RSS

Yan Win (Taung Da Gar) – Sar Palway

01 Aug

စာပလွေ မောင်းမှာပိုက်ပါလို့
အပိုင်း (၂)
ရန်ဝင်း (တောင်တံခါး)
သြဂုတ် ၁၊ ၂၀၁

စာပေကျမ်းဂန် ပိဋိကတ်တွေ သိုမှီးထားတဲ့ စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေကို ဘုန်းတော်ကြီးကျောင်းတွေထဲက ဇေတ၀န်ဆောင် ပိဋိကတ်တိုက်တွေထဲမှာ သိမ်းရပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ စည်ပင်ဖွံ့ဖြိုးတိုးတက်ထွန်းကားခဲ့တဲ့ ပုဂံခေတ်တုန်းက ဘုန်းတော်ကြီးကျောင်းတွေ မှာတင်မကပဲ ပိဋကတ်တိုက် သီခြားတည်ဆောက်ပြီး သိမ်းဆည်းရလောက်အောင်အထိ စာပေကျမ်းဂန် ပိဋိကတ်တွေ များများစားစား ရှိခဲ့ဖူးတယ်လို့ မှန်းဆရပါတယ်။

ယွန်းပန်းချီရေး စာတိုက်သေတ္တာ


သားရိုးကိုင် ရွှေချ စာတိုက်သေတ္တာ

ပန်းပု ရုပ်လုံးတွေနဲ့ စာတိုက်ဘီရို


ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အထဲမှာ သိုမှီးထားတဲ့ စာပေကျမ်းဂန်တွေကို မဆိုထားနဲ့ ကျောက်၊ အုတ်နဲ့ တည်ဆောက်ထားတဲ့ ပိဋိကတ် တိုက် အဆောက်အဦးကြီးတွေတောင်မှ မူလ ပကတိအတိုင်းမရှိနိုင်တော့ပြီ။ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့တဲ့ ပုဂံမြို့ဟောင်း မြကန်အရပ်က ထိလိုင်မင်းကြီး (ကျန်စစ်သား) ကောင်းမှု စက္ကူတိုက်နဲ့ နှောင်းခေတ်တွေရဲ့ လက်ရာအသစ်က ဖုံးလွှမ်းသွားလို့ နာမည်လောက်ပဲ အနိုင်နိုင် ကျန်ခဲ့ တော့တဲ့ ပုဂံမြို့ဟောင်းက အနိရုဒ္ဓမင်းကြီးကောင်းမှု ပိဋိကတ်တိုက်တွေက ခေတ်တွေရဲ့ ပြောင်းလဲမှု သရုပ်သကန်ကို သက်သေပြနေကြတယ်။

ထိလိုင်မင်းကြီး (ကျန်းစစ်သား) ကောင်းမှု စက္ကူတိုက်၊ မြကန်၊ ပုဂံမြို့ဟောင်း (၁၉၀၅ ခုနှစ်က နောက်ဆုံးမြင်ကွင်း)

အနိရုဒ္ဓမင်းကြီးကောင်းမှု ပိဋကတ်တိုက်၊ ပုဂံမြို့ဟောင်း


ကန့်ကူဆံနဲ့ရေးတဲ့ ရေးစရာပစ္စည်း နောက်တမျိုးကတော့ သစ်သားသင်ပုန်းဖြစ်ပါတယ်။ ကျောက်သင်ပုန်းနဲ့ ကျောက်တံကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးခင်အချိန်အထိ ဘုန်းတော်ကြီးကျောင်းသားတွေမှာ သစ်သားသင်ပုန်းကို အဓိကထားပြီး သုံးခဲ့ကြရတယ်။ ဒီဒူး၊ လက်ပံ၊ ပိန္နဲ စတဲ့ ဘိုင်သား ခေါ် သစ်သားအပွတွေနဲ့ လုပ်လေ့ရှိတဲ့ သစ်သားသင်ပုန်းတွေက ထု ၁ လက်မသာသာ၊ အလျား ၁ တောင်ထွာ၊ အနံ ၁ ထွာလောက်ရှိ ပါတယ်။ အပေါ်ပိုင်းမှာ ကြိုးတပ်ပြီး ချိတ်ဆွဲထားဖို့ အပေါက်တခုပါတဲ့ ‘‘သင်ပုန်းခေါင်း” ပါပါတယ်။ ကိုယ်ရေးမယ့်စာ အနည်းအများပေါ်မှာ မူတည်ပြီး လုပ်ကြတာဆိုတော့ သစ်သားသင်ပုန်းရဲ့အရွယ်အစားက အမျိုးမျိုးပါ။

ပထမဦးဆုံး သစ်သားသင်ပုန်းအသစ်ရဲ့ မျက်နှာနှစ်ဖက်စလုံးကို တတ်နိုင်သမျှ အချောတိုက်ထားတယ်။ အသားပွပွ မရိုးပင်၊ ကနခိုပင်တွေကရတဲ့ မီးသွေး အမှုန့်ကို ထမင်းရည်ပျစ်ပျစ်ဖြစ်ဖြစ်၊ ထမင်းစေ့ပျော့ပျော့တွေနဲ့ဖြစ်ဖြစ် ညက်နေအောင် ကျိတ်နယ်ပြီး တေးထားတဲ့ကော်ကို သစ်သားသင်ပုန်း ပေါ်မှာ အစာတင်တယ်။ နေပူပူမှာလှန်းလို့ သွေ့သွေ့ခြောက်ရင် ကျောက်နဲ့ချောအောင်တိုက်ရတယ်။ နေမပူပဲ မိုးစွေနေတဲ့အခါမျိုးမှာတော့ သင်ပုန်းကို မီးကင်ရပါတယ်။ အဲဒီလိုနဲ့ အစာတင်လိုက်၊ နေပူလှန်းလိုက်၊ ကျောက်တိုင်လိုက် အထပ်ထပ်လုပ်ပြီးတဲ့အခါမှာတော့ စိတ်တိုင်းကျ ချောမွေ့ ပြောင်တင်းနေတဲ့ မျက်နှာပြင်နဲ့ အနက်ရောင် သစ်သားသင်ပုန်းတခု ရပါပြီ။ အဲဒီသစ်သားသင်ပုန်းက ကိုင်ရင်လည်း လက်ကို မပေပါ။

သစ်သားသင်ပုန်း


ကန့်ကူဆံက သဘာဝတွင်းထွက် ပစ္စည်းဆိုတော့ အရွယ်အစားစား၊ အရောင်နဲ့ ပုံစံကလည်းအမျိုးမျိုးပါ။ ကန့်ကူဆံကို သဲနဲ့ ကျောက်ခဲအစ အနတွေမပါအောင် သေသေချာချာရွေးပြီးမှ သတ္တုစွပ်တံမှာဖြစ်စေ၊ ၀ါးတံတခုရဲ့ ထိပ်မှာညှပ်ပြီး ကြိုးနဲ့စည်းလို့ဖြစ်စေ ရေးလို့ရအောင်လုပ်ရတယ်။ ‘‘ကန့်ကူတံ’’ လို့ခေါ်ပါတယ်။

သင်ပုန်းခေါင်းကို ကိုယ်ရဲ့ ဘယ်ဘက်မှာထားပြီး အလျားလိုက် စာရေးရတယ်။ စာလုံးတွေရေးဖို့ စပြီး လေ့ကျင့်ချိန်မှာတော့ ကျောင်းသားရဲ့လက် က မငြိမ်သေးတော့ သင်ပေးတဲ့ဆရာက ကျောင်းသားရဲ့လက်ကိုကိုင်ပြီး စာလုံးတွေရေးတဲ့အခါ ကန့်ကူတံကို ဘယ်လိုလှည့်ရမယ်ဆိုတာ သင်ပြပေးရပါတယ်။ အဲဒီလက်ဦးဆရာကို ကန့်ကူလက်လှည့် ငယ်ဆရာလို့ ခေါ်တာပါပဲ။

‘‘သင်ပုန်း ထန်းရွက်
ပေထက်စီကာ

ရေးသောအခါလည်း

အက္ခရာကို
သေချာလှစေ
စာလုံးကိုလည်း လှလှစေ’’
တိတေလာက ဆုံးမစာ

ရှင်မဟာသီလ၀ံသ
(မြန်မာသက္ကရာဇ် ၈၁၅ – ၈၈၀)

ကန့်ကူလက်လှည့် ငယ်ဆရာဘုန်းတော်ကြီးနှင့် သင်ပုန်းကိုယ်စီနှင့် စာသင်သားများ


စာဝါတက်ချိန်ကိုရောက်ရင် ဘုန်းတော်ကြီးရှေ့မှာ စာအံရ၊ စာပြန်ကြရတယ်။ စာကျေရင် ဆက်ပြီး စာတက်ရမယ်။ မကျေညက်သေးရင်တော့ အရင်နေ့ကစာကို ပြန်ပြီး စာအံကြရပြန်တယ်။

ကိုယ်တိုင်ကူးရေးတဲ့ ‘‘ရေး သင်ပုန်း’’ က စာကိုဖြစ်စေ၊ “ဆို သင်ပုန်း’’ မှာ ဆရာက အသင့်ရေးပေးထားတာကို ကျက်မှတ် စာအံရတာဖြစ်စေ၊ တနေ့တာ စာဝါလိုက်ပြီးလို့ စာကျေပြီဆိုတဲ့အခါ နောက်တနေ့ စာရေးဖို့အတွက် သစ်သားသင်ပုန်းပေါ်က စာတွေကို ဖျက်ပစ်ပြီး သင်ပုန်းချေရတယ်။ ထမင်းရည်နဲ့ မီးသွေးမှုန့် တေထားတာကို သင်ပုန်းပေါ်မှာ သုတ်လိုက်၊ နေပူလှန်းလိုက်၊ ကျောက်နဲ့ အချောတိုက်လိုက်နဲ့ သင်ပုန်းချေပြီးတဲ့အခါ အရင်တုန်းက ရေးခဲ့သမျှ စာဟောင်းတွေ လုံးဝပျောက်ကွယ်သွားပြီး မျက်နှာပြင် အသစ်တခုဖြစ်လာတာပါပဲ။ ဒီကနေ့ ပြောဆို သုံးစွဲနေကြတဲ့ ‘‘သင်ပုန်းချေတယ်’’ ဆိုတဲ့စကားရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။

ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း


ရှေးခေတ်အခါက အိမ်ကနေပြီး ကျောင်းတက်တဲ့ နေ့ကျောင်းသားမျိုးက ရှားပါးပါတယ်။ ကိုရင်၊ ဦးပဉ္စင်းတွေလိုပဲ စာသင်သား၊ ကျောင်းသားတွေ က ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ကြပြီး စာသင်ကြတယ်။ ဆွမ်းခံချိန်မှာ သံဃာတော်တွေ စီတန်းလို့ ရပ်ထဲရွာထဲကို ဆွမ်းခံကြွကြတဲ့အခါ ကျောင်းသားတွေက ဆွမ်းတော်ဗျို့လို့ ဟစ်ကြရပေလိမ့်မယ်။

ဆွမ်းတော်ဗျို့


ရှင်ပြုပြီးတဲ့အခါ ငယ်ရွယ်သူတွေက ‘‘မောင်ရင်’’၊ ရွယ်တူတွေက ‘‘ကိုရင်’’၊ ကြီးသူတွေက ‘‘ဦးရင်’’ ရယ်လို့ ဖြစ်သွားကြပြီ။ အဲဒီအခါ အိမ်မှာမနေရတော့ ပဲ ဘုန်းတော်ကြီးကျောင်းကို သွားနေရပြီ။ ဦးပဉ္စင်းတွေနဲ့အတူ မောင်ရင်၊ ကိုရင်၊ ဦးရင်တို့လည်း သပိတ်ကိုပိုက်လို့ ကျောင်းကိုလိုက်ကြရပေမယ်။

သပိတ်ကိုပိုက် ကျောင်းကိုလိုက်


ဘုန်းတော်ကြီးကျောင်းဆိုတာ ကျောင်းသစ်၊ တိုက်သစ်၊ ကျောင်းဟောင်း၊ တိုက်ဟောင်း အမျိုးမျိုးရှိလေတော့ တခါတလေလည်း ကျောင်းကြီးက အို၊ ကျောင်းလက်ရန်းတွေကပြို၊ ကျောင်းခေါင်မိုးကလည်း မလုံလေတော့ မိုးတွေက တခြိမ့်ခြိမ့်နဲ့ စွေ့ပြီးရွာလာရင် မိုးရေးရွှဲရွှဲစုတဲ့အတိုင်းပဲ နေကြ ရပြန်တယ်။

‘‘လက်ရန်းငယ်ပြို
ရှင်လူပျိုးတည်းကတည်းက

ကျောင်း စိုလို့ရွှဲ”

ဗျောညွှန့်

လက်ရန်းငယ်ပြို ကျောင်းကြီးကအို


ရည်းစားအရာ မရောက်တရောက်မှာ ခွဲထားခဲ့ရတဲ့ မမလေးအတွက် သံယောဇဉ်တွေ တလှေကြီးနဲ့ နောက်ဆံတင်းနေမိသူ ပုထုဇဉ် ဦးရင်အဖို့မှာ တော့ ကျောင်းဆီကိုသွားရာလမ်းတလျှောက်လုံး လွမ်းစရာတွေချည်းပဲ ဖြစ်နေပေလိမ့်မည်။

အရှေ့ဆီကိုလျှောက်ပါလို့ အနောက်ကိုတဲ့ ပြန်ပြီး ရှုမျှော်လိုက်ရင်လည်း ဟိုးအဝေးအရပ် ရွာဦးဆီမှာ တံခွန်တိုင်တွေက တံခွန်လုံးတွေ၊ ကုက္ကားတွေ လေထဲမှာ တလွင့်လွင့်နဲ့ ဘုရားအဆူဆူကို လွမ်းမောစရာ မြင်ရပေလိမ့်မယ်။

အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်


သားကိုရင်ကြီးကို ဆရာတော်ကျောင်းထိပ်အထိ လိုက်ပု့ပြီးတော့ ရွာအ၀င်လမ်း ဆီ ပြန်သွားလေ တဲ့ မွေးသ မိခင်က မျှော်လင့်တကြီးနဲ့ ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်းရယ်လို့ မှတ်မှတ်ရရ သတိပေး လို့ မေးခဲ့သေးတယ်။

မမလေးတို့ ပျို့ဦးရင် ခမျာမှာတော့ မွေးသမိခင် အမြတ်တနိုးပေးလိုက်ရှာတဲ့ စာပလွေကို လက်မောင်းမှာ ကျပ်ကျပ်ပိုက်ပြီး သာတောင်းသာယာရှိလှတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လှမ်းဝင်ခဲ့ရရှာလေပြီ။

အ၀င်မှာ သာပေတောင်း ဗောဓိရွှေကျောင်း


“မြို့လယ်က မဏ္ဍပ်
အရပ်မှာတဲ့ ကုသိုလ်
ကျောင်းကြီးရယ်အို။

လက်ရန်းငယ်ပြို
ရှင်လူပျိုတည်း ကတည်းက
ကျောင်းစိုလို့ရွှဲ။

အရှေ့ကိုလျှောက်ပါလို့
အနောက်ကယ်တဲ့ မျှော်လိုက်ရင်
တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားကိုမြင်။

စာပလွေမောင်မှာ ပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာ ဘယ်နှစ်ပါ မောင်သင်မတုန်း
မေလေးကို သံချိုနှောလို့ ပြောခဲ့ပါဦး။

မမလေးတို့ ပျို့ဦးရင်
အ၀င်မှာ သာပေတောင်း
ဗောဓိရွှေကျောင်း’’

ဗျောညွှန့်၊ ကျေးလက်တေး
အမည်မသိ ရှေးစာဆို


အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

  • ၁။ မြန်မာ့ရိုးရာ ကျေးလက် မြန်မာမှုဓလေ့များ၊ အတွဲ – ၁၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဒီဇင်ဘာ၊ ၂၀၀၉။
  • ၂။ သမိုင်းတံခွန်ဂျာနယ်၊ အတွဲ – ၂၊ မြန်မာနိုင်ငံ သမိုင်းကော်မရှင်၊ ၁၉၆၀
  • ၃။ Pictorial Guide to Pagan: 1971
  • ၄။ ဗျောညွှန့်၊ ကျေးလက်တေး အသံဖိုင်၊ သီဆိုသူ – ရွာစားကြီး စိန်ဗေဒါ
  • ၅။ ဗျောညွှန့်၊ ကျေးလက်တေး အသံဖိုင်၊ သီဆိုသူ – တယော ဦးတင်ရီ
  • ၆။ ဘုန်းကြီးကျောင်း၊ ဘုရားစေတီ၊ ပေစာ ဓာတ်ပုံများ၊ အင်တာနက်
ပြီးပါပြီ
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: