RSS

Maung Maung One – 23 year ago 8888 (Part 2)

30 Jul

ရင်ထဲက ရှစ်ဆယ့်ရှစ် (အပိုင်း – ၂)
မောင်မောင်ဝမ်း
ဇူလိုင် ၃၁၊ ၂၀၁၁
တကယ်တော့ ဗိုလ်ချုပ်ကြီးနေဝင်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဦးနေဝင်း) ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်ခြင်းဟာ … ဒီမိုကရေစီကို သင်းကွပ် ပစ်လိုက်တာပဲဖြစ်ပါတယ်။ သူ အာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီ ဆိုတာလည်း ဆိတ်သုဉ်းသွားရရှာတယ်…။ 
၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး … တိုင်းပြည်ကို တပါတီအာဏာရှင်စနစ်နဲ့ သွားတယ် … စီးပွားရေးပုံစံမှာလည်း ဆိုရှယ်လစ်စီးပွားရေးဆို … ပြည်သူပိုင်အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ် … တံခါးပိတ်စီးပွားရေး မူဝါဒကိုချမှတ်ပြီး … နိုင်ငံတကာရဲ့ လာရောက်ရင်းနှီးမြုပ်နှံမှုတွေကို လက်မခံဘူး … အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ … မှောင်ခိုစီးပွားရေးစနစ်ဟာ… မဆလ အစိုးရခေတ်မှာ အရမ်းကြီးထွားခဲ့တယ် … ကျနော်တို့တိုင်းပြည်က နည်းပညာအားနည်းတော့ … ဘာများ ဖြစ်ဖြစ်မြောက်မြောက် တီထွင်နိုင်မှာလဲ။ 

ပြည်တွင်းမှာထုတ်လုပ်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတွေကိုပဲ သုံးစွဲရတော့တယ်။ ကျနော်တို့ ကျောင်းသားဘဝက .. တက္ကသိုလ်အဆောင်တွေမှာ ပေးထားတဲ့ .. ဆင်တဲထုတ် ရုပ်မြင်သံကြားတွေဆို … ဒီနေ့လူငယ်တွေ တွေ့လိုက်ရင် ရယ်ကြမှာ အမှန်ပဲ …။ ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး … နောက်တခါ အံ့အားသင့်စရာ မဆလအစိုးရရဲ့လုပ်ရပ်တခု ရှိသေးတယ်ဗျ …။ ပိုက်ဆံချမ်းသာလို့ အဖမ်းခံရတယ် ဆိုရင် … ယုံမလား မသိဘူး …။ အဲဒါတကယ်ပါ … ပိုက်ဆံချမ်းသာတဲ့သူတွေကို ‘ဆူဇကာ စစ်ဆင်ရေး’ ဆိုပြီး ထောင်ထဲထည့်ထားတယ်….။ သဘောကတော့ … ဂုတ်သွေးစုတ် အရင်းရှင်တွေပေါ့ … ဒီလုပ်တွေ လုပ်လာနေမှာတော့ … ဒီတိုင်းပြည်မှ မမွဲ … ဘယ်သူ မွဲတော့မှာလဲ …။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတယ် … ဒီလိုနဲ့ … ၁၉၆၂ စစ်အာဏာသိမ်းစဉ်က ပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာ အကြီးအကဲတယောက်အဖြစ် ပါဝင်ခဲ့တဲ့ … ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ … ခဏလေး ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူ) သူက … ဦးနေဝင်းဆီ ပေးပို့ထားတဲ့ … စာမျက်နှာ ၄၀ ကျော်ပါစာတမ်းတခုက လူထုကြား ထွက်ပေါ်လာတယ်လေ …။ ဦးအောင်ကြီးဟာ ဦးနေဝင်းရဲ့ အမျက်တော်ရှမှုကြောင့် အာဏာ ရုတ်သိမ်းခံရသူတယောက်ပေါ့။ မဆလ ကနေ အထုတ်ခံလိုက်ရပြီး … ရန်ကုန်မြို့ စမ်းချောင်းအရပ်ဒေသမှာ လက်ဘက်ရည်ဆိုင်ကြီး ဖွင့်ထားပြီး … နိုင်ငံကျော် ‘အောင်ကြီးကိတ်’ ဆိုတာ သူ့စီးပွားရေးလုပ်ငန်းတွေပါ …။ 
သူ့စာတမ်းက … လူထုကြားမှာ တော်တော်လေး ပြန့်ပြန့်နှံ့နှံ့ ရောက်သွားခဲ့တယ် …။ ဗိုလ်ချုပ်ကြီး ခင်ဗျား ဆို … အစချီထားပြီး … ဖြစ်ပေါ်နေတဲ့ … လူမှုစီးပွား၊ နိုင်ငံရေး အကြပ်အတည်းတွေကို တင်ပြထားတယ် …။ ဒါပေမယ့် သူ့စာထဲမှာ ဦးနေဝင်းကိုတော့ အပြစ်ဖို့မထားဘူး …။ ဒါတွေ ဦးနေဝင်း မသိပါဘူးပေါ့ (သဘောကတော့ … သူ မသိလို့ … ဒီလိုတွေဖြစ်နေရတာပါပေါ့) … နောက်တခါ ၁၉၆၂ အာဏာသိမ်းစဉ်က ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဗုံးဖောက်ခွဲပြီး … ကျောင်းသားအများအပြား သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်မှာ … သူရော … ဦးနေဝင်းရော နှစ်ယောက်လုံး.. အပြစ်ကင်းမယ့် လေဟန်တွေပါ ပါဝင်တယ် (၁၉၆၂ အာဏာသိမ်းတော့ စစ်အာဏာရှင်များဟာ … ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာရှိတဲ့ … ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဗုံးဖောက်ခွဲပြီး ပစ်ခတ်နှိမ်နင်းတဲ့အတွက် ကျောင်းသားပေါင်းများစွာ သေကြေခဲ့ရပါတယ် … များစွာ .. ထောင်သွင်း အကျဉ်းချခြင်းခံခဲ့ရပါတယ်။ အဲဒါကိုတော့ … ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှုလို့ သမိုင်းတွင်စေခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ခွင့် မပေးတော့တာ အခုထိပါပဲ)။
ဘာပဲဖြစ်ဖြစ် … ဦးအောင်ကြီးရဲ့ စာတမ်းကတော့ … မျက်မှောက်အခြေအနေနဲ့ အနီးစပ်ဆုံး အံဝင်ဂွင်ကျ ဖြစ်သွားတဲ့အတွက် … လူထုကြားမှာ .. တော်တော် .. ဂယက်ထသွားပြီ … ဘယ်လောက်ထိ ဂယက်ရိုက်သလည်းဆိုတော့ ပါတီညီလာခံမှာ … ဦးနေဝင်းကိုယ်တိုင် ကျောင်းသားသမဂ္ဂကိစ္စကို ဖြေရှင်းချက် ပေးရတော့တယ် …။ သူ့ဖြေရှင်းချက်က … ဦးအောင်ကြီးကိုပဲ … ပြန်ပြီးလက်ညှိုးထိုး တရားခံအဖြစ် အပြစ်ဖို့သယောင်ယောင် ပြောဆိုချက်တွေနဲ့ ပြောဆိုထားတယ်လေ …။ အဲဒီ ပါတီညီလာခံမှာပဲ … ဦးနေဝင်းက နိုင်ငံရေးအစတခုကို ဟပေးလိုက်တယ် …။ တိုင်းပြည်ကို … တပါတီစနစ်နဲ့ပဲ သွားမလား…။ ပါတီစုံစနစ်နဲ့ပဲ သွားမှာလားဆိုတာ … အဆုံးအဖြတ်ပေးဖို့ … ညီလာခံကို တင်ပြခဲ့တယ် … အဆိုးဆုံးက … လူထုကိုစိမ်ခေါ်တဲ့စကား ပြောဆိုသွားတာပါ…။ ကျနော်တို့ … တခုတည်းသော မြန့်မာ့ရုပ်မြင်သံကြားကတဆင့် ပါတီညီလာခံကျင်းပတာကို ကြည့်လိုက်ရတယ်။ ကျနော် မှတ်မိသေးတယ် ဦးနေဝင်းဟာ .. မိန့်ခွန်းပြောဆိုနေရင်းက .. ဒေါသတွေထွက်လာတယ်။ (ကြည့်ရတော်တော်ကို ရုပ်ဆိုးတာပါ) … ဘာပြောသလဲဆိုတော့ … “ဒီတခါတိုင်းပြည်မှာ .. ဆူဆူပူပူလုပ်တဲ့သူတွေကို သတိပေးချင်တယ် … … စစ်တပ်ဆိုတာ မိုးပေါ်ထောင်မဖောက်ဘူး … ပစ်ရင် မှန်အောင်ပစ်တယ် … နောက်တခါ ဆူဆူပူပူလုပ်လို့ကတော့ … လုပ်တဲ့သူတွေ မလွယ်ဘူးသာပြင်” ဆိုတော့ တိုင်းပြည်က လူထုက ပိုချဉ်သွားကြတော့တယ် …။ စဉ်းစားကြည့်ပါ … တိုင်းပြည်ခေါင်းဆောင် လုပ်တဲ့သူ ပြောအပ်တဲ့စကားလားဆိုတာ ….. ဒါဟာ .. ခေတ်အဆက်ဆက် ကျန်ရစ်နေတဲ့ .. ဦးနေဝင်းရဲ့ သမိုင်းဝင်မိန့်ခွန်းပါ။ လူထုက ဘာဖြစ်လာသလဲဆိုတော့။ ကြောက်လန့်မလာဘဲ … ဒေါသတွေ ပိုထွက်လာကြတယ်။ နဂိုကမှ အထွေထွေ အကြပ်အတည်းတွေ ငွေစက္ကူတွေကို တရားမဝင် သတ်မှတ်လိုက်တဲ့ ကိစ္စတွေကြောင့် .. မကျေနပ်မှုအဆိုင်အခဲက .. ဦးနေဝင်းမိန့်ခွန်းကြောင့် … ပိုဆိုးလာကြတယ်။
ကျနော် ဇာတိမြေကိုပြန်ရောက်တော့ … ထူးခြားချက်တခုက … သက်ဆိုင်ရာနယ်မြေများမှာ ပါတီဝင်များကနေ … ကျောင်းသားများကို အနီးကပ်စောင့်ကြည့်ဖို့ကို ညွှန်ကြားထားတယ်လေ …။ ကျနော် ရေနံချောင်း ပြန်ရောက်တော့ … အိမ်ကခြံဝန်းအတွင်းမှာ စစ်ပြန်၊ စစ်မှုထမ်းဟောင်း အမိန့်ရလိုင်စင် ထန်းရည်ဆိုင် ငှားတယ်။ အဲဒီမှာ တာဝန်ခံလုပ်နေတဲ့ … ဦးအံ့မောင်ဆိုတာ သူက ရပ်ကွက် ပါတီစိတ်မှူး … သူ့ကို မြို့နယ်ပါတီယူနစ်က … တာဝန်ပေးထားတာ။ ကျနော့်ကို အနီးကပ်စောင့်ကြည့်ဖို့ပေါ့ …။ ကျနော်ကလည်း … ဟန်မပျက်နေရတယ် …။ သူကလည်း အရိပ်တကြည့်ကြည့်။ ကျနော် အိမ်ကို ဝင်ထွက်သွားလာတတ်တဲ့ သူငယ်ချင်းတွေကို အမြဲလေ့လာတယ်။ ပြီးရင် မှတ်တမ်းတင်တယ် … သတင်း ပို့တယ်။ ဦးအောင်ကြီး စာတမ်းတွေကိုဖြန့်တော့ …. သူငယ်ချင်းတယောက်က စာရွက်တွေကို ကော်ပီကူးလို့ရအောင် လက်နဲ့လုပ်ထားတဲ့ ပစ္စည်းလေးသူက ဖန်တီးလာတယ် … လုပ်ရမယ့် နေရာကလည်း မရှိတော့ … ကျနော့်အိမ်မှာပဲ ကူးကြတယ်။ ကျနော်က တခုကြံရတော့တယ်…။ အခန်းထဲမှာဆို ရိပ်မိနိုင်တယ်။ ဒါကြောင့် အခန်းထဲမှာ မကူးဘဲ .. အပြင်မှာပဲ ပေါ်တင်လုပ်တယ်။ ဘယ်လို လုပ်သလဲဆိုတော့ … ကူးပြီးသားစာရွက်တွေကို ဖွက်ထား… တရွက်ထွက်လာ .. တရွက်ဖွက်ပေါ့ … ဘေးနားမှာ … ဆယ်တန်းသင်္ချာ သင်ကြားချက် စာရွက်တွေကို အသင့်ပုံထားတယ်။ ထင်တဲ့အတိုင်း သူက လာကြည့်တယ်။ ဘာတွေ လုပ်နေကြတာလဲပေါ့။ 
ဒါနဲ့ ကျနော်က … “ကျောင်းအားရက်သုံးဖို့ ပိုက်ဆံမရှိတာနဲ့ … ကျူရှင်ကစာရွက်တွေကို ကူးရင်း .. ပိုက်ဆံရှာနေတာပါ” လို့ဆိုတော့ … သူက တရွက်ယူကြည့်ပြီး … အဖြေကို ကျေနပ်သွားပုံရတယ် …
“ကောင်းပါတယ် … မုန့်ဖိုးရှာကြပေါ့ … ပေါက်တတ်ကရတွေ မလုပ်ပြီးတာပါပဲ”
ကျနော်က မကျေနပ်တဲ့ပုံနဲ့ …“ ပေါက်တတ်ကရတွေဆိုတာ… ဘာကို ဆိုလိုတာလဲဗျ”
“ဆူဆူပူပူ မလုပ်ရင် ပြီးတာပါပဲကွာ … ငါ့ကို ပါတီက .. ခိုင်းထားလို့ကွ … ငါလည်း မင်းကို စောင့်ကြည့်ရတာ … တဒုက္ခ …” သူက ရိုးတယ် … သူ့ရင်ထဲက ပွင့်ပွင့်လင်းလင်း ထွက်ကျလာတယ်။ ကျနော် သနားသွားမိတယ်။
ကျနော်တို့ဖြန့်လိုက်တဲ့ ဦးအောင်ကြီး စာတမ်းတွေကလည်း လက်သိပ်ထိုး တော်တော် ပြန့်သွားတယ်။ အဲဒီကာလတွေက ရေဒီယို အသံလွှင့်ဌာနဆိုတာ .. သုံးခုလားပဲ ရှိတယ်။ ဘီဘီစီရယ်၊ ဗွီအိုအေ၊ အောလ်အိန္ဒိယ … တသက်လုံးက ရေဒီယို နားမထောင်ဘူးတဲ့ ကျနော်တို့တတွေ … အခု မပြတ်တမ်း နားထောင်နေရတယ်လေ။ လူတွေ တော်တော်များများလည်း နားထောင်ကြတယ်။ တိုင်းကျော် … လက်ဘက်ရည်ဆိုင်မှာ ရေဒီယိုအသံလွှင့်ထားတော့ လဘက်ရည်လာသောက်သူရော ပြင်ပကသူတွေရော နေ့စဉ်လာနားထောင်ကြတာ အများသားလား။ အဲဒီမှာ … သတင်းထောက် ခရစ္စတိုဖာဂါးနက် ဆိုသူက ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ကိုဌေးအောင်၊ ကိုတင်မောင်မောင်ထွေး၊ ကိုကိုလတ်တို့နဲ့တွေ့ပြီး … အဖမ်းခံလိုက်ရတဲ့ ကျောင်းသူတွေထဲက… တယောက်ပေါ့ .. သူ့နဲ့ အင်တာဗျူးခန်းက လူထုစိတ်ကို နှိုးဆွစေခဲ့တာ သူက အဖမ်းခံရစဉ်မှာ .. လုံခြုံရေး တပ်သားတွေရဲ့ မုဒိန်းကျင့်ပုံတွေကို ပြောပြတယ်။ ကြားရတဲ့ လူထုရင်ထဲ .. မခံစားဘဲ မနေနိုင်ကြတော့ဘူး။ မျက်ရည်ကျကြတယ်။
ကျနော်တို့ကလည်း လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ရေးအတွက် … တမြို့နယ်နဲ့ တမြို့နယ် .. လျှို့ဝှက်ဆက်သွယ်ကြ … အသင့်ပြင်ကြပေါ့။ ဒီကြားထဲမှာ … လူထုရဲ့အစိုးရပေါ် မကျေနပ်မှုကြီးကို … အာရုံပြောင်းစေချင်တော့။ မဆလအစိုးရက ဘာလုပ်သလဲဆိုတော့ … လူမျိုးရေး အဓိကရုဏ်းကို ဖန်တီးပေးလိုက်တယ် …။ ဒါကလည်း ဦးနေဝင်း အာဏာသိမ်းပြီးကတည်းက တိုင်းပြည်မှာ .. အစိုးရကို .. လူထုက မကျေနပ်မှုကြီးလာပြီဆို … အာရုံပြောင်းအောင် လုပ်နေကြ …။ ဒါမှ အစိုးရကို ဆန့်ကျင်တဲ့ .. ဆန္ဒပြပွဲတွေ မပေါ်ပေါက်တော့မှာကိုး … တောင်ကြီး၊ အောင်လံ၊ ပြည်၊ ပဲခူးဘက်တွေမှာ ကုလား-ဗမာ အဓိကရုဏ်းတွေဖြစ်တယ်။ မွတ်စလင် တော်တော်များများ ခံလိုက်ရတယ် … သေဆုံးမှုတချို့ရှိခဲ့တယ်။ ဒီအချိန်မှာ တနိုင်ငံလုံးကို ရိုက်ခတ်စေမယ့်တပ်လှန့်သံက .. အသံလွှင့်သတင်းဌာနတွေက ထွက်လာပြီ … ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာ .. တနိုင်ငံလုံး မဆလ လို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို တပြိုင်နက်တည်း တော်လှန်ကြမယ်။ လူထုတော်လှန်ရေးကြီး ဆင်နွှဲကြမယ်။ အဲဒီနေ့ကလည်း… သိပ်ထူးခြားတဲ့နေ့ ရှစ်လေးလုံး ပေါင်းဆုံထားတဲ့နေ့ ၈. ၈. ၁၉၈၈။
သတင်းတွေကပြန့်နေပြီ အရပ်ထဲ .. ရွာထဲ .. ဈေးထဲ .. ကျောင်းထဲ … ကျောင်းသားတွေ … ဆန္ဒပြကြတော့မယ်တဲ့ …။ ဒါပေမယ့် … မဆလ အစိုးရက .. သိပ်ထိတ်လန့်ပုံတော့ မပြဘူး …။ အရင်အခါတွေတုန်းကလို … နှိမ်နင်းပြလိုက်ရင် ပြတ်သွားမယ်ပဲထင်နေဆဲ။ တနိုင်ငံလုံးမှာ သူတို့ပါတီတွေ … လုံခြုံရေးတွေကို နည်းနည်းပါးပါး တပ်လှန့်ထားရုံကလွဲလို့ အရမ်းကာရောကြီး တင်းကျပ်မထားဘူး။ မြို့နယ်အသီးသီးက … အထက်တန်းကျောင်းတွေမှာတော့ ဆရာတွေကိုယ်တိုင် ကင်းစောင့်နေရတယ်။ ကျနော်တို့အားလုံး စီစဉ်ရတော့တယ်။ အဲဒီမှာ ပြဿနာကဘာလဲ ဆိုတော့ ကျနော်တို့က ကျောင်းသားတွေ … ဝင်ငွေမရှိဘူး ပိုက်ဆံဆိုတာ မိဘတွေကပေးမှ မုန့်ဖိုးအဖြစ်ရကြတာ။ နယ်အသီးသီးကိုသွားဖို့ ဆက်သွယ်ဖို့ … စာရွက်စာတမ်းတွေ ဖြန့်ဝေဖို့ ငွေလိုတယ်။ လူတကာဆီ လိုက်အလှူခံလို့ရတဲ့အမျိုးလည်း မဟုတ်ဘူး … ဒါနဲ့ လျှို့ဝှက်အစည်းအဝေးထိုင် ဘာလုပ်ခဲ့ရသလဲ ဆိုတော့ ချဲရောင်းမယ် … များများစားစား မဟုတ်ဘူး ..။ ၁၀ ဖိုး အကွက်လား မသိဘူး .. ဒါနဲ့ လူခွဲပြီး လိုက်ရောင်းတယ်။ တယောက်က မေးတယ် …။ ပေါက်ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ … ငါတို့က ၈ ရက်နေ့မှာ လူထုအုံကြွမှုစမှာ … ချဲက ၁၅ ရက်နေ့မှထွက်မှာ … အဲဒီတော့ .. ဒါ ထည့်တွက်ဖို့ မလိုတော့ဘူး။ ပေါက်တဲ့သူရှိရင်လည်း တောင်းပန်လိုက်မယ်ကွာ ဆိုပြီး … ကိုယ်မြင်တဲ့ အမြင်သေးသေးလေးလေးနဲ့ ဖြေရှင်းခဲ့ကြတယ်။ ချဲရောင်းလို့ရတဲ့ငွေတွေနဲ့ နယ်အသီးသီးကို သွားကြ စာရွက်စာတမ်းတွေ ဝေကြပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း သြဂုတ်လ ၈ ရက်နေ့ နီးကပ်လာတယ်။ တနေ့ ကျနော့်သူငယ်ချင်းတယောက်က အူယားဖားရား သတင်းလာပေးတယ်။ 
“ဟေ့ကောင် … ငါသတင်း အတိကျရထားပြီ၊ ပါတီယူနစ်အတွင်း သတင်းက ပေါက်ထွက်လာတာ။ ငါတို့ကျောင်းသားတွေကို ဒီရက်ပိုင်းအတွင်း အကျယ်ခေါ်ပြီး ထိန်းသိမ်းထားလိမ့်မယ် ..။ အထူးသဖြင့် ရန်ကုန်မှာ ကျောင်းတက်နေတဲ့သူတွေဖြစ်ဖို့ များတယ်” ကျနော်လည်း ခေါင်းတော်တော် စားသွားတယ်..။ ဘာလုပ်ရမှန်း မသိတော့ဘူး… အတွေ့အကြုံကလည်း မရှိ … အသက်အရွယ်ကလည်း ငယ်ရွယ်တဲ့သူတွေ ဆိုတော့ ဆုံးဖြတ်ရခက်သွားတယ်။ ဒါနဲ့ ကျနော်တို့ ချက်ခြင်းလူစုပြီး … အစည်းအဝေးထိုင်တယ်။ အားလုံးက သဘောတူညီစွာနဲ့ … ဆန္ဒပြပွဲကို သြဂုတ်လ ၈ ရက်နေ့လုပ်မယ့်အစား ရှေ့တိုးပြီး ၆ ရက်နေ့မှာစတင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။ ရက်က အရမ်းနီးနေပြီ .. လုပ်စရာရှိတာ စီစဉ်စရာရှိတာတွေကို အသေးစိတ် စီစဉ်ရတော့တယ်။ နောက်တခါ ရေနံမြေက အလုပ်သမားတချို့နဲ့ ကျနော်တို့ ကျောင်းသားတွေ ချိတ်ဆက်မိတယ်။ သူတို့ပါ .. ပါဝင်လာတယ် ..
လူထုဆန္ဒပြပွဲကို စတင်ဖို့ မြို့လယ်နဲ့ မနီးမဝေးမှာရှိတဲ့ … အထက (၁) ကို ရွေးချယ်လိုက်တယ်။ ဒီကျောင်းက သမိုင်းအစဉ်လာကြီးတဲ့ကျောင်း ဗိုလ်ချုပ်အောင်ဆန်းကစလို့ အရှင်ဆန္ဒာဓိက၊ စာရေးဆရာမ ဂျူးတို့ ပညာရည်နို့စို့ခဲ့ရာ ကျောင်းတော်ကြီး။ တယောက်က ကျောင်းရဲ့မြေပုံကို ပြုစုတယ်။ အဖွဲ့တွေ အသီးသီး ခွဲလိုက်ကြတယ်။ ပြန်စဉ်းစားကြည့်လိုက်တိုင်း ကျေနပ်မိတာတခုက ကျနော်တို့အားလုံးက ထင်ရာမြင်ရာတွေနဲ့ စုပေါင်းလုပ်လိုက်ကြတာ .. နည်းနည်းတော့ စနစ်ကျတယ်ပြောလို့ ရပါတယ်…။ အဖွဲ့အသီးသီးခွဲပြီး ဘယ်သူက ဘယ်ကျောင်းဆောင်မှာ တာဝန်ယူမယ်။ ဘယ်သူနဲ့အဖွဲ့က ကျောင်းရှေ့ တံခါးကိုပိတ် လုံခြုံရေးစောင့်ကြည့်တာဝန် မြို့ထဲတလျှောက်ကနေ ကျောင်းအထိ .. ကြားထဲမှာ ကျနော်တို့ လူတွေတယောက်ပြီး တယောက်ချထားတယ်။ အချိန်ကိုက် … တပ်လှန့်ထားတယ်။ သတ်မှတ်တဲ့အချိန်ရောက်တာနဲ့ မြို့ထဲမှာရှိနေတဲ့လူထုကို ကျောင်းသားတွေ ဆန္ဒပြပြီဆိုတာကို ဆော်သြဖို့ပေါ့ … …
၁၉၈၈ သြဂုတ်လ ၆ ရက်
ကျနော် … ၅ .. ရက်နေ့ တညလုံးနီးပါးလောက် မအိပ်ရဘူး … ကြွေးကြော်သံ စာရွက်ငယ်လေးတွေ ကူးနေတာ။ မနက်လင်းခါနီးလောက်ကြမှ တမှေးလောက်ပဲ မှေးလိုက်ရတယ်။ မနက် .. ၈ နာရီလောက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရင်း .. ဆုံရပ်ရှိရာကို ထွက်လာခဲ့တယ်။ လမ်းတလျှောက် ဖြတ်လာရင်း ကြည့်လိုက်တော့ ရေနံမြေက အလုပ်သမားတချို့ အနည်းငယ် အကွာအဝေးဆီမှာ မရောင်မလည်လုပ်ရင်း နေရာယူနေတာကို တွေ့လိုက်ရတော့ တော်တော် အားတက်သွားမိတယ်။
အထက (၁) ကျောင်းရှေ့မှာရှိတဲ့ လက်ဘက်ရည်ဆိုင်ကနေ ကျောင်းထဲကို လှမ်းပြီးအဆက်မပြတ် အကဲခပ်ကြည့်လိုက်တော့ .. ကျောင်းဝန်းတံခါးအဝင်ဝမှာ ဆရာတွေက ကျောင်းသားတွေကို စောင့်ကြည့် စစ်ဆေးတာတွေ လုပ်နေတာကို လှမ်းမြင်နေရတယ်။ ရှေ့တံခါးပေါက်မကြီးက ဝင်ရောက်ရမှာက သုံးဦး … ကျနော်ရယ် … သက်နိုင် (ဒသာနိကဗေဒ) ကျော်ဆန်းဦး (မကွေး ကောလိပ်) … … အားလုံးက ရင်ခုန်နေကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကျနော့် ခါးကြားမှာ ဓားမြှောင်တိုလေးတချောင်း ဆောင်လာတယ်။ ပထမ ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားလိုက်ရပြီ။ ရင်ခုန်သံတွေက .. အရင်ကထက် ပိုကျယ်လောင်လာပြီ ..။ သုံးယောက်လုံး လက်ဘက်ရည်ဆိုင်ကနေ … ထထွက်လာပြီး အသင့်နေရာယူလိုက်တယ်။ ဒုတိယခေါင်းလောင်းထိုးပြီးရင် ကျောင်းတံခါးကို ပိတ်လိုက်တော့မှာလေ… အချိန်က နောက်ထပ် ငါးမိနစ်ပဲ ကျန်တော့တယ်။ ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တော့ စီးပွားရေး တက္ကသိုလ်ကျောင်းသား ကျော်လင်းနဲ့ သူ့အဖွဲ့သားတွေက .. ကျောင်းဝန်းတံခါးတွေကိုပိတ်ပြီး ထိန်းသိမ်းထားဖို့အသင့် … ကျနော့်ကို သူက လက်မ ထောင်ပြတယ် ..။ (အားလုံး အိုကေပေါ့) … နောက် ကျောင်းနောက်ဘက်ကနေ ပတ်ဝင်ပြီးသွားမယ့် ကျော်စွာတို့အဖွဲ့က ခပ်သုတ်သုတ်ပြေးသွားပြီ … သက်နိုင်က ကျနော့်ကိုကပ်ပြီး တိုးတိုးလေး လှမ်းပြောတယ်။ 
“ကိုဝမ်း … မတတ်နိုင်ဘူးဗျာ… ရှေ့ကစောင့်နေတဲ့ ဆရာတွေက … ခင်ဗျားတို့ ကျနော်တို့ ဆရာတွေ သူတို့ ဘယ်လိုတားတား ကျနော်တို့ နားမယောင်နဲ့၊ တွန့်မသွားနဲ့ ရှေ့ဆက်တိုးမယ်…” ဆိုတော့ ကျော်ဆန်းဦးက …
“ငါတို့ ဆုံးဖြတ်ချက်ချပြီးသားပဲ … သေချင်သေပါစေ … နောက်မဆုတ်ဘူး … ဆက်လုပ်မယ် …”
တောင်ဘက်အရပ်ဆီက တိုက်ခတ်လာတဲ့ တချက်သော လေအဝှေ့မှာ … ဖုန်မှုန့်တွေ ဖွားခနဲ လွင့်ထွက်လာတယ်။ ရှေ့မှာမောင်းနှင်လာတဲ့ … မြင်းလှည်းတစီးရဲ့ မြင်းခွာရိုက်သံက .. ဂီတစည်းချက် အလား … ကျနော်တို့ရဲ့ရင်ခုန်သံများအလား … ပြီးတော့ ပတ်ဝန်းကျင်ကြီးဟာ … ပုံမှန်ထက်များ ငြိမ်သက်နေရော့သလား စိတ်အစဉ်မှာခံစားနေရင်းက … ကျောင်းဝန်းအတွင်းက … ဒုတိယ ခေါင်းလောင်းသံက ထိုးဖောက်ထွက်လာပြီ။
ဂလိုင် … ဂလိုင် … ဂလိုင် … ဂလိုင် … ဂလိုင် … … …
အပိုင်း (၃) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: