RSS

Maung Lwan Ni – Sugar coated troubles (16)

01 Aug

ဒုက္ခကို ပျားရည်ဆမ်း၍ – ၁၆
မောင်လွမ်းဏီ
သြဂုတ် ၂၊ ၂၀၁၁
အာအက်ဖ်အေ သောတရှင်များခင်ဗျား
ကျွန်တော်တို့နိုင်ငံမှာ အပေါင်ဆိုင်တွေဟာ ကိုလိုနီခေတ်နှောင်းပိုင်းမှာကတည်းက တည်ရှိခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ အပေါင်ဆိုင်ပိုင်ရှင်တွေကတော့ ချစ်တီးကုလားနဲ့ တရုတ်လူမျိုးတွေပါပဲ။ ထိုခေတ်အခါမှာလည်း ချစ်တီးကုလားတွေရဲ့ လယ်သိမ်း မြေသိမ်း၊ ကျွဲသိမ်း နွားသိမ်းခံရတဲ့ လယ်သမားတွေ အတိဒုက္ခရောက်ခဲ့ကြရပုံ၊ မြို့ပြနေသူတွေမှာလည်း တရုတ်အပေါင်ဆိုင်တွေမှာ ရွှေဆုံး၊ ကျောက်ဆုံး ဖြစ်ရတဲ့ ဇာတ်ကြောင်းတွေက ဝတ္ထုတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာ ရေးမကုန် ရိုက်မကုန် ဇာတ်လမ်းတွေပါပဲ။

လွန်ခဲ့တဲ့ နှစ် ၄၀ ကျော် မဆလ အစိုးရလက်ထက်က ကုန်ဝယ်စာအုပ်တွေ ထုတ်ပေးပြီး ပပက လို့ ခေါ်တဲ့ ပြည်သူ့ပစ္စည်းကော်ပိုရေးရှင်း၊ ကသရ လို့ခေါ်တဲ့ ကုန်သွယ်ရေး အရောင်းဆိုင်နဲ့ သမဝါယမဆိုင်တွေမှာ ဆန် ဆီ ဆား က အစ ခွဲတန်းချရောင်းပေးတဲ့ လူသုံးကုန် အိမ်သုံးကုန်ပစ္စည်းတွေကို ဝယ်ယူစေခဲ့တာပါ။ အစောပိုင်းတွေမှာတော့ အောက်ခြေလူတန်းစားတွေဟာ ဆိုင်က ထုတ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို အပြင်မှာ ဈေးပို အမြတ်ပေး ဝယ်ယူတဲ့ ကုန်သည်ပွဲစားတွေ၊ ကုန်စုံဆိုင်ကြီးတွေကို တဆင့်ပြန်ရောင်းပြီး ရတဲ့အမြတ်ကို အိမ်စရိတ်သုံးခဲ့ကြရတာပေါ့။ ဒီ့နောက်မှာတော့ တဆင့်လျော့ပြီး ဆင်းရဲနွမ်းပါတဲ့ လက်လုပ်လက်စား မိသားစုတွေဟာ ဆီစာအုပ် လို့ခေါ်တဲ့ ကုန်ဝယ်စာအုပ်ကို ပေါင်နှံ သုံးစွဲကြတဲ့ ခေတ်တခေတ် ထွန်းကားလာခဲ့ပါတယ်။ စီးပွားရေးစနစ်နဲ့ စီးပွားရေးစီမံကိန်းတွေ မအောင်မြင်မှုရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ကိစ္စတွေကတော့ တန်းစီတိုးစား လူတန်းစားတွေ၊ မှောင်ခိုကုန် ရောင်းဝယ်မှုတွေ ကြီးထွားလာခဲ့တယ်လို့ ဆိုရမှာပေါ့။ တဆက်တစပ်တည်း ပေါ်ပေါက်လာခဲ့တာတွေ ကတော့ ရပ်ကွက်တွေထဲမှာ ငွေရင်းရှိသူတွေက အဆမတန် ငွေတိုးနှုန်းနဲ့ အတိုးချစားတာတွေ၊ နေ့ချင်းပြန်သွင်းရတဲ့ နေ့ပြန်တိုး ငွေကြေးချေးငှားတဲ့ လုပ်ငန်းတွေပါပဲ။ ခေတ်ကာလအရ ငွေချေးပေးသူကိုပဲ ကျေးဇူးတင်နေရတဲ့ ခေတ်အပိုင်းအခြားဆိုပါတော့။

မဆလခေတ်လွန် နဝတ၊ နအဖခေတ်တွေမှာတော့ ကြောက်ခမ်းလိလိဆိုသလို ပေါင်နှံချေးငှား အကျိုးဆောင်လုပ်ငန်းကြီးတွေ တရားဝင်ပေါ်ပေါက်လာတာပါပဲ။ အတိုးချ စားတာတွေ၊ နေ့ပြန်တိုးငွေချေးတဲ့ လုပ်ငန်းတွေဟာ မရှိမဖြစ် အခြေခံလုပ်ငန်းမျိုးဖြစ်နေပြီး မြေပေါင်၊ ခြံပေါင်၊ အိမ်ပေါင်၊ ယာပေါင်၊ တိုက်ခန်းပေါင်၊ ကားပေါင်အပြင် ဘိုးဘွားပိုင် နေအိမ်ဂရံ ပေါင်နှံလာကြတဲ့ထိ ကြီးထွားလာခဲ့တယ်လို့ ဆိုရမှာပါ။ ကျားကြီး ခြေရာကြီးဆိုသလို ယုံသူငယ်လည်း သူ့အထွာ သူ့ခြေရာနဲ့လို့ ပြောရမှာပေါ့။ 
ရန်ကုန်မြို့စွန် က လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွာသာကြီး၊ လေးထောင့်ကန်၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေမှာ နေထိုင်ကြသူတွေရဲ့ထက်ဝက်ကျော်ကျော်ဟာ အခြေခံလူတန်းစားတွေပါ။ အဲဒီ လက်လုပ်လက်စား ကျဘမ်း အလုပ်သမားတွေ၊ အောက်ခြေအလုပ်သမားတွေဟာ ရန်ကုန်မြို့ကို ခက်ရာခဲဆစ်လာပြီး အလုပ်လုပ်ကိုင်ကြရသူတွေပေါ့။ အလုပ်ကလည်း ပုံမှန်ဆင်းရတဲ့ အလုပ်မျိုး မဟုတ်ဘဲ ရရာရှာဖွေ လုပ်ကိုင်ကြရတာမျိုးပါ။ အဲဒီ့လူတွေဟာ မနက်အလုပ်သွားတော့မယ်ဆိုရင် အိမ်မှာရှိတဲ့ ထမင်းအိုး ဟင်းအိုး နဲ့ စောင် ခြင်ထောင်တွေကို ရပ်ကွက်ထဲက အပေါင်ခံတဲ့ အိမ်မှာ သွားပေါင်ပြီး လမ်းစရိတ် လုပ်ကြရပါတယ်။ နေဝင်မိုးချုပ် ပြန်ရောက်လာရင် ပေါင်နှံထားတာလေးတွေ ပြန်ရွေး။ နောက်နေ့မနက် ပြန်ပေါင် စတဲ့ အပေါင် သံသရာလည်နေရတဲ့အကြောင်းဟာ ထူးဆန်းသယောင်နဲ့  အံ့သြစရာမဟုတ်တော့ပါဘူး။
တလောလေးက ကုမ္ပဏီဝန်ထမ်းလောကက အကြောင်းလေးတခုကို ကြားလိုက်မိတော့ ကိုယ့်နဖူး ကိုယ်ရိုက်ရမလို ဖြစ်ခဲ့ရပါတယ်။ ဝန်ထမ်းလောကဆိုတာကလည်း ရတဲ့လစာဝင်ငွေကို ချိန်ဆသုံးစွဲရတဲ့ မိသားစုတွေကိုး။ သားသမီးများတဲ့ အိမ်ထောင်စုတွေကတော့ ဒီခေတ်ကာလ ကုန်ဈေးနှုန်းဒဏ်ကြောင့် အမြဲလိုလို ကသီလင်တ အလျင်မမီ ဖြစ်နေရသူတွေလို့ ပြောရင်မမှားပါဘူး။ ဟိုတပတ်က ကျွန်တော် ရေးသားတင်ပြခဲ့သလို ပညာရေးနယ်ပယ်က ဆရာကြီးတွေ၊ ဆရာမကြီးတွေတောင် လာဘ်လာဘ မျှော်ကိုးတဲ့ ခေတ်ဖြစ်နေတော့ ဝန်ထမ်းလောကကလူတွေလည်း ခြစားတာ၊ အကျင့်စာရိတ္တတွေ ယိုယွင်းလာတာ၊ လက်ဘက်ရည်ဖိုးက အစ ဝမ်းတေဘယ်အလယ် တီဗွီအောက်စက်အဆုံးရသလို ရသလောက်စားဆိုတဲ့ လယ်သလိုစားကြဆိုတဲ့ ဝန်ထမ်းကျင့်ထုံးတွေ ဖြစ်ကုန်ပါတော့တယ်။ ဝန်ထမ်းလောကတခုလုံးကို သိမ်းကျုံးပြောဆိုလိုက်ရပေမယ့် သိက္ခာနဲ့လုပ်ကိုင်ကြတဲ့ ရှားပါး ဝန်ထမ်းတွေလည်း ရှိတော့ရှိနေပါသေးတယ်။ 
ကုမ္ပဏီဝန်ထမ်းလောကက တချို့လစာနည်းတဲ့ ဝန်ထမ်းလေးတွေဟာ ဝန်ထမ်းတိုင်း စောင့်မျှော်တတ်တဲ့ လစာထုတ်ရက်ဆိုတာကို မတောင့်တနိုင်ကြတော့ပါဘူး။ လခထုတ်ရက်ရောက်မှာကိုပဲ သွေးလန့်နေကြသလို ဖြစ်နေကြရတာပါ။ ဘယ်ခေတ်အခါမှာမှ မရှိခဲ့ဘူးတဲ့ လစာကိုကြိုရောင်း သုံးစွဲနေကြတဲ့အဖြစ်က ကြေကွဲစရာ မဟုတ်ပါလား။ ငွေတိုးချေးစားတဲ့သူတွေဆီမှာ လစာကျပ် ၃၀,၀၀၀ကို လလယ်လောက်မှာ ရောင်းတယ်ဆိုပါတော့။ ရောင်းတဲ့အခါ ဝယ်သူက ကျပ် ၂၆,၀၀၀ ပဲ ဈေးပေး ဝယ်ယူတာမျိုးပါ။ လစာထုတ်တဲ့နေ့မှာတော့ ၃၀,၀၀၀ လုံး ထိုးအပ်ပေးပေတော့ပဲလေ။ ငွေတိုးချေးစားသူတွေအဖို့ ဒီလိုအရောင်းအဝယ်ပုံစံကို ပိုကြိုက်နှစ်သက်ကြတာပေါ့။ ၁၅ ရက် ၁၆ ရက်အတွင်း ၄,၀၀၀ မြတ်နေတာကိုး။ သာမန်ချေးငွေ တိုးနှုန်းက ၁၀၀ ကို ၁၀ ပဲဆိုပါတော့။ ၃၀,၀၀၀ ကို အတိုးက ၃,၀၀၀ ပဲ ရတာမဟုတ်လား။ ပေးရမယ့်ရက် အတိအကျမှာလည်း ပေးရပါတယ်။ တရက်ကျော်၊ တရက်စွန်းရင် ရက်ကူးခ ပေးရတယ်လေ။ 
ဒါပေမယ့် လစာရောင်းနေကြရတဲ့ ကုမ္ပဏီဝန်ထမ်းတွေ များလာသလို ငွေတိုးချေးစားတာထက် ပိုမိုတွက်ချေကိုက်တဲ့ လစာဝယ်ရောင်းအလုပ်ကို လုပ်လာသူတွေလည်း အရပ်တကာမှာ တိုးပွားလာနေတယ်လို့ ပြောရမှာပေါ့။ ခုလို မိုးရာသီ ကျောင်းဖွင့်စရက်တွေမှာ ငွေတိုးနှုန်းလည်း မြင့်တက်နေသလို လစာဝယ်ရောင်း ဈေးကွက်ကလည်း အလုပ်ဖြစ်နေကြပါတယ်။ ကျွန်တော်တို့အားလုံး ကြမ်းတမ်းခက်ထန်တဲ့ လူမှုအခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းနေကြရပေမယ့် ဘဝကိုပေါင်နှံဖို့အတွက် ဘယ်သူမှ မစဉ်းစားကြပါဘူး။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၆- ၆ -၂၀၁၁
မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်
 
Leave a comment

Posted by on August 1, 2011 in Maung Lwan Ni, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: