RSS

Ashin Kaung – Waves of Dhamma against the Regime’s Propaganda

01 Aug

ဓမ္မလှိုင်းနဲ့ ဝါဒမှိုင်း
(ဗန်းမော်ဆရာတော်ကြီး သို့ လျှောက်ထားလွှာ)
အရှင်ကောင်း (ရွှေဝါရောင်)
သြဂုတ် ၂၊ ၂၀၁၁
“မင်းကျွမ်းဝင်ခြင်းဂုဏ်ထက် ပြည်သူ့အရေး သာသနာ့အရေးကို ရွပ်ရွပ်ချွံချွံ ဆောင်တော်မူလို့ သမိုင်းဝင်မည့်ဂုဏ်က ပို၍ တန်ဖိုးကြီးလှပါတယ် ဘုရား။ ဘုရားရှင်လည်း သာဓုခေါ်တော်မူမည်မှာ ဧကန်ဖြစ်ပါတယ် ဘုရား။ ဒါကြောင့် ဝါဒမှိုင်းကလွှတ်မြောက်ပြီး …”
သံဃာမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး အမေရိကကိုကြွရောက်လာတော့ ဗုဒ္ဓဘာသာဝင် အများစုကြီးက ဝမ်းသာအားရနဲ့ ကြိုဆိုကြ ဆည်းကပ်ကြတယ်၊ ရတောင့်ရခဲ အခွင့်ထူးကြီးကို ရကြပေတယ်လို့ ကြည်းနူးကြတယ်။ တချို့ဘာသာဝင်တွေကဆို မြန်မာပြည်မှာဆို ဒီလို ဆရာတော်ကြီးကို အနားကပ်ဖို့တောင် မလွယ်ဖူးလို့ဆိုပြီး အချိန်လုကာ သွားရောက်ဖူးမြင်ကြ၊ တရားနာယူကြနဲ့ပေါ့။ နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့ဆိုတာ စစ်အစိုးရ အလိုကျ ဆောင်ရွက်ပေးနေရပြီး သာသနာ့တာဝန်မကျေတဲ့ အဖွဲ့ကြီးရယ်လို့ သတ်မှတ်ခဲ့တာကိုတောင် အမှတ်မရ အားကြတော့ဘူးလေ။

ဒီလို ကိုးကွယ်သူတွေဘက်က ကုသိုလ်ထူးသလို ကိုးကွယ်ခံဆရာတော်ကြီးအနေနဲ့လည်း အမေရိကန်နိုင်ငံဆိုတာ မြန်မာပြည်က သတင်းစာတွေ၊ ရေဒီယိုတွေမှာ ရေးနေပြောနေသလို မဟုတ်ပါလားလို့ မျက်ဝါးထင်ထင် တွေ့မြင်သွားရတဲ့အတွက် ကျေနပ်စရာပါ။

စစ်အစိုးရရဲ့ ဝါဒဖြန့်ခံဘဝက လွတ်မြောက်ဖို့ အများကြီး အထောက်အကူပြုနိုင်မယ် မဟုတ်လား၊ ဘာဖြစ်လို့လည်းဆို … … …
မြန်မာအစိုးရက သံဃာမဟာနာယက အဖွဲ့နဲ့ စစ်တပ်ဝန်ထမ်းတွေကို အဓိကထားပြီး ဝါဒမှိုင်းတွေ တိုက်နေလို့ပါပဲ၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကတော့ ဝါဒမှိုင်းထဲကို အတင်းတိုးဝင်နေသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း ဝါဒဖြန့်ကိရိယာ အစိတ်အပိုင်းတွေဖြစ်နေလို့ အထူးပြောနေစရာ မလိုတော့ပါဘူး။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကတည်းက ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ စိတ်ဓာတ် စစ်ဆင်ရေး (ဆိုက်ဝါး) ကို သင်တန်းပေးနေသူတွေထဲက တဦးဖြစ်တဲ့ ဗိုလ်သန်းရွှေဟာ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးမှာ အဖွဲ့အစည်း အဆင့်အတန်းအလိုက် ဝါဒမှိုင်းတိုက်ရာမှာ ဒီနှစ်ဖွဲ့သာ အဓိကလို့ ယူဆတာကဖြင့် “တော်ပါပေတယ်” လို့ ချီးကျူးရမလိုပါပဲ။
တဖက်က ဝါဒတွေလှိုင်လှိုင်ဖြန့်ပြီး တဖက်က ကိုယ်လုပ်ချင်သလို လုပ်သွားနိုင်ဖို့ ကာကွယ်ပေးမှာက ဒီနှစ်ဖွဲ့ပဲ မဟုတ်လား။ စဉ်းစားကြည့်လေ၊ စစ်တပ်အာဏာသိမ်းကတည်းက လှေပြိုင်ပွဲ၊ လှည်းပြိုင်ပွဲ၊ မြင်းပြိုင်ပွဲ၊ နွားပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အဆိုပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ နောက်ဆုံး ပရိတ်ကြီး ဓမ္မစင်္ကြာပြိုင်ပွဲအထိ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဝါဒတွေဖြန့်ခဲ့ပြီး တဖက်က ၉၀ ခု ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီတွေကို မတရား ဖိနှိပ်ဖြိုခွဲတာတွေကို ဖုံးကွယ်ပြီးသားလည်းဖြစ်၊ ပြည်သူလည်း ငြိမ်ဝပ်ပိပြားနေအောင် လုပ်ထားနိုင်ခဲ့တယ် မဟုတ်လား။
အဲဒီလိုနေရာမှာ ဘာသာရေးအနေနဲ့ရော လက်နက်အင်အားအနေနဲ့ပါ သူ့ကို ဝိုင်းခဲ့ရံခဲ့ကြတာက သံဃာမဟာနာယက အဖွဲ့အသီးသီးနဲ့ စစ်တပ်ကြီးပဲ မဟုတ်လား၊ အဲဒါကြောင့် သံဃာမဟာနာယက အဖွဲ့ဝင်တွေကို “လာဘ သက္ကာရ သိလောက” တွေနဲ့ တမျိုး၊ သူတို့က တိုင်းပြည်ကို ကယ်တင်နေတာပါလို့ ယုံအောင်ဝါဒတွေဖြန့်လို့ တဖုံ၊ စစ်တပ်ကြီးကိုလည်း ရာထူးဌာနန္တရ (စစ်တိုက်တတ်သူကသာ သမ္မတလုပ်ရမယ် စသည်) တွေနဲ့ တသွယ်၊ တို့သာလျှင် တိုင်းပြည်ချစ်တယ်၊ ကျန်သူတွေ အဖျက်သမား စသည်နဲ့ တနည်း၊ အမျိုးမျိုး ဝါဒတွေဖြန့်ခဲ့တယ်။
အဲဒီတော့ အဲဒီအဖွဲ့အစည်းကြီးတွေဟာ တိုင်းပြည် ဘာဖြစ်နေသလဲ၊ ပြည်သူတွေ ဘယ်အခြေ ရောက်နေသလဲ ဆိုတာတွေကို အမှန်အတိုင်း မသိကြတော့ဘူး၊ စစ်အစိုးရပြောတာသာ အမှန်၊ လုပ်တာသာ အဟုတ်လို့မြင်ပြီး ခိုင်းသမျှတွေကို လုပ်၊ စေသမျှတွေကိုပြုပြီး တော်၏၊ မတော်၏ စဉ်းစားရကောင်းမှန်းပင်မသိတဲ့ အခြေတောင်ရောက်ကုန်ကြတာပေါ့။ ဘယ်လောက် ရင်နာဖို့ကောင်းသလဲ ဆိုရင် ကျောင်းသားပြည်သူကို ပစ်ခတ်သတ်ဖြတ်၊ ရဟန်းသံဃာကို ရိုက်နှက်ဖမ်းဆီး ညှဉ်းပန်း ထောင်ချတာတွေကိုတောင် ပြုလုပ်ကောင်းတဲ့ အမှုတွေရယ်လို့ ထင်မြင်နေကြပြီလေ။
ဒီတော့ ပြည်သူလူထု တိုင်းရင်းသားတွေက သံဃာမဟာနာယက အဖွဲ့ကြီးကိုလည်း မကြည်ညိုနိုင်တော့၊ မဟာနာယကအဖွဲ့ဆိုတာ ဘာမှ မဟနိုင်တဲ့ ပါတာဖတ် အဖွဲ့လို့ ပြောကြတယ်၊ စစ်တပ်ကြီးကိုလည်း ရွံ့ရှာမုန်းတီးလိုက်ကြတာ၊ စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်ဘူးလို့ပြောတဲ့ အဆင့်ကိုရောက်ရော။ ပြည်သူ ရွံ့မုန်းပြီဆိုရင် တော်တော်နဲ့ကုစားလို့ မပျောက်နိုင်ဘူး။ နမူနာပြရရင် ဘုမသိ ဘမသိနဲ့ သရုပ်ဆောင်ရရင်ပြီးရောဆိုပြီး ဝါဒဖြန့် ဇာတ်ရုပ်လုပ်လိုက်မိတဲ့ ဝိုင်းစုခိုင်သိန်းတို့လို့ သရုပ်ဆောင်လေးတွေက သက်သေပဲလေ။ အခု ဆရာတော်ဘုရားကြီး ရောက်ခိုက်မှာလည်း အဲဒီလိုများ ဖြစ်ရင် ခက်ရချည်ရဲ့လို့ စိုးထိတ်မိတာ အမှန်ပါ။ ဒါပေမယ့် ပြည်သူက စစ်အစိုးရလို မရိုင်းပါဘူး။ ကိုးကွယ်ရာနဲ့ နိုင်ငံရေးကို နေရာအလိုက် စည်းခြားရာမှာ စစ်အစိုးရထက်တောင် လိမ်မာပါတယ်။
အခု ဆရာတော်ကြီးကို ဝါဒမှိုင်းမိနေသူလို့မထင်ဘဲ ကိုးကွယ်ရာအဖြစ် ဆည်းကပ်ကြတာကဖြင့် တကယ့်သဒ္ဓါစစ် သဒ္ဓါအမှန်ပါ။ စစ်အစိုးရ အဆက်ဆက်လို ‘အကျိုးလိုလို့ ညောင်ရေလောင်း’ တဲ့ အသုံးချ ဆည်းကပ်မှုမျိုး မဟုတ်ပါဘူး။ ဒီလို ပြည်သူ့ကိုးကွယ်မှုနဲ့ စစ်အစိုးရရဲ့ ချဉ်းကပ်မှုကို နှိုင်းယှဉ်ပြီး ဝါဒမှိုင်းအောက်က ရုန်းထွက်တော်မူကြစေချင်ပါတယ်။ အခုလို ဝါဒမှိုင်းမိသူတွေရယ်လို့ ခေါ်ဆိုလိုက်တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ သာဓကဆောင်ရရင် ဒီ ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြုံတဲ့အကြောင်းအရာကိုပဲ တင်ပြလိုက်ပါရစေ။
တနေ့မှာ ဆရာတော်ကြီးက သူဆီရောက်လာတဲ့ ဒု သမ္မတ ၂ ဦးကို သြဝါဒပေးပါသတဲ့၊ လူဘဝမှာ သေခါနီးကာလ မရဏသန္နဇော စောရာကာလက အရေးအကြီးဆုံးပဲ၊ ကုသိုလ်အားကောင်းသူအဖို့ ကုသိုလ်ဇောတွေဖြစ်ပေါ်ပြီး သုဂတိဘဝကိုရောက်နိုင်သလို အကုသိုလ်အားကြီးသူတွေဟာလည်း အကုသိုလ်ဇောတွေထင်လာပြီး အပါယ်ဒုဂ္ဂတိကျတတ်တယ်။ ဒါကြောင့် ဒကာတို့ဟာ ၂၀၀၇ စက်တင်ဘာတုန်းက သံဃာတော်တွေကို ပစ်မှားကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဝန်ချ တောင်းပန်သင့်ကြတယ်လို့ မိန့်လိုက်တော့၊ အဲဒီ ဒုသမ္မတတွေက သူတို့ အထက်သမ္မတကို ပြောပြတဲ့အခါ သမ္မတကိုယ်တိုင်လာပြီး ဝါဒဖြန့်သွားပုံက သံဃာတော်တွေကို သူတို့ မပစ်မှားပါကြောင်း ဆရာတော်ကြားတဲ့ စကားတွေဟာ သတင်းမှားတွေဖြစ်ကြောင်း TV မှာ မြင်ရတဲ့ ရုပ်ပုံတွေဟာလည်း ကွန်ပျူတာနဲ့ ဖန်တီးထားတာတွေသာဖြစ်ကြောင်း ပြောင်လိမ်ပါတော့တယ်။ ဆရာတော်ကြီးဟာလည်း ဘက်ပြိုင်မပြောလိုတော့လို့ နှုတ်ဆိတ်နေတော်မူခဲ့တယ်တဲ့။ ဒါတောင် ဒီအကြောင်းတွေကို ပြည်ပမှာ မဟောပြောခဲ့ပါနဲ့လို့ နှုတ်ပိတ်သွားသေးသတဲ့။ 
ဒါက သံဃာကို ဝါဒဖြန့်ပုံတွေထဲက တခုပေါ့။ စစ်တပ်ကို ဝါဒဖြန့်ပုံ သက်သေတခုပြရရင် ပင်စင် ပေးခံထားရတဲ့ ဗိုလ်မှူးကြီးတယောက်၊ သူ့ထံကို အရာရှိစစ်ဗိုလ်ငယ်တွေ ရောက်လာပါရော။ အဲဒီအခါမှာလည်း ဗိုလ်မှူးဟောင်းက အထက်မှာ ဆရာတော်ကြီးပြောသလို သံဃာတော်တွေကို ပစ်မှားတာ မကောင်းကြောင်း၊ စိတ်မကောင်းကြောင်းပြောပြလိုက်တော့ စစ်ဗိုလ်ငယ်တွေက အစ်ကိုကြီး အဲဒီသတင်းတွေမယုံနဲ့၊ BBC၊ VOA ညာနေတာ၊ ပုံတွေကလည်း ကွန်ပျူတာနဲ့ ဖန်တီးထားတာတဲ့၊ စစ်ဗိုလ်ဟောင်းကြီးခမျာ အံ့သြကျန်ခဲ့ရတယ်။ အရာရာတိုင်း ကွန်ပျူတာနဲ့လုပ်လို့ရတယ်လို့ ထင်နေတဲ့ သူ့စစ်ဗိုလ်ငယ်တွေရဲ့ အသိဉာဏ်ကိုလည်း တို့ထက်တောင် ဆိုးသွားပါရောလားလို့ တွေးလိုက်သတဲ့။ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေပါ။
ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေ ထင်တိုင်းထုတ်ပြီး အာဏာကို ဆုပ်ကိုင်သွားလိုက်တာ တိုင်းပြည်ကို ဖွတ်ဖွတ်ညတ်ညတ်ကြေရော။ “လိမ်ညာတတ်သူဟာ ကျန်တဲ့ မကောင်းမှုတွေကိုလုပ်ဖို့ ဝန်မလေးတော့ဘူး” ဆိုတဲ့ ဘုရားစကားတော်ကို ဆင်ခြင်ပြီး ဗန်းမော်ဆရာတော်ဘုရားကြီးအနေနဲ့လည်း တိုင်းပြည်ကို ပြန်ရောက်တဲ့အခါ ပြည်ပနိုင်ငံတွေရဲ့ ပကတိအခြေအနေတွေနဲ့ နိုင်ငံခြား မုန်း နိုင်ငံခြား ကြောက်ရောဂါစွဲနေတဲ့ စစ်အစိုးရ ခေါင်းဆောင်းဟောင်းတွေနဲ့ လက်ရှိ ရုပ်သေးအစိုးရကို ဆုံးမသြဝါဒ ပေးပါရန် ရိုသေစွာ လျှောက်ထားလိုက်ပါတယ် ဘုရား။
သမိုင်းကိုပြန်ကြည့်ရင် တိုင်းပြည်အရေးတိုင်း အရေးတိုင်း ဦးမလေးတတ်တဲ့ ပုဂံခေတ်က ပံသကူ မထေရ်၊ ရှင်ဒိသာပါမောက္ခ မထေရ်၊ အင်းဝခေတ်က စကြိုသူမြတ်ထေရ်၊ ကိုလိုနီးခေတ်က ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရထေရ်တို့ရဲ့ လမ်းကြောင်းအတိုင်း လျှောက်တော်မူကြစေချင်ပါတယ်ဘုရား။ “မိချောင်းမင်း ရေခင်းပြ ဘုန်းကြီး စာချ” တယ်လို့ မမှတ်ယူကြစေချင်ပါ ဘုရား။ “ရာဇ ဝလ္လဘ” မင်းကျွမ်းဝင်ခြင်းဂုဏ်ထက် ပြည်သူ့အရေး သာသနာ့အရေးကို ရွပ်ရွပ်ချွံချွံ ဆောင်တော်မူလို့ သမိုင်းဝင်မည့်ဂုဏ်က ပို၍ တန်ဖိုးကြီးလှပါတယ် ဘုရား။ ဘုရားရှင်လည်း သာဓုခေါ်တော်မူမည်မှာ ဧကန်ဖြစ်ပါတယ် ဘုရား။ ဒါကြောင့် ဝါဒမှိုင်းကလွှတ်မြောက်ပြီး အမျိုးသားရေး ရင်ကြားစေ့အောင်၊ ဖမ်းဆီး နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်ပေးအောင်၊ တိုင်းရင်းသားတွေနဲ့ စစ်မခင်းအောင်၊ တစုံတယောက်ရဲ့ ကြိုးဆွဲ အစိုးရမဟုတ်ဘဲ ပြည်သူ့အကျိုးလိုလားတဲ့ အစိုးဖြစ်အောင် ဓမ္မလှိုင်းနဲ့ ပြန်လည် ထွန်းပြနိုင်တော်မူပါစေလို့ ခြေစုံဦးခိုက် လျှောက်ထားပါတယ် ဘုရား။
 
Leave a comment

Posted by on August 1, 2011 in Ashin Kaung, Op-Ed

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: