RSS

Yan Win (Taung Da Gar) – Sar Palway

29 Jul

စာပလွေ မောင်းမှာပိုက်ပါလို့
အပိုင်း (၁)
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၂၉၊ ၂၀၁


‘စာပလွေမောင်းမှာ ပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်

ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း

ဗျောညွှန့်၊ ကျေးလက်တေး
အမည်မသိ ရှေးစာဆို


မြန်မာ့ရိုးရာ ပေစာထုပ်ရဲ့အပေါ်ဆုံးက ရစ်ပတ်ပြီးထုပ်ပိုးထားတဲ့ ယင်းလိပ်လိုအ၀တ်ကို စစာပလွေလို့ခေါ်ပါတယ်။ ကပလွေ။ ကမ္ပလွေ လို့ လည်းခေါ်ပါတယ်။ ၀ါးတုတ်ချောင်းကလေးတွေကို ‘အတိုင်’ အနေနဲ့ထားပြီး အရောင်အမျိုးမျိုးဆိုးထားတဲ့ ၀ါချည်ကို ‘အဖေါက်’ အဖြစ် ရောစပ် ယက်လုပ်ထားတဲ့ပစ္စည်းပါ။

စာပလွေ


ယက်လုပ်တဲ့ ပညာရှင်ရဲ့ စိတ်တိုင်းကျ နှစ်သက်သလို ပုံစံတွေဖေါ်ထားတော့ စာပလွေတွေမှာ တခုနဲ့တခု လုံးဝဥဿုံ ဆင်တူတာမျိုးကို တွေ့နိုင်ဖို့ မလွယ်ကူပါ။ တချို့စာပလွေတွေကတော့ ယင်းလိပ်အကြမ်းထည်အပေါ်မှာ အ၀တ်စကိုကပ်ပြီး ချုပ်ထားပါတယ်။

စာဝါတက်ဖို့ သွားကြတဲ့အခါမှာ ကျောင်းသား၊ ဦးပဉ္စင်းတွေက စာပလွေနဲ့ထုပ်ထားတဲ့ သဒ္ဒါ၊ သဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ယမိုက်၊ ပဌာန်း စတဲ့ ပေစာထုတ်ကျမ်းတွေကို ပွေ့ပိုက်လို့ ယူသွားကြရတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ စာပလွေကို တရိုတသေ၊ မြတ်မြတ်နိုးနိုးနဲ့ ရင်ခွင် မှာ ပိုက်တဲ့သူကပိုက်၊ လက်မောင်းမှာ ပိုက်တဲ့သူကပိုက်ပြီး စာသင်ခန်းဆီကို ယူသွားကြတယ်။ ကျေးလက်တေးတွေမှာ စာပလွေရင်မှာပိုက်ပါလို့၊ စာပလွေ မောင်းမှာပိုက်ပါလို့၊ စာပလွေ မောင်မှာပိုက်ပါလို့ စသည်ဖြင့် သီဆိုကြတဲ့ မူကွဲတွေလည်း ရှိပါတယ်။

စာချဆရာတော် ဘုန်းတော်ကြီးကို အရင်ဆုံးဦးချ ၀တ်ဖြည့်ပြီးရင် ကိုယ်ယူလာတဲ့ပေစာထုတ်ကိုပါ ဆရာတဆူအနေနဲ့ မှတ်ယူပြီး ဦးချ ကန်တော့ကြပါတယ်။ ပြီးတော့မှ စာပြန်ဖို့၊ စာဝါတက်ဖို့အတွက် ပေစာကိုထုပ်ထားတဲ့ စာပလွေကို ဖြည်ပြီး ရှေ့မှာခင်းပါတယ်။ ရှေးမြန်မာ ၁၂ ရာသီပွဲစဉ်အရ နယုန်လမှာ စာပြန်ပွဲတွေ ကျင်းပကြတာမို့ စာပလွေခင်းတယ်လို့ အမှတ်အသားထားခဲ့ပါတယ်။

‘‘သင်္ကြန် တာကူး
နှစ်ဦး ညောင်ရေ

စာပလွေခင်း
ပဉ္စင်းတော်ခံ

စာရေးတံနှင့်’’

သာဓိနုပျို့ လက်ဝဲသုန္ဒရ
(မြန်မာသက္ကရာဇာ် ၁၀၈၅ – ၁၁၆၀)


စာပလွေကိုဖြည်လိုက်တဲ့အခါ ပေစာကြိုးနဲ့ ရစ်ပတ်စည်းနှောင်ထားတဲ့ ပေစာထုတ်ကိုတွေ့ရပါမယ်။ အဲ့ဒီပေစာကြိုးက ရောင်စုံချည်နဲ့ ဂျပ်ခုပ်ယက်ထားတဲ့ ဗြက်တလက်မလောက် အ၀တ်ကြိုးပြားပါ။ အစွန်းတဖက်မှာ ကွင်းလျောတခုကို တပါတည်း ယက်ထားပါသေးတယ်။ ပေစာကျမ်းရဲ့ နာမည်၊ လှူဒါန်းထားတဲ့ ကုသိုလ်ရှင်နဲ့ ဆုတောင်းစာတွေကို အင်မတန်မှ လက်ရာမြောက်အောင် ယက်လုပ်ထားပါတယ်။

ပေစာထုပ်ကြီးနဲ့ စည်းထားတဲ့ ကြိုးပြား


ပေစာထုပ်ရဲ့ အပေါ်ဆုံးနဲ့ အောက်ဆုံးမှာ သစ်သားပြားတချပ်စီနဲ့ ညှပ်ထားပါတယ်။ အဲဒီသစ်သားပြားတွေကို ‘ကျမ်း’၊ တချို့ကလည်း ‘ကျမ်းဖုံး’ လို့ခေါ်ပါတယ်။

ပေစာထုပ်၊ ကျမ်းဖုံးနှစ်ချပ်နဲ့ စည်းထားတဲ့ ကွင်းလျောပါ ကြိုးပြား


အဲ့ဒီစည်းထားတဲ့ ကြိုးပြားကိုဖြည်ပြီး သစ်သားပြား ကျမ်းဖုံးနှစ်ချပ်ကို ဖယ်လိုက်ရင် အထပ်လိုက်စီထားတဲ့ ‘စာပလ္လင်’ ပေစာချပ်တွေကို တွေ့ရမယ်။ ပေစာလို့ခေါ်တဲ့အတိုင်း ပေပင်ရဲ့ ထိပ်ဆုံး ပေဖူးကရတဲ့ပေရွက်နဲ့ ပေစာချပ်တွေကိုလုပ်ပါတယ်။ ဒါကြောင့်ပဲ တချို့က ‘ပေဖူးလွှာ’ လို့ ခေါ်ကြတာပါ။ ထန်းရွက်နဲ့လည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပေရွက်က ထန်းရွက်ထက် အရွယ်ပိုကြီးတာရယ်၊ ပိုပြီး အသားထူတာရယ်ကြောင့် စာရေးဖို့အတွက် ပိုကောင်းပါတယ်။ ထန်းရွက်ကိုတော့ အထပ်ထပ်ချည်ကြိုးနဲ့ချုပ်ပြီး မြန်မာ့ရိုးရာ ဇာတာနဲ့ ရက်ချုပ်တွေလုပ်ရာမှာ အဓိကသုံးပါတယ်။

ပေစာနဲ့ ပလ္လင်ပေါက်


ပေလွှာချပ်တွေရဲ့ အဖျားနှစ်ဖက်စီက သုံးပုံတပုံအကွာအဝေးမှာ ‘ပလ္လင်ပေါက်’ လို့ခေါ်တဲ့ အပေါက်ငယ်နှစ်ခုစီပါပါတယ်။ အောက်ခံကျမ်းဖုံး သစ်သားပြားမှ ‘ပလ္လင်တိုင်’ လို့ခေါ်တဲ့ ၀ါးတိုင်ငုတ်ကလေးနှစ်ခုရှိတယ်။ စာရေးပြီးတဲ့ ပေစာချပ်တွေရဲ့ ‘ပလ္လင်ပေါက်’ တွေကို အဲဒီ ‘ပလ္လင်တိုင်’ တွေမှာ စွပ်လိုက်တဲ့အခါ အစီအစဉ်မပျက် ထိန်းသိမ်းပြီးဖြစ်ပါတယ်။

စာလုံးတွေ ရေးမထားတဲ့ ပေချပ်အလွတ်တွေကို အပေါ်ဆုံးနဲ့အောက်ဆုံးမှာ ခံထားပါသေးတယ်။ အဲဒါကို ‘ပလ္လင်ခံ’ တယ်လို့ ခေါ်တာပါပဲ။ ပြီးတော့မှ နိဒါန်းရေးထားတဲ့ ‘ပလ္လင်ချပ်’၊ အဲဒီအောက်က အဓိကကျမ်းစာ ‘စာပလ္လင်’၊ ပြီးတော့ နိဂုံး ‘ပလ္လင်ချပ်’၊ အောက်ဆုံးမှာမှ ပလ္လင်ခံပေချပ်အလွတ်တွေကို ထပ်ပြီးထည့်ရတယ်။ တချို့ပေစာထုပ်ကြီးတွေမှတော့ ချည်ကျစ်ကြိုးတချောင်းစီကို ပလ္လင်ပေါက် တွေမှာသွင်းပြီး ချည်ထားတတ်ပါတယ်။

ပေစာထုပ်နဲ့ သီတဲ့ကြိုး


ပေစာတွေမှာ ၀မ်းဖမ်း၊ ကျော်ဖက်မျက်နှာနှစ်ဖက်စလုံး စာရေးထားပါတယ်။ ပေစာ တမျက်နှာမှာ စာကြောင်းရေ (၇) ကြောင်းကနေ (၁၂) ကြောင်းထိ ရှိတတ်တယ်။ ‘၇ ကြောင်းပေ’၊ ‘၉ ကြောင်းပေ’ စသဖြင့် ခေါ်ပါတယ်။ ရေးပြီးပေစာ ၁၂ ရွက်၊ ၂၄ မျက်နှာကို ၁ အင်္ဂါ လို့ခေါ်ပါတယ်။ အဲဒီ စာမျက်နှာတွေကို အမှတ်စဉ် မှတ်ရာမှာ ၁၊ ၂၊ ၃၊ ၄ လို့ မရေးထိုးပဲ ‘က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား’ အစဉ်အတိုင်း ရေးထိုးလေ့ရှိပါတယ်။ ‘က’ ပြီးရင် ‘ခ’ ကို အဲဒီလိုပဲ ဆက်ထိုးပါတယ်။ ‘အ’ ကနေ ‘အား’ ကို ရောက်တဲ့အထိ စာမပြီးသေးရင်လည်း ‘ကျ၊ ကျာ၊ ကျား’ လို့ ဆက်မှတ်ရပါတယ်။

စာလုံးတွေကိုဖတ်ရတာ မှေးမှိန်နေရင်လည်း ရေနံကြီးသုတ်ထားတဲ့ အ၀တ်နဲ့ ညင်ညင်သာသာတို့ကာ သုတ်ကာ ဖတ်ရပါတယ်။ ဖတ်ပြီးတဲ့ ပေစာတချပ်ချင်းစီကို ၀မ်းဖက်က အောက်မှာထားလို့ မှောက်လျက် ထပ်ထားရပါတယ်။ အဲဒါမှ ပေစာကို ပြန်သိမ်းလိုက်တဲ့အခါ မူလ အစီ အစဉ်အတိုင်းပဲ ဖြစ်ပါမယ်။

အသားသေအောင် ပြုပြင်ထားတဲ့ ပေရွက်ကို ‘စာစဉ်ခုံ’ ပေါ်မှာတင်ပြီး သတ္တုတမျိုးမျိုးနဲ့ လုပ်ထားတဲ့ ‘ကညစ်’ နဲ့ စာလုံးတွေရေးတဲ့အခါ ပေရွက်ရဲ့အသားကို ကွဲပြဲ မထိခိုက်အောင် စာလုံးဝိုင်းတွေကိုပဲ ရေးပါတယ်။ အလှဆင်ထားတဲ့ ကညစ်ပုံစံအမျိုးမျိုးရှိကြပေမယ့် ၁ လက်မ ရဲ့ ၈ ပုံ ၁ ပုံလောက် အလုံး၊ ၆ လက်မလောက် အရှည်နဲ့ အဖျားနှစ်ဖက်ချွန်၊ အလယ်က ၀မ်းပူပူ ခပ်ရိုးရိုး သံချောင်ကညစ်ကို သုံးကြတာ များပါတယ်။ နွားရဲ့ နားအတွင်းက အမွှေးနဲ့လုပ်ထားတဲ့ စုတ်တံကို သုံးပြီး မင်နဲ့ရေးထားတဲ့ ပေစာတွေမှာတော့ မန်ကျည်းစေ့ပုံ စာလုံးတွေကို တွေ့နိုင်ပါတယ်။ ကမ္မ၀ါစာမှာပါတဲ့ စာလုံးမျိုးတွေပါ။

က ကညစ် ပေမှာခြစ်


ရှေးခေတ် မြန်မာ့ရိုးရာ စာပေကျမ်းဂန်တွေကို ရေးသားမှတ်တမ်းတင်စရာ ပစ္စည်းတမျိုးကတော့ ပုရပိုက်ဖြစ်ပါတယ်။ ပုရပိုက်ဆိုတာ ကောက်ရိုးနဲ့လျှော်ပင်တွေကို အခြေခံပြီးလုပ်ထားတဲ့ ရိုးရာလက်ဖြစ် စက္ကူအထူ စာအုပ်မျိုးပါ။ ‘သာလဲ’ လို့ခေါ်တဲ့ လျှော်ပင်တမျိုးကို လုပ်တဲ့ ပုရပိုက်က အဖြူရောင်ဖြစ်ပါတယ်။ ကောက်ရိုးကို လုပ်ရင်တော့ ပုရပိုက်အညိုကို ရပါတယ်။ အဲဒီပုရပိုက်အညိုကု မင်ဆိုးပြီး အမည်းရောင်လုပ်ယူပါတယ်။ ပုရပိုက်အဖြူရောင်အပေါ်မှာ မင်နဲ့ရေးပြီး၊ ပုရပိုက်အမည်းရောင်အပေါ်မှာတော့ ကန့်ကူဆံနဲ့ ရေးပါတယ်။

‘ပုရပိုက်တဆူ
ကန့်ကူ တစ်ဆံနှင့်
ရကန် နောက်ပေါ်
မနော် ကာရန်’

မွေ့နွန်းရကန်
ရွှေတောင် နန္ဒသူ

(မြန်မာသက္ကရာဇ် ၁၁၀၀-၁၁၅၀)


မင်ရေး ပုရပိုက်


Link

ပုရပိုက်အဖုံး


ပုရပိုက်တွေ၊ ပေစာထုပ်တွေကို စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေမှာ သိမ်းထားလေ့ရှိပါတယ်။ စာတိုက်သေတ္တာတွေကို အများအားဖြင့် သစ်စီးသုတ် ယွန်းပစ္စည်းသစ်သား သေတ္တတွေပါ။ စာတိုက်သေတ္တာတွေအပေါ်မှာ ယွန်းပန်းချီရေး၊ ရွှေဇ၀ါရေး၊ ရွှေပိန်းချ သာရိုးကိုင် ရုပ်ကြွ နိပါတ်တော်တွေ ပါလေ့ရှိပါတယ်။ စာတိုက်ဘီရိုတွေကတော့ ပန်းပုလက်ရာတွေနဲ့ အသေးစိတ် ထုလုပ်ထားတဲ့ သစ်သားဘီရိုကြီးတွေပါ။

‘ပိဋကတ် နိကာယ်
ကိုးကွယ်ရေးသား သွင်းထားရန်

စာတိုက်နှင့်တကွ’

မောင်အိ ဘုန်းကြီးပင့် မေတ္တာစာ
စလေဦးပုည

(မြန်မာသက္ကရာဇ် ၁၁၇၄ -၁၂၂၉)


မင်းတုန်းမင်းကြီး ရတနာပုံ မန္တလေးမြို့သစ်တည်တုန်းက စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေ လုပ်ကိုင်တဲ့ပညာရှင်တွေအတွက် စာတိုက် တန်းရပ်ဆိုပြီး ရပ်ကွက်နေရာချထားပေးခဲ့တော့ ဒီကနေ့အထိ ပရိဘောဂတွေ လုပ်နေဆဲ အဲဒီနာမည်နဲ့ ရပ်ကွက်တခု မန္တလေးမြို့မှာ ရှိနေပါသေးတယ်။

ဆက်လက်ဖော်ပြပါမည်။
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: