RSS

Maung Lwan Ni – Sugar coated troubles (15)

20 Jul

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၅
မောင်လွမ်းဏီ
ဇူလိုင် ၂၁၊ ၂၀၁၁
အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
ကျောင်းတွေ ဖွင့်တော့မယ်လေ။ ဒီရာသီ ဒီအချိန်ကတော့ ကျောင်းတက်ရမယ့် ကလေးတိုင်း တက်ကြွလန်းဆန်းနေကြမှာပါပဲ။ ပြည့်စုံကုံလုံတဲ့ မိဘတွေအနေနဲ့ ကလေးကျောင်းစရိတ်ကို ကြောင့်ကြစရာ မလိုကြပေမယ့် နွမ်းပါးတဲ့မိသားစုတွေအနေနဲ့တော့ ကသီလင်တ ဖြစ်ရတာ၊ ပူပန်ကြရတာ သဘာဝပါပဲ။ 

မိဘတိုင်း သားသမီးတွေကို ကျောင်းပို့ချင်ကြတဲ့၊ ပညာရေးကို အားပေးချင်ကြတဲ့သူတွေချည်း မဟုတ်လား။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဖခင်လုပ်စာ တခုတည်းနဲ့ အိမ်စားဝတ်နေရေးရော၊ သာရေးနာရေးကိစ္စတွေကိုပါ ဖြေရှင်းဆောင်ရွက်နိုင်တဲ့အပြင် သားသမီး ၅ ယောက် ၆ ယောက်ကို ကျောင်းထားနိုင်တယ်ဆိုတာ ဒီနေ့ ဒီချိန်ခါမှာ ကြီးပြင်းလာကြတဲ့ ကလေးတွေကို ပြောပြရင် ထူးဆန်း အံ့သြတတ်ကြပါတယ်။ ဒီ ၅ ယောက် ၆ ယောက် ကလေးတွေဟာလည်း အလယ်တန်း ကျောင်းသာကနေ တက္ကသိုလ်တက်နေတဲ့ ကျောင်းသူထိ ပါပါတယ်။ 
ပြောင်းလဲစီးဆင်းလာခဲ့တဲ့ နိုင်ငံရေးစနစ်တွေ၊ စီးပွားရေး စနစ်တွေရဲ့အကျိုးဆက်တွေဖြစ်တဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေနဲ့ အထွေထွေ လူမှုကုန်ကျစရိတ်တွေ မြင့်မားလာမှုတွေကြောင့် ယနေ့ကာလမှာဆိုရင် မိသားစုအများစုကြီးဟာ ဒီဒဏ်တွေကို ခါးစီးခံပြီး ခက်ခက်ခဲခဲ ရုန်းကန်ကျော်လွှား ဖြတ်သန်းနေကြရတာပါ။
မကြာခဏ မြင်တွေ့ကြားသိနေရတာတွေထဲမှာ အလယ်အလတ်တန်းစား မိသားစုတွေတောင် စားဝတ်နေရေး ပြေလည်အောင်လုပ်နေကြရင်းက အရွယ်ရောက်ကလေး ၃ ယောက် ကျောင်းထားဖို့ကို စဉ်းစားနေကြရတယ် ဆိုတာပါ။ များသောအားဖြင့် အကြီးလုပ်သူတွေက အနစ်နာခံပြီး တက္ကသိုလ် မတက်ဘဲ ကျောင်းမတက်တော့ဘဲ ကျောင်းထွက်၊ အလုပ်လုပ်။ အငယ်တွေကို ဦးစားပေး ပညာသင်ခိုင်းနေကြရတဲ့ ဇာတ်ကြောင်း တိုရှည်တွေကို ဘာများထူးခြားလို့လဲလို့ မှတ်ချက်ချနေကြတဲ့ အချိန်ကိုး။ နွမ်းပါးချို့တဲ့တဲ့ မိသားစုတွေကတော့ ထမင်းအိုးကိုပဲ မီးထိုးနိုင်ဖို့ လှုပ်ရှားကြရတာဆိုတော့ သားသမီး ပညာရေးကို လစ်လျူရှု၊ ဥပေက္ခာပြုရတော့တာပါပဲ။ 
သာမန်လက်လုပ်လက်စား မိသားစုတွေရဲ့ကလေးတွေကတော့ သားက ဖအေ့ အလုပ်ကြမ်းတွေမှာ ကူ၊ သမီးလေးက မအေ့အကြော်ဆိုင်မှာ အကြမ်းအိုးချပေါ့။ ကျောင်းဆိုတာ ဘုန်းကြီးကျောင်းတောင် တနှစ်တခေါက် ရောက်ဟန်မတူပါဘူး။
သင်္ဘောဆိပ်၊ ကားဂိတ်၊ ရထားဘူတာက အစ လမ်းဘေးထမင်းဆိုင်အဆုံး ကလေးတချို့ဟာ အရွယ်နဲ့မမျှအောင် အလုပ်လုပ်နေကြရပြီး ကျောင်းနဲ့ဝေးနေကြတာ တွေ့ရမှာပါ။ သင်္ဘောဆိပ်၊ ကားဂိတ်၊ ရထားဘူတာတွေမှာ ဆေးလိပ်လား၊ ကွမ်းယာလား၊ ကြက်ဥပြုတ်လား၊ ငုံးဥပြုတ်လား၊ ဘာယူမလဲခင်ဗျာ လို့ အော်ဟစ်မေးမြန်းနေတဲ့ ကလေးတွေကို မတွေ့ဘူးသူ မရှိနိုင်ပါဘူး။ သူတို့မေးခွန်းတွေကို မဖြေကြဘဲ မင်းတို့လေးတွေ ကျောင်းမနေကြဘူးလားလို့ ပြန်လှန်မေးမြန်းသူလည်း ရှားပါလိမ့်မယ်။ ပူလောင်ပြင်းထန်လှတဲ့ နွေနေအောက်မှာ ရထားအရပ် “ရေအေးအေးလေး ယူကြအုံးမလားရှင့်” ဆိုတဲ့ အားကိုးတကြီးနဲ့ အသံတိမ်တိမ်၊ မျက်လုံးအဝိုင်းသား ၉ နှစ်ရွယ် ရေသည်မလေးတွေရဲ့ ခေါင်းပေါ်က ရေအိုးလေးဟာ ဘဝခါးခါးမို့ ကျောင်းသွားစို့ဆိုရင် သူ ငိုမှာ သေချာလှပါတယ်။ 
ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ မြန်မာပြည်သား သိန်းနဲ့ချီ လာရောက်နေထိုင် လုပ်ကိုင် စားသောက်နေကြတဲ့မြို့ပါ။ မဲဆောက်မြို့က မြန်မာ လက်ဘက်ရည်ဆိုင်၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ တောင်ယာစိုက်ခင်းနဲ့ အိမ်တွင်း အလုပ်ရုံတွေမှာ ၁၃ နှစ် မကျော်တဲ့ ကလေးတွေဟာ အလုပ်လုပ်နေကြရတာပါ။ သူတို့တွေကတော့ ကျောင်းမဆွေးလည်း လူက ကျောင်းနဲ့ ဝေးခဲ့သူတွေပေါ့။ သို့ပေမယ့် ခုခါမှာတော့ မဲဆောက်မှာ မူကြိုကနေ အထက်တန်းထိ တက်ရောက် သင်ကြားနိုင်တဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ ငွေကြေးထောက်ပံ့မှုရတဲ့ကျောင်းတွေကို ထူထောင် ဖွင့်လှစ်ကြတာ တွေ့ရပါတယ်။ တချို့ကျောင်းတွေက ၁၀ နှစ်ကျော်လာပြီလို့ ဆိုရမှာပေါ့။ ခုဆိုရင် မဲဆောက်မြို့ပေါ် အပါအဝင် နောင်ဘွား၊ မယ်ပ၊ စီစစ်ပက် စတဲ့ ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း ၇၄ ကျောင်းအထိ ရှိနေပါပြီ။ ကျောင်းတက်နိုင်တဲ့ ဦးရေက တသောင်း ခြောက်ထောင်လောက်ရှိပြီး ကျောင်းဆရာ ဆရာမက ၆၀၀ နီးပါး ရှိပါတယ်။ အများစုဟာ သင့်တင့်တဲ့ ထောက်ပံ့ကြေးရကြပေမယ့် စေတနာအရင်းခံ လုပ်ကိုင်ကြသူတွေ များပါတယ်။ 
ပညာရေးကို လိုလားတဲ့၊ တစုံတရာလည်း အနည်းအကျင်း ကုန်ကျခံနိုင်တဲ့၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားမိသားစုတွေဟာ အတတ်နိုင်ဆုံး သားသမီးတွေကို ကျောင်းထားကြပါတယ်။ ဒါပေမယ့် အရေအတွက်နဲ့ ရာခိုင်နှုန်းနဲ့ တွက်ချက်ကြည့်ရင် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲ ရှိတာပါ။ အများစုက ကျောင်းမထားနိုင်ကြတော့ အရွယ် မရောက်တရောက်က အလုပ်ထဲ။ အရွယ်မရောက်သူက တောက်တိုမယ်ရ ဘဝတွေနဲ့ပဲ မဲဆောက်ကို ပျော်မွေ့နေကြရတာပေါ့။ မဲဆောက်မှာ မရိုးနိုင်တဲ့မြင်ကွင်းကတော့ တရပ်ကွက်ထဲ၊ တန်းလျားတခုထဲ အတူနေကြတဲ့ မြန်မာကလေး သူငယ်ချင်းလေးတွေပါ။ တချို့လေးတွေက ကျောင်းထဲမှာ စာအံနေကြချိန် သူတို့သူငယ်ချင်း ကလေးတွေက ကျောင်းရှေ့အမှိုက်ပုံမှာ ရေသန့်ဗူးခွံ အချိုရည်သံဗူးခွံနဲ့ စက္ကူချပ် ကောက်နေကြတဲ့ အသံ ၂ ခုရဲ့စည်းချက်ညီမြင်ကွင်းလို့ ပြောရမှာပေါ့။ 
ဆက်စပ်တာလေးတခု ပြောပြချင်ပါတယ်။ မဲဆောက်မှာ လူငယ်တယောက်က သူ့အားသူစိုက်ပြီး အမှိုက်ကောက်နေတဲ့ကလေးတွေ၊ တောင်းရမ်းနေတဲ့ ကလေးတွေကို ကျောင်းထားဖို့ ကြိုးပမ်းတာလေးပါ။ သူ့ဘလောဂ့်လေးက နေရောင်အောင်က အလင်းမဲ့သူများလို့ အမည်ပေးထားပါတယ်။ သူဆောင်ရွက် နေတာလေးတွေ၊ ကလေးတွေ၊ မိဘတွေကို ခက်ခက်ခဲခဲ စည်းရုံးရတာလေးတွေကို ဓာတ်ပုံလေးတွေနဲ့ စာရေးပြီး တင်ထားပါတယ်။ ဒီနှစ် ၅ ယောက်လောက်ကို လက်ခံတဲ့ကျောင်းမှာထားဖို့ သူ ကြိုးပမ်းနေတာပါ။ တနေ့ ကျွန်တော့်ကို ဖုန်းနဲ့ သူ့အခြေအနေကို ရှင်းပြ ဆက်သွယ်လာပြီး ကဗျာလေးတပုဒ် အလှူခံရှာပါတယ်။ ကျွန်တော်လည်း စေတနာရိုးရိုးနဲ့ ရေးပေးလိုက်ပါတယ်။ 
နေရောင်အောက်မှာ၊ ပျောက်သည့်အလင်း၊ အမှောင်တွင်းကို၊ ခွင်းမည့်ညာဏ်ရောင် လင်းစေသား။ အမှိုက်ပုံဆွေး၊ လမ်းဘေးအုတ်ပုံ၊ စာသင်ခုံဖြစ်၊ အရုဏ်နုသစ်၊ ယနေ့ခေတ်မှာ၊ ပညာရှာ ပမာသူဖုန်းစား၊ မဟောင်းနွမ်းတဲ့ ဆုံးမစာ။ သူတောင်းစားလည်း၊ အားမလျော့နှင့် ကျောင်းသားဖြစ်ခွင့် ရှိတယ်ဟုတ်။ လို့ ရေးလိုက်ပါတယ်။ ကဗျာခေါင်းစဉ်က ကဗျာ ခေါင်းလောင်း ပါ။
နားဆင်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
မောင်လွမ်းဏီ
၁၁ – ၅ – ၂၀၁၁
မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: