RSS

Min Kyaw Khine – for Ko Maung Maung (Medium Wave)

23 Jul

အခါလည်းနှောင်းခဲ့ပြီ လွမ်း အဉ္ဇလီ
ချမ်းငြိမ်း
ဇူလိုင် ၂၃၊ ၂၀၁၁
ဒီဆောင်းပါးကိုဖတ်မိပြီးတော့ ကျနော်နဲ့ ညီအကိုလို ရင်းနှီးခင်မင်ခဲ့တဲ့ ကိုမောင်မောင့်ကို ပြန်သတိရမိပါတယ်။
၁၉၇၉- ၈ဝ ခုနှစ်လောက်က ကိုမောင်မောင်တို့အုပ်စုဟာ ကိုတိုး (ကိုခင်မောင်တိုး) ရဲ့ အဉ္ဖလီအတွက် ဂီတဉ္ဖလီ သီချင်းစီးရီးကို သမိုင်းကျောင်းဝင်း (RC2 နားက) ထဲက အင်ကြင်းဆောင် အနောက်ဘက်မှာ လွတ်လွတ်လပ်လပ် သီချင်းတိုက်ခဲ့ကြတာပါ။ 
အဲဒီတုန်းက ကိုမောင်မောင့် ညီမ ယဉ်ယဉ်ထွေး (ခ) ဂျီဂျီး က အင်ကြင်းဆောင်မှာနေပြီး စီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့အချိန်၊ ကိုတိုး၊ ကိုရဲ (ကိုရဲလွင်)၊ ကိုနေဝင်းနဲ့ ကိုမောင်မောင်တို့ဟာ တံတားဖြူ (ခုတော့ တံတားနီ) ခရမ်းပြာအဆောင်ကနေ အင်ကြင်းဆောင်နောက်ကို ညစဉ်ညတိုင်း လာပြီးသီချင်းဆိုခဲ့ကြတာတွေ ပြန်မြင်မိတယ်။
ကျနော်က RC2 မှာ ပထမနှစ်တက်နေဆဲ၊ အင်ကြင်းဆောင်ကလည်း ကျနော့်အိမ်နဲ့လည်း နီး၊ Aces အဖွဲ့မှာ ဂစ်တာတီးနေတဲ့ မိုးကျော် (ကွယ်လွန်) ကလည်း တတန်းတည်းသား သူငယ်ချင်း … ဆိုတော့ သူတို့နဲ့ ကျနော်တို့ ပေါင်းမိ၊ တွဲမိကြတယ်။

နောက် … တချိန်မှာ နာမည်ကျော် အဆိုတော်ဖြစ်လာမယ့် မွန်းအောင်လည်း ရောက်လာတော့ လူပိုစုံသွားခဲ့တယ်။
အဲဒီတုန်းက အဖွဲ့နာမည်က လိစ္ဆဝီ ပါ၊ ကိုနေဝင်း ပေးတဲ့နာမည်။ နောက်မှ မဈ္ဇိမလှိုင်း (Medium Wave) လို့ပြောင်းခဲ့တာပါ။
အဉ္ဖလီအတွက်ဂီတဉ္ဖလီ စီးရီးထွက်တော့ ကျနော်က ကြော်ငြာပိုစတာတွေ ဟိုခြစ်-ဒီခြစ်နဲ့ ရေးပေးခဲ့ရတာပါ။ ဖယောင်းစက္ကူမှာ ကညစ်နဲ့ရေးပြီး စာကူးစက်နဲ့ လှည့်ထုတ်ရတဲ့ခေတ်ပေါ့။
နောက်ပိုင်း ကိုမောင်မောင်၊ ကိုတိုး၊ ကိုရဲတို့နဲ့ လှည်းတန်းက ညလုံးပေါက်ဖွင့်တဲ့ ကြယ်ပြာ လ္ဘက်ရည်ဆိုင်၊ ဦးချစ်ဆိုင်၊ ပန်းမြို့တော် အအေးနဲ့ လ္ဘက်ရည်ဆိုင်တွေမှာ သီချင်းအကြောင်း၊ ပန်းချီအကြောင်း၊ ဘာသာရေးအကြောင်းတွေဆွေးနွေးဖြစ်ကြတယ်။
ကိုမောင်မောင်က စာဆို အကုန်ဖတ်တယ်၊ နောက် မှတ်ဉာဏ်ကောင်းတယ်၊ သူက ပြည်သူချစ်တဲ့ လူထုဒေါ်အမာရဲ့ တူတော်ပါတယ်။
စာဖတ်အားကောင်းတော့ စကားလုံးရွေးရာမှာ အားပိုကောင်းတာပေါ့။
သူ ကျနော့်ကိုရှင်းပြတာလေး ရှိပါတယ်၊ အနုပညာနဲ့ အတတ်ပညာ ကွာခြားပုံကိုပါ။
အနုပညာဆိုတာ ရင်ထဲက ခံစားမှုကိုပုံဖော်တဲ့အခါ (သီချင်း၊ ဂီတ၊ စာပေ၊ ပန်းချီ …) တခဏလေးနဲ့ ပြီးချင်ပြီးမယ်၊ တလ နှစ်လ ကြာချင်ကြာမယ်၊ နှစ်ပေါက်ချင်ပေါက်သွားမယ်။
အဲဒီဖန်တီးမှုပြီးသွားတဲ့အခါ အဲဒီအနုပညာဟာ တန်ဖိုးဖြတ်လို့ မရဘူး၊ ဖန်တီးပြီးသွားလို့ရလာတဲ့ ကြည်နူးမှုပီတိဟာလည်း ဘာနဲ့မှ လဲလို့မရဘူး၊ ဝယ်လို့လည်း မရဘူး။
အတတ်ပညာကျတော့ ကိုယ်တတ်ထားတဲ့ စကားလုံးကြွယ်ဝမှု၊ ရေးချယ်တတ်မှု အတတ်ပညာကို သူတပါး ဖန်တီးထားတဲ့ အနုပညာနဲ့ ပေါင်းစပ်ဖန်တီးယူတာလို့ ရှင်းပြခဲ့တာ ခုထိ မှတ်မိနေပါသေးတယ်။
သူ့သီချင်းစာသားတွေမှာ တွေးစရာတွေ အမြဲပေးတတ်တယ်၊ နေပုံထိုင်ပုံ ရိုးသားပြီးမာန မရှိတဲ့ ကိုမောင် ဆုံးတော့ ကျနော်က ပြည်ပကို ရောက်နေပါပြီ။
အခု သူ့သီချင်းတွေကို မန္တလေးမှာနေတဲ့ သူ့ညီမ မယဉ်ယဉ်ထွေး (ရီမြင့်ရုပ်ရှင်ဖြန့်ချိရေးက ကိုဇော်မြင့်ရဲ့ ဇနီး) က တာဝန်ယူ မူပိုင်ပြုထားတယ်လို့ သိရပါတယ်။
ကိုမောင်မောင်လို ရိုးရာသင်္ကြန်သီချင်းတွေအပြင် ကိုယ်ပိုင်သံစဉ် ခေတ်ပေါ်သီချင်းတွေ ရေးနိုင်တဲ့သူ တခေတ်မှာတခါပေါ်ဖို့ မလွယ်ပါဘူး။
သူ့ကိုပြန်တမ်းတမိရင်း ဆောင်ပါးရေးတဲ့ ကိုချမ်းငြိမ်းကို ကျေးဇူးတင်ပါတယ်။
(မင်းကျော်ခိုင်)
တစ်ခါတစ်ရံ လသာတဲ့ညမှာဆို အတူတူတစ်ယောက်ကိုတစ်ယောက်မှီပြီး အရသာခံဖို့ ချစ်သူကို အောက်မေ့ကြတယ်။ မိုးအုံ့တဲ့ညနေပိုင်းတွေကျ အထူးသဖြင့် အိမ်နဲ့ အဝေးကြီးမှာ ရောက်နေတဲ့အခါဆို အမေ့ရင်ခွင်မှာ ပြန်ခိုချင်တဲ့စိတ် ဖြစ်မိတယ်။ ဆီးနှင်းတွေ ပိန်းပိတ်မှောင်ပြီး တကယ် ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းညတွေမှာကျ ဘဝကြင်ဖော်ရဲ့ရင်ငွေ့ကို လှုံချင်ကြပြန်တယ်။ အားလုံး အားလုံး ပျော်ရွှင် ကခုန်လေ့ရှိတဲ့ မီးပုံပွဲတွေကျပြန်တော့ အိမ်က ကလေးတွေ၊ ညီအစ်ကိုဆွေမျိုးတွေကို သတိရပြန်တယ်။
ဘာအတွက်နဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာ၊ ဘာတွေလုပ်နေနေ လူ့သဘာဝအရ အရင် ပတ်သက်ဆက်ဆံခဲ့ဖူးတဲ့ အခြားသူတွေကို အမှတ်တရရှိကြတာချည်းပဲ။ ။ 
(တေးရေး စိုင်းခမ်းလိတ်၏ ကိုမောင်မောင် (မဇ္ဈိမလှိုင်း)သို့ ဂုဏ်ပြုခြင်း စာစုမှ …)
(၁)
ယခုနှစ်ပိုင်းအတွင်း တစ်ခါတစ်လေ ပေါ်ထွက်လာသော ကိုယ်ပိုင်သံစဉ် သီချင်းကောင်းအချို့ ကြားရသည့်အခါ တစ်စုံတစ်ခုလိုအပ်နေသလို ခံစားရပါသည်။ ထိုတစ်စုံတစ်ခုကို တွေးတောကြည့်သောအခါ သီချင်းတွင်ပါဝင်သော (Music) ဂီတအသံပိုင်းကို စဉ်းစားမိပါသည်။ ရံဖန်ရံခါ ပေါ်ထွက်လာသော ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေမှာ (Vocal) အဆိုပိုင်း အားကောင်းသော်လည်း (Instrument) တူရိယာပိုင်း အားနည်းနေသည်ဟု ခံစားမိပါသည်။ ဆိုရလျှင် ဂီတတူရိယာပေါင်းစုံ အသံစုစည်းမှုအားနည်းခြင်း (ဥပမာ – လေမှုတ်တူရိယာ မပါဝင်ခြင်း) နှင့် သီချင်းတစ်ပုဒ်လုံးအား စီမံပေါင်းစပ်မှု (Agreement) အားနည်းခြင်းတို့ကို ကြားသိခံစားရပါသည်။ ထိုအခါမျိုးမှာ သူ့ကို အထူးသတိရမိလေသည်။ သူဆိုသည်မှာ အများကခေါ်ကြသော အဉ္ဇလီမောင်မောင် …။ 
(၂)
၁၉၈၀ ဝန်းကျင်နှစ်များမှာ ခိုင်ထူးသီချင်းများ အလွန်အောင်မြင်နေပါ၏။ မင်းသိပါ၏၊ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်၊ လေးမြားတစ်လက်နဲ့ သီချင်းသည်၊ အဉ္ဇလီ၊ နေညိုချိန်အတွေး၊ အိမ်အလွမ်း … ခိုင်ထူး၏ အားပါသော ဆိုဟန်မှာ လူငယ်ထုကို လွှမ်းမိုးသွား၏။ ထို့နောက် မရှေးမနှောင်းမှာပင် အဆိုတော် ခင်မောင်တိုး၏သီချင်းများ ဆက်တိုက်ပျံ့လွင့်လာပြန်သည်။ အဉ္ဇလီအတွက် ဂီတဉ္ဇလီ၊ စောင်းကြိုးရှိုက်သံ၊ ကြိုးမဲ့ချည်တိုင် … သီချင်းတွေ နားထောင်ရင်း တေးရေးသူ မောင်မောင်ဆိုသူကို ဦးညွှတ်လေးစားနေမိသည်။
ဒီလိုနဲ့ မောင်မောင် ရေးသော သီချင်းတွေကို ဂရုတစိုက်နားထောင်ဖြစ်ခဲ့သည်။ သိပ်မကြာပါ။ သင်္ကြန်မိုး ဇာတ်ကားရုံတင်သည်။ ဇာတ်လမ်းစပြတော့ စာတမ်းထိုးသည့်အခါ မင်းသမီး၊ မင်းသားအမည်ကို အရင်မထိုး။ ဇာတ်ကားကို ဖန်တီးသော ဂီတမှုးများ၏အမည်ကို အရင်ထိုး၏။ သည်မှာ ကိုမောင်မောင့် နာမည်ကို မြင်ရသည်။ အမျိုးသားယဉ်ကျေးမှုကို ဖော်ကျူးသော တေးသံစုံဇာတ်ကားမို့ ဂီတမှုးတွေအမည် ဦးစားပေးရေးထိုးပုံရသည်ဟု နားလည်ခဲ့သည်။ သင်္ကြန်မိုးဇာတ်ကားနှင့်အတူ ကိုမောင်မောင် ရေးသော သင်္ကြန်မိုးသီချင်းမှာ မြန်မာပြည်တစ်ဝန်း ပျံ့လွင့်သွားပါတော့သည်။ လူတိုင်းပါးစပ်ဖျားမှာ “မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး” ဖြစ်ကုန်ပါသည်။ သည့်နောက် ခင်သန်းနုနှင့် ဇင်ဝိုင်း ပါဝင်သော မမစိမ်း ဇာတ်ကား၊ မေသန်းနု နှင့် ဇင်ဝိုင်း ပါဝင်သော ဒဏ္ဍာရီ ဇာတ်ကား ကြည်နူးဆွတ်ပျံ့ဖွယ် လူငယ်တို့၏ ချစ်ခြင်းမေတ္တာဖွဲ့ကို ရိုက်ကူးထားသော ဤဇာတ်ကားများက ရင်ကို တစ်ခါတည်းစွဲသွားစေပါသည်။ ထိုဇာတ်ကားများနှင့်အတူ ကိုမောင်မောင် ရေးဖွဲ့သော ရိုးရိုးလေး၊ နှင်းဆီပန်သူ၊ ပန်းချစ်သူ၊ မဖြေသာပါဘူး၊ ရွာမယ်ဆိုရင်လေ၊ ဒဏ္ဍာရီ၊ သစ္စာတော်ဦး သီချင်းတွေက ရင်ကို လှုပ်ခတ်စေခဲ့သည်။
သြော် … ဂီတအနုပညာရှင် ကိုမောင်မောင်၊ ဂီတအသံသစ်တွေ ဖန်တီးဖို့၊ သီချင်းကောင်းတွေ ရေးသားဖို့ ဤမြေကမ္ဘာမှာ လူဖြစ်လာသည်ဟု ဆိုထိုက်သော ကိုမောင်မောင်၊ သူ၏ အနုလက်ရာတွေထဲမှာ လူငယ်ဘဝများ ယစ်မူးခဲ့ရသည်။ ငြိမ့်ငြိမ့်မူးမူး ကြည်နူးဆွတ်ပျံ့ဖွယ်သံစဉ်များ …
၈၈ မတိုင်ခင်ကာလတွေမှာ ကိုမောင်မောင် အပါအဝင် မဇ္ဈိမလှိုင်းအဖွဲ့သားတွေကို အင်းလျား တံတားဖြူဘက်မှာ တွေ့ရတတ်သည်။ ခရမ်းပြာအဆောင်မှာနေကြမှန်း သိရသည်။ တစ်ခါတစ်ခါ တဲပုတ်ကြီးပမာ ဖွင့်လှစ်ထားသော မြမေတ္တာခြံထဲက လက်ဖက်ရည်ဆိုင်မှာ စုဖွဲ့ထိုင်နေကြတာ မြင်တွေ့ရပါသည်။
သည်အချိန်မှာ မဇ္ဈိမလှိုင်းသည် အထင်ကရ တီးဝိုင်းကြီးဖြစ်နေပါပြီ။ ကိုခင်မောင်တိုး၏အသံ သြရှရှနဲ့ ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုမောင်မောင်တို့၏ တေးသီချင်းများ လူငယ်တို့၏ရင်ထဲ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေရာယူထားခဲ့ပါပြီ။ မဟာဆန်သူ၊ ကြိုးကြာသံ၊ မျက်သွယ်၊ ရောင်စဉ်ခုနစ်သွယ် စီးရီးတွေက ချည်နှောင်တုတ်ဖွဲ့ထားကြသည်။ အထူးသဖြင့် သံစဉ်ဖန်တီးမှု ဆန်းသစ်သော၊ လှပထူးခြားသော ကိုမောင်မောင့်သီချင်းတွေကို စွဲလမ်းခဲ့ရပါ၏။ ကိုမောင်မောင့် သီချင်းများသည် မြန်မာရနံ့ စကားလုံးတို့ဖြင့် ထုံသင်းကာ သံစဉ်ပိုင်းက ငြိမ့်ညောင်းပြေပြစ်ပြီး တီးကွက်များက ဆန်းသစ်မြူးကြွနေပေသည်။ သံစဉ်နှင့်စာသား တစ်ထပ်တည်းကျသလို တီးကွက်တီးလုံး အရ စာတစ်လုံးချင်း ခွင်ကျလွန်း၍ အံ့သြခဲ့ရသည်။ ကိုမောင်မောင် ရေးခဲ့သောသီချင်းများတွင် အကြောင်းအရာကို ဘောင်ခတ်မထား၊ အချစ်သီချင်းများသာမက ဘဝဒသန ပါဝင်သော၊ တရားဓမ္မနှင့်သက်ဆိုင်သော လူ့ဘဝမေးခွန်းများကို သီချင်းထဲ ထည့်သွင်းရေးဖွဲ့ထားပါသည်။ ကိုမောင်မောင် ရေးခဲ့သော အချစ်သီချင်းများတွင် စာသားနုရွမှုအပိုင်းကို အောက်ပါသီချင်းများ၌ မြင်တွေ့ရပါမည်။
မှုန်နံ့သာခြယ် မို့မို့ပါးပြင်ထက်မှာ ခိုတွယ်နိုင်စွမ်းမယ့် မျက်ရည်စမ်းရယ် ပျော်ရွှင်ဖွယ် နေ့ရက်လေးကို နွမ်းအောင် ငိုသံနဲ့ အဆုံးမသတ်လိုက်ပါနဲ့ … (ဂျက်မြသောင်း ဆို – မကြားရက်လို့ပါလေ)
တကယ်ပဲ ဝမ်းနည်းမိတယ် တို့ရင်ထဲကချစ်သူရယ် ခရမ်းပြာပန်းလေးတစ်ပွင့်မို့ ပန်းလို့ သူ မမြင်ဘူးကွယ် … (မီမီဝင်းဖေ ဆို – မဖြေသာပါဘူး)
နှစ်ဦးသားတွေ့ရင် ကလေးလေးတစ်ယောက်လို တိုးဝှေ့ချွဲတတ်သူရယ် ချစ်တဲ့ရင်ခွင် ခေါင်းလေးဝှက်လို့ ပန်းမွေ့ရာမှာ နားချင်သေးတယ်ဆိုသူရယ်၊ ချစ်သူ့မျက်နှာ အိပ်စက်တဲ့အခါ တရေးရေး စိုက်လို့ကြည့်ရင်း သူ့ရဲ့ရင်ခွင် ချမ်းမြေ့သွားလို့ ပန်းသမျှခြေရာ အနွမ်းတွေ လွင့်ပြယ်ပါစေကွယ် … (မီမီဝင်းဖေ ဆို – တစိမ့်စိမ့် ရင်ထဲမယ်)
ဇာတိမ်ကန့်လွှာ ပိတ်ဆီးကာစေ မှိန်ပေမယ့် ထွင်းလို့ထိုးဖောက်နိုင်ရုံလေး ကိုယ်ယောင်ပြသလို မထည်ဝါလည်းလေ အာရုံဝယ်ရှင်းရှင်း တို့ကမြင်နေရင်း ချစ်သောသူရယ် မောင့်အနားမှာကွယ် ရင်ခွင်မှာ လွှဲခို ယီးလေးယိုနွဲ့လို့ ထိုစဉ်က ရွှန်းစိုလပြည့်ညဝန်းမို့  အခါခါပြန်တမ်းတ လွမ်းညမှတ်တမ်းအို … (ဒင်းနစ် ဆို – လမင်းသာချိန်)
“အဉ္ဇလီမောင်မောင်ဟာ စန္ဒယားဆရာမို့လား မသိဘူး။ သူ့သီချင်းတွေကိုတီးရင် တစ်လုံးကျန်ရင် ကျန်သလို သိပ်သိသာတယ်။ တီးကွက်တစ်လုံးချင်းကို စာသားတစ်လုံးချင်းနဲ့  ချိတ်ဆက်ထားတာကြောင့် တစ်လုံးဆိုတစ်လုံး ကျန်ခဲ့ရင် သိသာပါတယ်” ဟု ဂီတနှင့် အကျွမ်းတဝင်ရှိသည့် မိတ်ဆွေတစ်ဦးက ပြောဖူးပါသည်။ ကိုမောင်မောင်သည် ယင်းသို့ စကားလုံးတစ်လုံးချင်း တွဲသီထားသော အချစ်သီချင်းများ သာမက … ရေစီးရဲ့သဘောလည်း စောကြောသေချာစွာ ငါမသိ လှိုင်းဝဲဂယက်အထာကိုလည်း မကျွမ်း သက်လုံကလည်းမစေ့နဲ့ သို့သော်လည်းလေ မြစ်ထဲကို ငါခုန်ချခဲ့၏ … (နွေအိပ်မက်)
လူမှုရေးဘဝရဲ့ပျော့ကွက်တွေကို နင်းချေနေရင်း ဟန်ဆောင်ခြင်းညရဲ့  ထောင်ချောက်အတွင်းဝကို ငွေနဲ့ဖုံးကွယ်လို့ ကွယ်ကာရယ် လောကငရဲကို ကွန်းခိုစခန်းယောင်ယောင်၊ ထင်အောင်မြင်အောင် ဖန်ဆင်းထားတယ် … (ရာပြည့် ဆို – ပြဌာန်းချက်)
စိန်ခေါ်နေတဲ့လမ်း နက္ခတ်နဲ့ စီးချင်းထိုးကာ ပြန်လှန်ပစ်ပြီးတော့ အမေအို မျှော်မယ်မှန်းလည်း သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင် … (ခိုင်ထူး ဆို – အိမ်အလွမ်း)
မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ လမ်းကြောင်းမှန်ရွေးချယ်ခြင်း အများနည်းတူ သက်လုံမကောင်းရင် မွေးဖွားရာအရပ်ဆီ မိုင်ထောင်ချီပျံနေရင်း ကြိုးကြာငှက်တချို့လေ ချီလာစဉ်ကျန်ရစ်ပြီ… (ခင်မောင်တိုး ဆို – ကြိုးကြာသံ)
အစရှိသည့် အတွေးအခေါ်ပါသည့် ဒဿနဆန်သော သီချင်းများကို ရေးခဲ့ရုံမက ပို၍နက်ရှိုင်းသော တရားဓမ္မဆန်သည့် သီချင်းများကိုလည်း ဆက်လက်ရေးဖွဲ့ ခဲ့ပါသည်။
ဆည်းလည်းလေးများပြတဲ့ တရားသံကို စမ်းချောင်းလေးတို့ ဇွဲနဲ့အားမာန်နဲ့ ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်းတဲ့ သစ်ရိပ်မှာ စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့… (ခင်မောင်တိုး ဆို – ဆည်းလည်းလှိုက်သံ)
ရေဟာ တကယ်ဆို အရောင်အဆင်းမဲ့ ဆိုးတဲ့အရောင်အတိုင်း လိုက်လို့သာ စွန်းရစ်ထင်သလိုပဲ တွယ်တာငြိတဲ့အာရုံနောက်လိုက်က လူရဲ့သဘောလည်း ရေအတိုင်းပဲ ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင် ပြန်ဖွပ်ဦးမယ်… (ဒင်းနစ် ဆို – ငြိမ်သက်ခြင်း)
၁၉၈၈ မုန်တိုင်းထန်ကာလ နောက်ပိုင်း ၉၀ ဝန်းကျင်နှစ်တွေမှာ ဗိုလ်တထောင် Y.M.C.A အနီး ၄၇ လမ်း လက်ဖက်ရည်ဆိုင်မှာ နံနက်တိုင်းလိုလို ကိုမောင်မောင့်ကို တွေ့ရတတ်သည်။ ကိုခင်မောင်တိုးနှင့် အတူမြင်တွေ့ရသော ကိုမောင်မောင်မှာ ကျန်းမာရေးကောင်းပုံ မရ။ သို့ပါသော်လည်း လက်ထဲမှာ ဆေးပေါ့လိပ်နှင့် ပါဝါမျက်မှန်ထူထူအောက်မှ အမြဲတစေ တွေးတွေးဆဆ ကြည့်တတ်သော ကိုမောင်မောင့် မျက်လုံးတွေမှာ ရီဝေမှုန်မှိုင်းယှက်သန်းနေပါသည်။ စကားဝိုင်း၌ ကိုမောင်မောင်သည် စကားသိပ် မပြော၊ တစ်စုံတစ်ရာကို အလေးအနက်ထား စဉ်းစားနေဟန်သာ မြင်တွေ့ရလေ့ရှိသည်။ နောက်တော့ မန္တလေးပြန်သွားတာ ကြားသိရ၏။
သီချင်းအသစ်တွေလည်း မတွေ့ရ။
၁၉၉၅ မတ်လ နေပူပူလောင်ကျွမ်းသောတစ်နေ့တွင် သတင်းစာမှာ နာရေးကြော်ငြာ တွေ့ရ၏။
ဦးမောင်မောင် (အဉ္ဇလီ)
အသက် ၄၇ နှစ်
နှမြောတသစိတ်ဖြင့် ကြေကွဲရလေသည်။
(၄) 
တစ်စွန်းတစ်စ ပြန်လည်ကြားသိရသော သတင်းတွေအရ ကိုမောင်မောင် မကွယ်လွန်မီ နောက်ဆုံးနှစ်တွေအကြောင်း ရံဖန်ရံခါ စဉ်းစားနေမိပါသည်။ နောက်ဆုံး သုံး လေး နှစ်တွေမှာ ကိုမောင်မောင် ဘယ်လိုနေထိုင်ခဲ့ပါသလဲ။ လူသူအပေါင်းအသင်းနဲ့ ဝေးရာမှာ ဘာ့ကြောင့် သူ နေချင်ခဲ့တာလဲ။ သူ့ဂီတအနုပညာကို သူ ယုံကြည်မြတ်နိုးသလောက် ခွဲခြားဆက်ဆံခံရသော ဝန်းကျင်ကို နာကြည်းခဲ့လေသလား။ ရန်ကုန်မှ မန္တလေးပြန်သွားတိုင်း ပြန်သွားတိုင်း ခါးသီးနာကျင်မှုများနဲ့ ကြုံခဲ့ရပါသလား။ အဉ္ဇလီ သီချင်းကို ကျပ်သုံးရာ့ငါးဆယ်ဖြင့်သာ ရောင်းခဲ့ရပြီး သီချင်းရေးခ ထောင်ဂဏန်းမျှသာရသော သူ့ဘဝအခြေအနေနှင့် ဘဝရပ်တည်မှုကို ဂီတစာဆိုကြီး မြို့မငြိမ်း မကွယ်လွန်မီ နောက်ဆုံးခံစားမှုတွေနှင့် နှိုင်းယှဉ်နေခဲ့ပါသလား။ မြို့မငြိမ်းဆုံးတော့ ၄၆ နှစ်၊ ကိုမောင်မောင် ဆုံးတော့ ၄၇ နှစ်။ သမီးလေးတွေကို နေ့စဉ် ကျောင်းကြိုပို့လုပ်ကာ မိသားစုတာဝန် ဘာ့ကြောင့် သူ ကျေပွန်ခဲ့ချင်တာပါလဲ။ ပဲလှော်ချောင်ထဲက တယော ကိုထွန်းရဲ့အိမ်လေးမှာ ဘာ့ကြောင့် တစ်ယောက်တည်း သွားနေခဲ့ပါသလဲ။ အဖြေကတော့ ကာယကံရှင် ကိုမောင်မောင့်ထံမှာသာ ရှိပါလိမ့်မည်။
တကယ်တော့ ဂန္ထဝင် သင်္ကြန်မိုး သီချင်းကိုရေးခဲ့သော ကိုမောင်မောင်သည် မူလတန်း ကျောင်းသားဘဝတည်းက စန္ဒယားပညာကို နိုင်ငံတကာသုံး ဂီတသင်္ကေတဖြင့် စနစ်တကျ သင်ကြားခဲ့သူ၊ မြန်မာမှုအနုပညာအပေါင်း ခညောင်းသော မန္တလေးရွှေမြို့တော်ကြီးမှာ ဂီတပညာရှင်များဖြစ်သော မြို့မငြိမ်း၊ ဓားတန်းဦးသန့်၊ စန္ဒယားဦးသိန်းမောင်တို့၏ အနုပညာအမွေဆက်ခံသူ အနုပညာမျိုးဆက်၊ မြို့မ တူရိယာတီးဝိုင်းကြီးမှာ စန္ဒယားတီးခဲ့သူ၊ ဂန္ထဝင် (Classical) ဂီတကို စန္ဒယားနှင့် ဂီတာ နှစ်မျိုးလုံး ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူ၊ မြန်မာသီချင်းကြီး သီချင်းခန့်များကို ခေတ်ပေါ်ဂီတာနှင့် တီးခတ်နိုင်စွမ်းရှိသူ၊ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ တူသားဖြစ်ရုံမက သစ်လွင် ဆန်းသစ်သော သီချင်းနှင့် ဂီတသံစဉ်မျိုးစေ့များကို ကမ္ဘာမြေပေါ် ကြဲပက်ထွန်ယက်ခဲ့သူ ပါရမီရှင် အနုပညာသည်ဖြစ်ပါသည်။ 
(၅)
လူအတော်များများက ကိုယ့်ကောင်းကင် ကိုယ်မြင်အောင်ကြည့်ရမှန်း မသိ၊ ကြည့်နိုင်စွမ်းမရှိချိန်မှာ ကိုမောင်မောင်ကတော့ သူ့ကောင်းကင် သူ ပြန်မြင်ခဲ့ရုံမက ကိုယ်တိုင်ပင် စိတ်တိုင်းကျ ရောင်စုံခြယ်တတ် ရေးဆွဲခဲ့သူဖြစ်သည်ကို သူ့ဂီတအနုပညာက သက်သေခံနေပါသည်။
(၆)
ကိုမောင်မောင်ဆုံးပြီးတော့ ဘာ့ကြောင့်ရယ် မသိ၊ ကိုမောင်မောင့်ဇနီးက ကိုမောင်မောင့်အဆုတ်အား ရိုက်ထားသောဓာတ်ပုံကို တေးရေး ကိုနေဝင်းထံ ပေးအပ်ခဲ့ပါသည်။ ။ 
ချမ်းငြိမ်း
(7 DAY NEWS ဂျာနယ်၊ အတွဲ ၁၀၊ အမှတ် ၁၈၊ ဇူလိုင် ၂၁၊ ၂၀၁၁ ခုနှစ်ထုတ်မှ ကူးယူဖော်ပြပါသည်)
 
Leave a comment

Posted by on July 23, 2011 in Memories, Min Kyaw Khine

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: