RSS

Aung Way – For My Dad

22 Jul

ဤနေရာတွင် ကဗျာဆရာအောင်ဝေး၏ ဖခင်၊ စစ်သားဟောင်းကြီး လှဲလျောင်းသည်

အောင်ဝေး

ဇူလိုင် ၂၂၊ ၂၀၁၁

ကျနော့်နှလုံးသားထဲမှာပါအဖေ

အဖေ့ကို ဂုဏ်ပြုမြှုပ်နှံပရစေ။

ညောင်လေးပင်မြို့က သုဿန်ကလေးရေ

ငါ့အဖေကို ငါမြှုပ်နှံပါရစေ။

အခုတော့ အဖေက တပ်ကြပ်ကြီးအေးမောင် (ငြိမ်း) (ကွယ်လွန်)

အဖေ့သား ကျနော်က ကဗျာဆရာအောင်ဝေး (ပြည်ပြေး)။

သားနဲ့အဖေ တမြေစီ တရေစီ

အဖေနဲ့သား ဘဝခြားခဲ့ပြီ။

ရွှေဝါရောင်အလွန်မှာ ကျနော်က အဖေနဲ့ အမေကို ထားခဲ့တယ်

နာဂစ်မတိုင်မီကလေးမှာ အမေက အဖေ့ကိုထားရစ်တယ်

အခု အဖေက အားလုံးကို ထားသွားပြီ။

ကျနော်ပြန်လာတဲ့အထိ စောင့်ပါဦးလား အဖေရယ်

တနေ့ ကျနော် ပြန်လာမှာပေါ့။

အဖေ ကျနော့်ကို မျှော်နေမယ်

အဖေ ကျနော့်အကြောင်း တွေးနေမယ်

ကျနော် သိတယ်။

ကျနော် အချိန်မီပြန်မလာနိုင်တာ

ခွင့်လွှတ်ပါ အဖေ။

အခုတော့ ကျနော့်နှလုံသားထဲမှာ

အဖေ့ကိုမြှုပ်နှံလိုက်ရပြီ။

ညောင်လေးပင်မြို့က သုဿန်ကလေးရေ

ငါ့အဖေကို ငါမြှုပ်နှံပါရစီ။

အမေရေ … အဖေ့ကို ဆီးကြိုပါတော့။

အဖေရေ … ကျနော့်ကို ခွင့်လွှတ်ပါတော့။

သားဟာ အဖေ့ကို ဆန့်ကျင်ခဲ့တယ်

သားကိုခွင့်လွှတ်ပါ အဖေ။

စစ်တပ်ဟာ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးထားတယ်

ကျနော် စစ်တပ်ကို ဆန့်ကျင်တယ်။

စစ်တပ်ကိုဆန့်ကျင်တဲ့ ကျနော်

အဖေ့ကိုဆန့်ကျင်သလို ဖြစ်ခဲ့တယ်။

အခုတော့ အဖေ့ကို ကျနော် အားနာတယ်

အဖေက သားကိုဘယ်တုန်းကမှ မဆန့်ကျင်ဘူး။

အမေရေ … အဖေ့ကိုဆီးကြိုပါတော့

အဖေရေ … သားကိုခွင့်လွှတ်ပါတော့။

တရုတ်ဖြူတွေကိုတိုက်ခဲ့လို့ အဖေ့ရင်ဘတ်မှာ

ပြည်ပရန်နှိမ်တံဆိပ်ကလေး တိုင်းပြည်က ချိတ်ပေးဖူးတယ်။

ပြည်တွင်းစစ်ကြီးထဲက ညောင်လေးပင်မြို့ ရဲ့ 

စစ်တန်းလျားတခုမှာ ကျနော် မွေးဖွားခဲ့တယ်။

တော်လှန်ရေးကောင်စီခေတ်မှာ

အဖေက ဗကပတွေကိုတိုက်တဲ့ အစိုးရစစ်သား။

မဆလခေတ်ကိုရောက်တော့

ကျနော်က အစိုးရကိုတိုက်တဲ့ ဗကပ (မြေအောက်) ကျောင်းသား။

အဖေက တပ်မတော်ပါတီ ကော်မတီ

ကျနော်က ကျောင်းသားခေါင်းဆောင် ဘာမထီ။

ကျနော် ဝန်ခံပါတယ်

ကျနော့်နိုင်ငံရေးဟာ မဆလအစိုးရကို အလဲမထိုးနိုင်ခဲ့ဘူး။

ကျနော် ပထမအကြိမ် အကျဉ်းထောင်ထဲ ရောက်သွားတယ်

ဆိတ်ဖလူးရနံ့ (၁၉၇၆)။

သံတိုင်ကြားက ကျောင်းသားခေါင်းဆောင်သားကို

သူ့အဖေ တပ်မတော်ပါတီကေဒါက ထောင်ဝင်စာ လာတွေ့ရှာတယ်။

ကျေးဇူးတင်ပါတယ် အဖေ

နရသိန်ထဲမှာ သားပျော်ပါတယ် အဖေ။

ကျနော့်ကြောင့် အဖေ့ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပေါ့

ကျနော် စိတ်မကောင်းပါဘူး အဖေ။

ကျနော့်ကြောင့် အမေနဲ့ ညီလေး-နှမလေးတွေ ဒုက္ခရောက်ခဲ့ပေါ့

ကျနော် စိတ်မကောင်းပါဘူး အဖေ။

ရာဇဝင်တွေ ဖြတ်သန်းသွားတယ်

ကံကြမ္မာရထားကြီးပေါ်မှာ

အဖေ အငြိမ်းစားစစ်မှုထမ်းဟောင်းကြီး ဖြစ်လာတယ်။

ကျနော် ထောင်ကလွတ်လာတယ်

ကျနော် မြစ်ဝကျွန်းပေါ်တည်ဆောက်ရင်း အိမ်ထောင်ကျတယ်။

ဟိုတုန်းက ကျောင်းသားသူပုန်တယောက်ရဲ့ အဖေ

နောက်တော့ အဖေဟာ ကဗျာဆရာရဲ့အဖေ ဖြစ်လာခဲ့ပေါ့။

ကဗျာဆရာကမွေးတဲ့ ကလေးတွေရဲ့ဘိုးအေ ဖြစ်လာခဲ့ပေါ့။

ရှစ်လေးလုံးအရေးတော်ပုံမှာ တိုက်ပွဲဝင်နေတဲ့

သူ့သားကဗျာဆရာရဲ့ ဓာတ်ပုံ

သတင်းစာထဲကဖြတ်ပြီး သူ့အဖေစစ်သားဟောင်းကြီး သိမ်းပြန်သတဲ့။

ဟိုတုန်းက တပ်မတော်နေ့အခမ်းအနားမှာ

သူ့စစ်ဝတ်စုံဟောင်းကြီး ထုတ်ထုတ်ဝတ်တတ်တဲ့ မင်းတို့အဖေ

ရှစ်ဆယ့်ရှစ်နောက်ပိုင်း ထုတ်ဝတ်တာ မတွေ့တော့ဘူးလို့

အမေ ပြောပြဖူးတယ်။

ကျနော်ကလည်း ကျနော်

လူထုတော်လှန်ရေးထဲမှာ ပျော်တယ်။

ကျနော် ဒုတိယအကြိမ် ထောင်ထဲရောက်သွား

ကျနော် ဒုတိယအကြိမ် ထောင်ကပြန်ထွက်။

ကျနော် တတိယအကြိမ် ထောင်ထဲရောက်သွား

ကျနော် တတိယအကြိမ် ထောင်ကပြန်ထွက်။

ယဉ်ကျေးမှု ရှေ့တန်းစစ်မျက်နှာမှာ

ကျနော်က အရေးတော်ပုံတပ်သားတယောက်ပေါ့။

ကျနော့်ကဗျာတွေကို အဖေဖတ်မှာပဲ

(အမေက အမြဲဖတ်တယ်)

ကျနော့်အနာဂတ်ကို အဖေကျေနပ်မှာပဲ

ကျနော့်အိမ်ထောင်ရေးကို အဖေစိတ်ချမှာပဲ။

ကျနော့်သားတွေလည်း အင်ဂျင်နီယာ-ကွန်ပျူတာ ဘွဲ့အသီးသီးရပြီ

ကျနော့်ဇနီးလည်း “ပါရမီဖက် ခင်မွန်’’ ဘွဲ့ရပြီ။

မြေးတကောင်ရဲ့ ဘွဲ့ နှင်းသဘင်မှာ စည်တော်ယွန်းတဲ့အခါ

မျက်ရည်ကျတာ အဲဒီစစ်သားဟောင်း ဘိုးအေကြီးပါ။

ညောင်လေးပင်မှာနေတဲ့အဖေဟာ လွမ်းတဲ့အခါ

ရန်ကုန်မှာနေတဲ့သားဆီကို လာတယ်။

ဖအေနဲ့သား ရေဒီယိုတလုံး အလယ်ချ

ခေါင်းချင်းဆိုင် နားထောင်ကြ။

သားနဲ့ အဖေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိ

ဓနုဖြူကနေ ဒီပဲယင်းအထိ

ထင်မြင်ချက်ချင်းညှိ။

ကြည့်ရင်း ကြည့်ရင်းမှာပင် လူတို့သည်

ပရွက်ဆိတ်တမျှ သေးငယ်သွားကြကုန်၏ … တဲ့

ဆရာမောင်သာရ ရေးခဲ့ဖူးတယ်။

“တချို့တွေ နေနိုင်လွန်းတယ်“

ခိုင်ထူးသီချင်းလိုပဲ။

ဒီနေ့ခေတ်မှာ သူရဲကောင်းလည်း များတယ်

သစ္စာဖောက်လည်း များတယ်။

ဒီနေ့ခေတ်မှာ ကိုယ်ကျိုးစွန့်သူလည်း ရှိ

အချောင်သမားလည်း ရှိ။

ကျနော် ဘာကောင်လဲ

ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေရတယ်။

ကျနော် ဘာလဲ ဘယ်လဲ

အဖေ မမေးခင် ကျနော့်ကိုယ်ကျနော် အရင်မေးရတယ်။

အဖေနဲ့ နောက်ဆုံးတွေ့လိုက်ရတာ

ရွှေဝါရောင် အထွေထွေသပိတ် မတိုင်ခင်ကလေးပါ။

အဖေက ကျနော့်ကို ကျော်သူ့အကြောင်း မေးတယ်

အဖေက ကျနော့်ကို ဇာဂနာ့အကြောင်း မေးတယ်။

အဖေက ကျနော့်ကို ကျနော့်အကြောင်း မမေးဘူး

အဖေက ကျနော် ဘာလုပ်နေတယ်ဆိုတာ သိတယ်။

ဒီလိုနဲ့ ရွှေတိဂုံသပိတ်စခန်း ဖြိုခွဲခံရတယ်

ရေဝ၀ါရောင်အလွန်မှာ ကျနော်က အဖေနဲ့အမေ့ကို ထားခဲ့တယ်

နာဂစ်မတိုင်ခင်ကလေးမှာ အမေက အဖေ့ကို ထားရစ်တယ်

အခု အဖေက အားလုံးကို ထားသွားပြီ။

သားပြန်လာတဲ့အထိ စောင့်ပါဦးလား အဖေရယ်

သား တနေ့ပြန်လာမှာပေါ့။

တနေ့ ပြည်တော်ဝင်ခန်းရောက်မှာပေါ့။

အခုတော့ ကျနော့်နှလုံးသားထဲမှာ အဖေ့ကိုမြှုပ်နှံလိုက်ရပြီ။

ဤနေရာတွင် ကဗျာဆရာအောင်ဝေး၏ဖခင် စစ်သားဟောင်းကြီး လှဲလျောင်းသည်။

အဖေ ကောင်းရာသုဂတိ ရောက်ပါစေ။ ။

(ဇူလိုင် ၂၀ – ၂၀၁၁၊ အဖေကွယ်လွန်တဲ့ည)

 
Leave a comment

Posted by on July 22, 2011 in Aung Way, poem

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: