝမ်းကျောင်းနေရှာသူပါ။ ဒီ ဆရာအိုကြီးကို မြင်တွေ့ရတိုင်း အနန္တော၊ အနန္တ ငါးပါးကို ပိုပိုပြီး အနက်အဓိပ္ပာယ် ဖွေရှာနေမိပါတော့တယ်။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၅- ၁- ၂၀၁၁
မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: