RSS

Kyi Mwge Eain – The burning flower

24 Jul

နေလောင်ပန်း

ကြည်မွေ့အိမ်
ဇူလိုင် ၂၄၊ ၂၀၁၁

(၁)

သူ့မျက်နှာမှာ အပေါစားပေါင်ဒါမှုန့်များဖြင့် ဖွေးလျက်ရှိ၏။ သူ့နှုတ်ခမ်းဆိုးဆေးက နီရဲစိုလက်ပြီး အပြင်ဘေးနှုတ်ခမ်း အနားသားများဆီသို့ပင် အံကျနေသည်။ ပင်ကိုယ်ထူသော မျက်ခုံးပေါ်မှာ အနီရောင်ခဲဆွဲထားလိုက်သေးသဖြင့် နည်းနည်းတော့ အကြည့်ရဆိုးသည်။ သူကတော့ လှတယ်လို့ ထင်နေမှာပါပဲ ။ ပွင့်ရိုက်ပါတိတ် အစိမ်းပွင့် ဝမ်းဆက်က အမြင်မှာ ပူလောင်နေ၏။ ဝဝဖြိုးဖြိုး၊ ပြည့်ပြည့်တင်းတင်း တင်သားများက အတန်ငယ်ချိုင့်ဝင်ပြားကပ်ကာ တင်းရင်းသော လက်မောင်းများမှာလည်း မဆိုသလောက် ပျော့ကျနေတာ သတိထားလိုက်ဖြစ်တော့ သူတော်တော်ပိန်သွားတာပဲဟု မှတ်ချက်ချဖြစ်သည်။ သူ့မျက်နှာပြင်က ခါတိုင်းလို ခက်ထန်မာကျောနေခြင်းမရှိဘဲ တောက်တောက်ပပ ကြည်ကြည်လင်လင်မို့ သူတစုံတခုအပေါ် မျှော်လင့်ကျေနပ်နေကြောင်း ခန့်မှန်း၍ရလေသည်။

အထပ်ထပ်အသုံးပြုထားသဖြင့် နွမ်းလျှက် အရောင်အဆင်းပြယ်လျက်ရှိနေသော လက်ကိုင်ပဝါကို အသစ်အတိုင်း ဖြစ်အောင် လျော်ဖွပ်မီး ပူတိုက်ထားကာ ကျကျနန သေသေသပ်သပ်ခေါက်လျက် ခါကြားညှပ်ထားလိုက်သေးသည်။ နဂိုကောက်နေသောဆံပင်ကုတ်ဝဲက ပခုံးပေါ် မမီ့တမီကျနေချေသေး၏။ ရုတ်တရတ်သော် ကလေး ၄ ယောက် အမေရယ်လို့ ဘယ်လိုမှထင်ဖွယ်မရှိ။ စိတ်ဓာတ်တက်ကြွကာ မျှော်လင့်ချက်ပြည့်နေသူတို့၏ စိတ်ဓာတ်ကို ကူးစက်ခံစားရတာလည်း ပီတိတမျိုးပင်ဖြစ်ပေမည်။ သူ့ကိုကြည့်ပြီး ကျမ စိတ်ပင် ပေါ့ပါးသွားသလိုပင် ခံစားလိုက်ရ၏။ ရှေးမဆွတုန်းက အကြိမ်တရာထက်မနည်း ကိုယ်ကစပြီး လိုလိုလားလား ပြုံးပြနှုတ်ဆက်ခဲ့ဖူးသော်လည်း ကြည်လင်ချမ်းမြသော တုံ့ပြန်အပြုံးကို တခါမှ မရရှိ မခံစားခဲ့ရစဖူးပါ။ အခုတော့ဖြင့် ထိုသို့မဟုတ်ပြီ။

သူကပင် စတင်၍ မြင်မြင်ချင်း နှုတ်ခမ်းတပြင်ပြင်ဖြစ်နေ၏။ ထုံးစံအတိုင်း ကျမက စတင်နှုတ်ဆက်မည်ပြုစဉ် သူက ဝင်းပ ကြည်လင်သော မျက်နှာ ရွှင်လန်းသောအပြုံးနှင့် ဆီးကြိုမေးလိုက်လေ၏။ “ရုံးသွားတော့မလို့လား” တဲ့။

“ဟုတ်ကဲ့”

ရှည်ရှည်ဝေးဝေးမပြောဖြစ်တော့ဘဲ အံ့သြပီတိလွှမ်းလျက် သူငယ်ချင်းဖြစ်သူထံ ဝင်လိုက်သည်။ သူငယ်ချင်းက မီးဖိုချောင်မှာ ချွေးတလုံးလုံး၊ ယောင်းမ တပြင်ပြင်၊ ဇွန်းတကိုင်ကိုင်နှင့် ပျာလောင်ခတ်နေတုန်းရှိ၏။

“ဝင်းရေ … မအေးနွယ် ဘယ်သွားမလို့လဲ မသိဘူး။ မျက်နှာကြီးကလည်း ပြုံးဖြီးနေတာပဲ”

ကျမက တအံ့တသြဆိုလိုက်မိသည်။ သူငယ်ချင်းက ငရုတ်ဆုံထဲထည့်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို တဒုံးဒုံး ထုထောင်းနေရင်း …

“သူ့ ညီမအငယ်ဆီသွားမယ်လေ၊ သူ့သမီး သွားခေါ်မလို့တဲ့”

သူသည် သူငယ်ချင်း၏ အစ်မဝမ်းကွဲတော်စပ်သူဖြစ်၏။ ဆင်းရဲပင်ပန်းမှုဒဏ်ကို မခံနိုင်ဟုဆိုကာ သူ့ယောကျာ်းက သူ့ကို ကလေး ၄ ယောက်နှင့်ထားပစ်ခဲ့ကာ သစ္စာဖောက်သွားခြင်းခံရသူလည်းဖြစ်၏။ ကလေး ၄ ယောက်က ၁၇ နှစ်၊ ၁၄ နှစ်၊ ၁၀ နှစ်၊ ၅ နှစ် စသည်ဖြင့် စားနိုင်သောက်နိုင်တုန်း၊ စားကောင်း သောက်ကောင်းတုန်း၊ ကမောက်ကမ အရွယ်ကလေးများပေမို့ အာပေါက်အောင်ပြော ဆိုရတုန်းအရွယ်။ မျက်နှာလွှဲရလောက်အောင်လည်း မဟုတ်သေးသည့် အရွယ်။ မအေးနွယ်ကို ယောက်ျားကပစ်ခွာပြီး အိမ်ပေါ်မှထွက်စဉ်မှစ၍ ဥမမယ်၊ စာမမြောက် ဟိုမရောက်၊ ဒီမရောက် ကလေးများ၏ များပြားလှသည့် မနိုင်မနင်းတာဝန်၊ စားဝတ်နေရေး၏ ကြီးမားသည့်ဒုက္ခ၊ လွယ်ပိုးထားရသော နှလုံးသား၏ မရှုမလှ အရှုံးဒဏ်တို့ကို မျက်ကွယ်ပြုလို့မရနိုင်အောင် ဖြစ်ခဲ့ရလေ၏။ ထိုမှစ၍ သူ့ကိုဂရုတစိုက်ဖြင့် အရေးတယူ မေးမြန်းခေါ်ပြောနေမိ၏။ သူ့သားသမီးများကို အတတ်နိုင်ဆုံး ချိုချိုသာသာ ပြောဆိုဆက်ဆံဖြစ်၏။ မုန့်ဖိုးပဲဖိုး ကိုယ်တတ်နိုင် သလောက်လေးပေးရ၏။ သူ၏ သုန်မှုန်ခက်ထန်လာမှုကို ကရုဏာသက်ရ၏။ သူ၏ လိုချင်မျက်စိကို နားလည်လာရ၏။ သူ့ရင်တွင်းမှ အုံနေသော မီးပုံကြီးကို စာနာသနားမိရ၏။ သူ့ကလေးများကို ကျွဲရိုက် နွားရိုက် ရိုက်လျှင်မချိတင်ကဲဖြစ်လျက် နာကျင်ဝမ်းနည်းရ၏။

(၂)

“ဟဲ့ … အိမွန် … အမလေး အပျိုကြီးဖားဖား ဖြစ်လို့ပါလားဟေ့”

ကျမက မယုံနိုင်သလို တအံ့တသြ ကြည့်ပြောလျှင် သူ့မျက်နှာကား ပြုံးပြုံးကြီးနေ၏။ အိမွန်မှာ အနည်းငယ် ရှက်ရိပ်စွန်းလျက် ရယ်နေလေသည်။ အမှန်တကယ်ပင် ထွားလာ၊ ဝလာ၊ လှလာလိုက်တာ။ ဆံပင်လည်း ခါးလည်ကျော်နေပြီ။ အုံကောင်းကာ ဖြောင့်စင်း နက်မှောင်နေ၏။ သူ့အဒေါ်အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ သူ့တူကို ထိန်းလိုက်နှင့် ဟန်ကျပန်ကျ နေနိင်နေ၏။ သူ့အဒေါ်ငယ်က ပြေလည်သဖြင့် တလ တလ အိမွန်ကိုပေးသော မုန်ဖိုးပဲဖိုးပင် တသောင်းမျိုး၊ နှစ်သောင်းမျိုးရှိတတ်သည်။ ဒါကို မအေးနွယ်က ကြိုယူနေကျ။ သမီးဖြစ်သူကလည်း သူ့လုပ်အားခဆိုကာ မညည်းမညူ ဂုဏ်ယူစတမ်းပေးနေကြ။

အဝတ်အစား တောက်တောက်ပြောင်ပြောင်ကလေးနှင့်ဆိုတော့ “အံမယ် ဘယ်ဆိုးလို့လဲ၊ ငါ့တူမက အလာသားဟေ့” လို့ ကျမ သူငယ်ချင်းကပြောတော့ အိမွန်က ရှက်နေချေသေး၏။ ဒေါ်လေးဝင်းကလည်း၊ ဒေါ်လေးဝင်းကလည်းနှင့်သာ ဘာပြန်ပြောရမှန်းမသိတိုင်း အရှက်ပြေရေရွတ်နေတော့သည်။

“ရည်းစားတွေဘာတွေ ရနေပလားဟေ့ အိမွန်”

“ဟာ ဆရာမကလည်း၊ သမီးက ကလေးပဲရှိသေးတာ”

မျက်နှာနီနီနှင့် ပျာပျာသလဲ ရှင်းချက်ထုတ်သေး၏။ ဒါကိုပဲ သူက သဘောကျစွာ သူ့သမီးခေါင်းလေး ပွတ်ပွတ်ပြီး တဟားဟားနှင့် သဘောအကျကြီး ကျနေချေသေး၏။ သူဒီလိုမရယ်မောနိုင်တာ အတန်ကြာခဲ့ပြီပဲလို့ ရင်ထဲမှ စိတ်မကောင်းစွာ တွေးဖြစ်သေးသည်။

“အံမယ် ဒေါ်လေး မိညိုက အလုပ်တွေရှုပ်နေတာ၊ ပိပိကလည်း သမီးချီမှရတယ်။ အမေက ဘုရားလိုက်ပို့မယ်ဆိုလို့ ပြန်လာရတာ၊ ညီမလေးတွေလည်း လွမ်းတာပေါ့၊ ကိုကြီးဖိုးကျော်ကိုလည်း လွမ်းတာပါပဲ”

“ဒီည သွားကြမှာလား”

“မသိဘူး ဆရာမရဲ့၊ အမေက ဘယ်နေ့ပို့ပေးမလဲ မသိဘူး၊ ကိုကြီးဖိုးကျော်ကိုစောင့်ဦးမယ် ထင်တယ်၊ မိသားစုစုံစုံညီညီ သွားမယ်တဲ့”

“ညည်းအဖေ လာသေးလား”

သူ့ကွယ်ရာမှာ အိမွန်ကို တိုးတိုးမေးမိသည်။

“မလာပါဘူး ဆရာမရယ်၊ အဖေက နေကိုနေနိုင်ပါတယ်လေ၊ အဖေ့ကို သိပ်စိတ်နာတာပဲ”

“အံမယ် ညည်းတို့ တုန်နေအောင်ချစ်တယ် မဟုတ်လား”

“ချစ်တာပေါ့ ဆရာမရယ်၊ ဒီအဖေတယောက်တည်းရှိတာ။ ဒါပေမယ့် အဖေက သမီးတို့ကို မချစ်ပါဘူး။ သူ့မှာ ချစ်ရမယ့်သူတွေ ပြည့်လို့”

ကျမမှာ မေးမိ၊ ပြောမိပြီးမှ နောင်တရသွားသည်။ ကလေးတွေရဲ့ စိတ်ဒဏ်ရာဟာ အရွယ်နဲ့မမျှအောင်ပဲ ရင်းခံနေခဲ့ပြီ ဖြစ်၏။ ကျမ သူ့ကို တွေငေးစွာ ကြည့်နေမိသည်။ အလိုလို ရင်နာလာ၏။ သူ့အသံ သြသြရယ်၊ သူ့ပါးအို့ နီနီရယ်တွေ ကြည့်ပြီး ကျမ သက်ပြင်းမောတချက် ရှိုက်လိုက်မိသည် ထင်၏။

“အိမွန်ရေ … သမီး လာပါဦး”

“ဟော … အမေ ခေါ်နေပြီ။ ဆရာမ၊ သမီးသွားလိုက်ဦးမယ်”

“အေး … အေး”

“အိမွန်ရေ …”

“လာပြီ အမေ”

မအေးနွယ်သည် လွယ်အိတ်တလုံးနှင့် အမျိုးသမီးကြီးတယောက်ကို လက်ခံစကားပြောနေရာမှ သူ့သမီးကို တကြော်ကြော် ခေါ်နေလေသည်။ အိမွန်က ရုတ်ခနဲထကာ အပြေးအလွှားသွားမည်ပြုစဉ် အငယ်ဆုံးမလေးက အာသွက်ခရာပီပီ သူ့ဂါဝန်နွမ်းလေးဖားဖားနှင့် အပြေး လာပြီး …

“အိမွန် မပွားနဲ့ မပွားနဲ့၊ အမေက နင့်ဆံပင်တွေ ရောင်းမို့တဲ့”

အို … ကျမရင်ထဲ လှုပ်ခနဲဖြစ်သွားသည်။ တစုံတရာသည် ရင်ဝကို လာဆောင့်လိုက်သလို နင့်နဲစွာနာကျင်သွားမိ၏။ အိမွန်သည် မျက်လုံးကလေးများ ဝိုင်းစက်သွားပြီးလျှင် သူ့ညီမလေးကို မယုံနိုင်သလို ပြန်ကြည့်နေပေသည်။

“မပွားနဲ့ အစ်မ သိလား”

“အိမွန်ရေ သမီးရေ မြန်မြန်လာစမ်းပါဆို”

အိမွန်ထွက်သွားတော့ ကျမက သူငယ်ချင်းဆီ လေးဖင့်သော ခြေလှမ်းများဖြင့် ထွက်လာခဲ့လိုက်သည်။

“ဝင်းရေ … မအေးနွယ်က အိမွန်ဆံပင်ကို ရောင်းမယ်နဲ့တူတယ်”

“ဘာရယ်”

“ဟုတ်တယ် …။ ဟိုမယ် ဆံပင်ဝယ်တဲ့အမျိုးသမီး ရောက်နေတယ်”

ကျမ သူငယ်ချင်းမျက်နှာက ထိန်းမရအောင်ပျက်သွားလေ၏။

“မဟုတ်တာဟယ်။ ကလေးစိတ်ထိခိုက်အောင် … မအေးနွယ်က မဟုတ်သေးပါဘူး။ ငါသွားပြောမယ်”

“မသွားနဲ့”

ကျမက သူငယ်ချင်း၏လက်ကို ဆုပ်ကိုင်ဟန့်တားလိုက်မိသည်။ သူငယ်ချင်းရော ကျမပါ ငူငူကြီးထိုင်နေမိကြသည်။ တစုံတရာစကား မဆိုနိုင်။ မကြာပါ။ ရေတွင်းကုန်းဘက်ဆီမှ ပြေးလာသော ခြေသံတဖုတ်ဖုတ်ကို ကြားရသည်။ ထမီစွန်တောင်ဆွဲလျှက် မျက်ရည်ပေါက်ကြီးတွေ ပိုးပိုးပေါက်ပေါက်ကျရင်း ရှိုက်ငိုပြေးထွက်လာသောအိမွန်ကို တွေ့ရသည်။ သူ့ဦးခေါင်းထက်မှ ရှည်လျားနက်မှောင်သော ပိတုန်းရောင် ဆံကေသာကြီးက ဂုတ်ပိုးအရင်းထိရောက်အောင်တိုပြတ်လျှက် ရှိလာပါပကော။ ရင်ထဲတွင် ဆို့လုံးကြီးတခုက လှိုက်တက်လာပြီး မျက်နှာ အသာလွှဲထားမိသည်။ ကျမပင် မျက်ရည်များစို့လာလေသည်။ မတတ်နိုင်ပါ။ ခံစားရခြင်းသည် ဖုံးကွယ်မရစွာ ဖြစ်ပေါ်လေ၏။ အိမွန်သည် သူ့အဒေါ်၏ ရင်ခွင်အတွင်းသို့ အားကုန် ပြေးဝင်လိုက်ရင်း တရှိုက်ရှိုက်၊ တအင့်အင့်နှင့် ငိုနေလေသည်။ သူ့ကိုယ်လေးသည် တချက်တချက် တုန်ခနဲတုန်ခနဲ ဖြစ်သွားပြီး ပါးစပ်မှလည်း ဗလုံးဗထွေး ဝူးဝူးဝါးဝါး ပြောနေရှာ၏။ ထိုခဏ၌ ကျမသည် မအေးနွယ်ကို တူးတူးခါးခါး မုန်းသွားမိလေ၏။

“ဟီး … ဟီး … သမီးက … သမီးက တမြတ်တနိုးထားတဲ့ဟာ … အင့် … ဟာကို အမေ … အင့် … အမေ”

သူ ခပ်ငယ်ငယ် နေမကောင်းဖြစ်စဉ် ဆရာဝန်က ဆံပင်ညှပ်ခိုင်းစဉ်ကလည်း သူ ငိုဖူးသည်။ အခုလို ယူကျုံးမရတသသ ရှိုက်ကြီးငင်ကြီးမနေ။ သူ့အဒေါ်က သူ့ဦးခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ချော့မြူရင်း မျက်ရည်ကျရှာလေသည်။

“တိတ်ပါ သမီးရယ်၊ ဆံပင်က ပြန်ရှည်လာမှာပေါ့။ ကိုယ်က အခုမှ အသက်ငယ်ငယ်လေး ရှိသေးတာ။ ဆံပင်တိုတိုက သမီးနဲ့ လိုက်ပါတယ်၊ ဆိုင်မှာ ပြန်သွားညှပ်လိုက်နော်၊ တိတ် တိတ်”

သူငယ်ချင်းက သူ့ပါးပေါ်မှ မျက်ရည်စများသိမ်းဖယ်ပေးရင်း နှစ်သိမ့်နေသည်။ အိမွန်သည် မီးဖိုချောင်ထောင့်မှာ တိတ်ဆိတ်စွာ ထိုင်ရင်း မျက်ရည်တွေသာ တပေါက်ပေါက်ကျနေချေ၏။ ကျမသူငယ်ချင်းသည် သူ့အစ်မဝမ်းကွဲရှိရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် အလွန်စိတ် ဆိုးမာန်ဆိုး ထွက်သွားလေသည်။ ကျမကလည်း သူ့နောက်မှ မယောင်မလည် လိုက်သွားမိသည်။

“အစ်မ တကယ်ရက်စက်တယ် သိလား။ ကိုယ့် သားသမီးဆန္ဒမပါဘဲနဲ့ ဒီလိုအတင်းလုပ်လိုက်တာ ကောင်းသလား။ ဘုရားလိုက်ပို့မယ်ဆို ခေါ်လာပြီးတော့”

သူသည် ရေတွင်းဘောင်ဘေးက ပိတောက်မြစ်ဆုံပေါ်၌ ထိုင်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော တစ်ထောင်တန်များကိုသာ မဲကြည့်နေသည်။ တစုံတရာ မပြော။ ဦးခေါင်းကိုလည်း တွင်တွင်ငုံ့ထား၏။ သူ့မျက်နှာလည်းအလွန်ပင် ပျက်ယွင်းနေရှာ၏။

“ပြောပါဦး၊ ဘယ်လောက်ကြီးတောင် ရလို့တဲ့လဲ…။ ပြောစမ်းပါဦး”

“သောင်းငါးထောင်”

သူ့အသံသည် ကျမ သူငယ်ချင်းဖြစ်သူ၏ ဒေါသသံနှင့် ဆန့်ကျင်လွန်းစွာ တိုးဖွတုန်ယင်စွာ ထွက်ပေါ်လာသည်။ သူများ ငိုချလိုက်ဦးမှာလား။ ကျမသည် သူငယ်ချင်း၏ လက်ကိုဆွဲကိုင်ကာ ခေါ်ပြန်လာရသည်။ သူသည် ဒူးနှစ်လုံးပေါ်တွင် မျက်နှာအပ်ရင်း ငြိမ်သက်နေခဲ့သည်။ ကျမ လည်ပြန်လှည့်ကြည့်စဉ် သူ့ကိုယ်သည်လည်း တဆတ်ဆတ် တုန်နေချေ၏။ သူ ငိုနေပြီကော။

(၃)

အားလုံးတက်ကြွရွှင်လန်းစွာ ထမင်းခူးခပ်ပြင်ဆင်နေကြ၏။ အဝတ်သစ်၊ အစားသစ်များဖြင့်။ သနပ်ခါးအဖွေးသားကိုယ်စီဖြင့်။ ကိုကြီး ဖိုးကျော်ရေ၊ ညီမလေးရေ၊ အမေရေနှင့် စကားသံများက ဆူညံဝေစည်လျက် နေသည်။ ကျမမှာ ရေချိုးရန်ပြင်ပြီးမှ မချိုးဖြစ်သေးဘဲ အသာရပ်ကြည့်နေမိသည်။

“အမေ … ဟို ကြွေးခုနှစ်ထောင် ဆပ်လိုက်လား”

“ဆပ်လိုက်တယ်အေ …။ အဲ့ဒါကျေမှ နောက်ထပ် ဆန် (၁) ခွဲလောက် တောင်းပန်ပြောယူရမှာ မဟုတ်လား။ ဘုရားပန်းက နှစ်ရာ့ငါးဆယ်တဲ့၊ လှပါတယ်နော်၊ အပွင့်ကြီးကြီးလေးတွေ ရွေးလာခဲ့တာပဲ။ ကြက်သားက ထောင့်ခုနှစ်ရာဖိုး၊ ပဲကြီးနဲ့ ဆူးပုတ်ဟင်းချိုစားချင်တယ်ဆိုလို့ ဝယ်ခဲ့သေးတယ်။ တို့စရာလည်း စုံတယ်။ ညနေ ဘုရားဈေးကျရင် အရုပ်တွေ မပူဆာကြနဲ့နော်။ ရေခဲမုန့်လေး၊ ဘာလေးစားပြီး ပြန်တာပေါ့”

“ဟာ … အမေကလည်း ဆပ်ကပ်မကြည့်တော့ဘူးလား”

“ဈေးကြီးတယ်ဟယ်”

“တုတ်ထိုးကြည့်မယ်”

“တစ်နှစ်လာလည်း ဒါချည်းကြည့်နေရတာ။ မကြည့်ချင်ပါဘူး။ အမေ … ကျနော်လည်း လုပ်ခပါလာတာပဲ။ ပွဲကြည့်ရအောင် မိုးဝင်း ကြည့်မယ်”

“ကိုကြီးဖိုးကျော်ကလည်း ဖိုးချစ်က ကောင်းတာကို”

သူတို့ အငြင်းအခုန်လုပ်နေစဉ် အငယ်မကလေး စန်းစန်းခိုင်သည် ကျမရပ်နေသည်ကို လှမ်းမြင်သွားပြီး ဝမ်းသာအားရ ခုန်ပေါက်အော်ဟစ်ကာ ကြွားလိုက်ပါသည်။

“ဆရာမရေ၊ သမီးတို့အားလုံး ဘုရားပွားမလို့၊ ကျိုက်ခေါက်ဘုရားပွားမလို့”

“အေး … အေး … ကောင်းတာပေါ့”

“ဆရာမကော လိုက်မလား”

“မလိုက်ပါဘူးအေ၊ ညည်းပဲသွားပါ၊ အောင်မယ် ဂါဝန်လေးက လှလိုက်တာ၊ ဘယ်သူဝယ်ပေးတာလဲ”

“မေ …”

သူက ဝံ့ဝံ့ကြွားကြွား ရင်ကော့ဖြေ၏။ တက်ကြွပျော်ရွှင်နေသော အသံ၊ ဟန်၊ မျက်နှာထား။

“အခု … သမီးတို့အိမ်၊ ကြက်သားဟင်း ချက်တယ်”

“အေး … အေး … ကောင်းတာပေါ့ကွယ်”

ဘာရယ်မသိ။ မျက်ရည်လည်လာမိပြန်၏။

“ဆရာမ စားမလား”

“မစားပါဘူးအေ။ ညည်းပဲ စားပါ”

ထိုစဉ် ထမင်းဇလုံကိုင်လျက် အိမ်ပေါက်ဝ လှေကားရင်းတွင် ဝတ်ကောင်းစားလှများ၊ သနပ်ခါးအဖွေးသားများဖြင့် အိမွန်က ဝုန်းခနဲ ဆောင့်ထိုင်လိုက်ရင်း ပလုပ်ပလောင်းအသံနှင့် သူ့ထမင်းလုပ်ကို မြှောက်ပြကာ ကျမကို …

“ဆရာမ စားပါဦး” ဟု ခေါ်လိုက်သည်။

ရင်ထဲတွင် အမည်ဖော်ပြရန် မစွမ်းသာသော ဝေဒနာတရပ်သည် ဆောင့်ဝင်လာသဖြင့် ရုတ်တရတ်သော် ဘာစကားမှပင် ပြန်မဖြေလိုက်နိုင်။ ဆို့ကျပ်တုန်ယင်နေလေသည်။ အတန်ကြာမှ…

“အေး … အေး … စား … သမီး … စား စား …” ဟု ပြန်ဖြေနိုင်တော့၏။ ကျမ၏ အသံလှိုင်းမှာ အနားသတ် မညီမညွတ်ဘဲ ယိမ်းထိုးလှုပ်ခါ တုန်ယင်လျှက်နေလေသည်။

 
Leave a comment

Posted by on July 24, 2011 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: