RSS

Nicole Cage – Pieces of my life in memory

20 Jul

ဘဝအစိတ်အပိုင်းတချို့နှင့် အမှတ်တရများ
Nicole Cage
ဇူလိုင် ၁၉၊ ၂၀၁၁
ဗဟန်း ရွှေတောင်ကြားထဲက မူကြိုကျောင်းမှာ စတက်ခဲ့သောနေ့ကို ကျွန်မ မှတ်မိသေးသည်။ ကောင်မလေး ငယ်ငယ်ပေါက်စနပေမယ့် အင်မတန်ခေါင်းမာသော ကျွန်မကို ကျောင်းခန်းထဲ မဝင်ဝင်အောင် ဆရာမတွေက ဘယ်လို ချော့ချော့ ခြောက်ခြောက် ကျွန်မက ပေကပ်နေခဲ့သည်။ ကစားခန်းမထဲမှ သစ်သားအိမ်ကလေးထဲမှာ ဝင်ဆော့ရင်း ထိုအိမ်လေးကို သဘောတကျဖြစ်ကာ အိမ်လေးထဲမှ မထွက်တော့ဘဲ ပေကပ် ထိုင်နေသော ကျွန်မကို တော်တော်အကျောမာတဲ့ ကလေးမ ဟု ဆရာမတွေက သတ်မှတ်ပါလိမ့်မည်။

နောက်ဆုံးတွင် ဆရာမတယောက်က ထို အိမ်ပိစိညောက်တောက်လေးထဲ သူ့ကိုယ်သူ အတင်းတိုးဝင်ကာ ကျွန်မကို ဇွတ်ပွေ့ချီထုတ်တော့မှ ကျွန်မ အပြင်ရောက်လာတာဖြစ်သည်။ ဒါတောင် အိမ်လေးထဲ ပြန်ဝင်ပြေးဖို့လုပ်နေသော ကျွန်မကို ဆရာမက ဇွတ်အတင်းချုပ်ထားလို့သာ။ ကျွန်မသည် တခြားသော ကလေးများလို ငိုကြွေးခြင်းလည်း မရှိ … ထုံပေပေ ကတ်သတ်သတ်နိုင်ကာ ၁၂ ရာသီ စူပုတ်နေတတ်သော နှုတ်ခမ်းပါးချွန်ချွန်လေးဖြင့် ဂျစ်ကန်ကန်ကောင်မလေး တယောက်ဖြစ်သည်။ 

ဖေဖေကားကြီး ကျောင်းရှေ့ရပ်လိုက်ပြီးဆိုတာနှင့် တံခါးဖွင့်ကာ ခုန်ဆင်းပြီး ကျောင်းထဲကို ခုန်ပေါက်ပြေးဝင်သွားကာ နောက်ကြောင်းပြန်လှည့်မကြည့်တတ်သောကျွန်မကို ဖေဖေက အလွန်သဘောကျလေ့ရှိသည်။ အခြားသော ကလေးများလို ကျောင်းပို့တာနှင့် ငိုယိုပြီး မိဘကို ဂျီကျခြင်းမျိုးမရှိသော သူ့သမီးအတွက် အလွန်ဂုဏ်ယူလေ့ရှိသည်။ တကယ်က ကျွန်မက ကျောင်းခန်းထဲသို့ တန်းပြေးခြင်းမဟုတ် … ကစားခန်းမထဲသို့ အပြေးအလွှားသွားကာ သစ်သားအိမ်လေးထဲသို့ ဝင်နေခြင်းဖြစ်သည်။ ဘာကြောင့်မှန်းမသိပါ၊ ထိုအိမ်လေးကို ကျွန်မ အလွန်သဘောကျသည်။ ပုံပြင်ထဲမှ လူပုလေးအိမ်လေးများလို ပုပုသေးသေးလေးဆောက်ထားသော အမိုးချွန်ချွန်လေးနှင့် အပြာရောင်သစ်သားအိမ်လေးမှာ လှပသော ပွတ်လုံးလက်ရန်းလှေကားလေးများဖြင့် အလွန်ချစ်စရာကောင်းပါသည်။ သို့သော် အိမ်လေးရဲ့ ဝင်ပေါက်လေးဟာ ကလေးတယောက် ကိုယ်လုံးလေးသာ ဆန့်သောကြောင့် ဆရာမတွေခမျာ ကျွန်မကို ဆွဲထုတ်ဖို့ကို မကြာခဏ စိတ်ညစ်ကြရလေသည်။ 
မုန့်စားဆင်းချိန်ရောက်ပြီဆိုလျှင်တော့ ကျွန်မအနားမှာ ကလေးတချို့ဝိုင်းလျက်ကို မြင်ကြရမည်။ ဘာကြောင့်လဲဆို အိမ်ကထည့်ပေးလိုက်သည့် မုန့်ဘူးကို ကျွန်မ ဘယ်တော့မှ စားလေ့မရှိ။ ကျွန်မအနားမှာရှိသော ဘယ်သူ့ကိုမဆို ရော့ အင့် ဟု ပေးလေ့ရှိသောကြောင့်ဖြစ်သည်။ ဖေဖေထည့်ပေးလေ့ရှိသော ရွှေရောင် ချောကလက် အပြားဝိုင်းတွေနှင့် မေမေထည့်ပေးလေ့ရှိသော ပေါင်မုန့်ယိုသုတ်ထက် ကျွန်မ စိတ်ဝင်စားတာက ကျောင်းဝင်းအပြင်မှာ ခေါင်းလောင်း ကလင်ကလင်နှင့် လာရောင်းလေ့ရှိသော ရေခဲချောင်းသည်နှင့် ဒန်အိုးကြီးတခုချကာ တုတ်ချောင်းလေးများထည့်ထည့်မွှေပြီး ရောင်းတတ်သော ကပ်စေးနှဲရောင်းသည့် အဒေါ်ကြီး ဖြစ်သည်။ ဒါပေမယ့် ပိုက်ဆံဆိုတာ ကလေးကိုင်စရာမဟုတ်ဟု ယူဆထားသော မိဘများကြောင့် ကျွန်မ မုန့်ဖိုး ကိုင်မသုံးခဲ့ရပါ။ ကျွန်မ မျှော်ငေးကြည့်ပြီး စားချင်ခဲ့ရသော ထိုအရာများကိုလည်း မူကြိုကျောင်းပြီးသည်အထိ မစားဖြစ်ခဲ့ရပါ။ ဖေဖေကျောင်းလာကြိုတုန်းအချိန်က ကျွန်မ ပူဆာဖူးတော့ ကျွန်မ ဖေဖေက ကျွန်မကို အပြင်စာ မစားစေလိုသည့်အတွက် ထိုမိန်းမကြီးက နှပ်ချေးတွေ ရောင်းတာဟု လိမ်လည်ပြောခဲ့တာကို အဟုတ်မှတ်ပြီး ပထမတန်း တက်သည်အထိ ယုံခဲ့မိသေးသည်။
မူကြိုကျောင်းမှာ နေ့ခင်းဘက်ဆိုလျှင် ကလေးတွေကို အိပ်ချိန်အဖြစ်သတ်မှတ်ထားသည်။ ကလေးတိုင်းကိုလည်း အိပ်ချင်ချင် မအိပ်ချင်ချင် အိပ်အောင် ချော့သိပ်ကြလေသည်။ သို့သော် ကျွန်မသည် ထိုစဉ်ကတည်းက အအိပ်အနေနည်းခဲ့တာဖြစ်သည်အတွက် ဆရာမတွေ ရှိတုန်းခဏပဲ အိပ်ချင်ယောင်ဆောင်ပြီး လစ်တာနဲ့ စာအုပ်နှင့်ခဲတံထုတ်ကာ ပုံတွေဆွဲနေတတ်သေးသည်။ အဲဒါကို တနေ့မှာ ကျွန်မတို့အတန်းပိုင်ဆရာမလေးက တွေ့သွားခဲ့ပြီး ကျွန်မကို သူ့ရုံးခန်းထဲခေါ်သွားကာ ပုံဆွဲခဲတံတွေ ဖယောင်းဆေးတွေ စာရွက်တွေချပေးကာ အသေအချာ သင်ပေးပါတော့သည်။ ကျွန်မ ထိုဆရာမလေးနာမည်ကိုတော့ မမှတ်မိတော့ပါ။ ဆံပင်ကျစ်ဆံမြီး အရှည်ကြီးနှင့် မျက်နှာဝိုင်းဝိုင်း မျက်လုံးတောက်တောက်လေးများရှိသည်ကိုတော့ ကျွန်မ မှတ်မိနေသည်။ မည်သည့်ဆရာဆရာမနှင့်မှ ရေရှည်အဆင်မပြေသော ပေကတ်ကတ် ကောင်မလေး ကျွန်မသည် ထိုဆရာမလေးနှင့်တော့ အတော်လေးကို အဆင်ပြေခဲ့ပါသည်။ ကျွန်မတို့ သူငယ်တန်းတက်ကြသောအချိန်တွင် ထိုဆရာမလေး ကလေးမီးမဖွားနိုင်သဖြင့် ဆုံးပါးသွားကြောင်း ဖေဖေပြောပြသဖြင့် သိခဲ့ရသည်။
ရန်ကင်း TTC တွင် သူငယ်တန်းစတက်တော့လည်း ထိုနည်းနှင်နှင်ပင်။ ဖေဖေ ကျောင်းပို့သည်နှင့် ကျွန်မက နောက်ကိုလှည့်မကြည့်တော့။ မျက်နှာလေး မော့ကာ မော့ကာဖြင့် ကျောင်းထဲ ကော့ကော့ ကော့ကော့ ဝင်သွားတော့သည်။ အခြားသော ကလေးများရဲ့ ဆူဆူညံညံ ငိုကြွေးနေကြသံများထဲတွင် ကိုယ်နှင့်မဆိုင်သလို ထိုင်ကာ လူအများကို လိုက်ကြည့်နေတတ်သော ကောင်မလေးမှာလည်း ကျွန်မပဲဖြစ်သည်။ ကျွန်မ ကျောင်းစတက်သည့်ထိုနေ့မှာပဲ ကျွန်မ ကော်ပေတံ အသစ်ချွတ်ချွတ်လေးကို ကောင်လေးတယောက်က လာချိုးပစ်တာနဲ့ကြုံပါသည်။ ထိုစဉ်က ကော်ပေတံကိုင်ကြတာ ခေတ်မစားသေးပါ။ ကလေး တော်တော်များများသည် သစ်သားပေတံလေးတွေကို သုံးကြတာ ကျွန်မ မှတ်မိနေသေးသည်။
ထိုသို့ ကျွန်မကော်ပေတံကို ကိုင်ကြည့်ကာ ချိုးပစ်လိုက်သောကောင်လေးကို လက်မြန်ခြေမြန်ဖြင့် လက်ထဲကိုင်ထားသော ကွန်ပါဘူးဖြင့် ရိုက်ထည့်လိုက်သည်မှာ ကောင်လေးနဖူးမှ သွေးများ ဖြာခနဲကျလာသည်အထိပင် ဖြစ်သည်။ ကောင်လေးမှာ မထင်မှတ်ထားစွာဖြင့် ကျွန်မကိုငေးရင်း သွေးများကိုလည်းမြင်ရော အသံပြဲကြီးဖြင့် အော်ငိုပါတော့သည်။ ကျွန်မတို့အတန်းပိုင်ဆရာမ ဒေါ်ခင်မမဝင်းက အနားရောက်လာပြီး ကျွန်မကို ဆူပါသည်။ ကျွန်မကလည်း ဘာကြောင့် ကျွန်မ ရိုက်လိုက်သည်ဟု ရှင်းမပြပါ။ ပေကတ်ကတ်ရုပ်ဖြင့် ဆရာမ ရိုက်သောဒဏ်ကို အသံမထွက်ဘဲ တချက်မငိုဘဲခံတော့ ဆရာမက ထူးဆန်းသလို ကြည့်သည်။
နောက်နေ့တွင်တော့ ကျွန်မအမေ ကျောင်းသို့ လိုက်လာရတော့သည်။ သမီးမိန်းကလေးနှင့် သားယောက်ျားလေး ကျောင်းအတူထားရာတွင် သမီးက ရန်ဖြစ်သဖြင့် မိဘ ကျောင်းခေါ်ခံရသည်ဆိုတော့ အမေက ထုံးစံအတိုင်း အပြစ်တင်ပါတော့သည်။ ဖေဖေကတော့ ကျွန်မကို ဘာမှ မပြောပါ။ ကျွန်မ ထိုကောင်လေးကို ဘာကြောင့်ရိုက်တာလဲဟု မေးတော့ ကျွန်မက ကျွန်မ ကော်ပေတံကို လာချိုးလို့ ရိုက်တာဟု ဖေဖေ့ကို ဖြေပါသည်။ ဖေဖေကပြုံးကာ ငါ့သမီးက ဒေါသကြီးတာကိုး ဟု ဆိုလေသည်။ 
နောက်တစ်ခါ ဖြစ်တာက ဒုတိယတန်းတက်နေစဉ်ဖြစ်သည်။ ထိုနေ့က မိုးတွေ သည်းကြီး မည်းကြီးရွာနေသည့်အတွက် ကျွန်မတို့ကလေးများ ပျော်ကြသောနေ့ဖြစ်သည်။ ကျွန်မက မိန်းကလေး ဖြစ်သော်လည်း မိန်းကလေးများနှင့်အတူ ဆော့ကစားလေ့မရှိဘဲ ယောကျာ်းလေးတွေနှင့်သာ ပေါင်းသင်းလေ့ရှိသည်။ အများအားဖြင့်တော့ ကျောင်းခန်းထောင့်တနေရာတွင် ငြိမ်ငြိမ်လေးထိုင်ပြီး ပုံဆွဲခဲတံတစ်ခုဖြင့် စာအုပ်ကိုင်ကာ ပုံဆွဲနေလေ့ရှိသည်။ ထိုနေ့ကတော့ မိုးတွေရွာနေသဖြင့် ကျွန်မ အပြင်ထွက် ဆော့ချင်စိတ်ပေါက်ကာ ကျောင်းဆောင်ကြီး အမိုးအောက်နားမှာရှိသော အင်္ဂတေလျှောတခုကို ရေတွေနှင့်လျှောတိုက်စီးနေသည်။ ဖိနပ်ကို ချွတ်ထားပြီး ရေတွေစီးကျနေသော လျှောပေါ်ပြေးတက်လိုက် ဆင်းလိုက်လုပ်နေသော ကျွန်မကိုကြည့်ရင်း မျက်စိနောက်လာဟန်ရှိသော ကျောင်းသားတယောက်က ဘာမပြော ညာမပြောနဲ့ ကျွန်မ ဖိနပ်ကို ကောက်ယူလိုက်ကာ ကျောင်းအနောက်ဘက်မှာရှိသော ဆည်မြောင်းထဲသို့ ပစ်ထည့်လိုက်တော့သည်။ စိတ်ဆတ်ကာ ဒေါသလွယ်သော ကျွန်မ ဘာဆိုဘာမှမမြင်တော့ဘဲ ထိုကောင်လေးကို ဝင်လုံးပါတော့သည်။ ငယ်ငယ်က လူကောင်သေးသေးလေးနှင့် ပိန်ပိန် ကောင်မလေးကျွန်မမှာ ထိုကောင်လေးကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ။ ဒီတော့ မနိုင်နိုင်အောင် လုပ်တတ်သော ကျွန်မအကျင့်အတိုင်း ထိုကောင်လေးလက်မောင်းကို သွားချွန်ချွန်လေးများဖြင့် အားရပါးရ ကိုက်ပစ်လိုက်တာ အသားတွေပေါက်ထွက်သွားပြီး သွေးများကျလာသည်အထိပင် ဖြစ်သည်။ ထုံးစံအတိုင်းမိဘခေါ်တွေ့တော့ ကျွန်မ အမေက ကျွန်မကို ရိုက်သည်။ ဖိနပ်ပျောက်သည့်အတွက် တပြစ်၊ ရန်ဖြစ်သည့်အတွက် တပြစ် ကျွန်မ အရိုက်ခံခဲ့ရပါသည်။ 
၎ တန်းကျောင်းတက်ချိန်တွင်တော့ ကျွန်မသည် ပိုမို သင်းကွဲလာသည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့် ဖုန်ထဲ သဲထဲ ဆော့နေသော ကျွန်မနှင့် အတန်းထဲမှာ အလှပြင်ကာ နေတတ်သော ကျော့ကျော့မော့မော့ ကောင်မလေးများမှာ ပြဒါးတလမ်း သံတလမ်းဖြစ်လာပြီး ယောကျာ်းလေးတွေကျပြန်တော့လည်း ပေပေတူးတူးနေကာ တဇောက်ကမ်း တဇွတ်ထိုးလုပ်တတ်သော ကျွန်မနှင့် မပေါင်းချင်ကြပြန်။ ဒီကြားထဲ စာညံ့သည့် ကျောင်းသူထဲ မှာပါသောကြောင့် ခပ်ဆိုးဆိုး စာရင်းဝင်သေးသည်။ ဒီတော့ ကျွန်မရဲ့အဖော်တွေဟာ ကျောင်းထဲမှ ခရေပင်ကြီးများနှင့် ကျောင်းဆောင်အိုကြီးတွေရဲ့ ချောင်ကြိုချောင်ကြားတွေ ဖြစ်လာသည်။ ပုံဆွဲစာအုပ်ရှည်ကြီးတအုပ်ကိုင်ကာ ခဲတံတစ်ချောင်းဖြင့် ပုံတွေထိုင်ဆွဲခြင်းက ကျွန်မအတွက် စိတ်ဝင်စားစရာအကောင်းဆုံး အလုပ်တခုဖြစ်လာသည်။ ကျွန်မကို ပန်းချီပြိုင်ပွဲတွေဝင်ဖို့ တွန်းအားပေးခဲ့သူကတော့ ထိုစဉ်က ကျွန်မတို့ ပန်းချီဆရာမ ဒေါ်ချိုချိုဝင်းဖြစ်သည်။ ကျွန်မ မြို့နယ်အဆင့် တိုင်းအဆင့် စသည်ဖြင့် ဆုတွေချိတ်တော့ ဆရာမရဲ့ပီတိအပြုံးတွေကို မြင်ရသည်။ ဝမ်းနည်းစရာကောင်းတာ တခုက ကျွန်မ ဆုတွေတက်ယူတိုင်း ကျွန်မ မိဘတွေ မပါခဲ့ပါ။ စာနဲ့ပတ်သက်ပြီး ဆုမရဘဲ ပန်းချီဆုရတာ ဘာလုပ်ဖို့လိုက်ရမှာလဲဆိုကာ ကျွန်မ ဆုတက်ယူတိုင်း မိဘတွေမပါခဲ့ဘဲ မျက်ရည်ကျ နာကျင်ခဲ့ရသော ကလေးတယောက်ရဲ့ ခံစားချက်တွေကို နားလည်တတ်ခဲ့တာလည်း ဆရာမ ဒေါ်ချိုချိုဝင်းပဲ ဖြစ်သည်။ “မငိုပါနဲ့သမီးရယ် ဆရာမတို့ရှိနေတာပဲ” ဆိုကာ အားပေးတတ်ခဲ့သော ရုပ်ချောချောလေးနှင့် ပန်းချီဆရာမလေးကို အခုထိ အမှတ်ရနေသေးသည်။ 
ကျွန်မကို အားကစားနဲ့ပတ်သက်ပြီး တွန်းအားပေးခဲ့သော ဆရာမ ဒေါ်ခင်ခင်ထွန်းကိုလည်း ကျွန်မ မှတ်မိခဲ့သည်။ ကျွန်မ အားကစားနှင့်ပတ်သက်ပြီး ဆုတွေရခဲ့တော့လည်း ကျွန်မ မိဘတွေ မပါခဲ့ပါ။ သူများကလေးတွေဆုယူနေချိန်တွင် မိဘတွေက အောက်က လက်ခုပ်တီးလျက် ဂုဏ်ယူဝံ့ကြွားစွာ အားပေးနေကြတာကိုကြည့်လျက် ကျွန်မ ရင်ထဲမှာ ဒဏ်ရာတွေရခဲ့တာကို ဆရာမတွေက ဝိုင်းဝန်း နှစ်သိမ့်ပေးခဲ့ကြသည်။ (တကယ်တော့ ကျွန်မ ဖေဖေက ကျွန်မအတွက် ဂုဏ်ယူနေပေမယ့် စာဖက်ကို စိတ်မရောက်တော့မှာစိုးသဖြင့် အားမပေးခဲ့ခြင်းဖြစ်ကြောင်း နောက်ကျမှ ကျွန်မ သိခဲ့ရခြင်းဖြစ်သည်) တဖြည်းဖြည်း အတန်းကြီးလာတာနှင့်အမျှ ကျွန်မရဲ့ အရွဲ့တိုက်ချင်စိတ်နှင့် ဂျစ်ကန်တတ်သောစိတ်က ရင့်မာလာခဲ့သည်။ ထမီဝတ်ရမည် ဟူသော ကျောင်းစည်းကမ်းကို ဆန့်ကျင်ပြီး အထက်ဆင် မတတ်ဘဲ ပုဆိုးလို လုပ်ဝတ်သည်။ ရင်ဖုံးဝတ်ရမည် ဟူသော စည်းကမ်းချက်ကို ဆန့်ကျင်ကာ ယောက်ျားလေးရှပ်ကိုဝတ်လျှက် လွယ်အိတ်စလွယ်သိုင်းပြီး ဆောင့်ကြွားဆောင့်ကြွား လမ်းလျှောက်တတ်သော ပေစောင်းစောင်း ကောင်မလေး ကျွန်မကို ဘယ်ကောင်လေးကမှလည်း မျက်လုံးတောင် စွေမကြည့်ကြပါ။ တချိန်လုံး ဂေါ်လီရိုက် အရုပ်ပစ်နေသော ကျောင်းသူ ညစ်ပတ်ပတ်လေးကို ဘယ်သူကမှလည်း စိတ်ဝင်တစား မရှိကြပါ။
၉ တန်းရောက်တော့ ကျွန်မတို့ ကျောင်းပြောင်းရပါသည်။ နန်ယန်ကျောင်းဟု နာမည်ကြီးသော ဗဟန်း အထက ၂ သို့ စပြောင်းသည့်နေ့မှာ ကျွန်မ မောင်လေးက ပျော်နေသလောက် ကျွန်မကတော့ ကျွန်မ ပြောင်းလိုသည့် ကမာရွတ် အထက ၂ ကို မပြောင်းပေးသည့် ဖေဖေ့ကို စိတ်ဆိုးလျက် မှုန်ကုပ်ကုပ်ဖြစ်နေခဲ့သည်။ ကျောင်းပြောင်းကြဖို့ ကျောင်းတွေရွေးသောအခါတုန်းကလည်း ဖေဖေက ကျွန်မတို့ကို TTC ကို ပြောင်းစေချင်သည်။ ကျွန်မ မေမေကတော့ နီးနီးနားနား နန်ယန်ကျောင်းမှာ ထားချင်သည်။ မောင်လေးကလည်း သူ့သူငယ်ချင်းတွေ အများကြီးရှိသည့် နန်ယန်မှာပဲ နေချင်သည်။ ကျွန်မကတော့ ရှားရှားပါးပါးရှိခဲ့သော လက်ချိုးရေလို့ရသည့် ကျွန်မ သူငယ်ချင်းတွေပြောင်းသွားကြသော ကမာရွတ် အထက ၂ သို့ သွားချင်သည်။ နောက်ဆုံးတော့လည်း မေမေ့သဘောအောင်ကာ နန်ယန်သို့ပဲ ကျွန်မတို့ပြောင်းခဲ့ရတာဖြစ်သည်။ ထုံးစံအတိုင်း နှုတ်နည်းကာ စာမတော်သော ကျွန်မအတွက် သူငယ်ချင်းအသစ်ရဖို့ဆိုတာ တော်တော်ခက်ခဲခဲ့ပါသည်။ ကျောင်းနေမပျော်သော ကောင်မလေးကျွန်မသည် စာလည်း မတော်ခဲ့ပါ။ ထမီဝတ်လျှင် လျှပ်တိုက်နေကာ ယောက်ျားလေးဆန်ဆန် ကို့ယို့ကားယား ဝတ်တတ်သော ကျွန်မ ပုံစံကြောင့် လူသိထင်ရှား အလှဘုရားမတပါးလည်း မဖြစ်ခဲ့ပါ။ ဒီကြားထဲ ကျောင်းလစ်ကာ လက်ဖက်ရည်ဆိုင်ထိုင်တတ်သော ကောင်မလေး ဖြစ်နေတတ်တော့ မကြာခဏလည်း ဒဏ်ပေးခံခဲ့ရသေးသည်။ 
၁၀ တန်းတက်သောနှစ်တွင်တော့ ပိုဆိုးလေသည်။ ကျွန်မတို့ကျောင်းမှ ကျောင်းသား ကျောင်းသူ အတော်များများမှာ အပြင်ဖြေအဖြစ် ပြောင်းသွားသဖြင့် ကျောင်းထဲတွင် လူမရှိသလောက်နည်းသွားသည်။ ဆရာမတွေကလည်း လူနည်းတော့ အခန်းတွေပေါင်းပြီး စာသင်ကြသည်။ ကျောင်းသားတွေကလည်း အတန်းတက်ချင်တဲ့သူတက် မတက်ချင်တဲ့သူမတက်ဆိုတော့ စာသင်ခန်းတွေ ခြောက်ကပ်ကုန်သည်။ ဒီလိုနဲ့ပဲ ၁၀ တန်း စာမေးပွဲကြီးပြီးခဲ့ပြီး လူမိုက်ကျွန်မ ကံကောင်းခဲ့ပါသည်။ အောင်စာရင်းတွေထွက်ပြီး ကျောင်းတွေ ရွေးရတော့မည့်အချိန်ရောက်တော့ ထုံးစံအတိုင်း ကျွန်မအမေက ကျွန်မကို science ဘာသာရပ်တွေ ရွေးချယ်စေလိုသည်။ ကျွန်မ အဖေကတော့ အနုပညာ ဝါသနာပါသော ကျွန်မအကြောင်းကိုသိသဖြင့် ယဉ်ကျေးမှုတက္ကသိုလ်ကို ရွေးချယ်စေလိုသည်။ ကျွန်မက ကျွန်မ ဝါသနာပါသော မြန်မာစာဘာသာရပ်ကိုသာ သင်ယူလိုသည်။ 
ဒီတခါတော့ ဘယ်သူ့ကိုမှ မတိုင်ပင်တော့ဘဲ ကျွန်မသဘောနှင့်ကျွန်မ မြန်မာစာမေဂျာတခုထဲသာရေးပြီး တင်လိုက်တော့သည်။ ဒါပေမယ့် ဖေဖေ့သဘောလည်းပါအောင် မြန်မာစာကို အဝေးသင်ဖြင့်တင်လိုက်ပြီး ယဉ်ကျေးမှုတက္ကသိုလ် ပန်းပုမေဂျာကို နေ့ကျောင်းအဖြစ် ရွေးချယ်လိုက်လေသည်။ ကျွန်မ ပထမနှစ် စတက်သည့်အချိန်မှာပဲ ပြဿနာက စသည်။ ယဉ်ကျေးမှုတက္ကသိုလ် ဟူသော အမည်နှင့်အညီ ကျွန်မတို့ကျောင်းသူတွေအားလုံး မြန်မာဝတ်စုံ ဝတ်ကြရမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်လေသည်။ ထမီကို ဟုတ်တိပတ်တိ မဝတ်တတ်သော ကျွန်မနှင့်တော့ တွေ့ကြပြီ။ (အဲဒီအချိန်တုန်းက ပတ်ထမီဆိုတာ မပေါ်သေးပါ) ချိတ်နှင့်ဝတ်ကြသော ထမီများရှိတာကိုလည်း ကျွန်မ မသိသေးတော့ တနေ့ တနေ့ ကျောင်းသွားခါနီးပြီးဆိုလျှင် တသက်လုံးက ထမီကို ထမီလို မဝတ်ခဲ့သောကျွန်မခမျာ မှန်ရှေ့မှာ ချာလပတ်ကို လည်နေတော့သည်။ ၁၀ မိနစ်ခြား တခါလောက် ထမီပြင်ဝတ်နေရသောကြောင့် နောက်တခါ မကျွတ်အောင်ဆိုပြီး တင်းတင်းဝတ်ခါ ခါးတဖက်တစ်ချက်စီမှ တွယ်ချိတ်ဖြင့် ထိုးဝတ်တော့မှ အဆင်ပြေသွားတော့သည်။ ဒါတောင် ထမီကပြေပြီး ပွယောင်းယောင်းဖြစ်နေတတ်တာမျိုးကလည်း မကြာခဏဖြစ်သည်။ 
တရက်တော့ ထိုထမီကြောင့်ပဲ ကျွန်မ ချောက်ကျခဲ့ရသည်။ ထိုနေ့က ကျောင်းနောက်ကျသဖြင့် အပြေးအလွှား သုတ်ခြေတင်ကာ မိုင်နာဆောင်ပေါ်သို့ သွားနေစဉ်မှာဖြစ်သည်။ လှေကားထစ်များကို ခပ်သွက် ခြေလှမ်းကျဲများနဲ့ ဖြတ်နင်းစဉ်မှာ ရှည်လျားသော ကိုယ့်ထမီစကို ကိုယ်ပြန်နင်းမိပြီး တွယ်ချိတ် မမြဲတော့ဘဲ ပျော့အိလှသော ထမီအသားက လျှောကနဲနေအောင် ကွင်းလုံးကျွတ်ကျလေတော့သည်။ under skirt တထပ်ပါသေးသော်လည်း ကျောင်းသားကျောင်းသူ စုံလင်လှသောအချိန်ဖြစ်သည့်အတွက် မျက်လုံးပေါင်း သောင်းခြောက်ထောင်အောက်မှာ အရှက်လှလှကွဲရသော ကျွန်မအဖြစ်က တော်တော်ဆိုးသွားရသည်။ အဲဒီနေ့က ကျွန်မ ကျောင်းမတက်ဖြစ်ပါ … ပူထူနေသော ကျွန်မ မျက်နှာကို ဘယ်နားသွားထားရမည်မှန်း မသိသောကြောင့် ဖြစ်သည်။ ကျောင်းပေါ်မှ ဘယ်လိုပြန်ဆင်းလာပြီး ဘယ်လိုအပြင်ကို ပြန်ရောက်ခဲ့မှန်းမသိအောင်ကို ကျွန်မ ပူနွေးရှက်ရွံ့နေခဲ့တာလေ။ 
ကျွန်မ ကျောင်းကို ၁ ပတ်တိတိ မသွားဖြစ်တော့ ကျောင်းမှ သူငယ်ချင်းလေးများ ကျွန်မအိမ်သို့ လိုက်လာကြသည်။ အပိုးသတ်ထားသောမျက်နှာလေးများဖြင့် အိမ်ရောက်လာသော သူငယ်ချင်းများကိုကြည့်ပြီး ကျွန်မ မချိုမချဉ်ပြုံးမိသည်။ ကျွန်မသူငယ်ချင်း ချိုထွေး ဆိုလျှင် စပ်ဖြဲဖြဲရုပ်နှင့် ကျွန်မကို နှစ်သိမ့်အားပေးပါသည်။ “နင်တော့ နာမည်ကြီးသွားပြီ” တဲ့။ ဖြိုးလေးကတော့ “မအိရယ် ကျောင်းပြန်လာတက်ပါ … အဲလိုတော့ မလုပ်ပါနဲ့၊ မြင်တဲ့လူတွေလည်း မြင်ပြီးပြီပဲဟာ” လို့ ပြုံးစစ ဆိုလေသည်။ အမှန်တော့ ထမီကျွတ်ကျလို့ရှက်တာထက် ကျွန်မ စိတ်ဝင်စားနေသည့် ဂီတ မေဂျာမှ ဆရာတယောက်ရှေ့မှာဖြစ်သွားတာဖြစ်လို့ ဒီလောက်ပူထူသွားတာဖြစ်သည်။ နောက်ဆုံးတော့ ကျွန်မ ကျောင်းပြန်တက်ဖြစ်ပါသည်။ ကျွန်မကိုတွေ့တိုင်း ပြုံးစစကြည့်တတ်သော ကျောင်းသား ကျောင်းသူတချို့ဒဏ်တွေကို မသိချင်ယောင်ဆောင်ရင်းပေါ့လေ။ 
ဂီတမေဂျာမှ ဆရာလေးကတော့ ကျွန်မကိုတွေ့တိုင်း မျက်နှာလွှဲသွားလေသည်။ ဒီလိုနဲ့ပဲ ကျွန်မ ဒုတိယနှစ် ရောက်လာသည်။ ထိုအချိန်မှာ အထက်တန်းကျောင်းတုန်းက ကွဲသွားသော ကျွန်မ သူငယ်ချင်းကောင်လေးတယောက်နှင့် ကျောင်းကင်တင်းမှာ ပြန်ဆုံပါသည်။ သူက ကျွန်မကိုလည်းတွေ့ရော ဝမ်းသာအားရနှင့် တအံ့တသြ နှုတ်ဆက်သည်။ အံသြမှာပေါ့ … ကျောင်းတုန်းက ထမီတောင်အချိုးကျအောင် မဝတ်တတ်တဲ့ ယောက်ျားလျာကောင်မလေးက အခုတော့ မြန်မာဝတ်စုံ လှလှပပဝတ်ပြီး သနပ်ခါး မှုန်မှုန်လိမ်းကာ နှုတ်ခမ်းနီဆိုးလို့လေ။ (ကျွန်မ ယဉ်ကျေးမှုတက္ကသိုလ် တက်တုန်းက သနပ်ခါးပါးကွက်ပါး နေ့စဉ်လိမ်းလျက် နှုတ်ခမ်းနီ maroon color ဆိုးကာ ကျောင်းတက်လေ့ရှိသည်)
သူနဲ့အတူပါလာသော သူ့အစ်ကိုဆိုသည့် မင်းသားကတော့ ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်လျက် ညို့ပြုံး ပြုံးပါသည်။(ယခုတော့ မင်းသားကြီး ဖြစ်လို့နေပါပြီ) နောက်တနေ့လည်းကျရော ထိုမင်းသား ကျွန်မတို့ ကျောင်းဝင်းထဲသို့ ခြေစင်္ကြာကျလေတော့သည်။ မျက်မှန်နက်ကြီးတပ်ကာ ဦးထုပ်ဆောင်းလျှက် ရုပ်ဖျက်လာသော်လည်း သူ့ကို မင်းသားမှန်းသိနေသည့် လူတချို့ရဲ့အကြည့်အောက်မှာတော့ ကျွန်မကို အထင်ကြီး အားကျမှုတွေကို မြင်ရလေသည်။ အမှန်ပြောရလျှင် သူ့ကို ကျွန်မ မကြိုက်ပါ။ အားနာသဖြင့် သူနဲ့ ကင်တင်းလိုက်ထိုင်ပေးနေရတာတောင် လူအများရဲ့မျက်လုံးတွေအောက်မှာ ကျွန်မ မွန်းကျပ်လို့နေခဲ့ပြီ။ သူက ကျွန်မကို ကျောင်းဝင်းအပြင်လိုက်ခဲ့ဖို့ ခေါ်ထုတ်ပါသည်။ ကျွန်မကလည်း ဇွတ်ငြင်းသည်။ ၂ ပတ်ခန့်အကြာမှာတော့ သူ ကျွန်မကို စိတ်ပျက်သွားပုံရသည်။ အပြင်ထွက်ဖို့ခေါ်တိုင်း ခေါင်းခါငြင်းနေတတ်လေတော့ သူ အားလျှော့သွားသည် ထင်ပါသည်။ နောက်ထပ် ထပ်မလာတော့ပါ။
ကျွန်မ တတိယနှစ် စာမေးပွဲဖြေပြီးသည့်နှစ်မှာ ကျွန်မ ဘဝ တဆစ်ချိုးပြောင်းပါသည်။ 
ကျေးဇူးရှင် ကျွန်မ ဖေဖေ ရွှေတောင်ကြီး ပြိုလေပြီ။ ရာထူးရှိခဲ့သော်လည်း လူသေသည်အထိ နာမည် အသေမခံနိုင်သော ကျွန်မ ဖေဖေက ထိုခေတ် ထိုအခါက အများသောက်သော မိုးခါးရေကို လိုက်မသောက်ခဲ့သူ ဖြစ်သဖြင့် ဖေဖေ ရုတ်တရက် ဆုံးပါးသွားခဲ့သောအခါ ကျွန်မတို့တွေအားလုံးအတွက် နာမည်ကောင်းတခုမှလွဲလျှင် ဘာတခုမှ မထားခဲ့နိုင်ပါ။ ထိုအခါ သမီးအကြီးဆုံးဖြစ်နေသော ကျွန်မအနေဖြင့် တက်နေသော တက္ကသိုလ် ၂ ခု အနက်မှ နေ့ကျောင်းဖြစ်သော ယဉ်ကျေးမှုတက္ကသိုလ်ကို စွန့်လွှတ်လိုက်ရကာ လုပ်ငန်းခွင်သို့ ဝင်ရလေတော့သည်။ ထိုစဉ်က ကျွန်မ အသက် ၂၁ နှစ်သာ ရှိသေးသည်။ မိစုံဖစုံ ရင်ခွင်အောက်မှာဆိုလျှင် ကလေးလုပ် လို့ ကောင်းတုန်းဖြစ်သော အသက်အရွယ်မှာ ကျွန်မ နေ့စားဝန်ထမ်းအဖြစ် လသာ စာစစ်ဌာနတွင် အလုပ်ဝင်ရပါသည်။ 
လက်ရေးလှသောကျွန်မ လုပ်ရသည့်တာဝန်မှာ ဆယ်တန်းအောင်လက်မှတ်တွေပေါ်တွင် နာမည်တွေ ခုံနံပါတ်တွေ ရေးပေးရခြင်းအလုပ်ဖြစ်သည်။ ထိုအလုပ်ကလည်း ပေါ့သေးသေး မဟုတ်ပါ။ ယရစ်ကို ဘယ်လိုဆွဲရမည် အသတ်ကို ဘယ်လိုရေးရမည် အစရှိသည့် ဌာနဆိုင်ရာကန့်သတ်ချက်တွေ အများကြီးရှိသေးသည်။ နံပါတ်ရေးတာကအစ ဘယ်လိုရေးရမည်ဟု စည်းကမ်းချက်တွေ ဘောင်တွေ သတ်မှတ်ထားသောကြောင့် ရိုးရိုးစာလုံးရေးသလို ပြီးကပျစ်ရေးလို့ မရပါ။ ကျွန်မလိုပဲ ရေးရသော အခြားသူတွေ ၇ ယောက် ၈ ယောက်ခန့် ရှိသေးသည်။ ကျွန်မတို့ဌာနမှ အရာရှိမကတော့ နောက်ဆုံးမှရောက်လာသည့် ကျွန်မလက်ရေးကို သဘောကျရုံသာမက သူများ အစောင်ရေ ၇၀ ကျော် ၈၀ ခန့်သာပြီးသည့်အချိန်တွင် တနေ့ အစောင် ၁၅၀ ကျော်အောင် ရေးပေးနိုင်သော ကျွန်မရဲ့သွက်လက်မှုအတွက် မျက်နှာသာပေးပါသည်။ ရုံးဆင်းချိန်တွင် အများနည်းတူ ဘတ်စကားစီးဖို့ ဂိတ်သို့သွားရချိန်တွင် ဘယ်ကိုသွားသွား ကားမောင်းကာ လိုက်ပို့တတ်ပြီး အမြဲစိတ်ပူတတ်သော ကျွန်မ ဖေဖေကိုလွမ်းကာ မျက်ရည်ကျဖြစ်သည်။
ဖေဖေဆုံးပြီးသိပ်မကြာခင် ကျွန်မ မောင်လေး သင်္ဘောတက်ရသည့်အတွက် ကျွန်မတို့မိသားစု အစစအဆင်ပြေသွားသည်ဟုတော့ ပြောနိုင်ပါသည်။ အသက် ၂၀ ဝန်းကျင်သာရှိသေးသော်လည်း ကျွန်မ မောင်လေးသည် လူကြီးလေးတယောက်ကဲ့သို့ ရင့်ကျက်ကာ မိသားစုတစုလုံးကို စောင့်ရှောက်နေတာမြင်ရတော့ ကျွန်မရော ကျွန်မ မေမေပါ ဝမ်းသာမျက်ရည်ကျမိခဲ့ပြန်သည်။ ထိုအခိုက်ကာလလေးတခုမှာ ကျွန်မ သူ့ကိုတွေ့ခဲ့ခြင်းဖြစ်သည်။ ဦးကျော် ဟူသော ထိုအမျိုးသားက ရုံးတက်ရုံးဆင်း ကျွန်မ ဖြတ်သွားဖြတ်လာတာကို မြင်နေရာကအစ စိတ်ဝင်စားခဲ့ပြီး ကျွန်မကို စတင် ချဉ်းကပ်ပါသည်။ ကျွန်မရုံးမှ အသိတယောက်မှတဆင့် မိတ်ဆက်ပေးစေခဲ့ပြီး ကျွန်မကို ဝင်လုံးသောအကွက်က ရိုးစင်းလွန်းပေမယ့် အားနာသဖြင့် ကျွန်မ သူ့ကို မိတ်ဆွေအဖြစ် လက်ခံခဲ့သည်။ မာစီးဒီးကားအနက်ရောင်ကြီးစီးကာ လက်ကိုင်အိတ်အကြီးကြီးကိုင်တတ်သော သူ့ပုံစံက ဟိတ်ဟန်အပြည့်ဖြင့် ထည်ဝါလှပါသည်။ သိပ်မကြာခင်မှာပဲ ကျွန်မကို ရည်းစားစကားပြောကာ လက်ထပ်ခွင့်ပါ တန်းတောင်းသောသူ့ရဲ့တည်ငြိမ်မှုအတွက် လေးစားမိပေမယ့် ကျွန်မ သူ့ကို နည်းနည်းလေးမှ ချစ်လို့မရသောကြောင့် ပြတ်ပြတ်သားသားပဲ ငြင်းမိပါသည်။ သူက သူ မည်မျှချမ်းသာကြောင်းတွေ ဘာတွေချပြကာ မဲဆွယ်ဖို့ကြိုးစားသော်လည်း အချည်းနှီးသာ။ ကျွန်မ ဆိုသည့် မိန်းမကလည်း ငွေကြေးတွေနှင့် အဲသလို ဖန်တီးယူတာမျိုးကို သေလောက်အောင် မုန်းတီးပါသည်။ ထို့အတွက်ကြောင့် သူ့ကို အတွေ့မခံတော့ဘဲ အဆက်အသွယ်ဖြတ်ပစ်လိုက်ပါတော့သည်။ တပတ်ခန့်အကြာမှာတော့ ကျွန်မအိမ်သို့ သူ ရောက်လာပြီး ကျွန်မမေမေနှင့် အရောတဝင်လုပ်ဖို့ ကြိုးစားလေတော့သည်။
လက်ဆောင်တွေပေး စကားတွေဖောင်ဖွဲ့ကာ ဟန်ကြီးပန်ကြီးလုပ်တတ်သောသူ့ကို မေမေက သဘောကျကာ ကျွန်မကို နားချပါတော့သည်။ အဖေ မရှိတော့သော မိသားစုတခုတွင် အဖေကဲ့သို့ ယောက်ျား ကြီးကြီးမားမားတယောက် မရှိတော့တာကို အားငယ်နေသော မေမေ့ရဲ့ မျှော်လင့်ချက်တွေက ကျွန်မအပေါ်ပုံလာခဲ့ပြီ။ ကျွန်မ သူနဲ့လက်ထပ်ရင် မေမေတို့အားလုံး ပျော်ရွှင်နိုင်လိမ့်မည်ဟူသော မေမေ တိုက်တွန်းချက်များကြောင့် ကျွန်မ သူ့ကိုလက်ခံခဲ့ပြီး စေ့စပ်ဖြစ်ခဲ့ကြသည်။ စေ့စပ်ပွဲအပြီး ၃ လခန့်အကြာတွင် လက်ထပ်ကြဖို့ မေမေတို့က အစီအစဉ်ဆွဲကြသော်လည်း ကျွန်မကတော့ ဘာမှဝင်မပြောဖြစ်ပါ။ ကျွန်မ စိတ်ထဲမှာတော့ ငါလက်ထပ်ဖို့ အသက် အရမ်းငယ်နေသေးတယ်ဟု တွေးတွေးကာ ဝမ်းနည်းနေမိတာတော့ အမှန်ပဲဖြစ်သည်။ ကျွန်မ စိတ်ထဲမှာ ကျွန်မဘဝအတွက် မျှော်လင့်ချက်အကြီးကြီးတွေ တခမ်းတနား အိပ်မက်ကြီးတွေရှိနေခဲ့တာကို မသိခဲ့သော မေမေကတော့ ကျွန်မရဲ့ စေ့စပ်ပွဲအတွက် ပျော်ရွှင်နေခဲ့သည်။ ကျွန်မအတွက်ကတော့ ပျော်ရွှင်သည်လည်းမဟုတ် မပျော်ရွှင်တာလည်းမဟုတ်ဘဲ ဘာမှန်းမသိသည့် အီလည်လည်ခံစားချက်တခုဖြင့် တွေဝေနေခဲ့သည်။ တကယ်တော့ ကျွန်မ လက်မထပ်ချင်သေးပါ။ ဖေဖေသာရှိလျှင်လည်း ကျွန်မကို လက်ထပ်စေဦးမှာမဟုတ်ဟု ကျွန်မ တွေးမိသည်။ အထူးသဖြင့် ကျွန်မထက် အသက် ၁၀ နှစ်ကျော်ကြီးသော ယောက်ျားတယောက်နှင့်ဆိုလျှင်ပေါ့။ ဒါပေမယ့် ကံတရားဆိုသည်က ပုံသေကားချပ်တခုမှမဟုတ်ခဲ့တာလေ။ 
လက်ထပ်ခါနီး ၁ လခန့်အလိုတွင် မထင်မှတ်စွာ သတင်းတစထွက်ရာကအစပြုလို့ သူထံတွင် အိမ်ထောင်ရှိခဲ့ဖူးကြောင်းသိရာမှ စလေသည်။ အိမ်ထောင်မှ ၁ ဆက်တောင် မဟုတ်၊ ၂ ဆက်နှင့် တပိုင်းဟုပင်ဆိုရမည်။ တပိုင်းဆိုတာက လက်မထပ်ဖြစ်ပဲ အကြာကြီးအတူနေခဲ့သော ရည်းစားကို ဆိုလိုတာဖြစ်သည်။ ကလေးတွေလည်းရှိသေးသည်ဆိုသော သတင်းတွေနှင့် ဓာတ်ပုံတွေကို သယ်ဆောင်လာပေးခဲ့သော ကျွန်မ သူငယ်ချင်း ကောင်လေးကို ပြန်တွေးလျှင် တကယ်ပဲ ကျေးဇူးတင်စရာကောင်းလှသည်။ မေမေ ဆိုတာတော့ ထိုသတင်းကြားကြားချင်းမှာ ကျောက်ရုပ်တရုပ်လို ငိုင်တွေသွားခဲ့ပြီး မျက်ရည်တွေကျခဲ့ပေမယ့် ကျွန်မကတော့ ရှက်ရွံအားငယ်သွားတာတခုကလွဲလျှင် ဘာမှ ထူးထူးထွေထွေ ခံစားမှု သိပ်မရှိခဲ့ပါ။ မေမေနှင့်သူ မျက်နှာချင်းဆိုင်ဆုံမေးကြသောအခါ သူက ထိုအကြောင်းအရာများ မှန်ကန်ခဲ့ပါကြောင်း မေမေ မျက်လုံးတွေကို ရင်မဆိုင်ဘဲ ဖြေလေသည်။ သူက ဆက်ပြီး သူ အမှန်တွေကိုမပြောခဲ့ခြင်းမှာ ကျွန်မကို ဆုံးရှုံးရမှာ ကြောက်သောကြောင့်ဟု ဖြေသောအခါမှာတော့ မေမေ မျက်နှာတခုလုံး ဟန်မဆောင်နိုင်လောက်အောင် ပျက်ယွင်းကာ ဒေါသထွက်လေသည်။ ကျွန်မဘက်လှည့်ပြီး “သမီး ဘာလုပ်ချင်သလဲ” ဟု မေမေမေးတော့ ကျွန်မက ခပ်အေးအေးပဲ “ကျွန်မ မင်္ဂလာပွဲဖျက်ချင်တယ်” ဟု ဖြေလိုက်သည်။ သွေးအေးစွာဖြင့် တခွန်းချင်းပြောသော ကျွန်မကို ဖျတ်ဆို သူ လှမ်းကြည့်ရင်း “ကိုယ် တောင်းပန်ပါတယ်” ဟု ဆိုသည်။ ကျွန်မတို့ဘက်မှ ပွဲပြီးသွားပေမယ့် သူ့ဘက်က မပြီးသေးပါ။ ကျွန်မကို ခြိမ်းခြောက်သလိုလို ချော့မော့သလိုလိုဖြင့် ထပ်မံကြိုးစားနေသောသူ့ကိုကြည့်ပြီး ကျွန်မ တကယ်ပဲ စိတ်ကုန်ခမ်းမိသည်။
နောက်တနေ့မှာတော့ သူ မသိအောင် ကျွန်မ တိတ်တိတ်လေး ခရီးထွက်ချသွားတော့ သူ လိုက်စုံစမ်းသေးသည်ဟု ပြန်ကြားရပါသည်။ နယ်မြို့တမြို့မှ ကျွန်မ ဆွေမျိုးတွေထံမှာ ၃ လနီးပါးခန့် ကျွန်မ စိတ်လက်ပေါ့ပါးစွာ နေပစ်လိုက်သည့်နောက်မှာတော့ သူလည်း ကျွန်မကိုလာမရှာတော့ဟု ကြားသိရသည့်အတွက် ရန်ကုန်သို့ ပြန်လာခဲ့လိုက်တော့သည် …။ တခုတော့ရှိတာပေါ့လေ၊ မင်္ဂလာဆောင်ခါနီးမှ မင်္ဂလာပွဲပျက်သွားရသည်ဆိုတော့ ဘယ်သူ့ဘက်ကပဲ ဖျက်သည်ဖြစ်စေ မိန်းကလေးဘက်ကတော့ အပြောအဆို ခံရတာရှိပါသည်။ လူဆိုတာမျိုးကလည်း ဘာမဟုတ်တာလေးကိုတောင် ချဲ့ကားပြောချင်ကြတာဆိုတော့လည်း တီးတိုးတီးတိုးလုပ်ကြသည်မှာ ကျွန်မအတွက် စိတ်ကသိကအောက် ဖြစ်ရသည်။ ကျွန်မ အဝေးသင်နောက်ဆုံးနှစ် ပြန်တက်ဖြစ်ပြီး မကြာမီမှာပင် အိမ်ခြံမြေအကျိုးဆောင် Company တခုမှာ အလုပ်ဝင်ဖြစ်သည်။ ဗဟန်းထဲမှာဖြစ်သောကြောင့် ရန်ကင်းတွင်နေသော ကျွန်မအတွက်လည်း အဆင်ပြေ အလုပ်ရှင်သဌေးကလည်း သဘောကောင်း ဦးစားပေးသောကြောင့် ပထမပိုင်းမှာတော့ ကျွန်မ ပျော်နေခဲ့သည်။ 
သိပ်မကြာလိုက်ပါ … နောက်မှဝင်သည့် ကျွန်မကို သူဌေးက လစာတိုးပေးလိုက်လေရာ ပထမရှိနှင့်နေပြီးသော ဝန်ထမ်းကောင်လေး ၂ ယောက်နှင့် ကောင်မလေး ၂ ယောက်ရဲ့ ငြိုငြင်မှုကို ခံရတော့သည်။ နောက်ပြီး customer တွေကို အိမ်လိုက်ပြလျှင်လည်း သူဌေးက ကျွန်မနှင့် ၂ ယောက်ထဲထွက်ဖို့ကိုသာ အကြောင်းဖန်လေတော့သည်။ ထိုသို့ ဇွတ်ဖန်တီးမှုမျိုးကို ကျွန်မ အလွန်မုန်းသည်။ ကျွန်မကို ထိကပါးရိကပါး ဆက်ဆံလာချိန်တွင်တော့ ကျွန်မ အလုပ်ထွက်ဖို့ ဆုံးဖြတ်မိသွားတော့သည်။ ကျွန်မ ထွက်စာသွားတင်ချိန်တွင် သူ မရှိပါ။ သူ့အမျိုးသမီးက သူ့ကိုယ်စား ရုံးထိုင်နေချိန်ဖြစ်သည်။ ကျွန်မ ထွက်စာပေးတော့ သူမက အံ့သြဟန်ဖြင့် “ဘာပြသာနာရှိလို့လဲ သမီး” ဟု ကျွန်မကို မေးပါသည်။ ကျွန်မ အဖြစ်မှန်ကို ရှင်းမပြတော့ပါ၊ မပျော်တော့လို့ပါဟုပဲဖြေတော့ သူမလည်း ဆက်မမေးတော့။ ကျွန်မ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာ ကျွန်မ သူဌေး ဖုန်းဆက်မေးသေးသည်။ သူ ဖုန်းဆက်တိုင်း မေမေကို ကျွန်မ မရှိကြောင်းသာ ပြောခိုင်းလေတော့ နောက်ထပ် မဆက်တော့ဘဲ ငြိမ်သက်သွားပါသည်။ 
ထို့နောက်မှာ အခြားသော company ၂ ခုခန့်တွင် ၅ နှစ်နီးပါးခန့် ကျွန်မ ဆက်လုပ်ဖြစ်သေးသည်။ အဲဒီနောက်မှာ ရုပ်ရှင်အစည်းအရုံးမှခေါ်သည့် သရုပ်ဆောင်သင်တန်းတွင် ရွေးချယ်ခံရပြီး သင်တန်းတက်ဖြစ်သွားရာမှအစပြုကာ ကျွန်မအတွက် အစိမ်းသက်သက်ဖြစ်သော လမ်းကြောင်းတခုပေါ်သို့ ဘုမသိဘမသိ ရောက်သွားလေတော့သည်။ ဗဟန်း ဝင်္ကပါလမ်းထဲတွင်ရှိသော ရုပ်ရှင်အစည်းအရုံးတွင် သင်တန်းတက်ခဲ့ရသည့် နေ့စွဲများဟာလည်း ကျွန်မရဲ့ အမှတ်တရများစွာထဲမှာ ထင်ထင်ရှားရှားပါခဲ့ပါသည်။
သင်တန်းတွင် ပထမဆုံး ကျွန်မ စရသည့် သူငယ်ချင်းအသစ်လေးမှာ ကျွန်မနှင့် ကပ်လျက်ထိုင်သော ခုံနံပါတ် ၁ မှ နှင်းသီတာ ဖြစ်သည်။ ရှည်လျားသော ဆံပင်နက်နက်လေးများနှင့် ပိန်သွယ်ရှည်လျားသော အသားညိုညို ထိုကောင်မလေးကို ကျွန်မက သီတာ ဟု ခေါ်ပါသည်။ စကားပြောလျှင် မပွင့်တပွင့် တိုးတိုးညင်းညင်းပြောတတ်သော ထိုကောင်မလေးကိုကြည့်ပြီး သူ ဘယ်လိုများ သင်တန်းထဲရောက်လာပါလိမ့်ဟု ကျွန်မ မကြာခဏ တွေးမိသေးသည်။ နောက် တယောက်က ခုံနံပါတ် ၄ မှ လှိုင်းနှင့် ခုံနံပါတ် ၅ မှ sandar ဆိုသော ကောင်မလေးဖြစ်သည်။ ခုံနံပါတ် ၃ က ကောင်မလေးနာမည်ကိုတော့ ကျွန်မ မမှတ်မိတော့ပါ။ ကပ်လျက်ခုံဖြစ်ပေမယ့် စကားကြီးစကားကျယ်တွေပြောကာ ရုပ်ရည်သာမန်ထက်မပိုသော မျက်မှန်ထူထူတပ်ထားသည့် ထိုကောင်မလေးသည် အတန်းထဲတွင် မည်သူနှင့်မှလည်း အဆင်ပြေပြေ အလိုက်အထိုက် မရှိလေတော့ ကျွန်မနှင့် မပေါင်းသင်းဖြစ်တာလည်း ဆန်းတော့ မဆန်းဘူးထင်ပါသည်။ လှိုင်းကတော့ အရပ်သိပ်မရှည်ပါ။ အသားဖြူဖြူ တောက်ပသောမျက်ဝန်းများနှင့် စကားပြောလျှင် ယောက်ျားဆန်ကာ ခပ်ပြတ်ပြတ်ပြောတတ်သည်။ ဒါပေမယ့် သူမနဲ့ပတ်သက်လျှင် ဘယ်အရာကိုမှ သူမ မပြောပဲ မသိနိုင်သော လျှို့ဝှက်ဆန်သည့်ကောင်မလေး ဖြစ်သည်။ sandar ကတော့ သီတာလိုပဲ ဆံပင်ရှည်ကာ အရပ်မြင့်သော်လည်း အသားဖြူပြီး စွဲညို့စူးတောက်သော မျက်နက်ဝန်းများကို ပိုင်ဆိုင်သည်။ လှပသော သွားစွယ်လေးများပေါ်အောင်ပြုံးကာ စကားပြောလေ့ရှိသော ထိုကောင်မလေးကိုလည်း ကျွန်မ သဘောကျပါသည်။ သင်တန်း စတက်သောနေ့တွင် ကျွန်မတို့တယောက်ချင်း ကိုယ့်ကိုကိုယ် မိတ်ဆက်ရသည်မှာ ကျောင်းတက်တုန်းကလို ရုပ်သေတွေမဟုတ်ဘဲ သရုပ်ဆောင် သင်တန်းသား သင်တန်းသူများပီပီ စိတ်ဝင်စားစရာကောင်းလှသည်။ အဲဒီမှာ နောက်ထပ် ကျွန်မ သတိထားမိသော ကောင်လေး ကောင်မလေးတွေ ထပ်တွေ့ရလေသည်။ ရီရီသိန်း ဟု အမည်ရသော အကောင်သေးသေးလေးနှင့် အသံကျယ်ကျယ်ပြောတတ်သော ဖြူဖြူကောင်မလေးသည် စကားပြောပွင့်လင်းပြီး အင်မတန်မှကို သရုပ်ဆောင်တတ်သူဖြစ်သည်။ ဒီကောင်မလေး တော်တယ် ဟု ကျွန်မ မှတ်ချက် ကျိတ်ပေးဖြစ်ပါသည်။ (အံသြစရာကောင်းတာက ထိုကောင်မလေးနှင့် ကျွန်မ သင်တန်းအပြီး ၇ နှစ်ခန့်အကြာတွင် ဒူဘိုင်းမှာ ပြန်ဆုံရလေသည်) နောက်တယောက်ကတော့ မြတ်ခိုင် ဆိုသောကောင်လေး ဖြစ်သည်။ 
အသားဖြူပြီး အရပ်ပုသော်လည်း ပြုံးလိုက်လျှင် ချွန်မြသော သွားစွယ်လေးပေါ်ထွက်လာတတ်ပြီး ချစ်စရာကောင်းသည့် ထိုကောင်လေးကို ပထမဆုံး သတိထားမိသူမှာ သီတာဖြစ်သည်။ စင်ရှေ့ထွက်ပြီး သူ့ကိုယ်သူမိတ်ဆက်သော ထိုကောင်လေးအလှည့်တွင် သီတာက ကျွန်မကို တံတောင်နှင့် လှမ်းတွတ်သည်။ “ပန်းသီးရေ … အဲဒီကောင်လေး က ချစ်စရာလေးနော်” ဟု သီတာပြောတော့ ကျွန်မ သေသေချာချာ ကြည့်ဖြစ်သည်။ ကျွန်မတောင် သီတာကို နောက်လိုက်သေးသည်။ ရှည်လျားသော သီတာ့ အရပ်အမောင်းနဲ့ ထိုကောင်လေးရဲ့ အရပ်ပုပုလေးနဲ့ဆို ခုံခုရတော့မယ်ဟု ဆိုတော့ သီတာက မျက်စောင်းထိုးပြီး ငါက ကြိုက်တယ်လို့ပြောနေတာမှ မဟုတ်တာ ဟု ရှက်ကိုးရှက်ကန်း ဆိုပါသည်။ နောက်တယောက်က ယုဇန ဟု အမည်ရသော ဆံပင်ကောက်ကောက်လေးများနှင့် ကောင်မလေးဖြစ်သည်။ သူမကို စတွေ့သည့်နေ့ကပင် ဒီကောင်မလေးက ငါနဲ့ ဆင်လိုက်တာ ဟု ကျွန်မ တွေးဖြစ်သည်။ ကျန်သူများကလည်း ကျွန်မနဲ့ ဒီကောင်မလေးကို ညီအစ်မတွေလားလို့တောင် မေးယူကြရသည့်အထိတူသော ထိုကောင်မလေးသည် စကားပြောလျှင် ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး စိတ်ထဲရှိတာကို သိပ်မြုံမထားတတ်သော ကောင်မလေးဖြစ်သည်။ သူ့ကို ကြည့်လိုက်တိုင်း အမြဲလို ယောက်ယက်ခတ်နေလေ့ရှိပြီး ဖုန်းတလုံးဖြင့် အလုပ်ရှုပ်နေတတ်သည်။
နောက်တယောက်ကတော့ သူနဲ့ကပ်လျက်ခုံတွင်ထိုင်သော ရဲကိုကို ဆိုသည့် ကောင်လေးဖြစ်သည်။ အသားညိုညိုရှိပြီး မြန်မာဆန်သော ရုပ်ရည်နှင့် ထိုကောင်လေးသည် သရုပ်ဆောင်သည့်နေရာမှာတော့ အင်မတန် တော်ပါသည်။ ယုဇနနှင့် ရဲကိုကိုမှာ အမြဲတကျက်ကျက် ရန်ဖြစ်နေတတ်သော ခုံကပ်လျက်ထိုင်ကြရသည့် ကြောင်နှင့် ကြွက်လေးများဖြစ်သည်။ ကျွန်မ ထိုသင်တန်းတက်စဉ်ကာလက အမှတ်တရများစွာထဲမှာ ကျွန်မ ဆရာများလည်းပါသေးသည်။ ဆရာ ဦးကြည်စိုးထွန်း စာသင်ချိန်ဝင်လျှင် ကျွန်မ အလွန်သဘောကျပါသည်။ စကားပြောကောင်းသော ဆရာ့ရဲ့ ကိုယ်တွေ့အမှတ်တရ ပေါင်းများစွာကို နားထောင်ရင်း နှစ်ခြိုက်ခဲ့ဖူးသည်။ ဆရာပြောပြသော ရုပ်ရှင်ခေတ်ဦးပိုင်းက အတွေ့အကြုံများဆိုလျှင် နားထောင်ကောင်းသလောက် ဗဟုသုတလည်း အလွန်ရှိခဲ့သည်။ နောက်တယောက်ကတော့ ဆရာ ဦးငြိမ်းမင်းဖြစ်သည်။ မြန်မာစာဆရာပီပီ စကားပြောကောင်းသော ဆရာကတော့ အထူးတလည် ပြောစရာကို မလို … ဆရာ့စာသင်ချိန်ရောက်ပြီဆိုလျှင် အခန်းပြင်ရောက်နေသော သင်တန်းသားတွေတောင် တကူးတက ပြန်ဝင်လာကြသည်အထိ ဆရာက စည်းရုံးရေးဟောပြောရေးကောင်းပါသည်။ နောက်တယောက်ကတော့ ဆရာပန်းချီ ဦးစိုးမိုးဖြစ်သည်။ အသားဖြူဖြူလူပုံနွဲ့နွဲ့နှင့် အဆင်ရောင်နုလေးများ ဝတ်တတ်သော ဆရာပုံစံက ဒါရိုက်တာတယောက်နှင့်တော့ သိပ်မတူပါ။ စကားပြောပြီဆိုလျှင်လည်း သင်တန်းသား သင်တန်းသူတယောက်ချင်းစီကို စူးစူးစိုက်စိုက်ကြည့်ပြီး စကားပြောတတ်သော ဆရာ့ကို ကြည့်ရသည်မှာ မာန်အပြည့်ရှိသည်ဟု ယုံကြည်ရသည်။ အေဝမ်းသိန်းထွဋ် ဟူသော လေးလေးသိန်း စာသင်ချိန်တွေမှာတော့ ကျောင်းသားတွေ တဝါးဝါး တဟားဟားဖြစ်ပြီး ပတ်တုတ်မရသောအချိန်တွေပဲ ဖြစ်လေသည်။ လေးလေးသိန်းပြောပြသော ဟာသ အတွေ့ အကြုံတွေဟာ ကျွန်မတို့တွေအတွက်သဘောကျနှစ်ခြိုက်စရာတွေချည်းဖြစ်ခဲ့ပါသည်။
ဦးထူး ဟု ကျွန်မတို့ခေါ်သော ဦးထူးသာ ဝင်သည့်အချိန်တွေကတော့ တော်တော့ကို ငိုရလေသည်။ ဘာကြောင့်လဲဆို ဦးထူးက သင်တန်းသား သင်တန်းသူတွေကို မျက်ရည်အစစ်ကျဖို့အတွက် အမြဲ လေ့ကျင့်ခိုင်းလေ့ရှိသောကြောင့် ဖြစ်သည်။ ဒါပေမယ့် ဦးထူးဝင်သည့်အချိန်တွေကို ကျွန်မ အလွန်သဘောကျသည် … ကျွန်မကိုယ်တိုင်က အလွမ်းဓာတ်ခံရှိလေတော့ ဦးထူးက ငိုဆိုသည်နှင့် ကျွန်မက မျက်ရည် ပေါက်ခနဲ ဆိုကျပြီးနေလေပြီ။ နောက်ထပ် ကျွန်မ သဘောအကျဆုံး ဆရာတယောက်ကတော့ ဘဘ ဗိုလ်ကလေးဦးတင့်အောင် ဖြစ်သည်။ ဇာတ်ကွက် ဇာတ်လမ်းလေးတွေနှင့် မျက်လုံးထဲ ကွင်းခနဲမြင်အောင်ပြောနိုင်သော ဘဘသည် အသက်ကြီးနေပေမယ့်လည်း အမြဲမာန်ပြည့်နေတတ်ပြီး အနုပညာဈာန်အပြည့်ဝင်စားနိုင်သည့် ကျွန်မအလေးစားရဆုံး ဆရာတယောက်ဖြစ်သည်။ 
ရုပ်ရှင်သရုပ်ဆောင်သင်တန်းကြီး ပြီးသွားချိန်မှာတော့ ကျွန်မတို့ သင်တန်းသား သင်တန်းသူတွေ တယောက်တနေရာဆီ ကွဲကွာသွားကြပြီး ကိုယ်စီကိုယ်စီ ရင်းနီးရာ ဆရာများ ဗီဒီယိုတိုက်များနှင့် အလုပ်လုပ်ကြသူကလုပ် သတင်းအစအနမြုပ်ပြီး ပျောက်သူကပျောက်နှင့် ဘဝဇာတ်ခုံကြီးမှာ ကခုန်ကြရလေသည်။
ကျွန်မကတော့ ကျွန်မသူငယ်ချင်းမိတ်ဆွေတွေ အဆက်အသွယ်ဖြင့် ဗီဒီယိုဇာတ်ကားတချို့ ကျိုကျဲ ကျိုကျဲ ရိုက်လာရသည်။ တခါမှ မတွေ့ဖူးသော အတွေ့အကြုံသစ်တွေရခဲ့သလို လူအမျိုးမျိုး လေ့လာဖြစ်ခဲ့သည်။ သရုပ်ဆောင်သစ်ဆိုပြီး နှိပ်ကွပ်ချင်သော လူများ၊ လူလူချင်း လူသားပြန်စားချင်သည့် လူကျားများ၊ နှမချင်းကိုယ်ချင်းမစာသည့် ဈေးကွက်တင်ရောင်းရန် ကြိုးပမ်းချင်ကြသူများကိုလည်း မြင်ဖူးခဲ့ရသလို တကယ်ကောင်းပြီး ကူညီတတ်သော စနိုးဝှိုက်ထုတ်လုပ်ရေးမှ ဦးမောင်တို့လို ဒါရိုက်တာမျိုးကိုလည်း ကြုံခဲ့ရပါသည်။
ပထမဆုံးအကြိမ်အဖြစ် ယမ်းဖောက်ခွဲပြီးရိုက်ရသည့် သန်လျင်က ရိုက်ကွင်းတခုကို ကျွန်မ မှတ်မိသေးသည်။ ဆရာဦးအောင်ခိုင်တို့ရိုက်သော ဇာတ်လမ်းတပုဒ်ဖြစ်ပြီး ကျွန်မက လူဆိုးမ လုပ်ရသော ဇာတ်လမ်းဖြစ်သည်။ 
လူဆိုးတို့ရဲ့ထုံးစံအတိုင်း နောက်ဆုံးမှာ သေနတ်ဒဏ်ရာရကာ သေရမည်ဖြစ်သောဇာတ်ရုပ်ဖြစ်သည့်အတွက် ကျွန်မ ဝမ်းဗိုက်နားမှာ ဝါယာကြိုးတွေလာကပ်ချိန်တွင်တော့ ကျွန်မ မျက်စိမျက်နှာပျက်စပြုလေပြီ … ကျွန်မသည် ဟိုငယ်စဉ်ကထဲက မီးတို့ ဝါယာတို့နှင့်ပက်သက်လျှင် အလွန်ကြောက်တတ်သည်။ ဒါကို သေနတ်ဒဏ်ရာရလျှင် မီးငွေ့ထွက်ရန်ဆိုကာ ဝမ်းဗိုက်တွင် ဝါယာတွေလာကပ်လေတော့ အတွေ့အကြုံမရှိသည့် ကျွန်မ နှုတ်ခမ်းတွေဖြူကာ အသံတွေပါတုန်လေပြီ။ ဒီကြားထဲ သင်းသင်းယုလှိုင်က သူမ ယမ်းဖောက်ခွဲရိုက်ကူးတုန်းက အတွေ့အကြုံကြောင့် ပါးပြင်မှာ ဒဏ်ရာရခဲ့ကြောင်း မထင်မရှား သူမရဲ့ အမာရွတ် ပိစိညောက်တောက်ကိုပြပြီး ကျွန်မကို သတိပေးလေတော့ ပိုဆိုးသည်။
“ဆရာ ကျွန်မ ဒီ ယမ်းမဖောက်ပဲ ရိုက်လို့မရဘူးလား” ဆိုတော့ ဦးအောင်ခိုင်က စိတ်တိုပြီးအော်လေသည်။ အန်တီ ဝါဝါအောင်ကတော့ ဖြူဖတ်ဖြူရော်နှင့် ကျွန်မပုံစံကိုကြည့်ပြီး စိတ်မသက်မသာနှင့် အားပေးရှာသည်။ ကင်မရာမင်းကလည်း “ဘာမှမဖြစ်ဘူး … မသကာ နင့်မျက်နှာ မီးပွားစင်ရုံပဲ” ဟု ရယ်ကျဲကျဲနှင့် ဟာသလုပ်လေတော့ ကျွန်မခမျာ ဘုရားစာရွတ်ရင်းသာ ရင်တမမ တရလေတော့သည်။ ကဲ … ဇာတ်လမ်းကတော့ စပါပြီ … သေနတ်သံတွေ တဖောင်းဖောင်း ယမ်းငွေ့တွေ တလူလူနှင့် သန်လျင်က တောထဲတွင် ပြေးကြလွှားကြရပြီ … ကျွန်မ သေရမည့်ဇာတ်ရုပ်မှာ ဥက္ကာမင်းမောင်ကိုပစ်သည့်ကျည်ကို ကျွန်မက ကာရင်း ကျည်သင့်ရမည့် ဇာတ်ရုပ် ဖြစ်သည်။ ကျွန်မ မျက်လုံးထဲမှာ ဘာကိုမှလည်း မမြင်တော့ပါ … ဖုံးလွှမ်းနေသော ကြောက်ရွံစိတ်တခုနှင့် ရောထွေးပြီး အသိလည်းမရှိတော့ … action ဆိုသော အသံကြားသည်နှင့် ကျွန်မ ဥက္ကာမင်းမောင်ရှေ့ကို ပြေးအဝင် … ဖောင်းခနဲမည်သော ယမ်းပေါက်ကွဲသံနှင့် ဝမ်းဗိုက်ဆီမှ အူခနဲထွက်လာသော မီးခိုးငွေ့များနှင့်အတူ ကျွန်မ ပစ်လဲကျသွားလေတော့သည်။ ဒိုင်ယာလော့တွေပြောနေသော ဥက္ကာမင်းမောင် ရဲ့ သရုပ်ဆောင်မှုကိုလည်း မသိတော့၊ ပတ်ဝန်းကျင်ကိုလည်း ကျွန်မ မသိတော့ပါ။ အမှန်ကတော့ ကျွန်မ တကယ်ပဲ အကြောက်လွန်ကာ အသိလွတ်သွားခဲ့တာ ဖြစ်သည်။ သတိမေ့သွားတာမဟုတ်ဘဲ သေချင်ယောင်ဆောင်ပြီး မျက်လုံးမှိတ်နေရာက အသိပါလွတ် သွားတာမျိုးဖြစ်သည်။ “ကဒ်” ဟု အော်လိုက်ချိန်တွင် ဆက်လက်လဲကျနေသေးသော ကျွန်မကို ဥက္ကာမင်းမောင်က ဆွဲလှုပ်ရင်းသတိပေးသည်မှ အသိဝင်လာသည်။ အသိဝင်ဝင်ချင်း ကိုယ့်ဝမ်းဗိုက်ဆီကိုယ်ပြန်ငုံ့ကြည့်လေတော့ အပြာရောင်အင်္ကျီ အသစ်ချက်ချွတ်လေးမှာ မီးကျွမ်းဒဏ်ရာကို မြင်ရသည်။ အတွင်းမှာတော့ အသားကို မထိအောင် မီးခံထားသည့်ဟာမျိုး ဝတ်ဆင်ပေးထားသည့်အတွက် ဘာမှတော့ မဖြစ်ချေ။ ဦးအောင်ခိုင်ကတော့ ကျွန်မကို “လူကြီးကတော့ ကျားကိုးစီး စားမကုန်ပုံနှင့် ကြောက်တတ်လိုက်တာ လွန်ပါရော” ဟု ရယ်လျက်ဆိုသည်။ ထိုကတည်းက ယမ်းဖောက်ခွဲခံရမည့်ဇာတ်တို့ ဘာတို့ကို ကျွန်မ ဝေးဝေးက ရှောင်လေတော့သည်။ 
နောက်တခါကြုံရတာကတော့ မီးဘေး မဟုတ်၊ ရေဘေး ဖြစ်လေသည်။ ဦးကျော်သူ ဒါရိုက်တာလုပ် ရိုက်ကူးသော ဒီဗီဒီကားကြီးဖြစ်ပြီး ဇာတ်ညွှန်းထဲတွင် ကျွန်မတို့တွေမှာ ချောက်ထဲပြုတ်ကျကာ သေရမည့်အခန်းဖြစ်သည်။ ကျွန်မက ဦးကျော်သူကို “ချောက်ထဲပြုတ်ကျသေတာကို ဘယ်လိုရိုက်မှာလဲ” ဟုမေးတော့ သူက “ကွန်ပျူတာနဲ့လုပ်မယ်” ဟုပြောသဖြင့် စိတ်အေးလက်အေး ရှိသွားရသည်။
နောက်ရက်ကျတော့ တံတားအတုတခု ဆင်နေကြတာကို မြင်ရသည်။ ကျွန်မမှာ ဒါမျိုးအတွေ့အကြုံမရှိသဖြင့် ကျွန်မ အမေအဖြစ်သရုပ်ဆောင်သော အန်တီ ခင်မို့မို့အေးကို သွားမေးတော့ သူကလည်း “အင်း .. ဟုတ်မှာပေါ့ ကွန်ပျူတာနဲ့လုပ်မှာမို့လို့ တံတားအတုဆောက်တာနေမှာပေါ့” ဟု ခပ်အေးအေးပင် ဖြေလေသည်။ ဘယ်ဟုတ်ပါ့မလဲ … တကယ်ရိုက်ကူးသောနေ့မှာပင် အဖြေက ပေါ်လေသည်။ လှော်ကားဥယျာဉ်ထဲမှာ ကြိုးတံတားကြီးပေါ်တွင် ကျွန်မတို့တွေ ဖြတ်ကူးကြရပြီး ထိုကြိုးတံတားကြီးပေါ်မှ အောက်ဘက်ရှိ ရေကန်ထဲသို့ ခုန်ချကြရမည် တဲ့ …။ ကြိုးတံတားနှင့် ရေကန်က အရမ်းအမြင့်ကြီးမကွာသော်လည်း အောက်ဘက်သို့ မမြင်ရသော နောက်ကျိနေသည့် ထိုရေကန်ရဲ့အနက်ကို မမြင်ရလေတော့ ရေမကူးတတ်သည့်ကျွန်မ ကြောက်ဒူးတုန်လေပြီ။ “ဦးမောင်ရေ သမီးရေမကူးတတ်လို့ ခုန်မချပါရစေနဲ့” လို့ သွားပြောလေတော့ ဦးကျော်သူက “ရေကန်က မနက်ပါဘူး” ဟု ခပ်ပေါ့ပေါ့ပင် ဆိုသည်။ ဆရာဦးအောင်ခိုင်ကလည်း ထိုကားထဲတွင်ပါလေတော့ ဆရာကို သွားအပူကပ်ပြန်သည်။ “ဆရာ လုပ်ပါဦး … သမီး ရေမကူးတတ်လို့ ခုန်မချရဲလို့ပါ” ဆိုတော့ ဆရာကလည်း ရယ်ကျဲကျဲလုပ်ပြီး “နင်က ရေလည်း ကြောက်တာပဲလား” ဟု ဆိုလေသည်။ ကျွန်မ ရေကြောက်တာတော့ မဟုတ်ပါ … အညိုရောင် ထကာ နောက်ကျိနေသော ထိုရေကန်အောက်ခြေကို မမြင်ရသဖြင့် တခုခုဖြစ်သွားမှာကို စိုးရိမ်နေတာဖြစ်သော်လည်း ကျန်အဖွဲ့သားများကတော့ ခပ်အေးအေးပင် …။ လုပ်စရာရှိသည်များကို လုပ်နေကြလေသည်။ 
တံတားပြတ်ကျကာ သေမည့်အခန်းတွင် ပါရမည့် ကိုညီဘွား၊ အန်တီခင်မို့မို့အေးနှင့် ဦးအောင်ခိုင်တို့ကလည်း တံတားပေါ်မှာ အသင့်ရောက်နေကြပြီ။ ကျွန်မတယောက်ထဲသာ ယောက်ယက်တွေခတ်နေရင်း ဘုရားစာမပြတ်ရွတ်လျှက် ကျီးကန်းတောင်းမှောက်ဖြစ်နေရသည်။ ဦးကျော်သူက ရိုက်ကြဖို့ အားလုံးနေရာယူကြဆိုတော့ ကျန်လူများအားလုံးက ကိုယ်စီကိုယ်စီ တံတားလက်ရန်းဘောင် တဖက်စီကိုကျော်လျှက် ခုန်ရန်အသင့် အနေအထားတွေမှာရှိနေကြပြီး အခုအချိန်အထိ လက်ရန်းကို ကျော်ရကောင်းနိုး မကျော်ရကောင်းနိုး ချီတုံချတုံဖြစ်နေသော ကျွန်မကို ဦးကျော်သူက သိပ်စိတ်ရှည်ပုံမရတော့။ သူ့ကိုလှမ်းကြည့်ပြီး “ဦးမောင် သမီး ခုန်မချရဲဘူး” ဟု အသံတုန်တုန်ဆိုသော ကျွန်မကို စိတ်ပျက်လက်ပျက်ကြည့်လေသည်။ နောက်မှ … “ ကဲ…ကဲ … ခုန်မချရဲရင်လည်း ခုန်မချနဲ့တော့ တံတားလက်ရန်း ဟိုဘက်ကိုကျော်ပြီးပဲ ခုန်ချမယ်ဟန် လုပ်တော့” ဟုဆိုသည်။ ကျွန်မ ဝမ်းသာသွားပြီး “တကယ်နော် … တကယ် ခုန်မချရဘူးနော်” ဟု မေးတော့ ခေါင်းညိတ်ပြလေသည်။ ဦးအောင်ခိုင်က စိတ်မရှည်စွာနှင့် “ဟိုကောင်မလေး … မြန်မြန်လုပ်တော့ .. ကြာနေပြီ” ဟု ကျွန်မကို လှမ်းအော်တာကို ရယ်ပြလိုက်ရင်း “ဟုတ်ကဲ့” ဟု ဆိုကာ တံတားလက်ရန်းတဖက်ကို ခွကျော်လိုက်တော့ ကြိုးတံတားလှုပ်ရမ်းသွားတာကိုကြည့်ပြီး အလန့်တကြား ထအော်မိလိုက်သေးသည်။ တံတားဘောင်ကို ကျောပေးလျက်အနေအထားဖြင့် မတ်တတ်ရပ်ရင်း ကြိုးလက်ရမ်းကို လက်ပြန်ဆွဲထားသော ကျွန်မကို ဦးကျော်သူက လှမ်းအော်သည်။ “ဟဲ့ .. နင် အဲလိုဆွဲထားမှတော့ ဘယ်မှာ သဘာဝကျတော့မှာလဲ … ကြိုးကိုလက်နဲ့မဆွဲဘဲ မှီပြီးရပ်နေ” ဆိုသော သူ့စကားကြောင့် ကျွန်မမှာ ကြောက်ကြောက်နှင့်ပင် လေတိုက်တိုင်း လှုပ်နေသော ကြိုးတံတား လက်ရန်းဘောင်ကိုမှီလျက် အသင့်အနေအထားဖြင့် ရပ်နေလိုက်လေသည်။ 
“action” ဟူသောအသံနှင့် မရှေးမနှောင်းမှာပင် တစုံတယောက်က အနောက်ဘက်မှတွန်းလိုက်သလို ကျွန်မ ဟန်ချက်ပျက်ကာ ထိုရေကန်ထဲ ဝရုန်းသုန်းကား ပြုတ်ကျသွားလေတော့သည်။ အော်ဖို့မဆိုထားနှင့် ပါးစပ်ထဲ အလုံးအရင်းဝင်လာသော ရွှံ့နွံရေများကိုတောင် ထွေးမထုတ်နိုင်ခင် ရေထဲသို့နစ်ဝင်သွားပြီး အရှိန်ဖြင့်ကျလာသည့် ခြေထောက်များက အောက်ခြေနုန်းများထဲသို့ ဒူးအရင်းတိုင်အောင် မြုပ်ဝင်သွားလေသည်။ ခြေထောက်တွေ ကူးခတ်နေကြတာကို ခဏတော့ မြင်လိုက်ရပြီး ရေတွေဝင်ကာ ကျိန်းစပ်လာသောကြောင့် မျက်လုံးကို ပြန်မှိတ်မိသည်။ ကြောက်စိတ်တွေကြောင့် မရမက ရုန်းကြည့်သေးသော်လည်း နုန်းထဲမှ ခြေထောက်တွေက ပိုမိုကျွံဝင်သွားသလိုခံစားရသဖြင့် ကျွန်မ မလှူပ်ရဲလေတော့။ အသက်ကလည်း ကြာကြာမအောင့်ထားနိုင်တော့ ရေတွေက နှာခေါင်းမှ ပါးစပ်မှ တစတစဝင်လာကြသည်တွင် ကျွန်မ စိတ်ကို ဒုံးဒုံးလျှော့ချမိတော့သည်။ ဒီတစ်ခါဖြင့် သေရပြီပေါ့ဟု စိတ်တို့ကိုလွှတ်ပေးလိုက်ချိန်တွင် ကျွန်မ တကိုယ်လုံးပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ လေးလံနေသော လက်အစုံက မြောက်တက်သွားပြီး ရေပေါ်လှုပ်ခတ်သွားကာ တစုံတယောက်က ကျွန်မကို ဆွဲတင်လိုက်သလို ရေပေါ်ပြန်တက်လာလေသည်။ 
ကျိန်းစပ်နေသော မျက်လုံးတွေကို ချက်ချင်းဖွင့်မရသေးခင်မှာဘဲ “ရပြီ … လမ်းလျှောက်တက်တော့” ဟူသော ဦးအောင်ခိုင်အသံကို ကြားရသည်။ ကျွန်မခြေအစုံက နုန်းမြေမာကို နင်းမိထားပြီး ကိုယ်တဝက်လောက်ကလည်း ရေပေါ်မှာရှိလျက် မျက်လုံးတို့ကို ကြိုးစားဖွင့်ကြည့်လိုက်တော့ ကမ်းပေါ်က ကင်မရာအဖွဲ့နှင့် ရုပ်ရှင်အဖွဲ့သားများကို မြင်ရသည်။ ကျွန်မရောက်နေသည့်နေရာက ကမ်းအစပ်နား မကျတကျဖြစ်သည့်အတွက် အပြေးအလွှားကုန်းပေါ်ပြေးတက်လိုက်တော့ ကင်မရာအဖွဲ့မှ လူတယောက်က “ကြည့်ပါဦး ရေမကူးတတ်ဘူးအော်နေပြီး ရေထဲကျတော့ သူ ရေငုတ်တာအကြာဆုံးပဲ” ဟု လှမ်းအော်သည်။ ကျွန်မ စိတ်တိုသွားရပြီး “သေလိုက်ပါလား … ရေငုတ်နေတာမဟုတ်ဘူး ရေနစ်နေတာ” လို့ ပြန်အော်တော့ အားလုံးက ကျွန်မကိုကြည့်ပြီး ဝိုင်းဟားကြလေသည်။ ဟားမှာပေါ့ … နောက်မှ ကျွန်မ ပြန်သိရတာက အဲဒီရေကန်က လူကြီးတရပ်လွတ်ရုံသာနက်သော ရေတိမ်ကန် ဖြစ်သည်တဲ့။ ဒီတော့ အရပ်ရှည်သော ကျွန်မအရပ်နှင့်ဆို ဘယ်ရေနစ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်မခြေထောက်တွေက နုန်းတွေထဲနစ်ဝင်သွားသောကြောင့် ကျွန်မ ရေနစ်နေတာပါလို့လည်း ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့ပါ။ ဦးခေါင်းမှစပြီး ခြေဖျားအထိ နုန်းတွေပေကျံပြီး ရွှံနံ့တွေထွက်နေသော ကျွန်မတို့ပုံတွေကိုကြည့်ပြီး မခိုင် ကတော့ ခွက်ထိုးခွက်လန်ကို ရယ်ပါသည်။ ကျန်လူတွေကလည်း အဖွဲ့နှင့်ရောရယ်ကြပေမယ့် ကျွန်မကတော့ မရယ်နိုင်။ ကျွန်မကြုံခဲ့ရသည့် အတွေ့အကြုံတခုကို ထိတ်လန့်မှုက ထိုနေ့က အိမ်ပြန်ရောက်သည်အထိ မပျယ်ခဲ့ပါ။ 
ထိုဇာတ်ကားကတော့ ကျွန်မ နောက်ဆုံးရိုက်သည့်ကားကြီးဖြစ်ပြီး ထို့နောက်မှာတော့ ဇာတ်ကားများရိုက်ကူးသည်ကို ရပ်တန့်ကာ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲတွင် အင်္ကျီဆိုင်တခု ကျွန်မ ဖွင့်လှစ်ဖြစ်လေသည်။ ကျွန်မကိုယ်တိုင် ဒီဇိုင်းထွင်ထားသောအထည်များကို ကျွန်မသူငယ်ချင်း ကောင်မလေးက ချုပ်ပေးပြီး လူအများဝတ်တာကိုကြည့်ရသော ပီတိကိုလည်း ကျွန်မ ကျေနပ်ခဲ့ပါသေးသည်။ အစပိုင်းတွင် အရင်းများခဲ့သော်လည်း ၆ လခန့်အကြာတွင် အမြတ်တွေပြန်ပေါ်လာခဲ့သော ကျွန်မဆိုင်သေးသေးလေးကိုကြည့်ပြီး ပျော်ခဲ့ရသည့်ခံစားမှုတို့က ၁ နှစ်ပဲခံပါသည်။ ကျွန်မသူငယ်ချင်း ကောင်မလေးရဲ့ နောက်ကျောမှထိုးသည့် ဓားချက်က ပြင်းလွန်းသောကြောင့် ထိုဆိုင်လေးကို စိတ်မကောင်းကြီးစွာဖြင့်ပိတ်လိုက်ပြီး မရှေးမနှောင်းမှာပဲ ကျွန်မ ဘယ်တုန်းကမှ စိတ်မကူးခဲ့သော ဘာမှန်းတောင်မသိခဲ့သော ဒူဘိုင်း ဆိုသည့် အာရပ်နိုင်ငံတခုသို့ ဖြစ်ချင်ရာဖြစ်ဟု ဆိုကာ ဖောင်ဖျက်ထွက်လာခဲ့လိုက်တော့တာ ဖြစ်သည်။
 
Leave a comment

Posted by on July 20, 2011 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: