RSS

Thurain Htet – Comets Article

26 Jul

ကြယ်တံခွန်ဆွတ်သူများအကြောင်း

သူရိန်ထက်
ဇူလိုင် ၂၇၊ ၂၀၁၁

ကင်တင်းထဲ သူတို့ရောက်တော့ လူစုံသလောက်ရှိနေပြီ။ သိတဲ့အတိုင်း သူတို့မေဂျာက လူကခပ်နည်းနည်းရယ်။ ပြီးတော့ ယောက်ျားလေး အင်အားထက် မိန်းကလေးအရေအတွက်က ပိုများတယ်မဟုတ်လား။ ကဲန်င်တင်းထဲမှာ ဘောလုံးပွဲကိစ္စဆွေးနွေးဖို့ အားလုံးစုကြမယ်။ အထူးသဖြင့် ယောင်္ကျားလေးတွေ မဖြစ်မနေလာရမယ် ဆိုပြီးလူစုလိုက်တော့ လာတဲ့လူ ၃-၄ဝ မှာ ယောက်ျားလေးတွေသာမက မိန်းက လေးတွေလည်းပါတာပေါ့။ လူစုံပြီဆိုတော့ ထုံးစံအတိုင်း ပွကြီးက စကားစပြောတယ်။

‘‘ကဲ.. ဘော်ဘော်တို့ …. အထက်ကပေးအပ်တော့ တာဝန်နှင့်ဝတ္တရားများအရ .. အဟမ်း.. အဟမ်း …’’
‘‘တော်ပါတော့ဗျို့ …”

‘‘ဟဲ.. အားပေးတယ်လား..။ ဆက်ပြောပါ့မယ်..။ ခုနက ပြောခဲ့သလိုပေါ့လေ.. ဘယ်လိုခေါ်မလဲ..ဟို..’’
‘‘ပွကြီးလို့ပဲ ခေါ်မယ်ကွာ’’

‘‘ကဲပါ .. ထိုင်စမ်းပါ ပွကြီးရယ်.. ငါပဲပြောပါ့မယ်..။ ဒီလိုဗျာ .. အခု မိုးရာသီ မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲလုပ်မယ်။ အဲဒီတော့ ကျနော်တို့ မေဂျာကလည်း ဘောလုံးပွဲဝင်ပြိုင်ဖို့ပဲ။ မင်းတို့ဘယ်လိုသဘောရလဲ..’
‘‘ဟာ.. တို့မေဂျာက လူက ၂ ယောက်တပိုင်းရှိတာ။ နောက် မိန်းကလေးတွေကလည်း ပိုများနေတာ..။ ဘောလုံးကန်လို့ဘယ်ဖြစ်မလဲ..’’

‘‘အေးလေ.. နဘမ်းလုံးပွဲဆို တော်သေးတယ်’’
‘‘ဟား ဟား ဟား’’

‘‘နေဦးကွ.. ဘောလုံးပွဲမှာ ငါတို့မေဂျာက ပြိုင်ဖို့ဆို ဘောလုံးကန်တတ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ’’
‘‘မျက်မှန်ရယ်၊ ဘောကြီးရယ်၊ ကျားကြီးရယ်၊ ဇော်မိုးရယ် နောက်..’’

‘‘မြင့်မြတ်နဲ့ ကျော်လွင်’’
‘‘အေး ..နောက် ဘယ်သူရှိသေးလဲ’’

‘‘စိုးကြီး’’
‘‘အာ … ငါက ဘော်လီဘောပဲရတာကွ… ဘောလုံး မရဘူး’’

‘‘ဒါဆို (၆) ယောက် …. နောက် ဘယ်သူရှိသေးလဲ’’
‘‘ဗေလုဝ’’

‘‘ဟေ့ကောင် .. ငါက ဘောလုံးပွဲသာလောင်းတတ်တာ၊ ဘောလုံးမကန်တတ်ဘူးကွ’’
‘‘ကဲ.. ဒါဖြင့် ဘယ်သူရှိသေးလဲ’’

သူတို့အားလုံး တယောက်မျက်နှာ တယောက်ကြည့်ကြ၊ မျက်စပစ်ကြနဲ့။ (၆) ယောက်ထက် ပိုထွက်မလာဘူး။ သူများအသင်းတွေက လူတွေများလို့ ဘောလုံး (၃) သင်းစာလောက်ရှိနေတဲ့အချိန်မှာ သူတို့မေဂျာက လူ (၆) ယောက်ထက် ထပ်ထွက်မလာဘူး။ အားလုံး ငြိမ် နေတုန်း တချိန်လုံးဆေးလိပ်လေးဖွာနေတဲ့ အောင်ကြီးက ..

‘‘လူမရှိပဲနဲကွာ…။ တို့မေဂျာက ဘောလုံးပွဲဝင်မပြိုင်တာ ကောင်းမယ်ထင်တယ်’’
‘‘ဒီလိုတော့ မဖြစ်ဘူးထင်တယ်ကွ။ အပွဲပွဲနွှဲလာပြီး ဒီတပွဲကျမှ တို့မေဂျာက ကန်မယ့်သူမရှိလို့ ဝင်မပြိုင်နိုင်ဘူးဆိုတာတော့….’’

‘‘ဒါတော့ ဘယ်တတ်နိုင်မလဲကွ..’’
‘‘ဝင်မပါလို့ မဖြစ်ဘူးထင်တယ်ကွ။ မေဂျာပေါင်းစုံ ဝင်ကန်ရမှာ’’

အဲဒီလို လိပ်ခဲတည်းလည်းဖြစ်နေတုန်း တချိန်လုံး တီးတိုးတီးတိုးလုပ်နေတဲ့ မိန်းကလေးအုပ်စုထဲက အသံထွက်လာတယ်။
‘‘အာ.. နင်တို့ကလဲ.. ယောက်ျားလေးတွေဖြစ်ပြီး..’’
‘‘အေးလေ.. ဝင်ပြိုင်ပေါ့ဟ။ ငါတို့က မိန်းကလေးဖြစ်နေလို့ .. မဟုတ်လို့ကတော့ ..’’

‘‘ဟ.. တို့ဆီမှာ ကန်တတ်တဲ့သူက ၆ ယောက်တည်း။ တသင်းစာ လူ ၁၈ ယောက်ပြည့်ဖို့ ဘယ့်နှယ့်လုပ်မလဲ’’
‘‘ဒါဖြင့်ဒီလိုလုပ်။ ဘရာဇီးတို့၊ အင်္ဂလန်တို့အသင်းတွေက လူငှားခေါ်မယ်ကွာ’’

‘‘မင်းအမေလင်ဆီက ပိုက်ဆံနဲ့ ငှားမှာလားကွ’’
‘‘အာ.. ဒါတော့ မပူနဲ့..။ ဒီည ဖဲနိုင်ရင် ငါနိုင်သမျှအကုန်ထည့်ပြီးခေါ်မယ်ကွာ’’

‘‘ဟိတ်ကောင်တွေ တော်စမ်းပါကွာ။ ဒီမှာ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ဝိုင်းစဉ်းစားကြစမ်းပါ’’
‘‘ဘောလုံးကန်ဖို့ဆိုတာ ကန်တတ်ဖို့လိုတယ်ကွ။ ငါတို့ဆီမှာ လူလည်းမရှိဘူး။ သူများအသင်းတွေကို ယှဉ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးကွ။ တချို့အသင်းတွေဆို မြို့နယ်လက်ရွေးစဉ်တွေ၊ တိုင်းလက်ရွေးစဉ်ဖြစ်နေတဲ့ကောင်တွေတောင် ပါတယ်ကြားတယ်’’

‘‘ဟာ.. နင်တို့ မကန်ရဲဘူးလား.. ဒါဆို ငါတို့ဝင်ကန်ရမလား’’
‘‘အာ.. မိဂွက်ထော်ရယ်.. နင်အေးဆေးနေစမ်းပါ။ နင်ပါရမယ့်ကိစ္စ ငါပြောမယ်’’

‘‘သေနာ’’

အဲဒီလို အခြေအနေမှာ မြင့်မြတ်ကြီးက မတ်တပ်ထရပ်လိုက်တယ်။

‘‘ကဲ.. ငါစကားအကောင်းပြောမယ်။ ငါတို့တွေက ကျောင်းသားတွေ။ ကျောင်းက မေဂျာပေါင်းစုံလုပ်တဲ့ပွဲမှာ ငါတို့တွေဝင်ပါရမယ့် တာဝန်ရှိ တယ်။ မထူးဘူးကွာ အကုန်ဝင်ကန်မယ်’’
‘‘အေး … ငါထောက်ခံတယ်။ ငါတို့ အခုမလာတဲ့သူတွေကို ထားလိုက်။ လာတဲ့ယောက်ျားလေးစုစုပေါင်းရင် ၁၈ ယောက်ရှိတယ်။ အားလုံး ညီရင် အားလုံးပါရင် အသင်းတသင်းစာ လူအပြည့်ပဲ။ ဘယ်လိုသဘောရလဲ’

အားလုံးငြိမ်သွားတယ်။ အခြေအနေက မထူးဇာတ်ခင်းရမယ့်သဘော။ တာဝန်တခုလိုဖြစ်နေတော့ ဘယ်သူမှမငြင်းချင်ကြဘူး။ တတ်ကြွတဲ့ မိန်းကလေးတွေက တီးတိုးသံတွေ ထွက်လာတယ်။

‘‘ကဲ.. မထူးဘူးကွ။ ယောက်ျားတွေပဲ။ ဝင်ပြိုင်ကြမယ်။ ချမလား’’
‘‘အင်း .. ချကွာ’’
‘‘ကဲ.. ကန်ကွာ’’
‘‘လုပ်လိုက်ပေါ့။ရှင်တို့ကရဲတွေပဲ’’ နဲ့ အားလုံးဝင်ကန်ဖို့ သဘောတူလိုက်ကြတယ်။ မိန်းကလေးတွေကလည်း တက်ကြွနေတယ်။

‘‘နင်တို့ကန်ရင် ငါတို့မိန်းကလေးတွေကစုပြီး တသင်းစာ ဝတ်စုံတစုံစီဝယ်ပေးမယ်’’
‘‘အအေး၊ လက်ဖက်ရည်၊ မုန့် စပွန်ဆာပေးမယ်ဟာ’’ တဲ့။

‘‘ကဲ.. ဒါဖြင့် အားလုံးဝင်ကန်မယ်။ မနက်ဖြန် ထရိန်နင်စမယ်။ ကွင်းထဲကို ညနေ ၄ နာရီအရောက်’’
◊◊◊

ဒီလိုနဲ့ သူတို့အသင်းဝင်ပြိုင်ဖို့ စာရင်းပေးကြတယ်။ ဝတ်စုံအတွက်တိုင်ပင်တယ်။ ဘယ်သူက ဘယ်နေရာနေဆိုတာတွေ နေရာချ၊ အ သင်းကပ္ပတိန်တွေ ဘာတွေ တာဝန်ယူ၊ နည်းပြအဖြစ် သူတို့နဲ့ရင်းနှီးတဲ့ လက်ရွေးစဉ်ဟောင်းကြီးတယောက်ကို အကူအညီတောင်းနဲ့ အ တော်လေး အလုပ်ရှုပ်သွားကြတယ်။ ညနေဖက် ထရိန်နင် စဆင်းတော့ အသင်းသားတွေအပြည့်တော့ လာကြတယ်။ အဲ.. တခုခက်တာက ဘောလုံးကန်တတ်တဲ့သူထက် မကန်တတ်တဲ့သူက ပိုများနေတဲ့ကိစ္စပဲ။ ကန်ရင်းနဲ့ ဘောကန်ဖိနပ် ကျွတ် ပြီး သူများသွားမှန်တာလည်းရှိ၊ အားရပါးရကန်လိုက်တာ ဘောလုံးကို ထိပဲ ဘေးလူကိုထိတာလည်းရှိ။ ရယ်လည်းရယ်ရ၊ မောလည်းမောရပေါ့။ ဘာပဲဖြစ်ဖြစ် ပျော်စရာ တော့ အကောင်းသား။

ဒီကြားထဲ ထူးထူးကဲကဲ တက်ကြွနေကြတာက မိန်းကလေးတွေပဲ။ မုန့်တွေလည်း ဝယ်လာပေးသလို သံပုရာသီး၊ ရေကအစ အစုံအလင်။ အားတတ်သရောလည်း လာအားပေးကြတယ်။ ဝတ်စုံချုပ်ပေးဖို့လည်း ငွေတောင်စုနေကြပြီဆိုပဲ။
အားလုံး ဘောလုံးမကန်တတ်ကြတဲ့သူများတယ်ဆိုပေမယ့် တကယ်ထရိန်နင်တွေဆင်း၊ ကြိုးစားပမ်းစား အားထုတ်ကန်ကြတဲ့အခါ အ တော်လေးတော့ တိုးတက်လာတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးပွဲအမြင်တွေလည်း ရှိကြသလို ညီညီညာညာ ဖေးဖေးမမလည်း ရှိကြတာ ကိုး။ နောက် မိန်းကလေးတွေကလည်း အပြည့်အဝအားပေးတာလည်း ပါတယ်ပေါ့လေ…။

ပြောရရင် နည်းပြလုပ်ပေးတဲ့ သူကလည်း လူတော်တယောက်ပဲ။ နာမည်က ကိုညိုကြီးတဲ့။ သက်လုံကောင်းဖို့ သင်ပြပေးသလို နည်းပရိ ယာယ်တွေလည်း ရှင်းပြတယ်။

‘‘ဘောလုံးဆိုတာ ကန်တတ်ရင် လွယ်လွယ်လေးကွ။ တကိုယ်ကောင်းဆန်တဲ့စိတ်တော့ ဖယ်ထားပေါ့ကွာ။ ကိုယ့်အသင်းရဲ့ အားသာ ချက်၊ တဖက်အသင်းရဲ့အားနည်ချက်ကို သိထားဖို့လိုတယ်။ ကိုယ့်ဆီရောက်လာတဲ့ဘောလုံးကို ဘယ်ပစ်မှတ်ကိုအရောက်ပို့မလဲ။ ဘယ် လောက် အားထည့်ကန်မလဲ။ ကိုယ့်ဆီရောက်လာတဲ့တာဝန်ကို ဘယ်လိုကျေအောင် လုပ်မလဲဆိုတာ သိဖို့လုပ်ဖို့ပဲကွ’’ ဆိုတာမျိုးတွေ ပြောတတ်သလို…..

‘‘ဘောလုံးပွဲတပွဲနိုင်ဖို့က လူညီဖို့ နံပါတ် (၁) ပဲ။ ကျရာတာဝန်ကို ကျေအောင်လုပ်တတ်၊ ကန်တတ်ဖို့က နံပါတ် (၂) ပဲ။ စည်းကမ်းကို လိုက်နာဖို့က နံပါတ် (၃) ကွ။ တဖက်အသင်းကို ညစ်လိုက်လို့ပဲ နိုင်နိုင်၊ လူချလို့ပဲနိုင်နိုင် အဲဒီလို နိုင်တာမျိုးကတော့ တန်ဖိုးလည်းမရှိသလို ရှက်ဖို့လည်းကောင်းတယ်။ ရှုံးတာလည်းမကောင်းသလို နိုင်တိုင်းလည်းမကောင်းဘူးကွ’’ ဆိုတာမျိုးလည်း ပြောတတ်တယ်။

ရပ်ကွက်ထဲကအသင်းတွေ၊ မိတ်ဆွေအသင်းတွေနဲ့ချိန်းပြီး သူတို့အသင်းကို ခြေစမ်းပွဲတွေ ချစ်ကြည်ရေးပွဲတွေ ကန်ခိုင်းတယ်။ အားနည်း ချက် အားသာချက်တွေကို ဆွေးနွေးကြ တိုင်ပင်ကြနဲ့ အားလုံး အားတတ်သရောရှိနေကြတယ်။ သူတို့အသင်းကို အဓိကအားပေးတဲ့ ပရိသတ်ကတော့ မေဂျာက မိန်းကလေးတွေပေါ့။ အစားအသောက်၊ မုန့်၊ အအေးတွေကို တာဝန်ယူရုံမက ဝတ်စုံတစုံအပိုလည်း ချုပ် ပေးသေးတယ်။

ဒီလိုနဲ့ ပြိုင်ပွဲရက်နီးလာတော့ မိန်းကလေးအဖွဲ့က စကားဆန်းတခု ပြောသဗျာ။ ရာဇသံဆိုပါတော့..။

‘‘ကဲ.. ငါတို့ဖက်က အပြည့်အဝ အားပေးတယ်။ လိုအပ်တာလည်း ငါတို့အပြည့်အဝတာဝန်ယူထားတယ်။ တခုတော့ရှိတယ်။ နင်တို့ နိုင်အောင်တော့ ကန်ရမယ်။ နင်တို့ကန်တဲ့ပွဲမှာ တဂိုးရှုံးရင် ငါတို့မိန်းကလေးတွေထဲက တယောက် ကတုံးတုံးမယ်။ (၂) ဂိုးရှုံးရင် (၂) ယောက် ကတုံးတုံးမယ်’’ တဲ့။

‘‘အမ်.. ဘာဆိုင်လို့လဲဟ’’
‘‘ဆိုင်တယ်.. နင်တို့ဟာ ငါတို့မေဂျာကို ကိုယ်စားပြုပြီး ပြိုင်ပွဲဝင်ကြမှာ။ နင်တို့မှာ ပြိုင်ပွဲရဲ့ ထုံးစံအတိုင်း နိုင်အောင်ကန်ဖို့ တာဝန်ရှိတယ်လေ။ နင်တို့ယူထားတဲ့ တာဝန်မကျေရင် နင်တို့ဘယ်လိုသဘောထားထား ငါတို့ကတော့ ရှက်စရာလို့ မြင်တယ်’’

‘‘ဒီတော့…’’
‘‘ဒီတော့.. နင်တို့ တာဝန်မကျေလို့ ငါတို့ရှက်စရာဖြစ်ရတယ်ဆိုတာ တကျောင်းလုံးသိအောင် ငါတို့ ကတုံးတုံးပြမယ်လေ’’

‘‘ဘုရား ဘုရား’’
◊◊◊

ဒီလိုနဲ့ ပြိုင်ပွဲနေ့မှာ စပြီးကန်ကြပါလေရော။ ကွင်းထဲကို သူတို့အသင်းဝင်လာတော့ မိန်းကလေးတွေက ရှေ့ဆုံးတန်းက အတက်ကြွဆုံး အားပေးကြတယ်။ ဝတ်စုံသစ်လေးတွေနဲ့ လှလို့ ပလို့ပေါ့လေ။ စစ်မြေပြင်ထွက်တော့မယ့် စစ်သူကြီးတွေလိုလို ဟန်တွေ မာန်တွေကလည်း အပြည့်။ နိုင်ငံတော်သီချင်းတွေဘာတွေဆို၊ ဓါတ်ပုံတွေဘာတွေ အရိုက်ခံနဲ့။ ပျော်စရာတော့ အကောင်း သား။ အဲ.. ပြိုင်ပွဲ စပါပြီ။

တကယ့်တကယ်ကန်တော့ ဘယ်လွယ်လိမ့်မလဲ။ မကန်တတ်ကန်တတ် သူတွေနဲ့ လက်ပူတိုက် ထရိန်နင်ဆင်းထားကြတဲ့အဖွဲ့။ ခြေစမ်းပွဲ ချစ်ကြည်ရေးပွဲတွေလောက် ကန်ဖူးရုံနဲ့ တကယ့်ပြိုင်ပွဲနဲ့တိုးတဲ့အခါကျတော့ ဘယ်လွယ်လိမ့်မလဲ။

တဖက်အသင်းကလည်း အသင်းကြီးလို့မဆိုနိုင်ပေမယ့် တော်တော်လေးကောင်းတဲ့အသင်း။ ပရိသတ်ကလည်း သူတို့ကအပြည့်။ ဘာပဲဖြစ်ဖြစ် ကြိုးစားပမ်းစားတော့ကန်ပေမယ့် ပထမပိုင်းပြီးကာနီးမှာ တဖက်အသင်းက သူတို့ကို တဂိုးသွင်းတာခံလိုက်ရတာ။ ကိုယ့်ဖက် ကတော့ ဇီရိုးပေါ့။
ဒုတိယပိုင်းရောက်တော့ အတော်လေးခြေကုန်လာတယ်။ သူ့ဖက်ကို တဂိုးသွင်းလိုက်ဖို့ အခြေအနေပေးပေမယ့် တကယ်ကန်တဲ့အခါ နိုင် ချင်ဇောပဲ များနေလို့လားမသိ။ ဂိုးသင့်တဲ့ဂိုးက မဂိုးဘူး။ နောက် ပြစ်ဒဏ်ဘောရပြန်တယ်။ ကန်တယ်။ ဒါပေမယ့် တဖက်ဂိုးသမားလက်ထဲပဲ ဘောလုံးက ရောက်သွားတယ်။ ရသင့်တဲ့ဂိုးတွေလွှဲသွားတော့ အချင်းချင်းအပြစ်မြင်ချင်လာတယ်။ တင်းလာတယ်ပေါ့။ ဒီကြားထဲ ဒုတိယပိုင်း တဝက်လောက်မှာ တဖက်အသင်းက တဂိုးသွင်းပါလေရော။ မလွယ်ဘူးဟ.. နိုင်မှာ မဟုတ်တော့ဘူးထင်ပါတယ်ကွနဲ့ အားပျက်မိသလို ဖြစ်ကုန်တယ်။ ပထမပိုင်းတုန်းကလောက်တောင် တယောက်နဲ့တယောက် အချိတ်အဆက်မမိချင်တော့ဘူး။ ဒီလိုနဲ့.. ဒီလိုနဲ့ပေါ့ဗျာ..။ ဒုတိယပိုင်း အချိန်ကုန်ကာနီးမှာပဲ တဖက်အသင်းက နောက်တဂိုးအသွင်းခံလိုက်ရပြီး သူတို့အသင်း ၃-ဝ နဲ့ ခွက်ခွက်လန်အောင် ရှုံးပါ လေရော။
◊◊◊

နောက်တနေ့ရောက်တော့ သူတို့အသင်းသားတွေ ပြန်ဆုံကြပြီး မနေ့က ရှုံးရတဲ့ ဘောလုံးပွဲအကြောင်း ပြန်သုံးသပ်ကြတယ်။ သုံးသပ်တယ် ဆိုတာထက် သူညံ့လို့ ငါညံ့လို့နဲ့ အပြန်အလှန် အပြစ်တင်မိကြတာပါ။ နည်းပြဆရာကတော့ ဖြန်ဖြေပေးပါတယ်။ အကောင်းမြင်ပေးတယ်။ ဒါပေမယ့် အချင်းချင်း သိပ်အစာမကျေ ကြတာတော့ အမှန်ပဲ။ အခြေအတင် ပြောဆိုနေကြတုန်း အားပေးနေကျမိန်းကလေးအဖွဲ့တွေ ရောက်လာကြတယ်။

သူတို့တွေဝင်လာတာကို ကြည့်ပြီး အားလုံးမင်တတ်မိကုန်တယ်။ မျက်လုံးအပြူးသားနဲ့ ပါးစပ်တွေ ဟ ကုန်တယ်။ တအံ့တသြ ဖြစ်ကုန်တယ်။ မဖြစ်ခံနိုင်ရိုးလား၊ ကြည့်ပါဦး…။

မိန်းကလေးသုံးယောက်က ကတုံးတွေနဲ့လေ..။ ကတုံး တုံးထားတာမှ ဦးရည်လေးတွေ စိမ်းလို့။ မျက်နှာလေးတွေ အို လို့။ မိန်းမချောလေး သုံးယောက် ကတုံးတွေနဲ့။ ဦးထုပ်တောင် မဆောင်းထားဘူး။

‘‘ဟမ်.. နင်တို့.. နင်တို့ ဘယ်လိုဖြစ်ကြတာလဲ’’
‘‘ဘယ်လိုဖြစ်ရမှာလဲဟ.. နင်တို့အသုံးမကျလို့ .. နင်တို့ ကြိုးစားမှုမရှိလို့ နင်တို့ တာဝန်မကျေလို့ နင်တို့ ရှုံးသလို ငါတို့ရှုံးခဲ့ကြတာလေ..။ သုံးဂိုးရှုံးတဲ့အထိမ်းအမှတ်နဲ့ သုံးယောက် ကတုံးတုံးခဲ့တာ’’

‘‘ဟာ.. နင်တို့.. တကယ်… တကယ် ကတုံးတုံးလိုက်တယ်နော်’’
‘‘အေး.. နင်တို့ တာဝန်မကျေ၊ အသုံးမကျလို့ ငါတို့ရှက်ရတာကို တကျောင်းလုံးသိအောင် ငါတို့ကတုံးတုံးတာ..။ ထပ်ရှုံးရင် ထပ်တုံးဦးမှာ..’’

‘‘ဟာ…’’

သူတို့အားလုံး ကတုံးနဲ့ မိန်းကလေးသုံးယောက်ရဲ့ မျက်နှာငယ်လေးတွေကိုကြည့်ပြီး မင်တတ်မိရုံမက စိတ်ထဲမှာအတော့်ကိုခံစား လိုက်ရ တယ်။ စိတ်ထဲမှာတမျိုးကြီး။ မျက်ရည်တွေဝဲလာတယ်။ တချို့ မျက်ရည်တွေ အလိုလိုကျလာတယ်။ စိတ်ထဲမှာလည်း အတော့်ကို ရှက်သွား မိတယ်။ ရင်ထဲမှာလည်း စို့လို့။

တာဝန်မကျေမှု … တာဝန်မကျေမှု…။
နောက်.. အရှက်..။ အရှက်သိက္ခာ…။
◊◊◊

နောက်တပွဲကန်တဲ့နေ့ရောက်ခဲ့ပါပြီ။ ဒီတခါတော့ သူတို့ဘောလုံးသမားတွေ အားလုံးစိတ်ထဲမှာ ဒဏ်ရာတွေကိုယ်စီနဲ့။ ခံစားမှုတွေ ကိုယ်စီ နဲ့..။ အရှက်တွေကိုယ်စီနဲ့..။ တာဝန်ကျေလိုမှုတွေ ကိုယ်စီနဲ့..။

ပွဲစပြီ ဆိုကတည်းက တိုင်ပင်ထားစရာမလိုပဲ သူတို့ အားကြိုးမာန်တက် ကစားကြပါတယ်။ တဖက်အသင်းကို အနှိုင်မခံ အရှုံးမပေးတဲ့စိတ်နဲ့။ အချိတ်အဆက်မိမိ။ တာဝန်ယူမှုအပြည့်နဲ့..။အားသွန်ခွန်စိုက်.. တကယ့်ကို အားသွန်ခွန်စိုက် ကစားနေကြတယ်။ သူတို့စိတ်ထဲမှာ လုံ့လ တွေ အပြည့်ထည့်ပြီးကစားကြတယ်။ တကယ်ကို ကြိုးစားပမ်းစား။ ကွင်းထဲမှာ ကန်နေရင်း သေကာမှသေပါစေတော့..။ ကိုယ့်ကြောင့် သူတပါး အရှက်မရစေချင်တော့ဘူးဆိုတဲ့စိတ်နဲ့ ကိုယ့်တာဝန်ကိုယ်ကျေအောင်ကို အသေအလဲကစားခဲ့ကြပါတယ်။

ပြောရရင် တဖက်အသင်းက အသင်းကြီး။ နာမည်ကျော်အသင်း။ သူတို့အသင်းကို လွယ်လွယ်လေးနဲ့နိုင်မယ်လို့ အားလုံးက တွက်ဆ ထားတဲ့ပွဲ..။ ဒါပမယ့် ပထမပိုင်း..။ သရေ။ ဂိုးမရှိ ဖြစ်သွားတယ်။ ဒုတိယပိုင်းပွဲသိမ်းကာနီး အကြိတ်အနယ်ဖြစ်နေဆဲ..။ ဒီလိုနဲ့ အဲဒီပွဲမှာပွဲ သာပြီးသွားရော။ ဂိုးမရှိ သရေဖြစ်သွားပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီပွဲမှာ သူတို့အသင်းနာမည်ရလိုက်တယ်။ ချောက်တိချောက်ချက် သူတို့အသင်းက တဖက် နာမည်ကျော် အသင်းတသင်းကို သရေ ကစားလိုက်နိုင်တားကိုး။

ဒီလိုနဲ့ ကြိုးစားပမ်းစား ကစားလိုက်ကြတာ အုပ်စုနောက်ဆုံးပွဲအထိ ရောက်ခဲ့တယ် ။ ဒီတခါ ကြုံရတဲ့အသင်းက တကယ့် နာမည်ကြီးအသင်း။ အမြဲတမ်း ဗိုလ်လုပွဲ ရောက်နေကျအသင်း..။ တွေ့ရမယ့်အသင်းက ကြီးပေမယ့် သူတို့အသင်းသားတွေဟာ စိတ်မပျက်တဲ့အပြင် ပိုပြီး ကြိုးစားဖို့ အားသန်နေကြတယ်။ သူတို့ တချိန်က လျော့တွက်ထားသလို၊ ဝတ်ကျေတန်းကျေ စိတ်မျိုး မဟုတ်တော့ဘူး။ တကယ်လုပ်ရင် ဖြစ်တယ်ဆိုတဲ့စိတ်ကလေး ဝင်ကုန်ကြတယ်။

တကယ်ကန်တော့လည်း သူတို့ ယုံကြည်ချက်တွေက သူတို့အတွက် အားဆေးဖြစ်ခဲ့တယ်။ တကယ်ပါ.. ပွဲပြီးဖို့ ငါးမိနစ်အလိုလောက်မှာတော့.. အားလုံးထင်မှတ်မထားပဲ သူတို့အသင်းက တဖက်အသင်းကြီးကို တဂိုးသွင်းလိုက်နိုင်ပြီး တဂိုး – ဂိုးမရှိနဲ့ အနိုင်ကစားလိုက်နိုင်ပါတယ်။ အဲဒီကတဆင့် နောက်တော့ အုပ်စုဒုတိယ…နောက် ဆီမီးဖိုင်နယ်အထိ တက်သွားပါတယ်။
◊◊◊

ဆီမီးဖိုင်နယ်အထိတက်လာတဲ့ သူတို့အသင်းကို တကျောင်းလုံးက အံ့သြနေကြတယ်။ ဘယ်လိုမှထင်မှတ်မထားတဲ့အသင်း၊ ပွဲဦးထွက်က တည်းက ခွက်ခွက်လန် ရှုံးခဲ့တဲ့အသင်းက ခုဆို ဆီမီးဖိုင်နယ် တက်လာပြီလေ။ ဖိုင်နယ်အထိတောင် ဆက်တက်ဦးမလား မသိနိုင်ဘူး။

ဒီတော့ ကျောင်းမှာ ၊ ကျောင်းသားတွေကြားမှာ၊ ဆရာတွေကြားမှာ ဒီအသင်းဘာလို့ အောင်မြင်လာသလဲဆိုတာကို ပဟေဋ္ဌိ ဖြစ်ကုန်တယ်။ ကောင်မလေးတွေ ကတုံးတုံးလိုက်လို့ အောင်မြင်လာတာတော့ မဖြစ်နိုင်ဘူးလေ။ အဲဒီလို ကတုံးတုံးတိုင်းသာ အောင်မြင်ကြေးဆို အသင်းတိုင်း ကတုံးတုံးကုန်မှာပေါ့..။ ဒီတော့ အမျိုးမျိုးသုံးသပ်ကြတယ်။

တချို့က သူတို့နိုင်တာ အချင်းချင်းအပေါ် အားနာတဲ့စိတ်ရှိလို့တဲ့။
တချို့က သူတို့နိုင်တာ ကိုယ့်ကြောင့် သူတပါးထိခိုက်တာကို နားလည်ပြီး ပြုပြင်ကြိုးစားလိုက်လို့တဲ့။
တချို့က သူတို့နိုင်တာ ကိုယ်အသုံးမကျတာကို ရှက်စိတ်ရှိပြီး ပြုပြင်အားထုတ်လို့တဲ့။
တချို့က သူတို့နိုင်တာ ကိုယ့်အပေါ်ကျလာတဲ့ တာဝန်ကို ရဲရဲရင့်ရင့်ထမ်းဆောင်လိုက်လို့တဲ့..။

ကဲ… လူကြီးမင်းကရော.. ဘယ်လိုမြင်ပါသလဲ။

 
Leave a comment

Posted by on July 26, 2011 in Thurain Htet, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: