RSS

Ashin Nanika – Why Mudita in the Shwe Kyaung?

27 Jul

မုဒိတာရွှေကျောင်း

အရှင်ဉာဏိကာဘိဝံသ

ဇူလိုင် ၂၇၊ ၂၀၁၁

ကျောင်းသစ်တည်ထောင်မယ်ဆိုပြီး နေရာရှာနေစဉ်ကတည်းက သိသူအချို့က ကျောင်းနာမည် ဘယ်လိုပေး ထားသလဲလို့ မေးတတ်ကြလို့ မုဒိတာရွှေကျောင်းလို့ နာမည်ကြိုရွေးထားခဲ့တယ်။ “မုဒိတာရွှေကျောင်း” ဆိုတဲ့ နာမည်လေးက ကောင်းတယ်။ ဘာကြောင့် ဒီနာမည်ကို ပေးထားသလဲဆိုတာကို သိချင်တယ်။ ရှင်းပြပါဦးလို့ ပြောခဲ့တဲ့သူတွေက မနည်းဘူး။ ကိုယ်ကလည်း “တစ်ယောက်ချင်းစီကို ရှင်းပြနေရင် ပြီးနိုင်တော့မှာ မဟုတ်ဘူး။ နောက်မှ အချိန်ရရင် ဒီအကြောင်းကို စာတစ်ပုဒ်ရေးမယ်”ဆိုပြီး မေးလာသူတိုင်းကို ပြောထားလိုက်တယ်။ ဈေး နည်းနည်းကိုင်လိုက်တယ်လို့ ပြောချင်လည်း ပြောနိုင်မယ်ပေါ့။

ကျောင်းဖွင့်ပွဲသာ ပြီးသွားတယ်။ ဒီအကြောင်း ရေးမပြနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ကျေးဇူးရှင် မစိုးရိမ်တိုက်သစ်ဆရာတော် ကြီး ရောက်တောင့်ရောက်ခဲ အမေရိကကို ရောက်ခိုက်မှာ ကျောင်းဖွင့်ပွဲ ပြုလုပ်နိုင်အောင် အမြန်ပြုလုပ်ခဲ့တာမို့ အချိန်က တိုတိုလေး။ နောက်ပြီး ဖွင့်ပွဲကိုလည်း တတ်နိုင်သမျှ သပ်သပ်ရပ်ရပ်လေးဖြစ်အောင်လည်း စီစဉ်ချင် တယ်။

နေရာကသာ အသစ်ဆိုပေမယ့် ကျောင်းအဆောက်အဦက အဟောင်း။ နှစ်ပေါင်း ခြောက်ဆယ်ကျော်နေတဲ့ သက်တမ်းရင့် အဆောက်အဦ။ ဒီတော့ မလတ်မလန်းတော့တဲ့ အဟောင်းတို့ထုံးစံအတိုင်း ပြုပြင်စရာတွေက ဒုနဲ့ဒေး။ အမှန်တကယ် လေးစားခင်မင်ကြ။ ရင်းနှီးကျွမ်းဝင်ကြတဲ့ သူတွေရဲ့ ငွေအားလုပ်အား အထောက်အပံ့ ကောင်းကောင်းရခဲ့လို့သာ ခုလောက်အချိန်ပိုင်းလေးအတွင်း ကျောင်းဖွင့်ပွဲကို ပြုလုပ်နိုင်ခဲ့တာ။

ဖွင့်ပွဲနီးလာလေ၊ လုပ်စရာတွေကလည်း ပိုများလာလေမို့ အချိန်က မလောက်နိုင်ခဲ့ဘူး။ ဒီတော့ အချိန်ရရင် ဒီအကြောင်းကိုရေးမယ်လို့ ပြောထားခဲ့တဲ့ ကိုယ့်ကတိစကားက ကျောင်းဖွင့်ပွဲသာ ပြီးသွားတယ်။ စာရေးဖို့က မစနိုင်ခဲ့ဘူး။ ဖွင့်ပွဲ ပြီးသွားပြန်တော့လည်း မပြတ်သေးတဲ့အစတွေက သတ်စရာတွေ တစ်ပုံတပင်။ တကယ် အားလပ်ကာမှ ရေးရမယ်ဆိုရင် ဒီပုံနဲ့ဖြင့် တော်တော်နဲ့ အထမြောက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အချိန်ရှားနေတဲ့ကြားကပဲ မရမက ရသမျှ အချိန်လေးတွေကိုစုပြီး “မုဒိတာရွှေကျောင်း” နာမည်ပေးရခြင်း အကြောင်း ရေးလိုက်တာ။ ကြည်နူးဝမ်းသာ မုဒိတာပွားနိုင်ကြလိမ့်မယ်လို့ ထင်မိပါရဲ့။

ဒီနာမည်ရဲ့နောက်ဆွယ်မှာ မြုပ်ကွယ်နေတဲ့ အဓိပ္ပါယ်တွေက ကိုယ့်အတွေးနဲ့ကိုယ်ကိုပဲ တော်တော်များနေပြီး သားပါ။ ဒီအထဲမှာမှ ဘာကြောင့် မုဒိတာရွှေကျောင်းလို့ နာမည်ပေးရတာလဲ။ မုဒိတာ မများတတ်ကြတဲ့ ရွှေတွေ ကို အမြင်ကပ်ကပ်ရှိလို့ ခုလိုနာမည်မျိုးပေးတာလားရယ်လို့ သူတို့အထင်နဲ့သူတို့ ပေါက်ပေါက်ရှာရှာတွေးပြီး လိုသလိုအဓိပ္ပါယ်ဖွင့်တတ်ကြတာတွေကလည်း မနည်းဘူး။ အဲဒီလို သူတို့အမြင်နဲ့သူတို့ ပေါက်ပေါက်ရှာရှာ တွေးပြီး ထင်သလို ပေးထားတဲ့ အတွေးတွေကိုပါ ပေါင်းထည့်လိုက်မယ်ဆိုလျင်တော့ ပြောမဆုံးလောက်အောင် ပင် မုဒိတာရွှေကျောင်းရဲ့ အဓိပ္ပါယ်က များပြားပြန့်ထွက်သွားမလားပဲပေါ့။ အဲဒါတွေတော့ ရှိစေတော့။ ကြိုက်သ လိုတွေး၊ ကြိုက်သလိုပေး။ လွတ်လပ်အတွေးဆိုတာကိုက မုဒိတာရွှေကျောင်းရဲ့ အခရာကျတဲ့ အခြေခံအလှပဲ လေ။

မုဒိတာဆိုတာက သူတစ်ပါးတွေ ကြီးပွားချမ်းသာတာ။ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်ဖြစ်နေတာကို မြင် ရကြားရရင် ဝမ်းမြောက်ကြည်နူးတာ။ ဒီထက်ဒီထက်ပိုပြီး ကြီးပွားချမ်းသာကြပါစေ၊ တိုးတက်အောင်မြင်နိုင်ပါ စေဆိုတဲ့ မွန်မြတ်တဲ့စိတ်ထားမျိုး ထားနိုင်တာ။ မနာလိုမှု ကင်းရှင်းတာ။ လောကကြီး ကြီးပွားတိုးတက်စေဖို့၊ အကောင်းဖက်ကို တိုးတက်သထက် တိုးတက်သွားစေဖို့ စိတ်ထားကောင်း ထားပေးနိုင်တာမျိုးကို ဆိုလိုတာ။

ဒီလိုစိတ်ထားမျိုး အပြည့်အဝထားနိုင်စေဖို့ဆိုတာကလည်း သာမန်သူတွေမှာ ဖြစ်လေ့ရှိတတ်တဲ့ ကိုယ့်ထက်သာ မနာလိုတတ်တဲ့ သဘောထား (ဣဿာ) နဲ့ ကိုယ်ပိုင်ဆိုင်တဲ့ အရာမျိုး အခြားသူများလည်း ပိုင်ဆိုင်သွားမှာမျိုး မလိုလားနိုင်ခြင်း၊ ကိုယ့်ပိုင်ဆိုင်မှုကို အများတကာနဲ့ မျှဝေအသုံးပြုရမှာကို နှမြောတွန့်တိုခြင်း (မစ္ဆရိယ) သဘောထားတို့ကို ပယ်စွန့်နိုင်မှ ဖြစ်မယ်လေ။ ဒီလို ဣဿာ မစ္ဆရိယ အဆိုးတရားတွေကို အပြီးတိုင် ပယ်စွန့် ဖို့က အနိမ့်ဆုံးအနေနဲ့ဆို သောတာပန်ဖြစ်ပါမှ။ ဒါကြောင့် မုဒိတာရွှေကျောင်းကို အကြောင်းကြောင်းကြောင့် ရောက်လာမယ့်သူတွေအားလုံးကို ဒီကျောင်းကိုအမှီပြုကာ ဘဝအာမခံချက် အပြည့်အဝပေးနိုင်တဲ့ အနည်းဆုံး သောတာပန် အဆင့်ရှိသူတွေ ဖြစ်နိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနာမည်ကို ပေးခဲ့တာပါ။

အထူးသဖြင့်တော့ ဒီကျောင်းကို ဦးစီးတည်ထောင်တဲ့ ကိုယ့်ရင်ထဲမှာ သူများကြီးပွားချမ်းသာတာကို မနာလိုတဲ့ (ဣဿာ)၊ ကိုယ်ပိုင်ဆိုင်တယ်၊ ကိုယ်နဲ့စပ်ဆိုင်တယ်လို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ သက်ရှိသက်မဲ့အရာ တွေကို သူတစ်ပါးတွေလည်း ပိုင်ဆိုင်သွားမှာမျိုး၊ စပ်ဆိုင်သွားမှာမျိုးကို မလိုလား မနှစ်သက်နိုင်တတ်တဲ့ (မစ္ဆရိယ) တရားဆိုးမျိုးများ ပေါ်လာခဲ့လျင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေး ဆုံးမရာရောက်နိုင်လေအောင် မုဒိတာဆိုတဲ့ ဒီနာမည်လေးကို ရွေးခဲ့တာပါ။

နောက်တစ်ခု အရေးကြီးတဲ့အချက်ကတော့ ကြည်နူးဝမ်းမြောက်မှုဆိုတာ ငြိမ်းအေးမှုရဲ့ ရှေ့ပြေးသဘော။ ကြည် နူးဝမ်းမြောက်မှု မရှိပဲ ငြိမ်းအေးမှုဆိုတာ မရှိနိုင်ဘူးလေ။ ငြိမ်းအေးမှုရှိပါမှလည်း ချမ်းသာမှုဆိုတာ လာနိုင်မယ် မဟုတ်လား။ ချမ်းသာခြင်းရှိပါမှလည်း တည်ကြည်မှု၊ စူးစိုက်မှုဆိုတာ ဖြစ်နိုင်မယ်။ စူးစိုက်တည်ကြည်တဲ့စိတ် ထား ရှိပါမှလည်း တည်ကြည်မှုကို အခြေပြုတဲ့ အသိဉာဏ်က ဖြစ်နိုင်မယ်။

အသိဉာဏ်ကသာလျင် လွတ်မြောက်ခြင်းချမ်းသာ(ဝိမုတ္တိသုခ)ကို ရှာနိုင်တွေ့နိုင်မယ် မဟုတ်လား။ လွတ် မြောက်ခြင်းချမ်းသာဆိုတာ သက်ရှိသတ္တဝါတွေ တမ်းတကြတဲ့ အမြင့်ဆုံးချမ်းသာပဲလေ။ ဒီလိုအမြင့်ဆုံးချမ်း သာကို ကိုယ်ကိုယ်တိုင်လည်း ခံစားချင်တယ်။ ကိုယ်နဲ့စပ်ဆိုင်တဲ့ သူတွေကိုလည်း ခံစားစေချင်ပါတယ်။ ဒါ ကတော့ မုဒိတာဆိုတဲ့ နာမည်လေးကို ရွေးချယ်ခဲ့ခြင်းရဲ့ အဓိကအရာပါပဲ။ မုဒိတာရွှေကျောင်းရဲ့ မျှော်လင့်ချက် က “ဝမ်းမြောက်ကြည်နူးခြင်းမှသည် ငြိမ်းအေးလွတ်မြောက်ရေးဆီ”ပါ။

ရွှေကျောင်းဆိုကတော့ တည်ထောင်ခဲ့တဲ့နေရာက ဂိုးလ်ဒင်းစတိတ်(ရွှေပြည်နယ်)ဆိုတဲ့ ကာလီဖိုးနီးယားပြည် နယ်ထဲမှာ။ နောက်ပြီး မြန်မာတွေကလည်း ကိုယ့်နိုင်ငံကို ရွှေနိုင်ငံလို့ ပြောတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ရွှေတွေရယ်လို့ တင်စားခေါ်ဝေါ်တတ်ကြတာ။ ကိုယ်တိုင်လည်း ရွှေဖြစ်ရတာ ဂုဏ်ယူမိသလို ရွှေချစ်ရ တာကိုလည်း ကြည်နူးဝမ်းသာနေမိတတ်သူပါ။ ရွှေနိုင်ငံဖွား၊ ရွှေနွယ်သားဖြစ်တဲ့ ရွှေတွေရဲ့နှလုံးသားမှာ မုဒိတာ တရားတွေလည်း ပိုမိုထွန်းကားစေချင်ပါတယ်လေ။

နောက်ပြီး ကိုယ်ငယ်ငယ်က တရားတော်နာရတိုင်း မြတ်ဗုဒ္ဓသီတင်းသုံးရာကျောင်းတော်ကို ဖွဲ့ဆိုရာမှာ ဇေတ ဝန်ရွှေကျောင်း ကိန်းအောင်းမွေ့လျော်စံနေတော်မူနေစဉ်က-ဆိုတဲ့စကားကို မကြာခဏပဲ ကြားမိတယ်။ ဇေတ ဝန်ရွှေကျောင်းဆိုတဲ့ နာမည်လေးကို နှစ်သက်စွဲလမ်းစရာ ဖြစ်နေခဲ့တယ်။ ဗုဒ္ဓတပည့်သားတစ်ဦးဖြစ်တဲ့ ကိုယ် နေထိုင်ရာနေရာလေးကိုလည်း ရွှေကျောင်းလို့ အတုယူကာ အတူပြုလို့ မှည့်ခေါ်ရရင်ကောင်းမှာပဲလို့ တွေးမိပါ တယ်။ ဒါကြောင့် မုဒိတာရွှေကျောင်းလို့ နာမည်နှစ်ခုကို တစ်ပေါင်းတည်းပြုက ပေးလိုက်ခဲ့တာပါ။

ဒီမုဒိတာရွှေကျောင်းဆိုတာနဲ့ ပတ်သက်ပြီး မုဒိတာစကားပြောကြားခဲ့တဲ့ ဓမ္မဘေရီဆရာတော်ရဲ့ ဖွင့်ဆိုပြောပြ ချက်လေးကလည်း နှစ်သက်စရာပါ။ ဆရာတော်က ပြောပါတယ်။ မြေထွက်သယံဇာတပစ္စည်းတွေထဲမှာ လော ကလူသားတွေက ရွှေထက်တန်ဖိုးရှိတယ်လို့ သတ်မှတ်ကြတဲ့ စိန်တွေ၊ ပတ္တမြားတွေရှိပါလျက်ကယ်နဲ့ ဘာဖြစ် လို့ မုဒိတာစိန်ကျောင်း၊ မုဒိတာပတ္တမြားကျောင်းစသည် အမည်မပေးပဲ ရွှေကျောင်းလို့ နာမည်ပေးရတာလည်း လို့ စဉ်းစားမိပါတယ်တဲ့။

အခြားသောစိန်တို့ ပတ္တမြားတို့ဆိုတာက တန်ဖိုးရှိတာတော့ မှန်တယ်။ ဒါပေမယ့် သူတို့က တူထုမခံ၊ မီးဖုတ်မခံ၊ နန်းဆွဲမခံဘူးတဲ့။ ရွှေကတော့ တူထုလို့လည်း မပြဲမကွဲ၊ မီးဖုတ်လို့လည်း မမဲ မပြောက်။ နန်းဆွဲလို့လည်း မပြတ် မစဲ။ သူ့ရဲ့ မူလသဘာဝ ဇာတိရုပ် မပျောက်သမို့ ဇာတရူပလို့ ခေါ်ရကြောင်း။ မုဒိတာရွှေကျောင်းရဲ့ မုဒိတာလက္ခ ဏာကလည်း ရွှေသားလိုပဲ မကွဲ မမဲ မပြတ်စဲပဲ ထာဝရ သဘာဝအတိုင်းသာ လှမြဲတိုင်းလှနေမှာပါလို့ အဓိပ္ပါယ် ရှိမည်ဖြစ်ကြောင်း မိန့်ပါတယ်။

နောက်တစ်မျိုးအဓိပ္ဂါယ်ကတော့ ပိုမိုနှစ်သက်စရာပါ။ အခြားသော စိန်တွေ တန်ဖိုးရှိတယ်ဆိုပေမယ့်လည်း တစ် ရတီရှိတဲ့စိန်ထဲကို ပိုပြီးတန်ဖိုးတက်လာအောင်လို့ဆိုပြီး နောက်စိန်တရတီ ထပ်တိုးပြီး နှစ်ရတီစိန်မျိုး ဖန်တီးလို့ မရနိုင်ပါဘူးတဲ့။ ပတ္တမြားစသည်မှာလည်း အလားတူပါပဲ။ ဒါပေမယ့် ရွှေကတော့ တစ်မူထူးခြားတဲ့ မုဒိတာဂုဏ် လက္ခဏာရှိတယ်လို့ ဆိုနိုင်ပါတယ်တဲ့။ တစ်ရွေးသား ရွှေလေးခုပေါင်းစုလို့ ပိုမိုတန်ဖိုးကြီးတဲ့ တစ်ပဲသား ရွှေစု တစ်ခုပြုလုပ်နိုင်သလို၊ တစ်ပဲသားရွှေနှစ်ခု ပေါင်းစုပြီး တစ်မူးသားရွှေတုံးတစ်ခု၊ တစ်မူးသားနှစ်ခု စုလို့ တစ်မတ် သားစသည်ကိုလည်း ပြုလုပ်နိုင်ပါတယ်။ မုဒိတာဆိုတာ ပေါင်းစည်းညီညွတ်မှုကို ဖြစ်စေတတ်တဲ့ သဘောလက္ခ ဏာကိုလည်း ဆောင်တတ်ပါတယ်။

နောက်ပြီး စိန်တွေ ပတ္တာမြားတွေ ဘယ်လိုပင် တန်ဖိုးကြီးကြီး၊ သူတို့ချည်းသန့်သန့် လက်ဝတ်ရတနာပြုလုပ် ကာ ဆင်မြန်းလေ့၊ ဝတ်ဆင်လေ့ မရှိကြပါဘူး။ စိန်လက်စွပ်၊ ပတ္တမြားလက်စွပ်၊ စိန်လည်ဆွဲ ပတ္တမြားလည်ဆွဲ ဖြစ်လာဖို့ ရွှေနဲ့အနားကွပ်ပေးရပါတယ်။ ဘယ်လိုပဲ ရွှေနားကွပ်ကွပ်၊ သူ့အမည်ခံတော့ စိန်လက်စွပ်၊ ပတ္တမြား လက်စွပ်၊ စိန်လည်ဆွဲ၊ ပတ္တာမြားလည်ဆွဲပါပဲ။ ရွှေလက်စွပ်၊ ရွှေလည်ဆွဲ အမည်မရပေမယ့် ရွှေကတော့ မနာ လိုခြင်းကင်းစွာပဲ ငြိုညင်ဟန် လက္ခဏာကို ပြလေ့မရှိပါဘူး။ ဒါဟာ ရွှေရဲ့ မုဒိတာ ဂုဏ်လက္ခဏာပဲလေ။

ဇေတဝန်ရွှေကျောင်းတော်ကြီးကို ငါးဆယ့်လေးကုဋေ အကုန်ကျခံကာ ဆောက်လုပ်ခဲ့တဲ့ အနာထပိဏ် သူဌေး ကြီးက မုခ်ဦးနေရလေးကိုသာ လှူဒါန်းပြီး ကျောင်းတိုက်ကြီးတစ်ခုလုံးကို ဇေတဝန ဝိဟာရလို့ သူ့နာမည်နဲ့ ကမ္ပည်းတင်သွားတဲ့ ဇေတမင်းသားကို မုဒိတာကြီးစွာ ကြည်ကြည်သာသာ ဝမ်းမြောက်စွာ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ် လေးကိုလည်း ပြန်ပြောင်းအောင့်မေ့စရာပါ။ ဒါဟာဖြင့် ခုခေတ် အလှူရှင်များအနေနဲ့လည်း အနာထပိဏ်ထုံး နှလုံးမူကာ အကြောင်းကြောင်းကြောင့် ကိုယ့်အမည်၊ ကိုယ့်သညာ မထင်သာခဲ့လျင်တောင် နားလည်စွာဖြင့် ကြည်နူးဝမ်းသာစိတ်ထားတတ်ဖို့ အတုယူရမည့် မုဒိတာအလှ ပြယုဂ်တစ်ခုပါ။

ဘဝဖြစ်စဉ် လောကဖြစ်စဉ်တစ်ခု တိုးတက်ဖို့ရာမှာ မုဒိတာသဘောဖြစ်တဲ့ သူတစ်ပါးတွေ ကြီးပွားချမ်းသာတာ၊ ပြည့်စုံလုံလောက်တာ၊ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်တာကို ဝမ်းမြောက်ကြည်နူးစိတ် ထားတတ်ဖို့က အလွန် အရေးကြီးလှပါတယ်။ ဆင်းရဲသူတွေကို ကယ်မဖို့ ကူညီဖို့ သနားညှာတာဖို့ ဝန်မလေးတတ်တဲ့ သူတွေအဖို့ ကိုယ့်ထက် သာလွန်သူတွေကို တွေ့တဲ့အခါမှာ ဝမ်းမြောက်ကြည်သာစိတ်ဖြစ်စေဖို့ကလည်း အရေးကြီးစွာ အထူးပဲ လိုအပ်ပါတယ်။

အားလုံးအားလုံးရဲ့ နှလုံသားရင်ပြင်မှာ မုဒိတာလက္ခဏာတွေ အသီးသီးထင်ဟပ်လို့ ကြည်နူးဝမ်းသာစိတ်တွေ ဖြစ်စေချင်ပါတယ်။ ကြည်နူးဝမ်းသာစိတ်ဖြစ်ပါမှလည်း ငြိမ်းအေးချမ်းသာတဲ့ဘဝ၊ လွတ်မြောက်ခြင်းဘဝတွေကို ပိုင်ဆိုင်နိုင်ကြမယ် မဟုတ်ပါလား။ ။

ကြည်နူးဝမ်းမြောက်ကြပါစေ

အရှင်ဉာဏိကာဘိဝံသ

 

 
Leave a comment

Posted by on July 27, 2011 in Ashin Nanika, Thoughts

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: