RSS

Interview with U Win Tin – Is he out of touch with reality?

25 Jul

https://moemaka.files.wordpress.com/2011/06/uwintin-suu.jpg?w=300

မျက်မှောက်ခေတ်က လူတွေ၊ အကြောင်းအရာတွေနဲ့ ဦးဝင်းတင် မျက်ခြေပြတ်နေပြီလား

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၁

ဆရာဦးဝင်းတင်နဲ့ မိုးမခ အင်တာဗျူးမလုပ်ဖြစ်တာ အတော်ကြာသွားတယ်။ အဓိကပြသနာကတော့ တယ်လီဖုံးလိုင်းတွေကြောင့်ပါ။ ဖုံးဆက်လို့ မရတာရယ်၊ ဆေးရုံတက်နေရချိန်မှာ လူချင်းလွဲနေရတာတွေကြောင့်ပါ။ အင်တာဗျူးတွေ မဖတ်ကြရလို့ သတင်းမေးသူတွေရှိသလို အင်တာဗျူးတွေ ဆက်လုပ်မနေပါနဲ့ ဦးဝင်းတင်က ကျန်းမာရေးကလည်း မကောင်း၊ ပါတီနဲ့ ခေါင်းဆောင်တွေနဲ့ အဆက်ပြတ်၊ ခေတ်နဲ့ အဆက်ပြတ်နေတာကြောင့် သူ့အာဘော်တွေ ထည့်နေလဲ မထူးပါဘူးလို့ အားပေးသူလည်း အားပေးကြပါတယ်။ ဒါပေမယ့်လည်း မိုးမခမှာက မျက်မှောက်ရေးရာ မေးမြန်းစရာ ဦးဝင်းတင်ကိုပဲ ရှိတာမို့ သူ့ကိုပဲ ဖုံးလိုင်းကလေး သဘောကောင်းတုန်း မေးမြန်းလိုက်ပါတယ်။

ဆရာနဲ့ ကျနော်တို့ နောက်ဆုံး ဇူလိုင်လဆန်း အင်တာဗျူးမှာ ဆရာက ဥပဒေကြောင်းအရ ပါတီရပ်တည်ရေး၊ တရားဝင်ဖြစ်မြောက်ရေးတွေကို ရင်ဆိုင်သွားမယ်လို့ ပြောသွားတယ်။ ဦးဝင်းတင်က ပျော့သွားတာလားလို့ မေးကြတယ်။

 

ကျနော်တို့ပြောတာက ၁၉၈၈ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့ ပြည်သူတွေဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ဖြစ်တယ်။ အဲဒီတုန်းက ဥပဒေနဲ့အညီ ၁၉၈၈ စက်တင်ဘာ ၃၀ မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမိုးသူတို့နဲ့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တာဖြစ်တယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ လက်ရှိအစိုးရတရပ်က နိုင်ငံရေးပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးကို တရားမျှတတဲ့ ဥပဒေတွေနဲ့ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ကျနော်တို့က လက်ခံဆွေးနွေးနိုင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ပွင့်လင်းတဲ့ ညှိနှိုင်း ဖြေရှင်းမှုတွေကို လက်ခံမယ်လို့ ပြောတာဖြစ်တယ်။

 

သူတို့တွေဆီက ဥပဒေနည်းလမ်းတွေအရ လက်မခံနိုင်ဘူးဆိုရင်ကော။

 

ဒါကတော့ ရှင်းနေပြီးသားပဲ။ ပြည်သူတွေအသိအမှတ်ပြုပြီးသား ပြည်သူ့ပါတီတရပ်အနေနဲ့ ကျနော်တို့က ဆက်လက်ရပ်တည်သွားရမှာပဲ။ ပြည်သူတွေတင်သာမက နိုင်ငံတကာကပါ အသိအမှတ်ပြု လက်ခံထားတဲ့ နိုင်ငံရေးပါတီတရပ်အဖြစ် ဖြတ်သန်းရပ်တည်ထားပြီးသားကို ကျနော်တို့ကိုယ်တိုင်က ငြင်းပယ်ပစ်လို့ မရဘူး။

 

ဆရာက ကျန်းမာရေးကလည်း မကောင်း၊ ဆေးရုံကလည်း တက်ရ၊ ရုံးလည်း မတက်နိုင်၊ အစည်းအဝေးတွေမှာလည်း မတွေ့ရဆိုတော့ အခုအချိန်မှာ ဆရာ့ကို ခေတ်နဲ့ လူတွေနဲ့ ပါတီနဲ့ အဆက်ပြတ်နေပြီ၊ ဆရာ မျက်ခြေပြတ်နေတာတွေ များနေပြီလို့ ပြောရင် ဘာပြောမလဲ။

 

ကျနော်က အခုချိန်မှာ နိုင်ငံ့အရေးဆိုတဲ့ စိတ်တခုတည်းပဲ ရှိတယ်။ တောက်လျောက် ကျနော့်ဆီမှာ ဧည့်သည်တွေ လာနေ၊ ဖုံးတွေ ပြောနေ၊ ဆွေးနွေး တိုင်ပင်နေတာတွေ အားလုံးက ဒီအရေးကိစ္စတွေချည်းပဲ။ ပြီးတော့ ကျနော့်ကို သတင်းလာမေးတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့က အစ သူတို့တတွေက “ဆရာနေကောင်းလား” ဆိုပြီး မေးပြီးတော့ ပြန်သွားကြတာ မဟုတ်ဘူး ဆိုတာတော့ သိစေချင်တယ်။ ကျနော်တို့တတွေ ပြောဆိုဆွေးနွေး တိုင်ပင်နေကြတာချည်းပဲ။ လူကြီးတွေကော လူငယ်တွေကော။ ကျနော့် ဖုံးတွေ၊ တံခါးတွေ၊ ဆေးရုံတံခါးက အစ ကျနော် ဖွင့်ထားတယ်။ ပိတ်ထားတာ တခုမှ မရှိပါဘူး။

 

ဒါဆိုရင် အာဇာနည်နေ့ကို ဆရာ ဒီတနှစ်မှာ ပထမဦးဆုံးအကြိမ် နိုင်ငံရေးခေါင်းဆောင်တွေ အစုံအလင်နဲ့ ဖြတ်သန်းရတာပဲ။ လွန်ခဲ့တဲ့ ၁၉၈၉  ဇူလိုင်တုန်းက အတားဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အတိုက်အခံအင်အားစုတွေ၊ လူကြီး လူငယ်တွေ ဒီနှစ် ၂၀၁၁ ဇူလိုင် ၁၉  မှာ ပြန်လည် ဖြတ်သန်း ရင်ဆိုင်ကြရတယ်။ ဘယ်လိုနေသလဲ။ ဘာတွေ ထူးခြားတာရှိသလဲ။ အဲသည်တုန်းကတော့ အာဏာဖီဆန်ရေးစိတ်ဓာတ်တွေနဲ့ ပြင်ဆင်ခဲ့ကြရတယ်။ အခု ၂၂ နှစ်အကြာမှာ ဆရာတို့ ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲ။

 

ဒီနှစ်မှာ ကျနော်တို့က သဘောထားကြီးမှုတွေ၊ နားလည်မှုတွေ၊ ညှိနှိုင်းဆွေးနွေးလိုမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေနဲ့ အာဇာနည်နေ့ကို ဖြတ်သန်းတယ်လို့ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်မိသားစုဝင်တဦးအဖြစ် ဖိတ်ခေါ်တာကို လက်ခံပြီး အခမ်းအနားကို တက်ရောက်သလို၊ အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တဦးအပါအ၀င်အဖြစ် အားလုံး စုဝေးကြပြီးတော့လည်း ပြည်သူလူထုနဲ့အတူ အာဇာနည်နေ့ အခမ်းအနားကို ချီတက်ဂါရ၀ပြုခဲ့ကြတာကို တွေ့ရမှာ ဖြစ်တယ်။ ပြောချင်တာက လက်ရှိအစိုးရရဲ့ ဥပဒေစည်းမျဉ်းတွေက မျှတညီညွတ်မှု ရှိရင် ရှိသလို ပျော့ပြောင်းညင်သာစွာ ရင်ဆိုင်မှု ရှိမှာ ဖြစ်တယ်။ ပြည်သူလူထုကလည်းပဲ စည်းကမ်းတကျ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားနိုင်ကြတယ်ဆိုတာကိုလည်း တွေ့ရမှာ ဖြစ်တယ်။ အဲသည်မှာ အာဇာနည်နေ့အခမ်းအနားကို ၂ မျိုး ဆောင်ရွက်ခဲ့တာကို တွေ့ရမှာ ဖြစ်တယ်။

 

၁၉၈၉ ဇူလိုင်လ ၁၉  ရက်နေ့က ကြွေးကြော်သံဖြစ်တဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတာက မလိုအပ်တော့ဘူးလား။

 

အစပိုင်းမှာ ကျနော်ဖြေကြားခဲ့သလိုပဲ ကျနော်တို့တတွေဟာ အရေးတော်ပုံက ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီဖြစ်တယ်။ မတရားတဲ့ အမိန့် အာဏာ ဥပဒေဆိုတာတွေကို ကျနော်တို့ ပြည်သူ့ပါတီက အမြဲ ရင်ဆိုင်ခဲ့ကြတာချည်းပဲ။ အခုအချိန်မှာ မတရားတဲ့ အမိန့်အာဏာဥပဒေတွေကို ဆန့်ကျင်ဖို့ ရင်ဆိုင်ဖို့ လိုအပ်လာရင်လည်း ကျနော်တို့ကတော့ ရင်ဆိုင်ရမှာပါပဲ။

 

ဇူလိုင်လ ၂၃ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကွယ်လွန်ခြင်း နှစ်ပတ်လည်ဆွမ်းကျွေး ကျင်းပတယ်။ အဲသည်မှာ ဆရာဒဂုန်တာရာရဲ့ ၉ ၃ ကြိမ်မြောက် ငြိမ်းချမ်းရေးပန်ကြားလွှာကိုလည်း ထပ်မံဖြန့်ဝေတယ်။ အဲသည် မေလဆရာဒဂုန်တာရာမွေးနေ့တုန်းကလည်း ဆရာကိုယ်တိုင် သွားရောက်ခဲ့တယ်လေ။အခုအချိန်မှာ ပေါ်ထွန်းလာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွက် ဆရာဘာပြောချင်သလဲ။

 

အဲသည်မေလ ခရီးထွက်တုန်းက ဆရာဒဂုန်တာရာမွေးနေ့မှာ ကျနော်ပြောခဲ့ပါတယ်။ ၁၉ ၅၂/၅၃ ကနေ ၁၉ ၆၂ ကာလ ၁၀ နှစ်အတွင်းမှာ ပြည်တွင်းစစ်တွေ အကြောင်းပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင်က ဦးဆောင်တယ်။ ပြည်တွင်းစစ်ကို မဏ္ဍိုင်ပြုပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ်။ အခုအချိန်မှာ ဒါတွေလည်း ပြည်သူလူထုကြားမှာ ပေါ်ပေါက်လာသင့်တယ်။ အဲသည်မှာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဆိုတာ၊ ဆွေးနွေးပွဲတွေ ဆိုတာ အင်န်အယ်ဒီပါတီကနေ ဦးဆောင်တာမျိုးမဟုတ်ဘဲ လက်ရှိ မျူိးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ၊ လူကြီး လူငယ်တွေ လွတ်လွတ်လပ်လပ် အားလုံးပါဝင်တဲ့ အများပြည်သူလှုပ်ရှားမှုတွေအဖြစ် ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။

 

အဲသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နှစ်လည်ကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်တာက ဒီအချက်ကို အားပေးတယ်၊ သဘောတူတယ်လို့ ပြောရင် ရမလား။

 

ဒါက အားလုံးက၊ တိုင်းရင်းသားတွေအပါအ၀င် အားပေးကြ၊ ၀ိုင်းဝန်းကြရမယ့် အရေးကြီးတဲ့ အရေးလို့ ထင်ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သဘောပေါက်တယ်လို့ မြင်ပါတယ်။

 

ပြည်တွင်းငြိမ်းချမ်းရေးကို တဖက်သတ်တောင်းဆိုနေတာမျိုးဆိုရင် နိုင်ငံတကာဖက်က အမြင်မှာ ဘယ်လိုတွေ ဖြစ်ကုန်မှာလဲ ဆရာ။ အခုချိန်မှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ရဲ့ နယ်မြေတွေမှာ ခုခံစစ်ကို ဆင်နွှဲနေရတယ်။ အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ တိုင်းရင်းသားပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေတယ်။ ဒုက္ခသည်တွေဟာ အမြောက်အများတိုးပွားလာနေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာက နှစ်ဦး နှစ်ဖက် ငြိမ်းချမ်းရေးကို ရှေ့ရှုမှ ဖြစ်ပေါ် လာမှာ မဟုတ်လားဆရာ။

 

တလောက တရုတ်ပြည်အကြောင်းဆွေးနွေးပွဲ ဟောင်ကောင်မှာ လုပ်တယ် ကြားတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးတွေကို ပန်ကြားပေးကြဖို့ အကြံပေးကြတယ်ဆိုလား ပြောကြ၊ ဆွေးနွေးကြတယ် ပြောတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက တဖက်သတ်တောင်းဆိုတာမျိုး မဟုတ်ရဘူး။ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအသွင်နဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဦးတည်ဆောင်ရွက်မှုကို အားပေးသင့်တယ်လို့ ပြောချင်တယ်။ တဖက်ဖက်က ဒါကို အသုံးချဖို့ အဖြစ်မခံနိုင်ဘူး။ ၂ ဖက်စလုံးက နားထောင်မှ လိုက်နာမှ ဖြစ်ပေါ်လာမှာ ဖြစ်တယ်။ အဲဒါကိုတော့ နားလည်ရမယ်။ နိုင်ငံတကာက အဖွဲ့အစည်းတွေကလည်း မတရားတာကို မတရားဘူး၊ တရားတာကို တရားတယ်ဆိုတာကတော့ ထုတ်ဖော်ရပ်တည်ပေးဖို့လည်း လိုအပ်တယ်။

 

ကဲ ဒါဆိုရင် အခုပြောနေတဲ့ အချိန်အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က တွေ့ဆုံဖို့ စီစဉ်နေကြပြီ ဖြစ်တယ်။ အဲဒီအရေးကိုကော ဆရာက ဘယ်လိုမြင်ပါသလဲ။

 

ဦးအောင်ကြည်က အယင်စစ်အစိုးရလက်ထက်မှာကတည်းက စစ်တပ်စကားနဲ့ပြောရရင် ဆက်သားပဲ။ သူ့မှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိခဲ့ဘူး။ ဆက်သားဆိုတာက အထက်အရာရှိတွေရဲ့ စကားကို သယ်ဆောင်လာရတဲ့ အဆင့်ပဲ။ ဒါပေမယ့် အခုဒီတခါမှာကတော့ သူက လက်ရှိအစိုးရရဲ့ ၀န်ကြီးဖြစ်နေတယ်။ ဦးသန်းရွှေလက်ထက်က ၀န်ကြီးထက် အခု ဦးသိန်းစိန်လက်ထက်က ၀န်ကြီးအနေနဲ့ အယင်တုန်းထက်ကထက် ပိုပြီး ကောင်းမွန်ဖို့ အလားအလာ ရှိသင့်တယ်လို့ ပြောချင်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

 

မျှော်လင့်တယ်သာဆိုတယ် ဒေါ်စုနဲ့ ဦးအောင်ရွေှ့ကို လိပ်တပ်ပြီး သတိပေးစကား ပြောတာက ပြည်ထဲရေးဝန်ကြီး ဦးကိုကို ဖြစ်တယ်လေ။ အခုတွေ့ရတာက အခြားဝန်ကြီးဌာနက ဦးအောင်ကြည်ဆိုတော့ သီးသန့်စီ ဖြစ်နေတယ်ဆိုပြီး ကျနော်တို့ဆီက စာရေးသူတဦးကတောင် သူတို့အာဘော်မှာ ရေးထားတယ်။ အဲဒါကိုကော ဆရာက ဘာပြောမလဲ။

 

ဒါကို ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ သူတို့သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအလိုက် သူတို့ လုပ်ပိုင်ခွင့်တွေအရ တွေ့ဆုံဆွေးနွေးခွင့်တွေ၊ သတိပေးပြောဆိုခွင့်တွေ ရှိကြမယ် ထင်တယ်။ ဒါတွေကို ကျနော်တို့ဖက်ကလည်း လေ့လာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ဦးအောင်ကြည်က သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆွေးနွေးတယ်ဆိုရင်လည်း ထားပါတော့လေ။ ဒါက တပိုင်းပေါ။့ ဟိုခုနင်က သတိပေးထားသလို ဖျက်သိမ်းထားပြီးသားပါတီဆိုပြီး ဖိအားတွေ ပေးလာတာမျိုး ဆိုရင်ကော ဆရာက ဘာပြောမလဲ။

 

ကျနော်ရှေ့မှာပြောပြီးသားပဲ ပြည်သူ့ပါတီတရပ်အနေနဲ့ ကျနော်တို့က ခိုင်ခိုင်မာမာ ရပ်တည်သွားရမှာပဲ ဆိုတာ။

 

ညနေလောက်ဆိုရင်တော့ သိကြရလိမ့်မယ် ထင်ပါတယ် ဆရာ။ ထားပါတော့။ အခု မြန်မာပြည်ပြင်ပမှာ ၈၈ – ၂၃ နှစ်ပြည့် အခမ်းအနားတွေ စုစည်းမှုတွေ ပြင်ဆင်နေကြပြီ ဆရာ။ ကျနော်တို့ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ နိုင်ငံရေအစုအဖွဲ့တွ စုစည်းပြီး အခမ်းအနားလုပ်မယ်။ ပြခန်းတွေဘာတွေနဲ့ တင်ဆက်မယ်။ အခြားမြိုနယ်တွေကလည်း သူတို့အစီအစဉ်တွေနဲ့ သူတို့ လုပ်လာကြတယ်။ အဲဒါကို ဆရာ ဘာပြောမလဲ။

 

ဒီဖက်မှာလည်း မြန်မာပြည်တွင်းက ၈၈ မျိုးဆက်တွေ ကျောင်းသားလူငယ်တွေကလည်း ၈လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေ ဆွေးနွေးပွဲတွေ လုပ်ကြဖို့ ပြင်ဆင်နေကြတယ်။ ကျနော့်ကိုလည်း အများအပြား လာတိုင်ပင်ကြပါတယ်။ အင်န်အယ်ဒီပါတီအနေနဲ့ အခမ်းအနားလုပ်တာ မလုပ်တာ ကျနော်မသိသေးပေမယ့် ကျနော့်အနေနဲ့ ဘာပြန်ပြောလိုက်သလဲဆိုတော့ အဲသည်လို လုပ်ကြတာကို ကျနော်က အားပေးတယ်။ ကျနော်တို့တတွေကို်ယ်တိုင် ဒီလိုအခမ်းအနားတွေကို တက်ကြမယ်လို့ ကျနော်ကတော့ ပြောတယ်။ အခု ကျနော့်ကို ကုပေးနေတဲ့ ဆရာဝန်ကြီးပြောတာကတော့ နောက် ၂ ရက် ၃ ရက်ဆို ကျန်းမာရေး ပိုကောင်းလာမယ် တိုးတက်လာမယ် ပြောတယ်။ ကျနော်လည်း ဆေးရုံက ဆင်းရတော့မှာပါပဲ။

 

ဒီဖက်မှာကတော့ ၈လေးလုံး အခမ်းအနားနဲ့ လှုပ်ရှားမှုတွေမှာ တင်တဲ့ တောင်းဆိုချက်တွေ မီးမောင်းထိုးပြတာတွေကတော့ – နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တားဆီးနိုင်ရေး ပြီးတော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေး တို့တွေ ကို အဓိကထားတယ်ဆရာ။ ဘာတွေ ဖြည့်စွက်ချင်သေးသလဲ။

တွေ့ဆုံဆွေးနွေးတယ်ဆိုတာက ဘယ်သူတွေကို ပြောတာလဲ။ ပြောစမ်းပါဦး။

 

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်ဒီ၊ မဟာမိတ်တွေနဲ့ တိုင်းရင်းသားအစုအဖွဲ့တွေ အားလုံးပါဝင်တဲ့ အတိုက်အခံအင်အားတွေနဲ့ လက်ရှိ အာဏာရှင်တွေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်ရေးပေါ့ ဆရာရယ်။

 

ဟုတ်ပါပြီ။ ဒီလောက်ပဲပေါ့လေ။ ကိုယ်လုပ်နိုင်သလောက်လေး ၀ိုင်းလုပ်ကြတာ ကောင်းပါတယ်။

 

အဓိကက ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေပါဆရာ။ အပြင်က စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တတ်နိုင်တဲ့ နေရာက ပံ့ပိုး ထောက်ခံမှုတွေ လုပ်နေကြဖို့ပါပဲ။

 

အေးအေး။

 

ကျေးဇူးပါပဲ ဆရာ။ နောက်မှ ထပ်ဆက်ပါဦးမယ်။

 

 
Leave a comment

Posted by on July 25, 2011 in Interview, U Win Tin

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: