RSS

Than Win Hlaing – Thein Pe Myint

20 Jul

သမိုင်းတကွေ့မှ သိန်းဖေမြင့်
သန်းဝင်းလှိုင်
ဇူလိုင် ၂၁၊ ၂၀၁၁

ဆရာသိန်းဖေမြင့်သည် မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သလို၊ စာပေလောက၊ သတင်းစာလောကတို့တွင်လည်း အကျော်ဇေယျ ပုဂ္ဂိုလ်တဦးဖြစ်သည်။
သူသည် ဖက်ဆစ်တော်လှန်ရေးတွင် မဟာမိတ်တပ်များနှင့် မြန်မာ့တော်လှန်ရေး အင်အားစု၏ ဆက်သွယ်ရေးတာဝန်ခံ၊ စစ်ပြီးစတွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး တာဝန်များကို ထမ်းရွက်ခဲ့သည်။
သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “ထိန်းမရ သိမ်းမရ သိန်းဖေ” ဟု ကင်ပွန်းတပ်ခဲ့သလို၊ ဦးနုကမူ “သိန်းဖေမြင့်သည် မြန်မာစာပေလောက တွင်သာမက ကမ္ဘာ့လောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတဦးဖြစ်သည်။ သို့သော် ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ” ဟူ၍ မှတ်ချက်ချခဲ့သည်။
ဆရာဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ စာအုပ်တွင်မူ-
“ကျွန်တော် သူ့ကိုစတင်သိသည်ကား ‘သိန်းနေနွယ်’ နှင့် ‘ဝနေငဖေ’ ဘဝက ဖြစ်သည်။ လူချင်းကားသိသည် မဟုတ်။ စာကို စတင်ခင်မင်စဉ်က ဖြစ်သည်။ ကျွန်တော်တို့မှာ ၁၉၃၄-၃၅ လောက်ဆီက စာရူး ရူးနေသောအခါဖြစ်၏။ ထိုအခါက တက္ကသိုလ်ပရိဝုဏ်မှ ထွက်ပေါ်၍ လာသော ခေတ်စမ်းစာပေကို သဘောကျလျက်ရှိနေ၏။ တက္ကသိုလ် မရောက်သေးသော်လည်း တက္ကသိုလ်မဂ္ဂဇင်းများကို ရှာဖွေဖတ်ရှုလေ့ရှိသည်။
ယူနီဗာစီတီဘောလုံးပွဲ အထူးထုတ်တွင် ဘောလုံးသမားများကို ချီးကျူးသော သိန်းနေနွယ်၏ ကဗျာတပုဒ်ကို ဖတ်လိုက်ရ၏။ နောက်ဝတ္ထုတိုကလေးတပုဒ် ဖတ်ရပြန်၏။ ‘သိန်နေနွယ်’ ဟူသော အမည်ကို စတင်သိလာ၏။ သပိတ်မှောက်ခေတ်ကလည်း စည်တော်သံ တပုဒ်ကို ဖတ်ရဖူးသည်ထင်၏။
သတိထားမိသည်ကား ဂန္တလောက တွင်ပါသော ‘ငါ့လင်နှင့်ငါ့ငွေ’ ဝတ္ထုဖြစ်သည်။ ရှည်သဖြင့် နှစ်ပတ်လားမသိ ဆက်ထည့်ရသည်။ ‘ငါ့လင်နှင့်ငါ့ငွေ’ မှာ အညာလေပါပြီး ကပ်စေးနှဲသော မြေရှင်အမတ်ကြီးအား ဥစ္စာသိုက်တူးသောအဘိုးကြီး ထင်ကြေးမကိုက်ဖြစ်ရပုံကို ခပ်ရွှင်ရွှင် သရုပ်ဖော်ထားပေ၏။ ငါ့လင်ငါ့ငွေ ဟူ၍ ခွဲခြားပုံမှာ သရော်ချက်ဟာသပါ၏။
ထို့နောက် စာဆိုတော် မဂ္ဂဇင်း၊ ဒဂုန် မဂ္ဂဇင်းတို့တွင် သိန်းနေနွယ်၏ဝတ္ထုများ ဖတ်ရပြန်သည်။
နဂါးနီစာအုပ်တိုက်ဟူ၍ တိုးတက်သောစာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ အမှန်အားဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထုမှာ ဘုန်းကြီးများက မခံရပ်နိုင်၍ ကန့်ကွက်သဖြင့် နာမည်ကြီးသော်လည်း ဝတ္ထုအနေနှင့် အတော်ကောင်းသည်ဟု ထင်သည်။
ကိုသိန်းဖေသည် ပဋိပက္ခထဲမှ ကြီးပြင်းရုန်းထွက်လာသူဖြစ်သည်။ လူ့ဘဝသည် အသက် ၄၀ မှစသည်ဆိုလျှင် ဤသို့ကြီးပြင်းလာပေ၏။ 
“ဒီလူလုပ်လိုက်ရင် အရာနဲ့အကြောင်းကြောင်းချည်းပဲ” ဟူသော ကဲ့ရဲ့သံ၊ “သူပါရင် နှစ်ခြမ်းကွဲတာချည်းပဲ” ဟူသော တဖက်မှ အပြစ်တင်သံတို့သည် သူ ကြုံတွေ့ကျော်လွှားခဲ့ရသော ပဋိပက္ခ၏ အရိပ်များဖြစ်သည်။
တက်ဘုန်းကြီးဝတ္ထုကြောင့် ဘုန်းကြီးများ ဆတ်ဆတ်ခါနာခဲ့ကြ၏။ တို့ဗမာအစည်းအရုံးမှ အထုတ်ခံရ၏။ နဂါးနီစာအုပ်တိုက်ထုတ် မြန်မာ့အရေးစာအုပ်မှ သူ၏ “တကယ် တိုးတက်ရေးသို့” ဆောင်းပါးကြောင့် ရွှေတိဂုံရင်ပြင်တွင် ခြေလျင်ဦးအုန်းခင်နှင့်အတူ သံဃာတော်များအား ဝန်ချတောင်းပန်ခဲ့ရ၏။ ကွန်မြူနစ်ပါတီမှထွက်ရကာ ‘သိန်းဖေဝါဒ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း’ ဟူ၍ အကြေညာခံရ၏။ ‘ခေတ်နောက်ပြန်ဆွဲနေသော စာရေးဆရာများ’ ဟူသော ဝေဖန်စာကို တာရာနှင့်ဂျာနယ်ကျော်တွင် ထည့်ရာ၊ ခေတ်ဟောင်းစာပေဘက်မှ လူကြီများက နှာခေါင်းရှုံ့ကြသည်။ ရဲဘော်ဖြူဝါလွန်ဆွဲပွဲတွင် လက်ဝဲညီညွတ်ရေးမူတင်အပြီး ဝင်ဒါမီယာအကွေ့ ၌ အဖမ်းခံလိုက်ရ၏။ ထောင်ထဲမှနေ၍ ကျွန်တော်တို့အား ဝေဖန်တိုက်ခိုက်၍ စာပေဝိဝါဒကွဲလိုက်ကြ၏။ ထောင်ကထွက်ပြီး ‘စိမ်းရောင်စို’ ပြဇာတ်ကရာ ပုလိပ်မင်းကြီး၏ တားမြစ်ခြင်းခံရ၏။ ထောင်ထဲ စိမ်းရောင်စို အစမ်းကစဉ်ကလည် အလံနီများက သပိတ်မှောက်၍ မကြည့်ကြဟု သိရသည်။
သူ့ကိုကွယ်ရာ၌ ကဲ့ရဲ့သူများ၏။ တခါက (၁၉၄၉ လောက်က ထင်၏။) အမျိုးသားနေ့ လူထုအစည်းဝေးတစု၌ တက္ကသိုလ်သမဂ္ဂမှ မြို့ထဲသို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီဒုတ် ဦးဘချို၊ သခင်နု စသူများကို ကားနှင့်လိုက်လံပို့ရ၏။ ထိုအစည်းအဝေးတွင်ကို သိန်းဖေနှင့် နိုင်ငံရေးကိစ္စတခုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။
လမ်းတွင်ကားပေါ်၌ ဘယ်သူကမှန်း မမှတ်မိ ပြော၏။
“သိန်းဖေကိုတော့ သိပ်ကြောက်တယ်။ ခြေက သိပ်များတာ။ နိုင်ငံခြားများသွားရင် သူလျှို ဆိုဖြစ်ပြီး အဖမ်းခံရမှာပဲ။ ဒါကြောင့် အတူတူများ မသွားချင်ဘူး” 
ကျွန်တော် စာရေးဆရာဥက္ကဋ္ဌဖြစ်စဉ်က အတိုက်အခံများဖြင့် ဆူနေရာ၊ သူက ကျွန်တော့်ထံ စာတစ်စောင် ရေးလိုက်သည်…။ ထိုစာတွင် ‘ဖောက်ပြန်ရေးအင်အားစုများကို တိုက်ရာ၌ အကူအညီပေးရန် အဆင်သစ်ရှိသည်ရဲဘော်’ ဟု ပါသည်။ ကိုသိန်းဖေ ပါလာလျှင် အခြေအနေ ပို၍ဆိုးလာမည်ဟုတွက်ကာ မသိကျိုးကျင်နေလိုက်ရသည်။
ကိုသိန်းဖေလုပ်ကိုင်သမျှ ရိုက်ခတ်သွားတတ်၏။ ယုတ်စွအဆုံး မုတ္တကုမ္ပဏီအတွက် ငါးကြော်ငြာကို ရေးပေးရာ ‘ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်’ ဟူသော စာပိုဒ်တိုကလေးမှာ ကလိသံပါပြီး ယားကျိကျိဖြစ်စေ၏။ ကလိခြင်းသည် ဝေဖန်မှုအပျော့ဆုံးသော လက္ခဏာတရပ် ဖြစ်သည်။
သူ၌ ဝေဖန်ရေးအမြင်ရှိသည်။ ထိုအမြင်ဖြင့်ရေး၏။ ပြောဟော၏။ ထို့ကြောင့် ပဋိပက္ခတွေ တွေ့လာရ၏။ 
သူ့ကိုယ်ကိုသူ ဝေဖန်ထားသောစာတွင် ‘အောင်မြင်မှုထက် ဆုံးရှုံးမှုများက ပိုမိုပြည့်ညပ်နေခဲ့သော ဘဝခရီးပါပဲ’ ဟု ဆိုထားသည်။ ပဋိပက္ခတွေကြား၌ မြုပ်သွားသလော။ လှိုင်းတံပိုးများအကြား၌ ကူးစပ်၍ မြုပ်မသွား။
သူသည် ပြဿနာတခုပေါ်လာလျှင် ထထကြွကြွလုပ်တတ်၏။ လုပ်ကိုင်စရာရှိတာကို ချက်ချင်းကောက်လုပ်တတ်၏။ ဆိုင်းငံ့မထား။ ရဲရဲဝံ့ဝံ့ပင် ဇွတ်လုပ်လေ့ရှိသည်။ ပဋိပက္ခ တွေ့လာရ၏။ ကူးခပ်ရ၏။
သူ၌ အနုပညာသည်တို့၏ဉာဉ်ဖြစ်သော ‘အတ္တ’ ရှိ၏။ သူ့ဝတ္ထုများတွင် တက်ဘုန်းကြီး သိန်းဖေပင် ပါနေ၏။
ကွန်မြူနစ်ပါတီ၌ အတ္တ၏အရောင်သည် ထွန်းပြောင်နိုင်သော်လည်း အတ္တ၏အကျိုးသည် ပါတီလက်အောက်ခံဖြစ်ရပေသည်။ အတ္တအကျိုးကို ပါတီ၌ မြုပ်နှံလိုက်ရပေသည်။
တခါက သူနှင့် လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားတဦးက “သူ့မှာ ခက်နေတာက ဇွတ်လုပ်တတ်တယ်။ သူပြောတိုင်း မှန်ရမယ်လိုချည်း ထင်ထင်နေတယ်။” 
သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့။
ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင်သော်လည်းကောင်း၊ လျော့နေလျှင်သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှတီး၍ရကာ ဂီတသံထွက်လာပေမည်။
သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။
သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။
အနုပညာသမားအနေနှင့်ကား အောင်မြင်ပါသလော။ တေးသံနှင့်အကထက် စာပေတွင် ပို၍တွင်ကျယ်၏။ သူသည် တေးသံနှင့်အကကို စိတ်ဝင်စားသော်လည်း သည်လောက်မနိုင်လှဟု ထင်၏။
‘ရွှေမိုးငွေမိုးရွာ’ အဆိုအကဇာတ်ကား ကောင်းသည်။ စိမ်းရောင်စို ခေတ်ဆန်းသဘင်ထက် ‘စစ်အတွင်းခရီးသည်’ စာအုပ်ကို လူတွေက နှစ်သက်ကြသည်။ နိုင်ငံရေးပင်လယ်ပြင်တွင် လှိုင်းတံပိုးကြားထဲရောက်သွား၏။ နစ်သွား၏။ သို့သော် မြုပ်မသွားဘဲ အနုပညာသမား အဖြစ်ပေါ်လာသည်” ဟူ၍ သူ့ ‘ရုပ်ပုံလွှာ’ ကို ခြယ်ပြထားသည်။
ယင်းသို့ စာပေလောက၊ နိုင်ငံရေးလောကတွင် ထင်ရှားကျော်ကြားခဲ့သော ဆရာ သိန်းဖေမြင့်ကို ၁၉၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက် သောကြာနေ့တွင် မုံရွာခရိုင်၊ ဘုတလင်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ မြေတိုင်းစာရေး ဦးဘနှင့် ဒေါ်မြင့်တို့ဖြစ်သည်။ မွေးချင်းအစ်ကို တယောက်ရှိသည်။ ငယ်မည်မှာ မြမောင်ဖြစ်သော်လည်း ကျောင်းနေချိန်တွင် သိန်းဖေဟု ပြောင်းခဲ့သည်။
ငယ်စဉ်က ဘုတလင်မြို့နယ်ကျူပင်ချောင်ရွာ ဆရာကျင့်ကျောင်း၊ ဘုတလင်မြို့ ဆရာဉာဏ်၏ မူလတန်းကျောင်းတို့တို့တွင် စတင်ပညာသင်ခဲ့သည်။ လေးတန်းတွင် စကောလားရှင့် ပညာသင်ဆုရသည်။ ထို့နောက် မုံရွာအမျိုးသားကျောင်းနှင့် မုံရွာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းတို့တွင် ဆက်လက် ပညာသင်ခဲ့သည်။ ၁၉၃၂ တွင် မုံရွာဗုဒ္ဓဘာသာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကို သင်္ချာနှင့် မြန်မာစာဂုဏ်ထူး နှစ်ခုဖြင့် အောင်မြင်သည်။
၁၉၃၂ – ၃၃ တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်း၍ ဥပစာတန်းကို တနှစ်တည်း တက်ခွင့်ရခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကိုပိတ်ရန် စီစဉ်သည်ကို ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန်(နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူသည်။ 
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄ – ၃၅ တွင် ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ ဥက္ကဋ္ဌကိုဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့်ပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေး ကို ဆန့်ကျင်ခဲ့သည်။ ဦးသိန်းဖေမြင့်သည် ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ 
တက္ကသိုလ်ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။
ယင်းနှင့်ပတ်သက်၍ သူ၏ စာပေဘဝဇာတ်လမ်းစုံ စာအုပ်၌ – 
“ဆောင်းပါးရေးရန် ပထမဆုံး ပေါ်လာသောအကြောင်းအရာမှာ မြန်မာစာမြင့်တင်ရေး ဖြစ်၏။ လူအများဆုံးနည်းတူ ကျွန်တော်သည်လည်း ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ’ ဟူသော ကြွေးကြော်သံတို့၏ ပဲ့တင်သံကြောင့် အမျိုးသားရေးအသိစိတ် ဝင်လျက်ရှိလေပြီ။ 
ထိုစဉ်က ဥပစာတန်းတွင် အခြေခံမြန်မာစာကိုသာ သင်ရသေး၏။ အခြား ဘာသာရပ်များနှင့် တွဲယူနိုင်သော အပိုမြန်မာစာ (စိတ်ကြိုက်မြန်မာစာ) မရှိသေးချေ။ ထို့ကြောင့် ကျွန်တော်သည် အပိုမြန်မာစာကို သင်ကြားပို့ချပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်၏။ 
‘အပိုမြန်မာစာမှာ တိုင်းပြည်၏ စာပေထွန်းကားတိုးတက်ရေးအတွက် ဖြည့်စွက်သော ဘာသာဖြစ်၍ အများပင်အားပေးထိုက်ပါသည်။ ကဗျာစပ်နည်းစသော မြန်မာစာ အဆီအနစ်များကို သင်ယူရ၍။ ၎င်းဘာသာယူသူတို့မှာ ကဝိလူမွန်ဖြစ်ကြဖို့ နီးလေသည်။ အသက်ထက်ဆုံး လိုအပ်သော စာပေရေးသားမှုပြေပြစ်ကျနစွာသန့်ရပ်သဖြင့် အကျိုးကျေးဇူးကြီးလှ၏။’ 
စသည့်ဖြင့် ရေးသားထားလေသည်။
ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။ 
ထို့နောက် ၁၉၃၇ တွင် တက်ဘုန်းကြီး ဝတ္ထုကို သိန်းဖေ အမည်ဖြင့်ရေး၍ ထုတ်ဝေခဲ့ရာ များစွာထင်ရှားခဲ့ပြီး ရန်ဟန်းပျိုအချို့၏ ကန့်ကွက်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ တက်ဘုန်းကြီး သိန်းဖေဟု တွင်ခဲ့သည်။ 
ယင်းဝတ္ထုနှင့်ပတ်သက်၍ ဆရာဒဂုန်တာရာက ‘အမှန်အားဖြင့် တက်ဘုန်းကြီးဝတ္ထုမှာ ဘုန်းကြီးများက မခံရပ်နိုင်၍ ကန့်ကွက်ခဲ့ရသဖြင့် နာမည်ကြီးလာသော်လည်း ဝတ္ထုအနေနှင့် အတော်ကောင်းသည်ဟု ထင်သည်။ ဘုန်းကြီးတွေကို ဆော်လိုက်မဟဲ့ ဟူသော သဘောမျိုး မဟုတ်။ သဒ္ဓါန်လွန်သော သဌေးမ အပျိုကြီးနှင့် ရာဂတောက်စားသော ဓမ္မကတိက တဦး၏ အချစ်ဇာတ်ကွက်ကို လှပစွာ သရုပ်ဖော်ထားသော သရုပ်ဖော်ဝတ္ထုတပုဒ်အနေနှင့် အနုပညာ မြောက်နေသည်။” ဟူ၍ မှတ်ချက်ချခဲ့သည်။
ဆရာသိန်းဖေမြင့်သည် ဝိဇ္ဇာဘွဲ့ရပြီးနောက် စာရေးဆရာအဖြစ် အသက်မွေး၍ နိုင်ငံရေး ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ် မတ်လတွင် ရေနံချောင်းမြို့ လယ်ပေါ် တန်ဆောင်း၌ ကျင်းပသည့် ပထမအကြိမ် တို့ဗမာအစည်းအရုံးညီလာခံသို့ တက်ရောက်သည်။ ညီလာခံသို့ မစ္စတာ မောင်မှိုင်း အမည်ခံ ဆရာလွန်းအား ရန်ကုန်မှတာဝန်ယူပင့်ဆောင်ခဲ့သည်။ ထိုညီလာခံတွင် မစ္စတာ မောင်မှိုင်းနှင့်အတူ သခင်အမည်ခံယူခဲ့ရာ သခင်သိန်းဖေ နာမည်တွင်ခဲ့သည်။ ၁၉၃၅ – ၃၆ တွင် တို့ဗမာအစည်းအရုံးဝါဒပြန့်ဌာန၌ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၃၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒုတိယကျောင်းသားသပိတ်ကို အပြင်မှ ကူညီပံ့ပိုးပေးခဲ့သည်။ 
၁၉၃၆ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အိန္ဒိယသို့ မြန်မာ့အလင်း သတင်းစာ၏ နိုင်ငံခြား သတင်းထောက်ဖြင့် လက္ကနောင်း ကွန်ဂရက်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အိန္ဒိယမှနေ၍ မြန်မာ့အလင်းသတင်းစာသို့ သတင်းနှင့်ဆောင်းပါးများ ရေးပို့သည်။ ထိုစဉ်က ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အဌမမြောက် အက်ဒဝပ်ဘုရင် နန်းစွန့်လိုက်သည့်သတင်းကို ကာလကတ္တားမြို့ရှိ အင်္ဂလိပ်ဘာသာဖြစ် ထုတ်ဝေသော အမ်ရစ်တာ ဘဇားပက်ထရီးကား သတင်းစာတစောင်ထဲ၌သာ ဖော်ပြပါရှိရာ ထိုသတင်းကို ဆရာသိန်းဖေမြင့်သည် သတင်းစာမှ ဖြတ်ယူ၍ လေကြောင်းစာအဖြစ် ပေးပို့လိုက်ရာ မြန်မာနိုင်ငံသို့ နေ့ချင်းပေါက် ညနေပိုင်းတွင် ရောက်ရှိလာသည်။ ထိုနေ့ညဦးတွင် စာတိုက်မှ မြန်မာ့အလင်းသတင်းစာတိုက်သို့ ထိုစာ ရောက်လာသဖြင့် ယင်းသတင်းထူးကို ဦးဦးဖျားဖျား ထည့်သွင်းဖော်ပြနိုင်သဖြင့် သတင်းစာသည် စောင်ရေများစွာ ပြန့်သွားလေသည်။
အိန္ဒိယနိုင်ငံမှနေ၍ ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော နဂါးနီစာအုပ်အသင်းကို ကူညီပံ့ပိုးပေးခဲ့သည်။ 
ထို့နောက် ၁၉၃၆ မှ ၃၈ ခုနှစ်တိုင် ကာလကတ္တားတက္ကသိုလ်တွင် မဟာဝိဇ္ဇာဘွဲ့လွန်နှင့် ရစ်ပွန်းကောလိပ်တွင် ဥပဒေသင်တန်း အချိန်ပိုင်းတက်ရောက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အစိုးရ သတင်းစာ ပညာတော်သင်ကိစ္စအတွက် မြန်မာပြည်သို့ ပြန်လာသည်။ သို့သော် အစိုးရက သတင်းစာပညာတော်သင်အဖြစ် ကိုသိန်းတင်(ညိုမြ)အား ရွေးချယ်လိုက်သောကြောင့် ပညာတော်သင်ကိစ္စ ပျက်ပြားသွားရလေသည်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် တတိယ ကျောင်းသားသပိတ်ဖြစ်ပွားရာ ပြင်ပမှ ပါဝင်ဆောင်ရွက်သည်။ သပိတ်အပြီးတွင် ကျောင်းသား ခေါင်းဆောင် ကိုလှရွှေ(အာဏာရှင်) နှင့်အတူ ရှုတ်ချခြင်းခံရသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အတွင်း အရေတော်ပုံအတွက် ၁၉၃၉ ခုနှစ်ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရ၍ ထောင် နှစ်ပတ်ကျခဲ့သည်။ ကျောင်းသားသပိတ်လှန်ရန် ညွန့်ပေါင်းအစိုးရနှင့် စေ့စပ်သူအဖြစ် စွပ်စွဲခံရ၍ ရန်ကုန်စီရင်စု ဒို့ဗမာအစည်းအရုံးမှ အတွင်းရေးမှူး သခင်သန်းထွန်း၏ လက်မှတ်ဖြင့် ၁၉၃၉ ခုနှစ် မတ်လတွင် ထုတ်ပယ်ခံရသည်။ 
ထို့နောက် နိုင်ငံရေးလုပ်ရှားမှုများနှင့် ကင်းကွာကာ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာအဖြစ် ဆောင်ရွက်သည်။ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ယောက်ျားဂုဏ်ရည် ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ရိုက်ကူးပေးခဲ့သည်။
၁၉၄၁ ခုနှစ် နိုဝင်ဘာလတွင် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် နန်းရင်းဝန် ဦးစော အင်္ဂလန်သို့ သွားရာ မြန့်မာ့အလင်းသတင်းစာတွင် တစ်ကောင်ကြွက် ကလောင်အမည်ဖြစ် ‘ဦးစော ဘီးလပ်သွား ပြဇာတ်ကို ရေးသားခဲ့ရာ များစွာလူကြိုက်များခဲ့သည်။ 
၁၉၄၂ တွင် ပြည်သူ့အရေးတော်ပုံပါတီက အထက်ဗမာပြည်စည်းရုံးရေး တာဝန်ပေးအပ်၍ မန္တလေးတွင် ဖက်ဆစ်ဆန့်ကျင်ရေးဝါဒဖြန့် လှုံ့ဆော်ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် နိုင်ငံခြားအကူအညီရှာဖွေရန် ရခိုင်ပြည်နယ်မှတဆင့် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ အိန္ဒိယတွင် မဟာမိတ်တပ်များနှင့် မြန်မာ့တော်လှန်ရေးအင်အားစု ဆက်သွယ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ပြည်ပတွင် တာဝန်ခံခေါင်းဆောင်တဦးအဖြစ် ဆောင်ရွက်နေစဉ်အတွင် ဗမာပြည်အခြေအနေကို ပြည်ပမှသိရှိစေရန် What happened in Burma (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ) နှင့် Over The Ashes (ပြာပုံပေါ်မှာ) ပြဇာတ်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ်နှစ်အုပ်ကို အေလဟာဘတ်မြို့ရှိ Kitabistan စာအုပ်တိုက်နှင့် ဘိုဘေမြို့ ပြည်သူ့စာပေတိုက်တို့မှ ထုတ်ဝေခဲ့သည်။ 
ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၅ ဇူလိုင်လ ၂၇ ရက်မှ ၁၉၄၆ အထိ ဗမာပြည်ကွန်မြူနစ် ပါတီ အထွေထွေအတွင်းရေးမှူး၊ ၁၉၄၅ သြဂုတ်လ ၁၂ မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ဗဟိုဦးစီးအဖွဲ့တွင် အဖွဲ့ဝင်၊ ၁၉၄၆ သြဂုတ်လ ၃၀ တွင် ဖဆပလအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး၊ ၁၉၄၆ စက်တင်ဘာလ ၂၆ တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အစိုးရအဖွဲ့၌ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသည်။
၁၉၄၆ အောက်တိုဘာလ ၂၁ တွင် ဖဆပလမှ ကွန်မြူနစ်ပါတီိကို ထုတ်ပယ်လိုက်ရာ ဦးသိန်းဖေမြင့်သည် ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။ ၁၉၄၆ ဖေဖော်ဝါရီတွင် ကွန်မြူနစ်ပါတီ ညီလာခံတွင် ဘရောက်ဒါဝါဒ တင်သွင်းလာသူအဖြစ် ဝေဖန်ခံရ၍ ကွန်မြူနစ်ပါတီအကွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) ကို သခင်သန်းထွန်းနှင့်အတူ ဦးဆောင်ခဲ့သည်။ ၁၉၄၈ မတ် လ ၂၆ ရက်နေ့တွင် ကွန်မြူနစ်ပါတီမှ နုတ်ထွက်ခဲ့သည်။ 
ထို့နောက် ၁၉၄၈ ဇူလိုင်လ ၁၆ တွင် လက်ဝဲညီညွတ်ရေးအတွက် ဗိုလ်ချုပ်နေဝင်းနှင့် လက်တွဲ၍ လက်ဝဲညီညွတ်ရေးကော်စီကို ဖွဲ့စည်းတည်ထောင်၍ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်နေဝင်းဖြစ်သည်။ 
၁၉၄၈ ခုနှစ်သြဂုတ်လ ၁၈ ရက်နေ့တွင် မင်္ဂလာဒုံ ဗမာ့တပ်မတော် တပ်ရင်း(၁)နှင့် သရက် ဗမာ့တပ်မတော် တပ်ရင်း(၃)တို့ တောခိုရာ တပ်ရင်းမှူး ဗိုလ်ဇေယျနှင့် ဗိုလ်ရဲထွဋ်တို့ လိုက်ပါသွားခဲ့ပြီး စည်းရုံးရေးမှူး တက်ဘုန်းကြီးသိန်းဖေမှာ ကျန်ရစ်ခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် ၁၉၄၈ ခုနှစ် သြဂုတ်လမှ ၁၉၄၉ ခုနှစ်ဇူလိုင်လအထိ ထောင်တွင်း၌ ထိန်းသိမ်းခံခဲ့ရသည်။ ထောင်ထဲတွင် ‘ချစ်၍ခေါ်ရာ’ ရုပ်ရှင်ဇာတ်ညွန်း၊ ‘လမ်းစပေါ်ပြီ’ ဝတ္ထုနှင့် ‘ဒီမိုကရေစီသစ်၊ မော်စီတုံး၏ သင်ကြားချက်များ’ နိုင်ငံရေးကျမ်းတို့ကို ရေးသားခဲ့သည်။
‘လမ်းစပေါ်ပြီ’ ဝတ္ထုမှစ၍ မိခင်ကြီးဒေါ်မြင့်အား ဂုဏ်ပြုသောအားဖြင့် ကလောင်အမည်ကို ‘သိန်းဖေမြင့်’ ဟု မှည့်ခေါ်ခဲ့သည်။ ၁၉၄၉ ခု မေလတွင် ရေးသား၍ ၁၉၅၃ ဇွန်လတွင် ထုတ်ဝေခဲ့သော ‘လမ်းစပေါ်ပြီ’ ဝတ္ထု၏အမှာစာတွင် ကလောင်အမည်သစ်ပေးရခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထားလေသည်။
“အိန္ဒိယ၊ တရုတ်ပြည် အပါအဝင် ကမ္ဘာအရပ်ရပ်တွင် သားစဉ်မြေးဆက် မြင့် ဟူသော် ရိုးရာအမည်တခုထားမည်ဟူ၍ ကျွန်တော့်ကိုယ်ပိုင်နာမည် သိန်းဖေတွင် ‘မြင့်’ တလုံး နောက်ဆက်တွဲထည့်၍ ‘သိန်းဖေမြင့်’ ဟု ခေါ်တပ်စေမည်ဖြစ်ပါကြောင်း၊ ကျွန်တော၏ လမ်းစပေါ်ပြီ ဝတ္ထုကို သိန်းဖေမြင့် နာမည်ဖြင့် ရေးသားထုတ်ဝေမည်ဖြစ်ပါကြောင်း” ရေးသားထားလေသည်။
ဦးသိန်းဖေမြင့်သည် သိန်းဖေမြင့် ကလောင်အမည်အပြင် ဝနေငဖေ(ဘုတလင်)၊ သိန်းဖေ၊ တက်ဘုန်းကြီး မောင်သိန်းဖေ၊ တက်ဘုန်းကြီး သိန်းဖေ၊ တစ်ကောင်ကြွက်၊ တက္ကသိုလ် အကျော့၊ မောင်ကို၊ မောင်သိန်းဖေ (ဘီအေ)၊ ရဲကျော်၊ ဦးကျောက်လုံး၊ သိန်းနေနွယ်၊ မောင်တူ စသည့် ကလောင်ခွဲများကိုလည်း အသုံးပြုခဲ့သည်။ 
၁၉၅၂ တွင် ဗိုလ်ထွန်းစိန်ဦးထွန်းမြင့် (တောင်ကြီး)နှင့်တွဲ၍ ‘ပြည်သူ့ညီညွတ်ရေးပါတီ’ ကို တည်ထောင်ခဲ့၍ အထွေထွေအတွင်းရေးမှူးအဖြစ် ၁၉၅၉ အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်သူ့ညီညွတ်ရေးပါတီသည် ၁၉၅၅ တွင် မြန်မာနိုင်ငံအမျိုးသားညီ ညွတ်ရေးတပ်ပေါင်းစု (ပမညတ)တို့ ဝင်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၁၉၅၉ တွင် ပါတီကို ပြည်သူ့ရဲဘော်အဖွဲ့နှင့် ပူးပေါင်း၍ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၆ ဧပြီလတွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပမညတ အမတ်အဖြစ် ဘုတလင်နယ်မှ အရွေးခံရသည်။ လွှတ်တော်တွင် အတိုက်အခံအမတ်အဖြစ် ဆောင်ရွက်သည်။ သို့သော် ၁၉၆၀ ပြည့်နှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ရှုံးနိမ့်ခဲ့ရသည်။ 
၁၉၆၂ ခု မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီက နိုင်ငံတော် အာဏာသိမ်းပိုက်ခြင်းကို ထောက်ခံခဲ့သည်။ 
ထို့နောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တည်ထောင်သောအခါ လမ်းစဉ်ပါတီတို့ ဝင်ရောက်ခဲ့သည်။ လမ်းစဉ်ပါတီ၌ တင်းပြည့်ပါတီဝင်ဖြစ်ခဲ့သည်။ သူသည် မကွယ်လွန်မီက လမ်းစဉ်ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးနေဝင်းထံ စာတစောင်ရေး၍ တင်သွင်းခဲ့သည်။ 
ယင်းစာတမ်းလမ်းစဉ်ပါတီကို သူ ဘာကြောင့်ထောက်ခံသည် ဝင်သည်ဆိုသည်ကို ရှင်းပြထားသည်။ ၁၉၃၈ တက္ကသိုလ် ကျောင်းသားသပိတ်မှစပြီး ဂျပန်ခေတ် နယ်ချဲ့ကိုလိုနီခေတ်၊ လွတ်လပ်ပြီး ဖဆပလခေတ် ပထစခေတ်အထိ အတူတကွ နိုင်ငံရေးလုပ်လာကြသည့် ပြည်သူ ကောင်းစားရေးဆိုသည့် နိုင်ငံရေးသမားများကို သူက ယုံကြည်မှုမရှိထို့ကြောင့် ၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် စစ်တပ်က လူများသာ နိုင်ငံအတွက် ကောင်းအောင်လုပ်ပေးနိုင်သည်ဟု ယုံကြည်သောကြောင့် လမ်းစဉ် ပါတီကို ထောက်ခံကာ ပါတီဝင်လျှောက်ထားခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။ ထို့ကြောင့် သူ့အား ‘သာကူး’ ဟု ပြောလိုလျှင် ပြောကြပါစေ။ စွပ်စွဲချင်သလို စွပ်စွဲကြပါစေ။ နိုင်ငံ ကောင်းအောင်လုပ်သည့် စစ်တပ်ဘက်ကသာ သူအမြဲရပ်တည်မည်ဟု ယုံကြည်ချက်အရ လမ်းစဉ်ပါတီကို ထောက်ခံပြီး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားလေသည်။
စာ၏ ဒုတိယပိုင်း၌မူ ဥက္ကဋ္ဌကြီး ဦးနေဝင်းထံ တင်သွင်းရသည့်အကြောင်းရင်းကို သူသည် မြန်မာနိုင်ငံက တဦးအနေဖြစ်သော်လည်းကောင်း၊ လမ်းစဉ်ပါတီကို ယုံကြည်ထောက်ခံသူ ပါတီဝင် တဦးအနေဖြင့်လည်းကောင်း၊ လက်ရှိဖြစ်ပျက်နေသည့် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေမှန်ကို တပါတီအာဏာရှင်ဖြစ်နေသည့် လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးနှင့် အစိုးရအဖွဲ့ဝင်များအား အမှန်ကိုအမှန်တိုင်း၊ အရှိကိုအရှိတိုင်းသိရှိရန် တင်ပြသင့်၊ ရေးပြရမည့် တာဝန်ရှိသည်ဟု ခံယူသည့်အတွက် တင်ပြခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။
တတိယပိုင်း၌ လမ်းစဉ်ပါတီထောက်ခံသူ ပါတီဝင်တစ်ဦး၏ တင်ပြသည့်စာကို လမ်းစဉ် ပါတီဗဟိုကော်မတီ၌ အကျေအလည် ဆွေးနွေးလိမ့်မည်ဟု ယုံကြည်ကြောင်း ရေးသားထားလေသည်။
သို့သော် ဦးသိန်းဖေမြင့်၏စာကို ဥက္ကဋ္ဌကြီး ဦးနေဝင်းကိုယ်တိုင် အလေးထား၍ ဖတ်မသွားခဲ့သည်ကို ဦးသိန်းဖေမြင့်သည် သိပုံမရချေ။ တပါတီအာဏာရှင် မဆလပါတီခေတ်၌ နိုင်ငံ၏အခြေအနေမှန်ကို မကြောက်မရွံ့ ထောက်ပြရန် ပါတီဝင်တဦး၏တာဝန်ဟု ခံယူခဲ့သည့် ‘သာကူး’ အခေါ်ခံခဲ့ရသည့် ဦးသိန်းဖေမြင့်၏စာကို ချောင်းထိုးခံခဲ့ရခြင်းသည် ဝမ်းနည်းစရာပေ ဖြစ်သည်။
၁၉၅၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဗိုလ်တထောင် သတင်းစာကို စတင် ထုတ်ဝေခဲ့သည်။ ၁၉၆၄ ခု စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြည်သူပိုင် အသိမ်းခံရသည့်တိုင်အောင် ဗိုလ်တထောင်သတင်းစာ၏ အယ်ဒီတာချုပ်နှင့် အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့ဝင်ဖြစ် ဆောင်ရွက်ခဲ့သည်။ ပြည်ပိုင်သိမ်းပိုက်ခြင်းခံရပြီးနောက် ၁၉၇၅ မေလတိုင်အောင် ‘ပွင့်ပွင့်လင်းလင်း ပြောပါရစေ’ ကဏ္ဍ၌ ပင်တိုင်ဆောင်းပါးရှင်အဖြစ် နှစ်စဉ်နီးပါး ရေးသားခဲ့သည်။ 
လူမှုရေးလုပ်ငန်းများအဖြစ် ဦးသိန်းဖေမြင့်သည် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်း ဒုဥက္ကဋ္ဌ၊ ၁၉၅၀ – ၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ ဒုဥကဋ္ဌဌ၊ ၁၉၅၆ -၅၈ နှင့် ၁၉၆၂ တို့တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုယဉ်ကျေးမှု ကောင်စီအဖွဲ့ဝင်၊ ၁၉၆၆တွင် တက္ကသိုလ်များကောင်စီ ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၇၁ ခု ဇူလိုင်လ ၁၀ ရက်နေ့တွင် တော်လှန်ရေးကောင်စီ အတိုင်ပင်ခံအဖွဲ့ဝင်၊ ၁၉၇၃ တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကော်မရှင်လူကြီး၊ ၁၉၇၄ ခုနှစ်တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲ ကျင်းပရေးကော်မရှင်လူကြီး တာဝန်များ ပေးအပ်ခံရသည်။ 
၁၉၄၆ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီးအဖြစ် စင်္ကာပူ၌ ကျင်းပသည့် စားနပ်ရိက္ခာ အစည်းအဝေး၊ ၁၉၅၂ ပီကင်း၌ ကျင်းပသည့် အာရှပစိဖိတ်ဒေသများဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ ပြင်ဆင်ရေးကော်မတီ အစည်းအဝေး၊ ၁၉၅၆ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် စာရေးဆရာညီလာခံ၊ ၁၉၅၆ အောက်တိုဘာလတွင် ပီကင်း၌ကျင်းပသည့် ‘လူရွှန်း ကွယ်လွန်ခြင်း အနှစ်နှစ်ဆယ်မြောက်’ အထိမ်းအမှတ်ပွဲ ၁၉၅၇ တွင် လန်ဒန်မြို့၌ကျင်းပသည့် ပါလီမန်မစ်ရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကျင်းပသည့် ‘အာရှ အာဖရိက ပြည်သူများ သွေးစည်းရေး’ ညီလာခံသို့လည်းကောင်း၊ ၁၉၆၁ တွင် ဂျပန်နိုင်ငံ၌ ကျင်းပသည့် ‘အာရှ စာရေးဆရာများဗျူရို’ အစည်းအဝေးသို့လည်းကောင်း ၁၉၆၁ တွင် သတင်းစာဆရာအဖြစ် Leadership Grant အရ အမေရိကန်ပြည်ထောင်စုသို့ လည်းကောင်း၊ ၁၉၆၂ တွင် ဆိုဗီယက်၊ အရှေ့ဂျာမနီ၊ ရိုမေးနီးယား နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။ 
သူ၏ထင်ရှားသည့် စာအုပ်များမှာ တက်ဘုန်းကြီး (၁၉၃၇)၊ ဆရာလွန်း (သခင်ကိုယ် တော်မှိုင်း) အထ္ထုပ္ပတ္တိ (၁၉၃၇)၊ တက်ခေတ်နတ်ဆိုး (၁၉၃၈)၊ သပိတ်မှောက်ကျောင်းသား (၁၉၃၉)၊ ဦးစောဘိလပ်သွား ပြဇာတ်(၁၉၄၁)၊ လမ်းစပေါ်ပြီ (၁၉၄၉)၊ ဇာတ်ဆရာဦးဖိုးစိန် (၁၉၅၂)၊ နေရစ်တော့ခေတ်ဟောင်း(၁၉၅၂)၊ စစ်အတွင်းခရီးသည် (၁၉၅၃)၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ (၁၉၅၆)၊ အရှေ့က နေဝန်းထွက်သည့်ပမာ (၁၉၅၇)၊ ကျော်ငြိမ်း (၁၉၆၁)၊ ဝတ္ထုတိုပေါင်းချုပ် (၁၉၆၆)၊ တိုက်ပွဲဝင်စာများ (၁၉၆၈)၊ ဝိသေသတိုင်း သမိုင်းအစ (၁၉၆၇)၊ သီတာပြုံး (၁၉၆၈)၊ အညာပြန် (၁၉၇၂)၊ ကျွန်တော်တို့ မွန်မြန်မာ (၁၉၇၂)၊ တစ်ခုသော ငွေရတုသဘင် (၁၉၇၃)၊ ကျွန်တော့်အချစ်ဦး (၁၉၇၄)၊ တက်ခေတ်တက်လူ တက်ဘုန်းကြီး သိန်းဖေ (၁၉၇၅)၊ အဏ္ဏဝါခရီးသည်နှင့် ပုလဲဒေဝီ (၁၉၇၅)၊ မြစ်ဖျားဧရာ ရောင်စုံဖြာ (၁၉၇၆)၊ ၆၀ ကျော်မှရေးသော ဝတ္ထုတိုများ (၁၉၇၈)၊ သူတို့လင်မယား ၃၄ နှစ် (၁၉၇၈)၊ ဘိုးဘိုး ဖွားဖွား အချစ်ပွား (၁၉၇၉)၊ စာပေဘဝ ဇာတ်လမ်းစုံ – ၃ (၁၉၈၁) တို့ဖြစ်သည်။ 
ဆရာသိန်းဖေမြင့် ရေးသော ဝတ္ထုများအနက် အရှေ့ကနေဝန်း ထွက်သည့်ပမာ ဝတ္ထုသည် အရှည်ဆုံးဖြစ်သည်။ ၁၄ ပွိုင့်စာလုံးသေးဖြင့် ရိုက်နှိပ်ရာ စာမျက်နှာ ၁၂၀၀ ခန့်ရှိလေသည်။ ဝတ္ထုရှည်သည်နှင့်အမျှ ရည်ရွယ်ချက်လည်း ကောင်းသည်။ အဖွဲ့လည်းကောင်းသည်။ အရေးလည်း ကောင်းသည်။ ထို့ကြောင့် မြန်မာစာပေလောက၌ ဂန္ထဝင်စာပေအဖြစ် တင်ကျန်ရစ်ခဲ့သည်။
၁၉၅၈ ခုနှစ် စာပေဗိမာန်ဝတ္ထုရှည်ဆုကို အရှေ့က နေဝန်းထွက်သည့်ပမာ စာအုပ်ဖြင့် လည်းကောင်း၊ ၁၉၆၇ ခု အမျိုးသားစာပေ(စာပဒေသာ) ပထမဆုကို ဝိသေသတိုင်း သမိုင်းအစ စအုပ်ဖြင့်လည်းကောင်း၊ ၁၉၆၈ အမျိုးသားစာပေ (ဝတ္ထုရှည်တတိယဆုကို သီတာပြုံး စာအုပ်တို့ဖြင့်လည်းကောင်း ရရှိခဲ့သည်။ 
သို့သော် ၁၉၄၀ ပြည့်နှစ်က သိန်းဖေ ကလောင်အမည်ဖြင့် ထုတ်ဝေသော ဂျာမနီ မိုက်သလား စာအုပ်သည် ဆရာသိန်းဖေမြင့် ရေးသောစာအုပ် မဟုတ်ချေ။ ဗိုလ်ရန်နိုင် (ရဲဘော်သုံးကျိပ်)ရေးသော စာအုပ်ဖြစ်သော်လည်း ၎င်းအမည်ဖြင့် ထုတ်ဝေပါက ရောင်းရလိမ့်မည် မထင်သောကြောင့် သိန်းဖေ နာမည်တပ်၍ ထုတ်ဝေခဲ့သည်ဟု စာပေဘဝဇာတ်လမ်းစုံ စာအုပ်၌ ရှင်းလင်းထားလေသည်။ 
ဦးသိန်းဖေမြင့်၏ထူးခြားချက်မှာ လက်ဝဲလက်ရာ၌ အလည်တည့်တည့်တွင် ရပ်တည်နေသူ ဖြစ်သည်။ ဝဲက စွန်းလာလျှင် ပြောသည်။ ရေးသည်။ ယာက စွန်းလာလျှင်လည်း ရေးသည်။ ပြောသည်။ သူကား ငြိမ်နေတတ်သူ မဟုတ်။ ဖိလို့ ဖုံးလို့ရသူ မဟုတ်။ ပြောစရာရှိလျှင် ပြောရမှ ရေးစရာရှိလျှင်ရေးရမှ အိပ်ပျော်စားဝင်သူဖြစ်သည်။ လမ်းစဉ်ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို ဗိုလ်တထောင်သတင်းစာ ‘ပွင့်ပွင့်လင်းလင်း ပြောပါရစေ’ ကဏ္ဍမှ ၁၉၇၅ မေလတွင် ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍ စာပေစိစစ်ရေးဌာနသည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ 
နိုင်ငံရေးသမား သတင်းစာဆရာ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဇာတ်ညွန်းရေးဆရာ တက္ကသိုလ်ကောင်စီဝင်လူကြီး စသည်ဖြင့် စာပေယဉ်ကျေးမှု အနုပညာနှင့် နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အသွင်အမျိုးမျိုးဖြင့် ကပြကျင်လည်ခဲ့သော ဦးသိန်းဖေမြင့်သည် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီတွင် နေအိမ်၌ ရုတ်တရက် ဦးနှောက်ကြောပြတ်သွားရာ ထိုနေ့မှာပင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သော်လည်း လုံးဝသက်သာခြင်း မရှိတော့ဘဲ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ်သုံးဆယ်တွင် ကွယ်လွန်သွားခဲ့လေသည်။
ကြွင်းကျန်သောရုပ်ကလပ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကြံတောသုဿန်၌ မီးသဂြုင်္ိဟ်၍ အရိုးပြာကို ၎င်း၏ဆန္ဒအတိုင်း မင်္ဂလာဒုံမြို့နယ် ပေါင်းကူးရွာရှိ သူ၏ခြံအတွင်းရှိ အုန်းပင်များကို ပက်ဖြန်းခဲ့ကြသည်။ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ (ရန်ကင်းရုပ်ရှင်) ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဘုတလင်မုံရွာတို့မှ စာပေမိတ်ဆွေများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ အကူအညီများဖြင့် အထိမ်းအမှတ် ကျောက်တိုင်ဂူဗိမာန်ကို ၎င်းဇာတိ ဘုတလင်သုဿန်တွင် စိုက်ထူထားခဲ့လေသည်။
သန်းဝင်းလှိုင်
၃- ၆- ၂၀၁၁
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: