RSS

Htoo Aung – shot in the back ghost story the ghost with open wound in the back how?

07 Aug

ကျောပေါက်ကြီး
ထူးအောင်
သြဂုတ် ၆၊ ၂၀၁၁
(၁)
ကျနော် ခပ်ငယ်ငယ် သတ္တမတန်း ကျောင်းသားလောက်ကဖြစ်မည် ထင်ပါသည်။ တနေ့သော ညနေကျောင်းဆင်းချိန်၊ ကျနော်တို့သူငယ်ချင်း သုံးလေးယောက်အုပ်စုသည် အခြားသူများနှင့်ရောနှော၍ စကားတပြောပြောဖြင့် ကျောင်းခန်းတွင်းမှ ထွက်လာခဲ့ကြသည်။ မှတ်မှတ်ရရ ကျောင်းဝင်းအပြင်ကိုပင် မရောက်သေး။ မိုးကလေးက တဖွဲဖွဲကျနေသည်။ ဘယ်ကနေ စကားဆက်သွားသည် မသိ၊ သူငယ်ချင်းတယောက်က ကောင်မလေးတယောက် သူရဲခြောက်ခံရပုံကို ပြောပြတော့သည်။ 
“အခုလို ကျောင်းဆင်းချိန်ပေါ့၊ ကျောင်းသူလေးတယောက်ဟာ ကျောင်းနဲ့ ခပ်လှမ်းလှမ်းရောက်မှ ကျောင်းခန်းထဲမှာ ကွန်ပါဗူးကျန်ခဲ့တာကို သတိရတယ်။ ဒီတော့ သူ့အဖော်တွေကို လမ်းမှာပဲစောင့်ခိုင်းပြီး သူက ချက်ခြင်း လှည့်ပြန်ယူတယ်။ သူတို့ကျောင်းကလည်း ဒို့ ကျောင်းလိုပဲ နှစ်ထပ်ကျောင်းကြီး တဲ့။ ကောင်မလေးအခန်းက အပေါ်ထပ်မှာ။ ကျောင်းဆင်းတာ မကြာသေးတော့ ကျောင်းဝင်းတံခါးမကြီးလည်း မပိတ်သေးဘူး။ ဒါပေမယ့် ကျောင်းဝင်းထဲမှာ လူက ရှင်းနေပြီ။ ဆရာ၊ ဆရာမတွေတောင် ပြန်ကုန်ပြီ။ သူ အောက်ထပ် လှေကားရင်းနားရောက်တော့ ကျောင်းသန့်ရှင်းရေးက ခပ်ရွယ်ရွယ် ဦးလေးတယောက်ကို တံမြက်စည်း လှဲမလို့ ပြင်နေတာ တွေ့ရတယ်။ ဒါနဲ့ သူလည်း အဲဒိဦးလေးကို ကွန်ပါဗူးကျန်ခဲ့လို့ ပြန်တက်ယူမယ့်အကြောင်း ပြောပြောဆိုဆိုနဲ့ပဲ လှေကားကို ခပ်သွက်သွက်တက်ခဲ့တယ်။ 
အပေါ်ထပ် ရောက်၊ အခန်းထဲ ဝင်။ ရှေ့ဆုံးအတန်းက သူ့ခုံဆီ အသွား … အဲဒီမှာ …။ အခန်းဝကနေကြည့်တုန်းက အခန်းထဲမှာ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ပေမယ့် အခုတော့ သူ့ ခုံဘေးက ခုံတလုံးမှာ… လူတယောက်၊ ကျောကုန်းမှာ အပေါက်ကြီးနဲ့ …၊ သွေးတွေနဲ့ … လူတယောက်။ သူ့ကို နောက်ကျောပေးပြီး ထိုင်နေတာကို မမျှော်လင့်ဘဲ ဗြုန်းခနဲ တွေ့လိုက်ရတယ် တဲ့။

ဘာပြောကောင်းမလဲ ကောင်မလေးလည်း လိပ်ပြာလွင့်မတတ်အော်ပြီး လှည့်ပြေးတော့တာပေါ့။ လှေကားထစ်တွေကို ဘယ်လိုကျော်ဖြတ်ပြီးဆင်းခဲ့သလဲ မသိဘူး၊ အောက်ရောက်လာတယ် ဆိုပါတော့ကွာ။ အောက်ရောက်တော့ ကောင်မလေးခမျာ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဖြစ်နေပြီ၊ သိပ်ကြောက်နေပြီ။ တကိုယ်လုံး တုန်တုန်ယင်ယင်နဲ့ အသက်ကိုတောင် မနည်း လုရှုနေရပြီ။ ဒီအချိန်မှာပဲ အတက်တုန်းကတွေ့ခဲ့တဲ့ တံမြက်စည်းလှည်းနေတဲ့သူ ရှိနေသေးတာကို တွေ့လိုက်ရတယ် တဲ့။ ဒါဟာ ကောင်မလေးအတွက်တော့ ကယ်တင်ရှင်ကို တွေ့လိုက်ရတာပဲလေ၊ အဲဒီတော့ ကောင်မလေးလည်း တအားတက်ပြီး အဲဒီလူကို သူ အပေါ်ထပ်မှာ သူရဲခြောက်ခံရကြောင်း အမောဆို့မတတ်ဖြစ်နေရင်းက အားကိုးတကြီးနဲ့ ပြောပြတော့တာပေါ့။ ဟိုပုဂ္ဂိုလ်က ကောင်မလေး စကားဆုံးတဲ့အထိ အေးအေးဆေးဆေး နားထောင်တယ်။ ဘာစကားမှ ဖြတ်မမေးဘူး၊ ဖြတ်လည်း မပြောဘူး။ ပြီးမှ… ကောင်မလေး စကားဆုံးတော့မှ … ခေါင်းတညိတ်ညိတ်လုပ်ရင်း ဟောဒီလိုမျိုးကြီးလား ဆိုတဲ့သဘောနဲ့ သူ့နောက်ကျောကုန်းကို လှည့်ပြလိုက်တယ်။ အေး … သူ့ ကျောကုန်းမှာလည်း အပေါက်ကြီးနဲ့ …၊ သွေးတွေနဲ့ပဲ တဲ့။”
ပုံပြင်ထဲက ကောင်မလေးတော့ ဘယ်လိုဖြစ်သွားသလဲ မသိတော့ပါ။ နေရာမှာတင် မျက်ဖြူလန်ပြီး အရုပ်ကြိုးပြတ်ခွေကျသွားသလား … ကျောက်ရုပ်တရုပ်လိုဖြစ်သွားသလား။ ပေါက်ကွဲလွင့်စင် …။ အမှုံဖြစ် …။ အငွေ့ပျံ …။ ဒါမှမဟုတ် ဦးတည်ရာမဲ့ လျှောက်ပြေးနေမလား၊ ဆက်မတွေးဖြစ်။ သူ့အဖြစ်ကိုကြားရသည့် မဆီမဆိုင် ကျနော်ပင် ကြက်သီးမွှေးညှင်းတွေ ထ၊ ခေါင်းနပန်းကြီးသွားရ၏။ 
အခုပဲဆင်းလာသည့် ကိုယ့်ကျောင်းကို ကိုယ်ယောင်ယောင်ကန်းကန်း ပြန်လှည့်ကြည့်မိသည်။ ဝင်းအကျယ်ကြီးထဲမှာ အောက်ထပ်က အုတ်ဖောင်ဒေးရှင်း ထူထူမြင့်မြင့်နှင့် အခန်းများ။ အပေါ်ထပ်က သစ်၊ ရေနံ ဝဝ။ အုတ်ကြွပ်မိုးနီနီနှင့် မြို့ဂုဏ်ဆောင် အမျိုးသားကျောင်းဟောင်းကြီး။ မိုးဖွဲဖွဲအောက် အုံ့မှိုင်းမှိုင်း ညနေခင်းနောက်ခံမှာ ခပ်တည်တည်နဲ့ ထီးထီးမားမားကြီး။ ကျနော်တို့လက်ထက်ကြတော့ အလက(၁)၊ ကျိုက်လတ် ဖြစ်နေပြီ။
နံဘေးက ဆူညံသံများကြား၌ ကျနော်တို့တွေ အသံတိတ်နေကြသည်။ အတွေးကိုယ်စီ၊ အကြောက်ကိုယ်စီနှင့် ဖြစ်မည်။ ထိုစဉ် သူငယ်ချင်းက သူ့စကားကိုဆက်သည်။
“ အဲဒီ သူရဲတွေက ရန်ကုန်က ကျောင်းသားကြီးတွေ တဲ့။ ဆဲဗင်းဇူလိုင်တုန်းက ဆန္ဒပြပွဲ အပြီးမှာ မောမောပန်းပန်းနဲမို့ ကျောင်းနံရံကိုမှီထိုင်ပြီး နားနေကြတဲ့အချိန်၊ မမျှော်လင့်ဘဲ သူတို့ နောက်ကျောကနေ စစ်တပ်က ဘက်နက်နဲ့ထိုးသတ်တာခံလိုက်ရတဲ့ ကျောင်းသားတွေ တဲ့။”
(၂)
ပုံပြင်ကြားခဲ့ရသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ်ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ကျနော့် ရင်ထဲ ခုထိခြောက်ခံနေရတုန်း။ ထိုအချိန်က နိုင်ငံရေးနှင့်ပတ်သက်၍ ဘာမှ သိပ်မသိသေးပေမယ့် နင့်နင့်နဲနဲ စွဲကျန်ခဲ့သည်။ မမေ့။ အရွယ်ကလေးရလာသည်နှင့်အမျှ ဤပုံပြင် ကို ကျနော့်လိုပင် အခြားသူများလည်း ကြားဖူးကြောင်း သိလာရသည်။ သူတို့တွေထဲက အချို့နှင့် လူချင်းတွေ့လာရသည်။ သူတို့ကြားရပုံနှင့် ကျနော်ကြားခဲ့ရပုံချင်း မတူ၊ ကြားရသည့် အရပ်ဒေသချင်း၊ အချိန်ကာလချင်း ကွာခြားကြောင်းလည်း တွေ့ရသည်။ သို့သော် ဇာတ်လမ်း ကျောရိုးကတော့ဖြင့် တူကြသည်။ အခြားတူသည့် အချက်များထဲမှ ထူးခြားသည်မှာ နှစ်စဉ်လိုလို ဟိုမြို့မှာ ခြောက်ခံလိုက်ရသည်။ ဒီကျောင်းမှာ ခြောက်ခံလိုက်ရသည်ဟု ကြားသိရသော်လည်း ကျောပေါက်ကြီးခြောက်သဖြင့် လက်တွေ့ဘဝတွင် ကျောင်းသူကျောင်းသား တဦးတယောက်မျှ ဒုက္ခရောက်သွားရသည်ဟု မကြားရခြင်းဖြစ်သည်။ ထို့အပြင် ကျောပေါက်ကြီးသည် ကျောင်းအစောင့်တို့နှင့် ၎င်းတို့၏ မိသားစုများ၊ ကျောင်းပတ်ဝန်းကျင်မှ လူများအား မခြောက်၊ မလှန့်ခြင်းကလည်း အံ့သြစရာကောင်းလှသည်။
သို့ဆိုလျှင် ထိုဝိဉာဉ်တို့သည် ကျောင်းအဆောက်အဦများ၌ အမြဲရှိနေပုံ မရ။ ကျောင်းသားထု၏ရင်၌သာ ကိန်းအောင်းနေပုံပေါ်သည်။ ကျောင်းသားထုတွင်း၌သာ မျိုးဆက် တဆက်ပြီးတဆက် သမိုင်းပေးအသိဖြင့် ထုံကူး၍ လက်ဆင့်ကမ်း သယ်ဆောင်ကြခြင်းဖြစ်မည်။ 
တနည်းအားဖြင့် ခါးခါးသီးသီး နာကျည်းကြေကွဲရမှုများကို မမေ့ရန်၊ ထွန်းပြောင်ခဲ့သည့် တိုက်ပွဲဝင် ကျောင်းသားသမိုင်းအား သတိရနေစေရန်နှင့် မိမိတို့ပုခုံးပေါ် ကျရောက်လာသည့် သမိုင်းပေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြစေရန်အတွက် ကျောင်းသားများအား တပ်လှန့်ပေးကြခြင်းသာ ဖြစ်မည်။
… … …
စနစ်ဆိုးတိုင်းကို ခွပ်ဒေါင်းပီပီ တိုက်ပွဲဝင်ခဲ့ကြသည့်၊ ရက်ရက်စက်စက်လည်း နှိပ်ကွပ်ခံခဲ့ကြရသည့် ကျောင်းသားတို့၏ အရိုးတွန်သံဟူသည်မှာ ဤအရာမျိုးကိုခေါ်ခြင်း ဖြစ်မည် ထင်ပါသည်။
ကျောပေါက်ကြီးကား … ဆက်ခြောက်နေဆဲ။
ဝမ်းနည်းစရာပင် …၊ ပြည်သူတွေ မလွတ်မြောက်သေးသ၍ သူတို့ မကျွတ်နိုင်ကြသေး။
(၃)
ကျနော်လည်း ထိုစဉ်ကတည်းက အပမီခဲ့တာ ဖြစ်မည်။ ၈၈၊ နောက် တောက်လျှောက် …။
… … …
ထောင်ဒဏ် နှစ်(၆၀)ကျော် ချခံထားရသည့် သူငယ်ချင်း အေးမင်းနိုင်နှင့်တကွ မလွတ်မကျွတ်သေးသူများ အမြန်လွတ်မြောက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်းလျှက် …

ထူးအောင်
၇. ၇. ၂၀၀၁
 
Leave a comment

Posted by on August 7, 2011 in 8888 - 23 Years, Variety Article

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: