RSS

Aung Tha Nge – 8888

31 Jul

နှစ်ဆယ့် သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့ …
အောင်သာငယ်
ဇူလိုင် ၃၁၊ ၂၀၁၁
ကိုယ်ပိုင်ကားက မရှိတော့ပြီဆိုတော့ကာ ဘယ်သွားသွား … နီးရင် လမ်းလျှောက် … ဝေးရင် ဘတ်စ်စီး … သည်လိုနဲ့ပဲ ဘဝခရီးဆက်နေရသပေါ့လေ … သည်နေ့တော့ ရှေ့လာမယ့် တပတ်စာ အတွက် စားဖို့သောက်ဖို့တွေကို လမ်းလျှောက်ပြီး သွားဝယ်ရတယ် … တော်ပါသေးတယ် SafeWay ဆိုတဲ့ စတိုးတခုက အနားမှာရှိလို့ … အရင်ကတော့ အလုပ်ကပြန်လာတိုင်း အဲမှာ ဆင်းဆင်းပြီး ဝယ်ဖြစ်တယ် … ကြာလာတော့ ခဏခဏ မဝယ်ချင်တော့တာနဲ့ တပတ်စာ တခါတည်း ဝယ်မယ်ဆိုပြီး ဝယ်မိပါရော …

ပြီးတော့မှ ကျွတ်ကျွတ်အိပ်ပေါင်းစုံနဲ့ ကိုးယိုးကားယားကြီးဖြစ်လို့… စိတ်ညစ်သွားတယ် … ခုတော့ ပစ္စည်းတွေကို အများကြီးလည်း မသယ်နိုင် … ခဏခဏလည်း မဝယ်နိုင် … သည်တော့ သည်တပတ်အတွက်ကတော့ သယ်နိုင်သလောက်ဝယ်ပြီး ကျောပိုးအိတ်နဲ့ တချို့ထည့် တချို့ကို လက်ကဆွဲ … အိမ်ပြန်ရောက်တော့ လျှာထွက်နေပြီ … အလေးအပင်တွေ မသယ်မပိုးတာကလည်း ၁၅ နှစ်လောက်ရှိပြီဆိုတော့ … လက်တွေနာ … ပုခုံးတွေနာနဲ့ … ခဏထိုင်နားနေရင်း … ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က … အဲလို လက်တွေနာ ပုခုံးတွေနာခဲ့ဖူးတဲ့ နေ့တရက်ကို … ပြန်သတိရသွားမှ … ထခုန်မိမတတ် ဖြစ်သွားတယ် … 
ကြည့်စမ်း ၂၃ နှစ်တောင် ရှိခဲ့ပါပကောလား …
ဟုတ်တယ် …
ရှေ့လ ၈ ရက်ဆို ၂၃ နှစ်ပြည့်ပြီပေါ့ … နှင်း … 
အထူး စစ်သင်တန်းတခုကို တက်နေချိန်တုန်းကပါ … တနေ့တော့ တခြား ရဲဘော်တဦးနဲ့အတူ မနက် ၂ နာရီကနေ ၄ နာရီ ကင်းရှည် တာဝန်ကျတယ် … အိပ်လို့ကောင်းနေတုန်း အချိန်ကြီး … မနက် ၁ နာရီ ၄၀ လောက်မှာ … ကင်းမှူးက လာနှိုးပြီး ကင်းချိန်းဖို့ လွှတ်လိုက်တယ် … သင်တန်းကလည်း တက်နေတုန်းဆိုတော့ … မနက် ၅ နာရီကနေ ညနေ ၆ နာရီ တန်းဖြုတ်ချိန်ထိ … တနေကုန် ပြေးလွှားလှုပ်ရှားထားတဲ့ ခန္ဓာကိုယ်ဟာ … ဘယ်လိုနေမလဲ၊ စဉ်းစားသာကြည့် … အိပ်ရေးကလည်း မဝ … ခန္ဓာကိုယ်တခုလုံးကလည်း လေးလံနာကျင်ကိုက်ခဲ … ကင်းထိုင်တဲ့ ကတုတ်ကျင်းထဲရောက်တော့ ဇန်နဝါရီနှင်းတွေကလည်း သည်းလို့ … ဘာပြောကောင်းမလဲ … ကင်းအတူကျတဲ့ ရဲဘော်နဲ့ … ၂ ယောက် အတူ စက်တော်ခေါ်ပစ်လိုက်ကြတာ … နောက်ကင်းချိန်းနဲ့လိုက်လာတဲ့ ကင်းမှူး အတင်းလှုပ်နှိုးမှ မျက်စေ့ ပွင့်ကြတော့တယ် … စဉ်းစားသာ ကြည့်ပေတော့… မနက်မိုးလင်း ကင်းရှည်ဟာ … စစ်ရေးမှာ အရေးအကြီးဆုံး … ရန်သူသာဆိုရင် ကိုယ်တို့ ၂ ယောက်ကို နှာခေါင်းညှစ်ပြီး သတ်သွားလောက်ပြီ … ကင်းမှူးကတော့ ပြစ်ဒဏ်ကျ စာရင်းထဲ ထည့်လိုက်တယ် … ညနေ တန်းဖြုတ်မှ ပြစ်ဒဏ်ခံရမယ်ဆိုတော့ တော်ပါသေးရဲ့လို့ တွေးနေမိတယ် … ကင်းလဲတော့ မနက် ၄ နာရီတန်းစီချိန်က မနက် ၅ နာရီဆိုတော့ … ပြန်အိပ်လို့ကလည်း မဖြစ်တော့ဘူးဆိုပြီး စစ်ရေးပြကွင်းနားမှာ ဆေးလိပ်ထိုင်သောက် … ထုံးစံအတိုင်း ပေါက်ကရ ရီစရာတွေ ပြော … ဟော … နောက်တော့ … မနက် ၅ နာရီတန်းစီ … ပီတီ ပြေး… စစ်ရေးပြ … လက်နက်ငယ် … လက်နက်ကြီး … ဖောက်ခွဲရေး … မြေပုံ … မဟာဗျူဟာ … နည်းဗျူဟာ … တောတွင်း ရှင်သန်ရေး … အရေးပေါ်သူနာပြု … အို … စုံတကာ့ကို စုံလို့ … ညနေ ၆ နာရီ တန်းဖြုတ်ချိန် ကုန်တော့ … မနက်က ကင်းအိပ်တဲ့ ကိုယ်တို့ ၂ ယောက်ကို … ကင်းမှူးက တာဝန်မှူးလက်ထဲ အပ်လိုက်ပါတယ် … (နေရောင် တောင်စွယ်မှာကွယ်ပြီလေ … ကိုယ်တို့ ၂ ယောက် အားငယ်နေကြပုံများ … ညည်းကို ပြချင်တယ် … နှင်း …)
“လာခဲ့ကြ… ကာလနဂါးကြီးများ …” ဆိုတဲ့ တာဝန်မှူးကြီးရဲ့စကားကို ကိုယ်တို့ ၂ ယောက်က စပ်ဖြီးဖြီးကြီးတွေ ရယ်မိကြပါတယ် … “မင်းတို့ ၂ ကောင်ကို … ဒဏ်မပေးပါဘူး … စစ်ကြောင်းက လက်ဆောင် ၃ ခုစီပဲ ပေးမှာပါ … ဒါပေမယ့် ခု ငါ့ လက်ဆောင်လေးတခုတော့ ပေးပါရစေဦး …” ဆိုတာနဲ့ “ဟုတ် … ဗိုလ်ကြီး …” ပါပေါ့။ ၂ ယောက်ပြိုင်တူ အော်နေတုန်း … ဗြုန်းဆို တယောက်တချက်စီ အလစ် ဇက်ပိုးအုပ်တာ ခံလိုက်ရတယ် … လူတွေလည်း ပူထူသွား … “ခု ဇက်ပိုးအုပ်လိုက်သလိုပဲ … စစ်မှာ အလစ်အငိုက်ဆိုတာ ရှိတယ် … မင်းတို့ထိုင်တဲ့ကင်းရှည်ဟာ စစ်မှာ လက်ဦးမှုယူပြီး အလစ်အငိုက် တိုက်တဲ့အချိန် … ဒါဟာ သင်တန်းပေမယ့် လက်တွေ့စစ်မြေပြင်လို လေးလေးနက်နက် တာဝန်ယူအောင် လေ့ကျင့်ပေးနေတာ … စစ်မြေပြင်မှာ မင်းတို့ ကင်းအိပ်နေလို့ရှိရင် ရန်သူက အလွယ်တကူ သတ်သွားမယ် … ထိုးထားတဲ့ ကင်းရှည်ကို ရန်သူက ရှင်းပြီးမှတော့ စစ်ကြောင်းတကြောင်းလုံးကို အလစ်အငိုက် ရသွားပြီဆိုတော့ မင်းတို့ရဲ့ ကင်းအိပ်မှုဟာ တာဝန် ဘယ်လောက်ပေါ့လျော့သလဲဆိုတာ စဉ်းစားကြည့်ကြစမ်း …” ဆိုတဲ့ သူ့စကားနောက်မှာ … “ဟုတ်…. ဗိုလ်ကြီး …” လို့ပြောတဲ့ ကိုယ်တို့ ၂ ယောက်ကို ကျောပိုးအိတ်တလုံး … လက်ဆွဲသံသေတ္တာ ၂ လုံးစီ ပေးပါတယ် … ပြစ်ဒဏ်က သိပ် မခက်ပါဘူး … အဲသည် ကျောပိုးအိတ်ကလေးကို လွယ် … သံသေတ္တာလေး ၂ လုံးကိုဆွဲပြီး စစ်ရေးပြကွင်း ကို ၁၅ မိနစ် ပတ်ပြေးရမှာပါ …
ဒါနဲ့ ကျောပိုးအိတ်ကလေးကို ကောက်မလိုက်တော့ … ဒင်းက တော်ရုံနဲ့ကြွပါမလာဘူး … ဒါနဲ့ ကျောပိုးအိတ်အဖုံးလေး အသာလှပ်ကြည့်လိုက်တော့ အထဲမှာ သဲတွေအပြည့်ဗျား … 
တတ်နိုင်ဘူးလေ … ကင်းအိပ်ထားမိမှတော့ လွယ်ရတော့မှာပေါ့ဆိုပြီး အတွင်းအား အကုန်သုံးပြီး မလို့ လွှဲလွယ်ပစ်လိုက်တော့ ကျောပေါ်ရောက်သွားတယ် … ပုခုံး ၂ ဖက်ကတော့ အိခနဲ ကျသွားလေရဲ့ …
ဒါနဲ့ နောက် သံပုံးလေးတခုကို အသာမကြည့်တော့ အဲသည့် ဘသားချောကလည်း မကြွဘူး … ဒါနဲ့ အဖုံးဖွင့်ကြည့်လိုက်တော့ အထဲမှာ ၇.၆၂ မမ စက်လတ်ကျည်တွဲက သေတ္တာအပြည့် … အဲ ကျည်တွဲလေးတွေ သံသေတ္တာထဲ ယှဉ်တွဲအိပ်နေကြပုံက မိခင်နဲ့ကလေး ဆေးရုံမှာ မွေးကာစ ကလေးလေးတွေ တန်းစီ အိပ်နေကြသလိုမျိုးလေး … သူတို့ ဘာမှ အပြစ်မရှိသလိုလို … သူတို့က မပေါက်ကွဲတတ်သလိုလို … လူမသတ်တတ်သလိုလို … (ကြုံတုန်း ကဗျာဆန်ဆန်တွေးကြည့်မိရင်း …) 
အင်း … ငါတော့ ဘဝပျက်ပြီလို့ … စိတ်ထဲ စဉ်းစားပြီး ကိုယ့်ကိုယ်ကို သနားလိုက်မိတာ အော်တောင် ငိုချင်တယ် …
‘အိုး … ပျက်လက်စနဲ့တော့ မထူးပါဘူး …’ လို့တွေးပြီး နောက် သံသေတ္တာတလုံးကို ဖွင့်ကြည့်တော့ … အထဲမှာ နာနတ်သီးတွေရော … ပန်းသီးတွေရော … မင်းဂွတ်သီးတွေရော … သံပုရာသီးတွေရော … စုံတကာ့ကို နှံ့လို့ … Produce Department တွေက လုပ်တတ်တဲ့ … Fruit Medley တွေ ကျနေတာပဲ … (စားဖို့ သစ်သီးတွေ မဟုတ်ဘူးနော် … လက်ပစ်ဗုံးတွေ … အရွယ်စုံ … အမျိုးအစားစုံ … ) ကဲ … သေရောဗျာ … သည်တခါမှ ကိုယ်မသေရင် နောက် ဘယ်တော့မှ သေဖြစ်မှာ မဟုတ်ဘူး …
ကင်းအတူအိပ်တဲ့ ရဲဘော်ကိုကြည့်လိုက်တော့လည်း မျက်နှာလေးရှုံ့မဲ့လို့ … သူ့ပုံးထဲမလဲ ကိုယ်နဲ့ သိပ်ကွာပုံမရပါဘူး …
ကဲ … ဝီစီသံ စကြားတာနဲ့ ကျောပိုးအိတ်တနင့်တပိုးကြီးကို လွယ်ထားတဲ့ ကိုယ်ခန္ဓာက လက်နှစ်ဖက်နဲ့ သံပုံး ၂ ပုံးကို စမလိုက်တာနဲ့ လူတကိုယ်လုံးက ကိုင်းညွှတ်ကျသွားတော့တာ … ဟိုအကောင်တွေနဲ့တောင် တူသွားမယ်ထင်တယ် … (လမ်းလျှောက်ရင် ခြေထောက်နဲ့ လျှောက်ပေမယ့် … ကိုယ်ခန္ဓာက ကိုင်းကိုင်း … အကောင်က မဲမဲ … လက် ၂ ဖက်ကလည်း မြေကြီးကို လက်ခုံနဲ့ ထောက်ထောက်ထားတတ်တဲ့ အကောင်ကွာ … ကိုယ် မေ့နေလို့ … သူ့နာမည်က … ချန်ပီယံ ဆိုလား ဘာလား …
ထားပါတော့ … အဲသလိုနဲ့ ၂ ယောက်သား ပြေးကြရတော့တာပဲ … တာဝန်မှူးကလည်း တချိန်လုံး ဝီစီ တရွှီးရွှီးမှုတ်ပြီး အားပေးနေသေးတယ် … 
အမှန်က ကိုယ်တွေက ပြေးနေတာမဟုတ်ဘူး … စစ်ရေးပြကွင်းက သဲတွေကို ခြေထောက် ၂ ချောင်းနဲ့ ယက်ထုတ်ပြီး ရှေ့ကိုသွားနေရတာ … ယက်ကန်ယက်ကန်နဲ့ ပြေးသလိုဖြစ်နေရတာ … ၁၅ မိနစ်ပြည့်သွားတော့ … မျက်လုံးတွေလည်း ပြာနေပြီ … လက်တွေလည်း နာနေပြီ … ခန္ဓာကိုယ်ထဲမှာလည်း အသက်က ရှိနေရုံလေးပဲ ရှိတော့တယ် … အလံတိုင်နားမှာ ၂ ယောက်သား ပစ်လဲလို့ …
အို … အဲသည်ညကတော့ ထမင်းစားလို့ ကောင်းသလားတော့ မေးမနေနဲ့ … နှင်းရေ့ …
(ကင်းအတူ အိပ်ခဲ့ဖူးသော ရဲဘော်ဇော်ဝင်း သို့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက် အမှတ်တရ)
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: