RSS

Tu Maung Nyo – The Wolves were freed …

23 Jul

https://moemaka.files.wordpress.com/2011/07/4b45de282ad8892d3096d87e5bf83053_1m-png.jpg?w=300

ဖိုးရှုပ်တို့ လူစုကို လွှတ်ပေးလိုက်ပြီ သတိထား

တူမောင်ညို

ဇူလိုင် ၂၃၊ ၂၀၁၁

တချိန်က ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးအုပ်စုမှာ တွင်ကျယ်ခဲ့ကြတဲ့ ဗိုလ်မှူးကြီး စန်းပွင့်၊ ဒုတိယဗိုလ်မှူးကြီး သက်တင်စိန်၊ ဗိုလ်မှူးစည်သူ၊ ဗိုလ်မှူး ညီညီလွင်၊ ဗိုလ်မှူး ထွန်းအောင်စိုး ဆိုသူတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားရာကနေ ဇွန်လကုန်ပိုင်းမှာ လွှတ်ပေးလိုက်ပြီဆိုတဲ့သတင်း ဇူလိုင်လ ၂၀ ရက်နေ့ (ဗွီအိုအေ)မှာ ကြားလိုက်ရပါတယ်။ သူတို့ဟာ ဗိုလ်ခင်ညွန့်ရဲ့ လက်ရင်း လက်ရုံး၊ လက်စွဲတော်တွေဖြစ်တယ်။

ဗိုလ်မှူးကြီး စန်းပွင့်ဟာ “မောင်ဖိုးရှုပ်၊ ပေါက်စ”  စတဲ့ နာမည်တွေနဲ့ သတင်းစာဆောင်းပါးတွေ ရေးခဲ့တယ်။

ဒါ့အပြင်  “ရှေးမြန်မာမင်းများလက်ထက် ထောက်လှမ်းရေး” (၂၀၀၄ ဇူလိုင်) ဆိုတဲ့ စာအုပ် ရေးသားခဲ့ဖူးပါတယ်။ အဲဒီ စာအုပ်ထွက်လာပြီး သိပ်မကြာလိုက်ပါဘူး။ ထောက်လှမ်းရေး နိဂုံးချုပ်သွားပါတယ်။

အဲဒီစာအုပ်မှာ ဒေါက်တာတိုးလှ၊ ချစ်နိုင် (စိတ်ပညာ)၊ ဒေါက်တာကျော်ဝင်း၊ သပြေညိုမောင်ကိုဦး၊ ဒေါက်တာခင်အေး (မောင်ခင်မင် – ဓနုဖြူ)၊ တက္ကသိုလ်တင်ခ တို့ အမှာစာရေးပါတယ်။

အမှာစာရေးကြသူအားလုံးရဲ့ထိပ်ဆုံးကနေ “စွန်ရဲ” ဆိုသူက အမှာစာရေးပါတယ်။ စွန်ရဲ ဆိုသူဟာ ဗိုလ်ခင်ညွန့် ဖြစ်နိုင်ပါတယ်။

အခုချိန်မှာ ဘာကြောင့်သူတို့ကို ရွေးပြီးလွှတ်ပေးရတာလဲ။

ဘယ်လိုအကြံအစည်တွေရှိနေလို့ လွှတ်ပေးတာလဲ။

သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးတာလား။

အမျိုးသားလုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ (အကလ) ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတာလား။

ထောင်ကျ ထောက်လှမ်းရေးဟောင်းတွေတော့ လွှတ်ပေးပြီး စဝ်ဆေထင်၊ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့်လွှတ်မပေးတာလဲ။

ဒီကိစ္စဟာ လွှတ်တော်အမတ်တွေအတွက် လွှတ်တော်တွင်း မေးစရာမေးခွန်းတခု ဖြစ်ပါတယ်။

ထောင်ကျ ထောက်လှမ်းရေးဟောင်းတွေ ပြန်လွှတ်ပေးတယ်ဆိုတဲ့ သတင်းထွက်လာတိုင်း

“တိုင်းရင်းသားအရေး (KIO ပြဿနာ)ကို ကိုင်တွယ်ဖို့/ အကြံပေးဖို့ လွှတ်ပေးတာဖြစ်မယ်”

ဆိုတဲ့ ကောက်ချက်ကလည်း အရိပ်လို တပါတည်း ကပ်ပါလာလေ့ရှိတယ်။ တိုင်းရင်းသားတွေကို ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားနိုင်တာ ထောက်လှမ်းရေးတွေပဲလား။

ကမ္ဘာမကြေစရာကောင်းတဲ့သူတွေကို လွှတ်ပေးလိုက်တာကလည်း ကမ္ဘာမကြေစရာပါပဲ။

ထောင်တွေထဲမှာ စဝ်ဆေထင်၊ ခွန်ထွန်းဦး၊ စိုင်းညွန်လွင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ အစရှိတဲ့ နိုင်ငံရေး အကျဉ်းသားနှစ်ထောင်ကျော် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

“အမိန့်အမှတ် (၂၈/၂၀၁၁)” ကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာခဲ့ခြင်း မရှိပါဘူး။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လူကြီး ဦးဝင်းတင် (ဟံသာဝတီ) က “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတဲ့ သူ့ စာအုပ်ထဲမှာ ထောင်ရဲ့အနိဌာရုံ ဝိသေသတွေကို အခုလို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း (၁၃) မျိုးခွဲပြီး ဖော်ပြခဲ့ပါတယ်။

“အရိုင်းဘုံ၊ ဆင်းရဲဘုံ၊ အကြမ်းဖက်ဘုံ၊ အဓမ္မဘုံ၊ ပရိဒေဝဘုံ၊ အငတ်ဘုံ၊ နလပိန်တုံးဘုံ၊ အာဃာတဘုံ၊ ထောက်လှမ်း ငေါက်ငမ်း သောက်ရမ်းဘုံ၊ ဘုရင်ရူးဘုံ၊ ဒုစရိုက်ချားရဟတ်ဘုံ၊ သေမင်းတမန်ဘုံ၊ ရန်ငါဘုံ” ဆိုပြီး ဖြစ်ပါတယ်။

လူတွေဖန်တီးထားတဲ့ လူ့ငရဲ၊ ဘုံမိုက်ဘုံဆိုးကြီး၊ ထောင်ပြည်တော်ကြီးလို့လည်း ဖွင့်ဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ “အရေးတော်ပုံတပ်သားကွ” ဆိုတဲ့ ဘာမထီ စိတ်ဓာတ်နဲ့ အဲဒီ လူ့ငရဲ၊ ဘုံမိုက်ဘုံဆိုး၊ ထောင်ပြည်တော်ကြီးထဲကို ဝင်သွားခဲ့တယ်၊ နေထိုင်ဖြတ်သန်းခဲ့တယ်။ ပြန်ထွက်လာခဲ့ပါတယ်။

“စစ်ကြောရေး” ဆိုတဲ့ ဝေါဟာရဟာ ထောင်လောကမှာ “ငရဲခန်း” ဆိုတဲ့ အဓိပ္ပာယ်နဲ့ အနှစ်သာရပင်ဖြစ်ကြောင်း ဦးဝင်းတင် က “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ထဲမှာ ရှင်းပြထားပါတယ်။

ထောင်ထဲမှာ “စစ်ကြောရေး”ကို ထောက်လှမ်းရေးတွေက အဓိက ကိုင်တွယ်လုပ်ဆောင်တာပါ။ ထောင်ထဲက စစ်ထောက်လှမ်းရေးတွေရဲ့ စစ်မေး ညှင်းပန်းနှိပ်စက်မှုတွေဟာ တိရစ္ဆာန်ထက်တောင် ပိုမိုရက်စက်ကြမ်းကြုတ်တယ်။

“ထောင်ထဲမှာ စစ်ကြောရေးလုပ်ခံရပြီဆိုရင် လူပုဂ္ဂိုလ်တဦးတယောက်အဖို့ နိုင်ငံရေးဘဝ ပျက်ပြီ၊ စီးပွားရေးဘဝ ပြိုပြီ၊ လူမှုရေးဘဝ ပြောင်းပြီ၊ အဲဒီလိုတထစ်ချမှတ်ပေရော့” လို့ ဆိုပါတယ်။

ထောင်ထဲမှာ “ထောက်” ဆိုတဲ့ “ထောက်လှမ်းရေး” တွေဟာ အာဏာရှင် ပေါက်စ၊ ပိစိကွေးဖြစ်တယ် တဲ့။ ထောင်အထက်ပိုင်းမှာကိုက ဒူးတုန်နေရတာ၊ “ထောင်ဒိတ်” တွေက “ထောက်ချာတိတ်” တွေကို ဖူးဖူးမှုတ်နေရတာ တဲ့။

ဒီစာပိုဒ်တွေကိုဖတ်လိုက်ရင်ဘဲ ထောင်ထဲမှာ ထောက်လှမ်းရေးတွေ ဘယ်လောက် လူမဆန်သလဲဆိုတာ ထင်းခနဲ မြင်နိုင် သိနိုင်ပါတယ်။

ဒါပေမယ့် ထောင်တွေထဲမှာ လက်စောင်းထက်ခဲ့ကြတဲ့ ထောက်လှမ်းရေးတွေကိုယ်တိုင် ၂၀၀၄ ခုနှစ် အောက်တိုဘာနောက်ပိုင်းမှာတော့ အဲဒီထောင်တွေထဲကို အကျဉ်းသားအဖြစ် ရောက်သွားပါတယ်။ သူတို့လည်း နှစ်ရှည် ထောင်ချခံရတယ်။  သူတို့ ထောင်ကျတာ ဒီမိုကရေစီအရေးဆောင်ရွက်ခဲ့လို့ လုံးဝ (လုံးဝ)မဟုတ်ဘူး။

စစ်အုပ်စုထိပ်သီးချင်း အာဏာစားခွက်လုကြရာက ထောက်လှမ်းရေးအုပ်စု အရေးနိမ့်သွားလို့၊ အမိန့်မနာခံမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ထောင်ချခဲ့တာပါ။

အဲဒီလို ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့၊ ကမ်းကုန်အောင် လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြတဲ့ အဲဒီ ထောက်လှမ်းရေးတစုကို ထောင်က လွှတ်ပေးလိုက်ပြီ တဲ့။

 

(၂၀၀၃ ခုနှစ် သြဂုတ် ၃၀ က ဗိုလ်ခင်ညွန့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လက်နက်နဲ့ ငြိမ်းချမ်ရေးလဲလှယ်ရေး၊ အပစ်ရပ်ရေး တွေ့ဆုံစည်းရုံးခဲ့စဉ်က ဓာတ်ပုံများ)

 

 
Leave a comment

Posted by on July 23, 2011 in Op-Ed, Tu Maung Nyo

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: