RSS

Dhamma Beri Sayadaw U Wiriya – Which School Maung Ye Ge ?

20 Jul

‘ဘယ်ကျောင်းနေမလဲ မောင်ရေခဲ’  – ၁
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဇူလိုင် ၁၈၊ ၂၀၁၁
မိမိနဲ့ သိကျွမ်းရင်းနှီးတဲ့ ဒကာ ဒကာမတွေ၊ မိမိနေခဲ့တဲ့ အရပ်က တပည့်တော်ခဲ့ဖူးတဲ့ ဒကာဒကာမ  တွေထဲက တချို့တစ်လေဟာ ကမ္ဘာကြီး ကပဲ ပြားသွားလို့လား၊ သူတို့ရဲ့ နား မျက်စေ့တွေကပဲ အကြောင်းကြောင်းကြောင့် ကျယ်ကုန်ကြလို့လားတော့ မသိဘူး ရေခြား မြေခြားဆိုတဲ့ တိုင်းတစ်ပါးကို ရောက်သွားကြတာ ကမ္ဘာအနှံ့လောက်နီးပါး အတော်လေးပြန့်နေကြပြီ။
အင်း … သူတို့လို လူတွေ ကမ္ဘာအနှံ့ ခြေဆန့်ကြလို့လဲ ကမ္ဘာကြီး ပြားသွားသလားတော့ မပြော တတ်ပါဘူး။ ဒီဖြစ်ရပ်ရဲ့ အကျိုးဆက် အနေနဲ့ သိသာလာတာ တစ်ချက်ကတော့ ကမ္ဘာပြန့် သွားကြ တဲ့ မြန်မာတို့နဲ့အတူ သူတို့ရဲ့ ဦးထိပ်ထက်မှာ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာ အငွေ့အသက် ကလေးတွေပါ ပါသွားကြတဲ့အတွက် မြတ်ဗုဒ္ဓ သာသနာတော်လဲ သူတို့ သွားရာ ကမ္ဘာအနှံ့ဆီ အတော်လေးပြန့်သွားခဲ့ရပါတယ်။
ဒီလိုနဲ့ပဲ ကိုးကွယ်အားထားရာအစစ်ဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်နဲ့ အကင်းကွာမခံနိုင်ကြတဲ့ သူတို့တွေရဲ့ ပင့်လျှောက်ချက်အရ မိမိအပါအဝင်ဆရာတော် သံဃာတော်များလဲ ရေခြား မြေခြား အထိ ရောက်ဖြစ်သွားပါတယ်။
အရင်ကကြားရုံသာ ကြားဖူးတဲ့ နိုင်ငံကြီးတွေကို ကိုယ်တိုင် ရောက်ရှိထိတွေ့လေ့လာခွင့် ရခဲ့တာကို သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ တကယ်ကိုမှ မြတ်ဗုဒ္ဓရဲ့ကျေးဇူးအစစ်ပါပဲ။
လောကဓံ အပူလှိုင်းကြားမှာ ဆောက်တည်ရာ  မရသူတို့အတွက် ပုန်းအောင်း မှီခိုရာ အစစ်ဖြစ် တဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မအရိပ်ကြောင့်သာ အခုလို တရားဓမ္မဟောညွှန်ပြသနိုင်ကြတဲ့ ဆရာတော် သံဃာ တော်တွေကို ကမ္ဘာပြန့်ဒကာ ဒကာမတွေက ပင့်လျှောက်ခဲ့ကြတာ မဟုတ်လား။
          ပင့်လျှောက်သူတွေရဲ့ အဓိကရည်ရွယ်ချက်က အလည်အပတ်ရောက်စေလိုလို့ သက်သက်မဟုတ်ဘဲ တရားဓမ္မနာယူ မေးမြန်းလိုကြတဲ့ ဆန္ဒရှိကြတဲ့အတိုင်း မိမိတို့ကလဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တော်များ ကို စွမ်းနိုင်သမျှ ဖြန့်ဝေပေးခဲ့ဖြစ်ပါတယ်။
ကမ္ဘာပြန့်မြန်မာတို့နဲ့ အနီးကပ်ထိတွေ့ရတဲ့အခါမှာ သူတို့တွေဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်တိုင်းပြည် ကိုယ့်ဒေသကို မချစ်ရှာလို့ စွန့်ခွာလာကြ သူတွေမဟုတ်ဘူး၊ မဖြစ်သာလို့ ခွဲခွာ နေကြရသူတွေ ဖြစ်တယ်ဆိုတာလဲ သိရှိလာပါတယ်။
အမိမြေနဲ့ ဝေးကွာ နေကြရသူတွေရဲ့ အဓိကချို့တဲ့ချက်ကတော့ မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာ တရား နဲ့ ပတ်သက်လို့ အမိမြေမှာလို အတုမြင် အတတ် သင်စရာ ကျောင်းကန်ဘုရား သွားလာ ခွင့်တို့၊ တရားဓမ္မနာယူခွင့်တို့ မကြုံကြရတဲ့ ကိစ္စပါပဲ။
ဘယ်အရာ ဘယ်ကိစ္စမဆို  “ကြုံကြိုက်ဖို့”ဆိုတာကလဲ ကြုံပါများမှ ကြိုက်ရကောင်းမှန်း သိတတ်ကြ တာဆိုတော့ ရေခြားမြေခြားရောက်မှ လူလားမြောက်ကြရတဲ့ သားစဉ်မြေးဆက်တွေရဲ့ အခြေအနေ က ကိုယ်ဘာသာ တရားနဲ့ ပတ်သက်ပြီး ကြုံလဲကြုံရခဲသလို စွဲစွဲမြဲမြဲ ကြိုက်လဲ မကြိုက် တတ်ကြသေး တဲ့ကိစ္စပါပဲ။
ပြီးတော့ မိဘများ ကိုယ်တိုင်ကလဲ ကိုယ့်မြေ ကိုယ်ဒေသမှာ တုန်းက အကြုံများလို့သာ ကြိုက်ပြီ ကိုးကွယ်ဆည်းကပ်ခဲ့ကြပေမယ့် ခြေခြေ မြစ်မြစ်    လေ့လာ ဆည်းပူးခဲ့ကြတာ မဟုတ်လေတော့ အရာရာကို ခြေခြေမြစ်မြစ်လေ့လာ ဆန်းစစ် မေးမြန်းတတ် တဲ့ ခေတ် လူငယ်တွေရဲ့ စေ့ငု စပ်စုတဲ့ မေးခွန်းမျိုးနဲ့ကြုံရတဲ့အခါ ခေါင်းခဲကြရပါသတဲ့။
ဒီလိုကိစ္စများနဲ့ ပတ်သက်လို့ မေးလာ  မြန်းလာတာမျိုး ကြုံရတဲ့အခါမှာတော့ သူတို့ကိစ္စကို ကိုယ့်ကိစ္စလို သဘောထားပြီး စိတ်ရှည်လက်ရှည် ပဲ ဖြေကြားပေးခဲ့ပါတယ်။ အဲဒီလို တွေ့ကြုံ ဖြေကြား ပေးခဲ့ရတဲ့ ပြဿနာများထဲက လော့စ်အိန်ဂျလီမှာ တွေ့ရတဲ့ ပြဿနာတစ်ခု ကတော့ ရေခြား   မြေခြားရောက် မိဘများအတွက်သာမက ကိုယ့်မြေကိုယ့်ရေမှာ နေကြတဲ့ မိဘများပါ ကြုံတွေ့နိုင်တဲ့ ပြဿနာမျိုးဖြစ်လို့ အားလုံးသိ ရအောင် ပြန်ပြောပြချင်ပါတယ်။
          အဲဒီဒကာက သူတို့မိသားစု အမိမြေနဲ့ ခွဲခွာလာခဲ့ကြတာ ဆယ့်ငါးနှစ်ကျော်သွားပြီ၊ နို့ညှာသားက ခုနှစ်နှစ်သားအရွယ်နို့စို့သမီးက ရင်ခွင်လွတ်အရွယ်မှာ အမိမြေနဲ့ ခွဲခွာခဲ့ကြရတာပါ။ အခုဆို သူတို့ရဲ့သားက တက္ကသိုလ်မှာ ပညာသင်နေပြီ၊
          သမီးငယ်ကလဲ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေကြပါသတဲ့။ ငယ်စဉ်ကစပြီး မြန်မာစကားကိုတော့ မိသားစုအချင်းချင်း ပြောဆိုတဲ့ အလေ့အထ လုပ်ပေးလို့ မြန်မာစကား ပြောတတ်ကြသလို မိရိုးဖလာ ဘုရားကို လက်အုပ်ချီ ဦးချရတာတို့၊ ရဟန်းသံဃာကို အရိုအသေ ပြုရတာ၊ လှူဒါန်းရတာတို့လောက်တော့ အလေ့အကျင့်ရှိခဲ့ပေမယ့် “ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ” စတဲ့ ခြေခြေမြစ်မြစ်ကိုတော့ မိဘများကိုယ် တိုင်ကလဲ ဘာမျှ တိတိကျကျ ရေရေရာရာ မသိခဲ့ကြလို့ သားသမီးများကိုလဲ ပြောမပြနိုင်ခဲ့တဲ့အကြောင်း နိဒါန်းရှည်ကြီးကို ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းတစ်ဝက် ညည်းချင်းတစ်ဝက်နဲ့ပြောပြနေပါတယ်။
သူ့ရဲ့စကားကြောက ပြောရင်းပြောရင်း အကြောရှည်ပြီး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာတောင် မသိတော့သလို လုံးခြာလိုက်နေတာကို အကဲခပ်မိတဲ့အတွက် မိမိကပဲ ကြားဖြတ်ပြီး
“ကဲ-ဒကာကြီး၊ အချိန်ကလေးရတုန်း ဒကာကြီးရဲ့ ညည်းချင်းရှည်ကြီးကို လက်စသတ်ပြီး အဓိက မေးလို တာကိုသာ လိုရင်း တိုရှင်းပြောပြပါ”
လို့ ဆိုတော့မှ ဒကာကြီးက
“အို .. ဆောရီးပါဘုရား၊ အဲ ကန်တော့ပါဘုရား၊ အခု တပည့်တော် ရဲ့သားနဲ့ သမီးက ကျောင်းမှာ ဘာသာချင်းမတူတဲ့ ဆရာဆရာမတွေ သူငယ်ချင်း တွေနဲ့ စပ်မိစပ်ရာ ပြောကြရင်း ကိုးကွယ်တဲ့ ဘာသာတရား ချင်း နိုင်း ယှဉ် ပြောကြတဲ့အခါမှာ တခြားဘာသာဝင်များက “သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်၊ ပြီးတော့ သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှအပြစ်တွေလဲ ဆေးကြောဖယ်ရှားပေးမယ်၊ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်၊ ချမ်းသာ သုခတွေနဲ့ ပြည့်စုံအောင်လဲ အစစတာဝန်ယူတယ် “ ဆိုတဲ့ အာမခံချက်အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေ အောင် ပြောပြကြပါသတဲ့။
          ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ ဘုရားဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ၊ အခုမရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ဘုရားကို ကိုးကွယ် နေကြသူတွေဖြစ်မနေဘူးလား။
          တို့ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံတာဝန်ယူပြီး အာမခံချက်ပေးသလို မင်းတို့ဘုရား သခင်ကကော မင်းတို့အတွက် ဘယ်လို တာဝန်ယူသလဲ၊ ဘာတွေ အာမခံချက်ပေး သလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ တပည့်တော် သားနဲ့သမီးတို့က ဘာမှ ရေရေ ရာရာ ပြန် မပြော နိုင်ခဲ့ကြဘူးတဲ့ဘုရား။ ဒါနဲ့ သူတို့စိတ်ထဲမှာလဲ ဇဝေဇဝါနဲ့ ယောင်ဝါးယိမ်းယိုင်တွေ ဖြစ်ကုန်ပုံ ရပါတယ်ဘုရား။
တစ်နေ့ကတော့ တပည့်တော်တို့ကို သားက ကွန်ပလိန်းတက်လာတယ်။ “ဗုဒ္ဓဘာသာတွေဟာ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား၊ ဒါမှမဟုတ် ရှိတယ်ဆိုရင် ဗုဒ္ဓဘုရားရှင် အခုဘယ်မှာရှိ သလဲ၊ သူ့ကို ကိုးကွယ်ဆည်းကပ်သူတွေအပေါ်မှာ ဘာတွေ တာဝန်ယူသလဲ၊ ဘယ်လို အာမခံ ချက် တွေ ပေးသလဲ”  ဆိုတာတွေပေါ့ဘုရား။
          ပြီးတော့ သားဆက်ပြောတဲ့ စကားက တပည့်တော်တို့ မိဘတွေအတွက် အတော့်ကို တုန်လှုပ်စရာကောင်းတဲ့ စကားဘုရား  “ဘာမှ ရေရာမှု မရှိတဲ့ ဘာသာတရားကို ကိုးကွယ်နေတာ ဆိုရင်တော့ သူ့အနေနဲ့ လက်မခံနိုင်ဘူး၊ ရေရာတဲ့ ဘုရားသခင်နဲ့ အာမခံချက်အပြည့် ရှိတဲ့ ဘာသာ ကိုသာ ပြောင်း ပြီး ယူတော့မယ်” တဲ့ဘုရား၊ ဒီစကားကြားရတာ တပည့်တော်ဖြင့် မိုးကြိုးပစ်သလိုကို ခံစားလိုက်ရတယ်။ ကိုယ်ကလဲ ဘာမှ ရေရေ ရာရာ ပြန်မပြောတတ်ဘူး။
ဒီအကြောင်း မိတ်ဆွေသင်္ဂဟတွေကို ပြောပြပြီး အကူအညီတောင်းတော့လဲ အားလုံးလိုလိုက ဝိုးတိုးဝါးတား တွေချည်းပဲဘုရား။ မနေ့ကမှ သူငယ် ချင်းတစ်ယောက်က “အရှင်ဘုရားနဲ့ အတော် လေး မေးမြန်း ပြောဆိုဖူးပါသတဲ့၊ ဒီကစ္စကိုလဲ အရှင်ဘုရားနဲ့ နည်းနည်းဆွေးနွေးကြည့်သင့်တယ်” ဆိုလို့ ဒီနေ့ အလုပ်ကအပြန် အရှင်ဘုရားရှိရာကို တန်းဝင်ခဲ့တာပဲဘုရား၊ တပည့်တော်တို့ အခက်အခဲ ကို ကူညီဖြေရှင်းပေးပါဦး” ဆိုတဲ့မာရသွန်မေး ခွန်းကြီးကို မေးပါတော့တယ်။
          မိမိရှင်းပြခဲ့တာကတော့ – ဒကာကြီးရဲ့မေးခွန်းရှည်ကြီးထဲမှာ ပထမဆုံးက  “ဗုဒ္ဓဘာသာဝင်တွေဟာ မရှိတဲ့ ဘုရားကိုကိုးကွယ်နေကြတာလား” ဆိုတဲ့ အချက်ပါ။
လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်းဆောင် ဆိုတဲ့ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိဘယ်ဖက ဖွားမြင်တယ်၊ ငယ်နာမည်က ဘယ်လိုခေါ်တယ်။
          ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်၊ ဘယ်လိုတရားတွေကို ဘယ်အရပ်ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီးဟောခဲ့တယ်’ စတဲ့ သေချာရေ ရာတဲ့ မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံရှိတာဆိုလို့ ဦးဇင်းတို့ ဒကာကြီးတို့ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူ တည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့ပညာရှင်တွေအားလုံးကလဲ အလေးထားသိမှတ်ထားကြတာ အားလုံးသိကြမှာပါ။
          ဘုရားပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊နီပေါနိုင်ငံတွေ)မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်းကျောက်စာတွေ၊ ကျောက်တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံးတို့ကလည်း အလေးထား အသိမှတ် ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံး၊ အထောက်အထားပြနိုင်တဲ့ ဘာသာတရား ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။
          နောက်တစ်ချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ” ဆိုတဲ့ ကိစ္စပါ။ အမှန်ကတော့ ဒီမေးခွန်းက မေးဖို့ လိုအပ်လှတဲ့ မေးခွန်းမျိုးတော့မဟုတ်ပါဘူး၊ ဘာကြောင့် မေးဖို့မ လိုအပ်သလဲ ဆိုတာကို နောက်မှပြောပြပါမယ်။ အခုတော့ အမေးက ရှိနေတဲ့အတွက် အဖြေကိုပဲ အရင်ပြောပြ ပါမယ်။
          ဂေါတမမြတ်စွာဘုရားရှင်ဟာ(၄၅)ဝါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလဲ မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။ သက်တော်(၈၀)အရွယ်၊ ဝါတော်(၄၅)ဝါ ပြည့်ပြီးချိန်မှာ ပရိနိဗ္ဗာန်စံသွားပါတယ်။
          ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်ကို ဘုရားရှင်မိန့်ကြားခဲ့တဲ့ စကားရှိပါတယ်  “ ငါဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါဘုရားရှင်(၄၅)ဝါပတ်လုံး ဟောကြားခဲ့ တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီတရား ပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရားထင်ရှား ရှိနေတယ်လို့ ခံယူကြပါ” ဆိုတဲ့ မှာတမ်းစကားပါ။
          ဒါကြောင့်  “ မြတ်စွာဘုရား အခုဘယ်မှာရှိသလဲ” ဆိုရင် ဓမ္မက္ခန္ဓာတရားတော်တွေရှိတဲ့ နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။
          ဒါကိုကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ဘုရားကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး၊ ထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော် နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။ ထပ်ပြီးသတိပေးလိုတာကတော့
“ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရားမဟုတ်ဘူး၊ လိုက်နာကျင့်သုံး ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ်” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။
          မေးခွန်းရှင် မေးတဲ့အထဲမှာ မပါပေမယ့် ဒီနေရာမှာ သိဖို့လိုအပ်တဲ့အတွက် ဖြည့်စွက်ပြီးပြောချင်တာ တစ်ခုလဲရှိပါတယ်၊ အဲဒါကတော့
“ ဗုဒ္ဓမြတ်စွာ အခုဘယ်မှာ၊ ဘယ်သူတွေနဲ့ အတူရှိနေပါသလဲ” ဆိုတဲ့ အချက်ပါ။
          မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုပ်အဆင်းတော်တင့်တယ် သပ္ပါယ်မှုကိုသာ ကြည်ညိုတတ်တဲ့  “ဝက္ကလိ” ဆိုတဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ဒီရဟန်းက ဘုရားရှင်ရဲ့ မျက်နှာတော်ကိုပဲ ကြည့်ပြီးကြည်ညိုကိုးကွယ်နေချင်တယ်၊ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပူဇော်မှုမျိုးတော့ မလုပ်လိုပါဘူး။ အဲဒီရဟန်းကို မြတ်စွာဘုရားရှင်က –
          “ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း လိုက်နာကျင့်သုံးပူဇော်နေသူဟာ ငါဘုရားရှင်ကို မမြင်ရသော်လဲ ငါဘုရားရှင်နဲ့ အမြဲတွေ့နေရသူဖြစ်တယ်။
          ငါဘုရားရှင် ဆုံးမညွှန်ကြားတဲ့အတိုင်း မလိုက်နာ မကျင့်သုံးသူဟာ ငါဘုရားရှင်ရဲ့ မျက်နှာတော်ကို မြင်ရုံမက ငါဘုရားရှင်ရဲ့ နောက်က တကောက်ကောက်လိုက်နေသူဖြစ်သော်လဲ ငါဘုရားရှင်နှင့် တွေ့နေသူလို့ မဆိုနိုင်ဘူး” လို့ မိန့်ကြားခဲ့ပါတယ်။
          ဘုရားရှင်ရဲ့ မိန့်ကြားချက်အရ မျက်စွာဘုရားရှင်နဲ့ ခရီးမိုင်တာ ဘယ်လောက်ပဲ ဝေးကွာနေနေ၊ အချိန်ကာလတွေဘယ်လောက်ပဲ ခြားနားနေနေ ဒီနေ့ မြတ်စွာဘုရားရှင်ရဲ့ ဟောညွှန်ချက်ကို လိုက်နာကျင့်သုံးပူဇော်နေသူတို့ ရှိတဲ့နေရာမှာအဲဒီပုဂ္ဂိုလ်တွေနဲ့အတူ ဗုဒ္ဓမြတ်စွာရှိနေတယ်”လို့ ဆိုရပါလိမ့်မယ်။
          ဒါတွေကတော့  “အမေးရှိရင် အဖြေရှိရမယ်” ဆိုတဲ့အတိုင်းသာ ဖြေလိုက်တာပါ။ အမှန်ကတော့  “ ဘုရားရှင် အခုဘယ်မှာလဲ”  ဆိုတဲ့ ပြဿနာဟာ မေးဖို့လိုအပ်တဲ့ ကိစ္စမဟုတ် ပါဘူး။
“ စစ်မှန်တဲ့ ကိုးကွယ်အားထားရာ” ဆိုတာ မြတ်ဗုဒ္ဓရဲ့အလိုတော် အရပြောရမယ်ဆိုရင် ပုဂ္ဂလဓိဋ္ဌာန်က အဓိက မဟုတ်ပါဘူး၊ ဓမ္မဓိဋ္ဌာန်ကသာ အဓိကဖြစ်ပါတယ်။
          ဒီကိစ္စနဲ့ပတ်သက်လို့ ဒီ(အမေရိကန်)က လူတွေသဘော အပေါက်လွယ်ဆုံးဖြစ်မယ့် ဥပမာနဲ့ ပြောရမယ်ဆိုရင် ဒီနေ့ လွတ်လပ်တဲ့ အမေရိကန်ပြည်ထောင်စု ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ ကျော်လောက်ဆီက ဂျော့ဝါရှင်တန်စတဲ့ ခေါင်းဆောင်ကြီးတွေက ရယူပေးခဲ့ တာမဟုတ် လား၊ ဒီနေ့အမေရိကန်ပြည်သူတွေဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံသားတွေအဖြစ်နဲ့ ဝမ်းမြောက် ဂုဏ်ယူပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီတို့ရဲ့ အနှစ်သာရကို ခံစားနေကြရတယ် မဟုတ်လား။
          လွတ်လပ်တဲ့ နိုင်ငံသားတွေရဲ့တာဝန်ဟာ “လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ပုဂ္ဂိုလ်တွေ အခု ဘယ်ဘုံဘယ်ဌာနမှာ ရောက်နေသလဲဆိုတာ သိဖို့ အရေးကြီးသလား၊ သူတို့ရယူပေးတဲ့ လွတ်လပ် ရေးကို လေးစားတန်ဖိုးထားပြီး တာဝန်ကျေအောင် လိုက်နာကျင့်သုံးကြဖို့လိုသလား” ဆိုတာကို စဉ်းစားကြည့်ရင် ပုဂ္ဂလဓိဋ္ဌာန်နဲ့ဓမ္မဓိဋ္ဌာန်ဘယ်ဟာက အဓိကကျသလဲဆိုတာ သဘောပေါက် လောက်ပါတယ်။
          ပြီးတော့  “ဒီနေ့ လွတ်လပ်ရေးကို လေးစားမြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်နေ သူတို့နဲ့အတူ လွတ်လပ်ရေးရဲ့ ဗိသုကာများ အတူရှိနေပါတယ်” ဆိုရင်ကော ငြင်းဆန်စရာရှိနိုင် သေးသလားဆိုတာ မေးကြည့်ရင်သိကြမှာပါ။
          ဘယ်အရာမဆို သိပ္ပံနည်းကျမှ လက်ခံနိုင်မယ်ဆိုသူတွေ အနေနဲ့လဲ “ဒီနေ့ရူပဗေဒ သိပ္ပံပညာ ရပ်တွေ ဆင့်ကဲတိုး တက်ဖွံ့ဖြိုးရေးမှာ ၊ ခေတ်သစ် ရူပဗေဒသိပ္ပံပညာရဲ့ ဘိုးအေကြီးလို့ ဆိုရမယ့်  “အိုင်စတိုင်း” အခု ဘယ်မှာရောက်နေသလဲ  ဆိုတာကို သိဖို့လိုသလား၊ အိုင်စတိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ရူပဗေဒပညာရပ်များက ဒီနေ့ခေတ်သစ်သိပ္ပံပညာကို ဘယ်လို အထောက်အကူပြုနိုင်သလဲဆိုတာကို အလေးထားဖို့ လိုသလားစဉ်းစားကြည့်ပါ။
အလားတူပဲ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ “အယ်ဒီဆင်” ဟာ ဘယ်နိုင်ငံသားလဲ၊ ဘာလူမျိုးလဲ၊ အခု ဘယ်ဘုံဘယ်ဌာန ရောက်နေသလဲဆိုတာ သိဖို့ လိုသလား၊ သူတီထွင်ခဲ့တဲ့ လျှပ်စစ်စွမ်းအားကို အသုံးချတတ်ဖို့လိုသလား ဆိုတာလဲ စဉ်းစားကြည့်ခိုင်းပါ။ မြန်မာပြည်သားတစ်ဦးအနေနဲ့ ရိုးသားစွာ ပြောရမယ်ဆိုရင် ဦးဇင်းဘဝသက်တမ်း ထက်ဝက်ကျော်ကျော်လောက်အထိ လျှပ်စစ်ကို ဘယ်သူက တီထွင်ခဲ့သလဲဆိုတာကို လုံးဝစိတ်မဝင်စားခဲ့ဖူးပါဘူး။
          အယ်ဒီဆင်က တီထွင်ခဲ့တယ် ဆိုတာကို သိလာတဲ့အခါမှာလည်း အဲဒီပုဂ္ဂိုလ်ဟာ ဘာလူမျိုး လဲ၊ ဘယ်ဘုံဘယ်ဌာန ရောက်နေတယ်ဆိုတာ စိတ်မဝင်စားမိပါဘူး။
          ဒီနေ့ လျှပ်စစ်မီးလာမလား၊ မလာဘူးလားဆိုတာကိုသာ စိတ်ဝင်စားပါတယ်။ သူတီထွင်ခဲ့တဲ လျှပ်စစ်က လက်တွေ့အသုံးကျ တယ်ဆိုတာ သိနေပြီကိုး။
(သည်ဆောင်းပါးကို မေတ္တာဥယျာဉ်ဝက်ဆိုက်က ယူပါတယ်။ သူ့အမှာစကားလေးက သည်လိုပါ … မှတ်ချက်။   ။ မေတ္တာဥယျာဉ်ဆိုဒ်မှ ကောင်းနိုးရာရာများ ရှာဖွေစုဆောင်း တင်ပြထားတဲ့ ဓမ္မစာစုများထဲက မိမိတို့နှစ်သစ်တဲ့ စာစုများကို မည်သူမဆို ထပ်ဆင့်ကူးယူ ဓမ္မဒါနပြုလုပ်နိုင်ပါသည်။ မေတ္တာဥယျာဉ်ဆိုဒ်မှ ကူးယူ ဓမ္မဒါနပြုပါသည်ဟု ဆိုတဲ့ စေတနာအသိအမှတ်ပြု စာလေးတော့ ရေးစေချင်ပါသည်။ )
 
Leave a comment

Posted by on July 20, 2011 in Ashin Wiriya, Overseas Burmese

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: