RSS

Should not forget Martyrs Day – Nu Nu Nge Nge

18 Jul

အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါပြီ
နုနုငယ်ငယ်
ဇူလိုင် ၁၅၊ ၂၀၁၁

ကျမတို့ငယ်ငယ်က အာဇာနည်နေ့ဆိုရင် သတင်းစာတိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ၊ သူတို့အကြောင်းတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေကို စာမျက်နှာတိုင်းမှာ အရောင်စုံ ဝေေ၀ဆာဆာနဲ့  ဖော်ပြ တတ်သလို အာဇာနည်နေ့နဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ နေရာအနှံတွေ့ရပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်ကိုရောက်ရင် ရန်ကုန်တမြို့လုံး ဥသြဆွဲတဲ့အသံတွေ ဖုံးလွှမ်းနေတတ်ပြီး၊ ရေဒီယိုကပါ ဥသြဆွဲတဲ့အသံတွေ အသံလွှင့်ပေးပါတယ်။ အဲဒီ ဥသြဆွဲတဲ့အသံ ပေါ်ထွက်လာတာနဲ့တပြိုင်နက်ထဲ လမ်းပေါ်မှာ မောင်းနှင်နေတဲ့ မော်တော်ကားတွေ ရောက် ရာနေရာမှာ အရိုအသေပေးတဲ့အနေနဲ့ ရပ်တန့်ပြီး ဂါရ၀ပြုကြပါတယ်။

အာဇာနည်နေ့မှာ အိမ်တိုင်း၊ ရုံးတိုင်း၊ အဆောက်အဦတွေတိုင်းမှာ အလံတိုင်တ၀က်လွှင့်ထူတာမျိုးတွေ၊ ဘတ်စ် ကားတွေရဲ့ ဘေးတဖက်တချက်စီမှာ “အာဇာနည်နေ့  တို့မမေ့” ၊ “ဆယ့်ကိုးဇူလိုင် မမေ့နိုင်” ၊“မျက်ရည်ဖြိုင်ဖြိုင် ၁၉ ဇူလိုင်” ဆိုတဲ့ဆောင်ပုဒ်တွေ ကပ်ထားတာမျိုးလဲတွေ့ ရပါတယ်။ အာဇာနည်နေ့မတိုင်ခင် သီတင်းပါတ်တွေ မှာလဲ ကျောင်းတွေ၊ ရုံးတွေ၊ ရပ်ကွက်တွေ အသီးသီးမှာ အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေ၊ စာစီစာ ကုံးပြိုင်ပွဲတွေ၊ ကျဘမ်းစကားပြောပွဲတွေ၊ နံရံကပ်စာစောင်တွေ၊ ဗဟိုမော်ကွန်းရုပ်ရှင်ကနေပြီး အာဇာ နည်ကြီးတွေ လုပ်ကြံခံရပုံတွေကို ရုပ်ရှင်ရုံတွေမှာ ပြသတာမျိုးလဲ လုပ်ကြပါသေးတယ်။

အထူးခြားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အသံနဲ့ သူ့မိန့်ခွန်းတွေကို အာဇာနည်နေ့နီးလာတိုင်း ရေဒီယို ကနေပြီး ကြားရတတ်တာပါပဲ။ ကျမတို့မောင်နှမတတွေ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှာ “ဟတ်လား ၊ ဟတ် လား” ဘယ်နှစ်ခါပါသလဲဆိုတာ ရေတွက်ရင်း ငြင်းခုန်တတ်ကြပါသေးတယ်။

ကျမတို့ ငယ်ငယ်တုန်းက အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေရဲ့ နာမည်တွေတင် မကပါဘူး။ အစည်းအဝေးခန်းမမှာ အာဇာနည်တွေနဲ့အတူတူ လုပ်ကြံခံရပေမဲ့လည်း အသက်မသေပဲ အသက်ရှင်ကျန် ရစ်ခဲ့သူတွေရဲ့ နာမည်တွေကိုပါ သိခဲ့ရတယ်။ သူတို့တွေ ဘယ်လိုလွတ်မြောက်လာတယ်ဆိုတာ လူကြီး သူမတွေ ဆရာဆရာမတွေရဲ့ ပြောပြချက်တွေကို ပုံပြင်သဖွယ် တအံ့တသြ နားထောင်ခဲ့ရဖူးပါတယ်။

အာဇာနည်ဆိုတာ တိုင်းပြည်တိုင်းမှာရှိပါတယ်။ အာဇာနည်တွေရဲ့သမိုင်းဟာ ပေထက်အက္ခရာတင်ထားဖို့ လိုသလို လက်ဆင့်ကမ်းပေးဖို့  မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ်လို့လဲ ကျမထင်မြင်ယူဆပါတယ်။ အရင့် … အရင် အာဇာနည်နေ့တွေတိုင်းမှာ ဥသြဆွဲသံတွေ ရေဒီယိုကလာပြီးတိုင်း (ဒေါ်) မေလှမြိုင်ရဲ့ သီချင်းတပုဒ် လွှင့်ပေးတတ်ပါတယ်။ ကျမမှတ်မိနေတဲ့ စာသားလေးကတော့ …

“အာဇာနည်နေ့ ကိုဖြင့် မမေ့သင့်ပါပြီ” တဲ့။

 
Leave a comment

Posted by on July 18, 2011 in Essay

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: