RSS

Tu Maung Nyo – Probable Meeting with the regime and the Suu

25 Jul

တွေ့ဆုံနိုင်ဖွယ်ရှိတဲ့ သတင်းအပေါ် အမြင်

တူမောင်ညို

ဇူလိုင် ၂၅၊ ၂၀၁၁

၂၃ ဇူလိုင် (ဗွီအိုအေ) သတင်းအရ လာမယ့် တနင်္လာနေ့ (၂၅ ဇူလိုင်) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ကြားသိရပါတယ်။ ကြားရတဲ့သတင်းအပေါ်မူတည်ပြီးပြောပါမယ်။

ဇွန်လ ၂၉ ရက် နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြန်ကြားစာမှာဖေါ်ပြထားတာက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့တွေ့ဆုံဖို့ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးမတွေ့ဘဲ၊ အလုပ်သမားဝန်ကြီးက (ဗွီအိုအေသတင်းအရ) တွေ့ဆုံနိုင်ဖွယ်ရှိရတာလဲ။

ဘယ်လိုအနေအထားမျိုးနဲ့ တွေ့ဆုံကြမှာလဲ။

(အရပ်သားတဦးကို ဝန်ကြီးက ခေါ်တွေ့တဲ့ပုံစံလား/ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင် တဦး အနေနဲ့ တွေ့ဆုံတဲ့ပုံစံလား။ အခြားဘယ်လိုပုံစံအနေအထားမျိုးနဲ့ တွေ့ဆုံမှာလဲ)

တွေ့ဆုံရတဲ့ အကြောင်းအရာကဘာလဲ။

အရပ်သားတဦးအဖြစ်ခေါ်တွေ့ပြီး၊ လူမှုရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စပြောမှာလား။

သို့တည်းမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးတယောက်အဖြစ် လက်ခံတွေ့ဆုံမှာလား။

NLDကို “၂၀၁၀ စက်တင်ဘာ ၁၄ ရက် ကြေညာချက်အမှတ် (၉၇/၂၀၁၀) နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည် ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းကြောင်း” ကြေညာထားပါတယ်။

ယင်းအချက်သည် တည်ဆဲဥပဒေဖြစ်ပါတယ်။ ယင်းအချက်ကို ကျော်လွန်နိုင်ပါ့မလား။

မကျော်လွန်နိုင်ကြောင်း အထင်အရှား ပြသနိုင်တဲ့ သာဓက ၂ ခု ပူပူနွေးနွေးရှိပါတယ်။

ပထမ သာဓက  ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဇွန် ၂၈ ပေးစာက ကြေညာချက်အမှတ် (၉၇/၂၀၁၀) ပါ သဘောထားနဲ့အညီ ရေးသားပေးပို့တာပါ။

ဒုတိယ သာဓက သမ္မတရဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဦးမြင့်  NLD ဌာနချုပ်ရုံးမှာ ဟောပြောမယ့်ကိစ္စ တားမြစ်ခံရပါတယ်။

သို့အတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်က အထက်ပါ တည်ဆဲဥပဒေနှင့် သဘောထားများကို ချိုးဖောက်ပြီး နိုင်ငံရေးခေါင်းဆောင်တဦး/ နိုင်ငံရေးပါတီခေါင်းဆောင်တဦးအဖြစ်နဲ့ လက်ခံတွေ့ဆုံနိုင်ပါ့မလား။

(၆၄) နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဇာနည်ကြီးများရဲ့ မိသားစုဝင်များ နည်းတူမိသားစုဝင်တဦးအနေနဲ့ တက်ရောက်ခဲ့တာပါ။ ဆိုလိုတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေနဲ့ တက်ရောက်ခဲ့တာ မဟုတ်ပါဘူး။

(၆၄) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို NLD ဌာနချုပ်မှာလည်း သီးသန့်ပြုလုပ်ခဲ့ပါတယ်။ အာဇာနည်ဗိမာန်ကို ဒေါ်အောင်ဆန်းစုကြည် ၂ ကြိမ်သွားခဲ့တယ်လို့ မီဒီယာသတင်းများမှာ ဖော်ပြတာကို သတိပြုမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နောက်ဆုံးတွေ့ဆုံခဲ့တာ ၂၀၁၀ ဇန်နဝါရီလ ၁၅ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီသတင်းနဲ့ သတင်းဓာတ်ပုံကို မြန်မာ့အလင်းသတင်းစာ (၁၆ ဇန်နဝါရီ ၂၀၁၀) နောက်ကျောဖုံးမှာ ဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ် စတင်တွေ့ဆုံကြတာဟာ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည် (ယခင် ဗိုလ်ချုပ်ဟောင်း) ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်တာဝန်ပေးအပ်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာသံဃာလှုပ်ရှားမှု (ရွှေဝါရောင် တော်လှန်ရေး) အပြီးကာလမှာဖြစ်ပါတယ်။

ရက်စွဲတွေအတိအကျ ထည့်ပေးလိုက်တာက အခြေအချိန်အခါနဲ့ သဘောထားတွေကို သတိပြုစေချင်တဲ့ စေတနာနဲ့ပါ။

 

 
Leave a comment

Posted by on July 25, 2011 in Op-Ed, Tu Maung Nyo

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: