RSS

Letters from Michigan – 79

04 Aug

မစ်ရှီဂန်ကပေးတဲ့စာ (၇၉)
အောင်ဝေး
သြဂုတ် ၅၊ ၂၀၁၁

မာဂရက်မစ်ရှယ်
လေရူးသုန်သုန်၏ မူရင်း ဖန်တီးရှင်

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့များလည်း သာပါစ။ ဒီတခါတော့ မာဂရက်မစ်ရှယ် အကြောင်း ပြောမယ်လို့ စိတ်ကူးမိပါရဲ့ ။ မာဂရက်မစ်ရှယ် ဆိုတာက ကမ္ဘာကျော် အမေရိကန်စာရေးဆရာမကြီး မာဂရက်မစ်ရှယ်ပဲပေါ့ ဗျာ။ သူဟာ တသက်မှာ စာအုပ်တအုပ်ပဲရေးခဲ့ပြီး၊ အဲဒီတအုပ်ကလည်း ကမ္ဘာကျော်ခဲ့တယ် မဟုတ်လား။

ကျနော်တို့မြန်မာ စာဖတ်ပရိသတ်တွေဟာ မာဂရက်မစ်ရှယ်လို့ ပြောလိုက်ရင်ပဲ သူ့ ရဲ့ ကမ္ဘာကျော် Gone With The Wind (လေရူးသုန်သုန်)၀တ္ထုကြီးကို တန်းပြီး သိကြပါတယ်။ Gone With The Wind ကို ဆရာတင်ထွေးတို့၊ ဆရာမြသန်းတင့်တို့ ဘာသာပြန်ပေးခဲ့လို့ကျနော်တို့မြန်မာ စာဖတ်ပရိသတ်တွေ ဖတ်ပြီး အကြိုက်တွေ့ ခဲ့ကြတယ်။

ဒီနေရာမှာ စကားကြုံလို့ ကျနော့်ကိုယ်တွေ့ ကလေး ထည့်ပြောရရင်၊ ဆရာ မြသန်းတင့်ဘာသာပြန်တဲ့ လေရူးသုန်သုန် စာအုပ်ကြီး ထွက်လာတဲ့အချိန်က၊ ကျနော်တို့ ပုသိမ်ကောလိပ်၇၆ မတ်လ အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေနဲ့ ပုသိမ်ထောင်ထဲ ရောက်နေတဲ့အချိန်ပေါ့ ဗျာ။

နေ့ မအိပ်၊ ညမအိပ်၊ လက်က မချတမ်းဖတ်ရတဲ့ အဲဒီစာအုပ်ကြီးကို မှတ်မှတ်ရရ ပုသိမ်အကျဉ်းထောင်ထဲမှာ ဖတ်ခဲ့ရတာပါ။ ပြောဦးမယ် ကိုဒေါင်းရေ … ဒီတုန်းက ကျနော်တို့ အမှုတွဲ နိုင်ငံရေး ကျောင်းသားတွေက (မိန်းမထောင်ဘက်က ကျောင်းသူ သုံးယောက်မပါ) ကြိုးတိုက်ထဲမှာအားလုံးပေါင်း (၁၈) ယောက်ရှိတယ်။
ဈေးတော်တော်ကြီးတဲ့ လေရူးသုန်သုန် စာအုပ်ကြီးကို တဦးတည်း ငွေကြေး စိုက်ထုတ်ပြီး ၀ယ်တာက မြောင်းမြသားမြင့်ဝေ။ ပုသိမ်မြို့ ၊ မင်းကြီးလမ်း၊ ထွန်းမြင့်စာပေက ၀ယ်တာ။ ကျနော်တို့ (၁၈) ယောက်စလုံးကလည်း ဒီစာအုပ်ကို ဖတ်ချင်နေကြတာ ဆိုတော့ မဲလိပ် နှိုက်ပြီး အလှည့်နဲ့ ဖတ်ခဲ့ရတာပါ။

ဒီတုန်းကတော့ ၁၉၇၆-၇၇-၇၈ အဲဒီကာလ ကျနော်ဆို ပုသိမ်ထောင်ထဲမှာ တရားဝင်ထုတ်ဝေထားတဲ့စာအုပ်တွေ သွင်းခွင့် ဖတ်ခွင့် အပြည့်အ၀ ရှိသေးတဲ့ အချိန်ပေါ့ ။ ထောင်ထဲမှာ စာဖတ်တာဟာ၊ ရန်သူကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ ခွန်အား မွေးတာ တမျိုးပါပဲ။ ကျနော်တို့ကျောင်းသားတွေ ကြိုးတိုက် အခန်းကျဉ်းလေးထဲက ကိုယ့်အိပ်ရာ ခေါင်းရင်းမှာ စာအုပ်တွေ အပုံတိုက်ထားပြီး နေ့ မအိပ်၊ ညမအိပ် ဖတ်ခဲ့ကြတာပါ။

ဒီတုန်းက ပုသိမ်ထောင်ပိုင်ကြီးကလည်း အတော့်ကို သဘောထား ပြည့်ဝပါတယ်။ ကျနော်တို့သွင်းချင်တဲ့ တရားဝင် စာအုပ်မှန်သမျှကို လျောလျောလျူလျူ ခွင့်ပြု လက်မှတ်ထိုးပေးခဲ့တာချည်းပါပဲ။ တရားမ၀င်တဲ့ စာအုပ်တွေကိုတော့ ကျနော်တို့ အောက်လမ်းနည်းနဲ့ သွင်းကြရတာပါ။

အဲဒီလိုတရားမ၀င်တဲ့စာအုပ်တွေ (ဥပမာ-မတ် အိန်ဂျယ် လီနင် စတာလင် လက်ရွေးစင်ကျမ်းတို့၊ မော်စီတုန်းစုပေါင်းကျမ်းတို့လို ဟာမျိုးတွေ) ကိုတော့၊ ထောင်ထဲမှာ အခါအားလျော်စွာ တလာစီတယ်လို့ခေါ်တဲ့ ရှောင်တခင် ရှာဖွေရေး လာရင် မမိအောင်၊ နည်းလမ်း ပေါင်းစုံနဲ့သိမ်းရ၀ှက်ရတာကလည်း ထောင်ထဲက အရသာတမျိုးပေါ့ ဗျာ။

ဒါထားလိုက်တော့။ လိုရင်းက … ဒီမှာ အမေရိကမှာပေါ့ ကိုဒေါင်း…။ မာဂရက်မစ်ရှယ်ရဲ့ လေရူးသုန်သုန် ၀တ္ထုကြီး ထုတ်ဝေခဲ့တာ (၇၅) နှစ်ပြည့်တဲ့ အခါသမယဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာကျရောက်ခဲ့တယ်။ ၇၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ နိုင်ငံတကာက စာဖတ် ပရိသတ်တွေက၊ ဟိုးလွန်ခဲ့တဲ့(၇၅)နှစ်က မာဂရက်မစ်ရှယ် လေရူးသုန်သုန် (Gone With The Wind) ၀တ္ထုကြီးကို ရေးသားခဲ့တဲ့ အတ်တလန်တာမြို့ က နေအိမ်ကို စုဝေး ရောက်ရှိလာကြတယ်။

ဒီ အတ်တလန်တာအိမ်ကြီးက တယောက်ခန်း ကျဉ်းကျဉ်းကလေးတခု။ ဧည့်ခန်းပြတင်းပေါက်ဘေး ၀က်သစ်ချစားပွဲ သေးသေးကလေးပေါ်မှာ လက်နှိပ်စက် အငယ်စားလေး တလုံး။ အဲဒီလက်နှိပ်စက်ကလေးနဲ့ မာဂရက်မစ်ရှယ်က ဒီလေရူးသုန်သုန် ၀တ္ထုကြီးကို ရေးခဲ့တာလို့ ဆိုပါတယ်။ ကမ္ဘာကျော် စာရေးဆရာမကြီး တယောက်ရဲ့ ဘ၀ ဟန်ပန်က ဘာမှ အဆန်းတကြယ် မရှိလှပါဘူး။ ဒါပေမဲ့သူ့ ရဲ့ တခုတည်းသော စာပေ လက်ရာကတော့ ဆန်းကြယ်လှတယ် မဟုတ်လား။

၁၈၆၁-၆၅ အမေရိကန် ပြည်တွင်းစစ်နောက်ခံ ဒီဝတ္ထုကြီးထဲက ဇာတ်ကောင် အမျိုးသမီးကလေး စကားလက် အို ဟာရာ တို့၊ ဇာတ်ကောင် အမျိုးသား ရက် ဘတ်တလာ တို့ကို ကမ္ဘာတခုလုံးက စွဲလမ်းခဲ့ကြတယ်။ အမေရိကန် ပူလစ်ဇာစာပေဆု ရခဲ့တဲ့ ဒီဝတ္ထုကြီးကို ကမ္ဘာတ၀န်း ဘာသာစကား(၃၅)မျိုးနဲ့ ဘာသာပြန်ဆိုခဲ့တယ်။

ဒီကနေ့ အထိ အမေရိကန်မြောက်ပိုင်းမှာ နှစ်စဉ်လိုလို တနှစ်တနှစ်ကို အုပ်ရေ ခုနစ်သောင်းငါးထောင် (၇၅၀၀၀) မှန်မှန်ရိုက်နေရဆဲ ၀တ္ထုကြီးပါ။ ဒီဝတ္ထုကို ဟောလိဝုဒ်က ရုပ်ရှင် မင်းသားကြီး ကလပ်ဂေဘယ်တို့၊ မင်းသမီးကြီး ဗီဗီယန်လေးတို့နဲ့ ရုပ်ရှင်ရိုက်တော့လည်း အော်စကာ အကယ်ဒမီဆု(၈)ဆုတောင် ရခဲ့သေး မဟုတ်လား။

ဟုတ်ပြီ ကိုဒေါင်း…။ ကျနော်ပြောချင်တာက သူတို့ဆီမှာ သူတို့စာရေးဆရာကို လေးစား တန်ဖိုးထားတယ်။ သူတို့စာရေးဆရာရဲ့ စာပေလက်ရာကို သူတို့ ဂုဏ်ယူမြတ်နိုးတယ်။ အခု ဒီအတ်တလန်တာမြို့ က မာဂရက်မစ်ရှယ်ရဲ့ အိမ်ဟာ နိုင်ငံတကာက စာပေမြတ်နိုးတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ၀င်ရောက်လေ့လာတဲ့ အထင်ကရနေရာ ဖြစ်နေတယ်။ သက်ဆိုင်ရာ မိသားစုကရော၊ တက္ကသိုလ်တွေကရော၊ အစိုးရကပါ ဒီအိမ်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်။

ကိုဒေါင်းကြီး … ကျနော်တို့ဆီမှာကော ဒီလို ကောင်းမြတ်တဲ့အလေ့အထမျိုးတွေ ထွန်းကားလာရင် မကောင်းဘူးလား။ ကျနော် စိတ်ကူးယဉ်ကြည့်မိတယ်။ ဆိုပါတော့၊ အခုမြန်မာအစိုးရက ကိုကိုးကျွန်းကို အပန်းဖြေ လေ့လာရေး သင်္ဘောတွေ လွှတ်နေတာ ရှိတယ်။ ကဲဗျာ၊ ကိုကိုးကျွန်းပေါ်မှာ၊ နဂိုအကျဉ်းစခန်းဟောင်း ရှိခဲ့တဲ့နေရာမှာ၊ ဆရာမြသန်းတင့် အိန်ဂျယ်ရဲ့ Anti-Juring (ဂျူးရင်းသို့ချေပချက်) စာအုပ်ကြီး ဘာသာပြန်ခဲ့တဲ့နေရာ ဆိုပြီး အထိမ်းအမှတ်ပြတိုက် လုပ်ထားမယ်ဗျာ။ မကောင်းဘူးလား။

ဒါမှမဟုတ်လည်း၊ အခု တောင်ဥက္ကလာ(၁၂)ရပ်ကွက်၊ မင်္ဂလာလမ်းမကြီးထိပ်က ဆရာဗန်းမော်တင်အောင် နေခဲ့တဲ့အိမ်ကို “ဗန်းမော်တင်အောင် အောက်မေ့ဖွယ်“ ဗိမာန် လုပ်ထားမယ်ဗျာ။ သေသေချာချာ လုပ်မယ်ဗျာ။ ပြီးတော့ ဒီနေရာမှာ ထာဝရ တော်လှန်ရေးသမား စာရေးဆရာ သူပုန်ကြီး နေထိုင်သွားခဲ့တယ် ဆိုပြီး၊ ကမ္ဘာလှည့်ခရီးသည်တွေကို ဖိတ်ခေါ်လေ့လာခွင့် ပေးမယ်ဗျာ။ ဘယ်လိုလဲ။ မကောင်းဘူးလား။

ခက်တာက၊ ကျနော်တို့ဒီလိုမျိုးတွေလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ဘယ်တော့များမှ ရပါ့ မလဲ။ ကျနော်တို့ခရီး၊ မပြီးသေးဘူးလေ။

အားလုံးကို သတိရလျက်-

အောင်ဝေး
ဇူလိုင် ၁၈-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ http://www.rfa.org/burmese

 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: