RSS

Shwe Zee Gwet – Black & White

20 Jul

အဖြူ နဲ့ အမဲ
ရွှေဇီးကွက်
ဇူလိုင် ၂၁၊ ၂၀၁၁
(သင်္ကြန်အတက်နေ့ ဈာပနပို့ပြီးကတည်းက ဒီဆောင်းပါးကိုရေးချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့်လည်း ကျမလက်က စာရေးလို့မရ ဖြစ်နေတဲ့အတွက် မရေးဖြစ်ခဲ့ပါ။ ခုလက်ပြန်ကောင်းပြီး စာရေးမယ်လို့ စိတ်ကူးမိချိန်မှာလည်း ဒီအကြောင်းအရာတွေသာ စိတ်ထဲပြန်ပေါ်လာတဲ့အတွက် သင်္ကြန်ကာလနဲ့ မကိုက်ညီပေမယ့်လည်း ရေးဖြစ်လိုက်တာပါ။)
ဆိတ်ပါးစပ်နဲ့ နတ်မျက်စိ၊ ဒိုးဒိုးဒေါက်ဒေါက်၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ ဆ-ဆရာကြီး၊ ပြီးပါပြီ၊ စတာတွေဟာ ကျမတို့ငယ်စဉ် ၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ နှစ်ဦးများဆီက ကျရောက်ခဲ့တဲ့ သင်္ကြန်ပွဲတော်တွေမှာ ကျမတို့ မက်မက်မောမော နှစ်နှစ်ခြိုက်ခြိုက် ကြည့်ရှုအားပေးခဲ့ရတဲ့ သင်္ကြန်အလှပြကားတွေရဲ့ အမည်နာမတွေပါ။ အဲဒီတုန်းက သင်္ကြန်ပွဲတော်တွေနဲ့ ခုခေတ် သင်္ကြန်ပွဲတော်တွေရဲ့ သွင်ပြင်လက္ခဏာ၊ အနှစ်သာရ၊ အဓိပ္ပာယ်သက်ရောက်မှုတွေဟာ လုံးလုံးလျားလျား ကွဲပြားခြားနားသွားခဲ့ပါပြီ။

ကျမတို့ငယ်ငယ်တုန်းက သင်္ကြန်ပွဲတော်ရဲ့ အသွင်အပြင်၊ အနှစ်သာရ၊ အဓိပ္ပာယ်သက်ရောက်မှုမှာ ချစ်ခင်ရင်းနှီးခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ မျှဝေခံစားခြင်း၊ အများအကျိုးဆောင်ခြင်း စတဲ့ ကောင်းမှု ကုသိုလ်တရားတွေနဲ့ လွှမ်းခြုံနေခဲ့တာပါ။ သင်္ကြန်နားနီးရင် ရပ်ကွက်တိုင်းမှာရှိတဲ့ အိမ်ထောင်စုတိုင်းက ကိုယ်တတ်နိုင်သလောက် နည်းများမဆို သဒ္ဒါထက်သန်စွာနဲ့ စုပေါင်းထည့်ဝင်ကြပြီး လာရောက်ယှဉ်ပြိုင်မယ့် အလှပြကားတွေကို ဒိုင်းဆုများ ချီးမြှင့်နိုင်ဖို့ ဆုပေးမဏ္ဍပ်တွေကို ဆောက်လုပ်ကြတယ်။ မဏ္ဍပ်ဆုလည်း ချီးမြှင့်လေ့ရှိတဲ့အတွက် မိမိတို့ ကောက်ခံရရှိတဲ့ ငွေအင်အားလေးနဲ့ မဏ္ဍပ်ကိုလည်း လှပစေ၊ ဒိုင်းဆုကိုလည်း မြိုင်ဆိုင်စေဖို့ စီစဉ်ကြရပါတယ်။ မဏ္ဍပ်ထဲမှာရှိတဲ့ ပရိတ်သတ်တွေကိုရော၊ အလှပြကားတွေကိုရော ဧည့်ခံဖျော်ဖြေဖို့ ရပ်ကွက်မှာရှိတဲ့ လှပျိုဖြူ အပျိုချောတွေနဲ့ ဝါသနာရှင်တွေက အကတိုက်တာတွေ၊ သီချင်းတိုက်တာတွေကို ကြိုတင်စီစဉ်ကြရပါတယ်။
အပိုဖြုန်းတီးမှုတွေ၊ ပကာသနတွေမပါဘဲ ဝါးလုံးတွေ၊ အုန်းလက်တွေ၊ ပိတောက်ခက်တွေ၊ ပိတောက်ပန်းတွေ၊ ငုဝါပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ရေကစားမဏ္ဍပ်တွေမှာ ရေပုံး၊ ရေတိုင်ကီ၊ ရခိုင်ရိုးရာလောင်းလှေတွေနဲ့ ရေထည့်ပြီး ရေပက်ကစားခဲ့ကြရတာတွေဟာ အခုတော့ လွမ်းစရာလေးတွေပါ။ ရပ်ကွက်တွင်းရှိ စုပေါင်းရေကစားမဏ္ဍပ်တွေမှာ ဖြစ်ဖြစ်၊ ဆိပ်ငြိမ်ရပ်ကွက်ရှိ မိသားစုပိုင်ရေကစားမဏ္ဍပ်တွေမှာ ဖြစ်ဖြစ် ကိုယ့်ရဲ့ ဆွေမျိုး၊ သားချင်း၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး ရေကစားကြတာဖြစ်လို့ သင်္ကြန်ဆိုတဲ့ အဓိပ္ပာယ်ဟာ ရေစိုခြင်းသက်သက်၊ ပျော်မြူးချင်း သက်သက်သာ မဟုတ်ဘဲ ချစ်ခင်ရင်းနှီးသူများနှင့် အတူတကွ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောခဝါချခြင်း၊ စိတ်သစ်နဲ့ နှစ်သစ်ကို ကြိုဆိုခြင်း၊ အလှူဒါနပြုခြင်း၊ ပျော်ရွှင်စွာစိတ်အပမ်းဖြေခြင်း ဆိုတဲ့မေတ္တာရဲ့ အနှစ်သာရတွေ ပါရှိခဲ့ပါတယ်။ ရေကစားမဏ္ဍပ်တိုင်းလိုလိုမှာလည်း မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်ကြာစေ့၊ သာကူ၊ သင်္ကြန်ထမင်း စတဲ့ သင်္ကြန်စာတွေကို စတုဒီသာကျွေးမွေးကြတာဟာ ရေပက်ခံထွက်သူတွေ မစားနိုင်တော့တဲ့အဖြစ်ကို ရောက်ခဲ့ရတယ်။ ကိုယ့်ရဲ့အလှူလေး ဒါန မမြောက်လိုက်မှာစိုးကြလို့ ရေပက်ခံကားတွေကို ဝါးလုံးနဲ့တားပြီး မစားမနေရ အတင်းကျွေးမွေးခဲ့ကြတဲ့ မြန်မာလူမျိုးတွေရဲ့ သဒ္ဒါတရားအားကောင်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ ကာလတွေဟာ ခုခါမှာတော့ အိပ်မက်ပမာသာ ရှိပါတော့တယ်။
ပြိုင်ပွဲဝင်အလှပြကားထွက်ကြမယ့် လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးတွေကလည်း ကိုယ်ယှဉ်ပြိုင်မယ့် သံချပ်တွေ၊ သီချင်းတွေ၊ တခန်းရပ်ပြဇာတ်တိုတွေ၊ ယိမ်းအကတွေကို ရေးစပ်သီဆို၊ ဇာတ်တိုက်၊ အကတိုက်၊ ယိမ်းတိုက်လေ့ကျင့်ကြရတာ အတန်းတင်စာမေးပွဲကြီးအပြီး နွေရာသီ ကျောင်းပိတ်ရက်အစထဲကပါ။ သံချပ်ရေးစပ်သူတွေဟာ ပတ်ဝန်းကျင်ရဲ့ ဖြစ်ပေါ်ပြောင်းလဲနေမှုတွေကို စိတ်ဝင်တစား လေ့လာနေတတ်တဲ့၊ စကားလုံးအသုံးအနှုန်းနှင့် အတွေးအခေါ်တွေ ခေတ်ရှေ့ပြေး၊ ဆန်းသစ်နေအောင် စာဖတ်ဝါသနာပါတဲ့၊ သမိုင်းကြောင်း အမှန်တွေကို သိရှိနေဖို့ ရှေ့မီနောက်မီ လူကြီးသူမတွေထံမှာလည်း ချဉ်းကပ်ဆည်းပူး သင်ယူလေ့ရှိတဲ့သူများဖြစ်ကြပါတယ်။ ဒါမှလည်း ကိုယ့်အဖွဲ့ကတိုင်တဲ့ သံချပ်တွေဟာ ခေတ်နဲ့အမီ ရင်ဘောင်တန်း ဆန်းသစ်နေမယ်၊ ခေတ်ရဲ့သရုပ်အမှန်ကို ရောင်ပြန်ဟပ်နေမယ်၊ ခေတ်ကိုပြုပြင်ပြောင်းလဲစေနိုင်မှာပါ။ သံချပ်တွေရဲ့ အနှစ်သာရဟာ လောကမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ လွဲမှားနေမှုတွေကို တရားတဲ့ အမှန်တရားတွေ အဖြစ် ပြုပြင်ပြောင်းလဲ လာစေချင်တဲ့ စေတနာဆန္ဒတွေရဲ့ ဖွင့်ဟထုတ်ဖော်ချက်တွေသာ ဖြစ်ပါတယ်။ ကျမတို့လည်း ဒီသံချပ်တွေကို နားထောင်ပြီး ခေတ်ရဲ့သရုပ်အမှန်တွေကို တခဏအတွင်း သိရှိ လေ့ကျက်မိခဲ့ကြရပါတယ်။
ရရှိမယ့် ဒိုင်းဆုနှင့် ဆုငွေတွေက အဓိက မဟုတ်ဘဲ ကိုယ့်ရဲ့ မုန့်ဖိုးပဲဖိုးလေးတွေကို စုပေါင်း အရင်းပြုပြီး ကိုယ်လက်လှမ်းမီရာ ပတ်ဝန်းကျင်ကို တိုးတက်ပြောင်းလဲစေလိုတဲ့ စိတ်စေတနာတွေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တီထွင်ဖန်တီး စုပေါင်းလုပ်ကိုင်ကြရတဲ့အရသာ၊ ရရှိလာတဲ့ အနိုင်အရှုံးရလာဒ်ကို အတူတကွ မျှဝေခံစားရတဲ့ အရသာတွေကို နှစ်သက်မြတ်နိုးကြတာပါ။ ပရိသတ်ထဲမှာ ဖြစ်ဖြစ်၊ အကဲဖြတ်ဒိုင်သူကြီးထဲမှာ ဖြစ်ဖြစ် သံချပ်၊ သီချင်း၊ တခန်းရပ်ပြဇာတ်တွေနဲ့ သရော်ကျီစယ်ခြင်းခံရသူတွေ ရှိနေရင်လည်း စိတ်ဆိုးဒေါသမဖြစ်ဘဲ ရှက်ပြုံး၊ ရှက်အရယ်တွေနဲ့သာ တုံ့ပြန်ခဲ့ကြတဲ့ အဲဒီတုန်းက သင်္ကြန်ရဲ့ ဗြဟ္မစိုရ်တရားပုံရိပ်တွေကို ခုချိန်မှာ ကျမ လွမ်းမောတမ်းတရုံပဲ တတ်နိုင်ပါတော့တယ်။
အဲဒီ ချစ်ခင် နှစ်လိုကြည်နူးဖွယ် ကောင်းခဲ့တဲ့၊ အနှစ်သာရ အဓိပ္ပာယ်လေးနက်ခဲ့တဲ့ မြန်မာ့ရိုးရာသင်္ကြန်ရဲ့ သွင်ပြင်လက္ခဏာ အနှစ်သာရတွေဟာ ဒီခေတ်မှာတော့ လုံးဝပြောင်းလည်း ခြားနားသွားခဲ့ပါပြီ။ ဈေးကွက်စီးပွားရေးဆိုတဲ့ စကားလုံးအောက်မှာ အရာရာကို ငွေကြေးအမြတ် ညှစ်ထုတ်နေတဲ့ ခေတ်ကြီးနဲ့အပြိုင် သင်္ကြန်ဟာလည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ရယူတာကစလို့၊ မဏ္ဍပ်ဆောက်ဖို့ စပွန်ဆာယူတာ၊ ပေးတာ၊ ရေကစားမယ့်သူ အားလုံးကို မဏ္ဍပ်ပေါ်တက်ခွင့်၊ ရေပက်ခွင့် လက်မှတ်ရောင်းချတာ၊ အစားအသောက်အားလုံး ငွေကြေးသတ်မှတ် ရောင်းချတာ (တခါတလေ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ပရိုမိုးရှင်းလုပ်ချင်လို့ အရက်၊ ဘီယာ၊ စီးကရက်တွေကို စတုဒီသာ ဒါနပြုခြင်းကလွဲပြီး) အလယ်၊ ရောင်းတမ်းလက်မှတ်ဝယ်ပြီး ရေကစားကြရတော့ တယောက်နဲ့ တယောက် ခုမှမြင်ဖူးကြပြီး ခွင်ရှာ၊ ခွင်ဖမ်းဝါသနာပါသူတွေက ရေကစားသူအချင်းချင်း သိုက်တူးတာ၊ ခွင်ဖမ်းတာ အဆုံး ဗြဟ္မစိုရ်တရားတွေ ပျောက်ဆုံးနေပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေသာ လွှမ်းမိုးနေတဲ့ သင်္ကြန်အဖြစ်ကို အသွင်ကူးပြောင်းလို့ သွားခဲ့ပါပြီ။
ကျမရဲ့သားနှင့်သမီးကို ဒီမြန်မာ့ရိုးရာယဉ်ကျေးမှု ကွယ်ပျောက်နေတဲ့ သင်္ကြန်ကာလတွေမှာ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံနေစေဖို့ ဗုဒ္ဓရဲ့ရင်ခွင်၊ ဓမ္မရဲ့အရိပ် တရားရိပ်သာတွေမှာ တရားအားထုတ်တဲ့ ဓလေ့ကို ပျိုးထောင်ပေးရင်း ကျမတို့ သင်္ကြန်ကို အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ကြပါတယ်။ နာရေးကူညီမှု အသင်း စတည်ထောင်ချိန်ကစပြီး သေဆုံးသူတွေ နေ့စဉ်ရှိနေသ၍ အသင်းရဲ့အလုပ်နားရက် ဆိုတာလည်း (၃၆၅)ရက်မှာ တရက်မှမရှိနိုင်တော့ သင်္ကြန်နဲ့ ပိုလို့ဝေးခဲ့ရပါတယ်။ မြန်မာ့ ရှေးအယူ ဈာပနကိစ္စကို နှစ်ဆန်းဘက်မကူးစေချင်တော့ သင်္ကြန်အတက်နေ့ဆို ညဆယ့်နှစ်နာရီအထိ ကူညီ လုပ်ကိုင်ကြရတယ်။
ဒီနှစ်သင်္ကြန်ရက်တွေမှာ အသင်းအဆောက်အဦးသစ် ဆောက်လုပ် ပြီးစီးပြီဖြစ်လို့ လုပ်အားပေး လူငယ်လူရွယ်တွေဟာ သူတို့ရဲ့ အလုပ်နားရက်တွေ၊ ကျောင်းအားရက်တွေမှာ ဘုရားခန်း၊ စာကြည့်တိုက်၊ အလှူခံဌာနနဲ့ ရုံးခန်းတွေကို ကူညီရွှေ့ပြောင်းကြဖို့ အသင်းမှာ သင်္ကြန်တွင်းတတွင်းလုံး အသင်းသူ၊ အသင်းသားတွေ လူစုံတက်စုံ လုပ်အားပေးခဲ့ကြပါတယ်။ တနှစ်မှာ တခါသာ ကြုံကြိုက်ရတဲ့ အလုပ်နားရက်နဲ့ သင်္ကြန်ပွဲတော်တွေကို လစ်လျှူရှုပြီး အများအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ဒီ လူငယ်လူရွယ်ကလေးတွေရဲ့ ဗြဟ္မစိုရ်စိတ်ဓါတ်တွေအတွက် ကျမ အလွန်ပဲ အားရကျေနပ် ဝမ်းသာကြည်နူး လေးစားဂုဏ်ယူ မဆုံးဖြစ်ခဲ့ရပါတယ်။
သင်္ကြန်အတက်နေ့မှာတော့ လုပ်အားပေးလူငယ်တယောက်ရဲ့ဖခင် သေဆုံးသွားတဲ့အတွက် ထုံးစံအတိုင်း နေ့ချင်းပြီး မီးသင်္ဂြိုဟ်ဖို့ စီစဉ်ကြပါတယ်။ လုပ်အားပေးလူငယ်တွေ စုံနေချိန်လည်းဖြစ်၊ သေဆုံးသူကလည်း လုပ်အားပေးလူငယ်တယောက်ရဲ့ဖခင်ဖြစ်နေတဲ့အတွက် နာရေးယာဉ်ကို ကိုကျော်သူ ကိုယ်တိုင်မောင်းပြီး အသင်းက ရုံးကား လိုက်အေ့စ် နှစ်စီးအပြည့် လူငယ်တွေနဲ့ သင်္ကြန်အတက်နေ့ ညနေမှာ ဈာပန ပို့ဆောင်ပေးဖြစ်ခဲ့ကြပါတယ်။ သင်္ကြန်အတက်နေ့တွေရဲ့ ထုံးစံအတိုင်း ရေကစားသူတွေ မီးကုန်ယမ်းကုန် အပျော်ကြူးနေကြတဲ့အချိန်ဖြစ်လို့ ဈာပနလမ်းကြောင်းတလျှောက်မှာ မူးမူးရူးရူး စည်းလွတ်ဝါးလွတ် အပျော်ကြူးနေကြတဲ့ ယောက်ျားကလေးတွေ၊ မိန်းကလေးတွေ၊ ယောက်ျားကြီးတွေ၊ မိန်းမကြီးတွေကို မြင်တွေ့ရနေရတော့ ကျမလေ ကျမချစ်တဲ့ မြန်မာလူမျိုးတွေအတွက် အလွန်ပဲ ရင်လေး စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါတယ်။
နာရေးယာဉ် မသွားနိုင်လောက်အောင် လူတွေ၊ ကားတွေ ပိတ်ကြပ်နေတဲ့ နေရာတွေရောက်လို့ ကျမတို့အသင်းက လူငယ်ကလေးတွေက ကားပေါ်ကဆင်းပြီး လမ်းရှင်းပေးကြတဲ့အခါတွေမှာ နာရေးကူညီမှုအသင်း လူငယ်ကလေးတွေရဲ့ အဖြူနှင့်အမဲ တူညီဝတ်စုံကလေးတွေဟာ အခြား သရုပ်ပျက်ဝတ်စုံတွေအကြားမှာ ထူးခြားတည်ငြိမ်စွာ ထင်ရှားပေါ်လွင်နေတဲ့ မြင်ကွင်းက ကျမကို အဖြူနဲ့ အမဲတို့ရဲ့ ဆန့်ကျင်ဘက် သဘောတရားတွေကို သရုပ်ဖော်ပြနေသလို ရှိနေခဲ့ပါတယ်။
အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် ပေးဆပ်ဆောင်ရွက်ရင်း ကောင်းမှုကုသိုလ်ပါရမီမျိုးစုံနဲ့ သံသရာခရီးမှာ အထက်ကို ဆန်တက်နေကြတဲ့ သူတွေ။
ကိုယ့်ကိုယ်ကျိုးအတ္တအတွက် အများရဲ့ ဘဝတွေကိုချနင်းရင်း မကောင်းမှု အကုသိုလ် ဒုစရိုက်မျိုးစုံနဲ့ သံသရာခရီးမှာ အောက်ကို စုန်ဆင်းနေကြတဲ့ သူတွေ။
ကျမတို့ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ဗြဟ္မစိုရ်တရား ၄ ပါး လွှမ်းခြုံနေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွေ။
ခုခေတ် ကိုယ်ကျိုးအတ္တနဲ့ ငွေကြေးအမြတ်ထုတ်မှုတွေ လွှမ်းခြုံနေတဲ့ သရုပ်ပျက် သင်္ကြန်ပွဲတော်တွေ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုး ကျမတို့ရဲ့ ရင်သွေးငယ် သားသမီး မြေးမြစ်ကလေးတွေကို ဗြဟ္မစိုရ်တရားတွေလွှမ်းခြုံနေတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်မျိုးမှာ ပြန်လည် နွှဲပျော်ခွင့်ရစေချင်တဲ့ ကျမရဲ့ စေတနာဆန္ဒတွေ ဘယ်အချိန်၊ ဘယ်ကာလမှာမှ ပြည့်ဝမယ်ဆိုတာကို ကျမ မသိနိုင်တော့ပါ။
ဒီနေ့ ၂၀၁၁ ဂျူလိုင် ၁၇ ရက်နေ့ထုတ် Popular Journal မှာပါတဲ့ ဆောင်းပါးလေးပါ။ Journal မှာ ပါပြီးတဲ့ အထိစောင့်နေလို့ အခုမှ facebook ပေါ်တင်ဖြစ်တာပါ။
(သူ့ရဲ့ Facebook က ယူပါတယ်)
 
Leave a comment

Posted by on July 20, 2011 in Shwe Zee Gwet, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: