RSS

Kan Tun Thit – Three Yogi Essay

07 Aug

ယောဂီဆန်းသုံးယောက် နှင့် ဘုရားပေးသော အငိုက်ပျောက်ဆေး
ကံထွန်းသစ်
သြဂုတ် ၇၊ ၂၀၁၁
ဖေါ့ဝိန်းမြို့က ဇေတဝန်ရိပ်မှာ နွေခိုစဉ် ယောဂီထူး သုံးယောက်နှင့် ဆုံခဲ့သည်။ ကိုသုည၊ ကိုရမ်းကား နှင့် ကိုဂွမ်တီ၊ နာမည်တွေက ဆန်းသလို စရိုက်တွေကလည်း ထူးဟန်ပင်၊ ထိုအမည်များကို သူတို့၏ စရိုက်များကြောင့်ရခဲ့သော အနွတ္ထသညာများဟု သိရသည်။ မိမိသိလိုက်ရသော ထုပ္ပတ် အစွန်းအစလေးများကလည်း သက်သေခံနေကြသည့်နှယ်။
ကိုသုည၊ သူက တောင်စွန်းသား၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တော်လှန်နယ်မြေသို့ ရောက်လာသူ၊ လက်ယဉ်သည် တဲ့၊ ထစ်ခနဲဆို ရိုက်ပြီးသား၊ ထိုင်းမှာရှိစဉ် ဘိနပ်ခိုးမှုတခုဖြစ်ရာ ခိုးယူသူက သူ့ကိုယ်သူ ကျောင်းသားပါဟု ပြောသံကို ကြားလိုက်ရစဉ် ကျောင်းသားတပ်ကို အသရေဖျက်သည်ဆိုကာ ဝင်ရောက် ထိုးကြိတ်တော့သည်၊ နှာနှပ်၍ပင် ယူရသည်တဲ့၊ ထိုယဉ်သောလက်က အမေရိကန်ရောက်တော့လည်း အရှိန်မသေချင်၊ ဒီတခါတော့ တခြားသူကိုမဟုတ် သူ၏ ချစ်ဇနီးကိုပင်။

မြန်မာ့စံဖြင့် မိသားစုတည်ဆောက်လိုသူပီပီ အတိမ်းအစောင်းမခံချင်၊ တိမ်းစောင်းသည်မြင်ပြီး ဇနီးသည်ကို ထိုးကြိတ်လိုက်ရာ နားမှ သွေးများပင် ယိုခဲ့ရသည်တဲ့၊ ဒီတော့လည်း အမျိုးသမီးအခွင့်အရေး အမြင့်ဆုံး တိုင်းပြည်က သူ့ကို ပြစ်ဒဏ်ပေးတော့သည်။ အချုပ်လည်းကျ၊ အိမ်ကိုလည်း တနှစ်တိတိ မသွားရတော့၊ ခုတော့ .. ခုတော့ .. ဇေတဝန်ရိပ်မှာ … …။
ဒုတိယ ကိုရမ်းကား၊ သူက ဆင်ဦးစီး ဘဝကနေ တော်လှန်ရေးမြေရောက်လာသူ၊ နှယ်နှယ်ရရ မဟုတ် တပ်ရင်းမှူး၊ နာမည်နှင့် လိုက်ဖက်သည့် သူ့လုပ်ရပ်တခုမှာ “တပည့်တော် တန်ဖိုးအကြီးဆုံး ရေသဖန်းသီးကို စားဖူးတယ်။ တနေ့မှာ ကိုယ်တာ ငပိလေးရတော့ တို့စရာ စားချင်တာနဲ့ သဖန်းသီး တက်ခူးတာ အသီးက တကိုင်းတည်းမှာပဲ ရှိတယ်၊ အဲသည်ကိုင်းက မိုင်းတွေအပြည့် ထောင်ထားတဲ့ဘက်ကို ကိုင်းနေတာ၊ မထူးဘူး သေချင်လည်း သေပါစေတော့ဆိုပြီး တက်ခူးလိုက်တော့တာပဲ” တဲ့၊ ဘုရား .. ဘုရား .. နာမည်နဲ့လိုက်ပါပေရဲ့ လို့ တွေးလိုက်မိသည်။
နောက်ဆုံးက ကိုဂွမ်တီ၊ သူက ဒဿနိက ကျောင်းသားဘဝကနေ တောခိုလာသူ၊ ဖလော်ယူခဲ့သူ ပီပီ၊ မြင်ပုံတွေးပုံက အများနဲ့ဆန့်ကျင်ထောင့်မှာ နေလေ့ရှိသူ၊ အငြင်းသန်လှဆိုပဲ၊ ကဗျာလေး စာလေးလဲ ရေးသေးသတဲ့၊ သူ့ရဲ့ကိုယ်ပိုင် ဝိသေသကတော့ အိပ်လျှင် ဟောက်လွန်းခြင်းပင်၊ လူတိုင်း ဟောက်တတ်တာပဲ မဆန်းဟု မထင်လိုက်ပါနှင့်၊ သူ့ဇနီးနဲ့ အပေါင်းအသင်းများ အပြောအရ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ဟောက်သူ ဆိုပဲ၊ သူ့ဆရာတော်လေး၏ မှတ်ချက်ကမူ“ ဒကာက ဟောက်တာမှ မဟုတ်ဘဲ၊ အော်နေတာ” တဲ့၊ ခုတော့ လေး အော့ဖြစ်ခိုက်၊ သူလည်း ဇေတဝန်မှာ။
သူတို့ဆရာတော်လေး၏ ဝေယျာဝစ္စတို့ကို ထမ်းကြဆောင်ကြရင်း ကျောင်းရိပ်၌ ခိုလှုံနေကြစဉ် မိမိနှင့် ဆုံခဲ့ကြခြင်းဖြစ်သည်။
ထိုဇေတဝန်သည် နေ့စဉ်လိုလို လာရောက်ဆည်းကပ်ကြသူတို့ဖြင့် မဆိတ်ညံ၊ ညဥ့် ၁၂ နာရီခန့်လောက်မှ လူခြေတိတ်လေ့ရှိသည်။ ထိုအချိန်တွင် ကိုသုညက သရဏဂုံနှင့်သီလ ခံယူလေ့ရှိသည်။ တစတစတိုးကာ ဝိပဿနာပြဖို့ လျှောက်သည်။ ထို့ကြောင့် ရှုနည်း မှတ်နည်း အခြေခံလေးတွေကို ပြောပြဖြစ်သည်။
သူ၏ ဓမ္မမိတ်ဆွေများက ကိုရမ်းကားနှင့် ကိုဂွမ်တီတို့ပင်။
တရားပြလို့ ဒုတိယမြောက်နေ့မှာပင် တရားအားထုတ်ရတာ အဆင်မပြေကြကြောင်း ပြောလာသည်။ ဗုဒ္ဓေါ ဟု တမိသည်၊ ကိုယ်တရားပြ မကျွမ်းကျင်၍ထင့်၊ သူတို့စရိုက်နှင့်သင့်အောင် ကမ္မဌာန်းကတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ ပေးနိုင်မှာဟု တွေးလိုက်မိသည်။ ဒါကြောင့် ဘယ်လို အဆင်မပြေတာလဲ ဟုမေးလိုက်မိတော့ ထိုင်လိုက်တာနဲ့ အိမ်ငိုက်လာကြောင်း ကိုရမ်းကား က လျှောက်သလို၊ ကိုဂွမ်တီကတော့ ထုံးစံအတိုင်း ကျယ်လောင်စွာ ဟောက်နေကြောင်း ပြောပြကြသည်၊ ရော .. ခက်ကပြီ၊ ဘယ်သို့ ပြုရပါချိမ့်ဟု ညည်းလိုက်ချင်သည်။
တရားအားထုတ်လိုမှု ဆန္ဒမျှင်မျှင်လေးတွေ ပြတ်တောက်မသွားအောင် ကြိုးစားကြည့်ဦးမည်ဟု စဉ်းစားရင်း “ အိပ်ငိုက်တယ်ဆိုတာ ခန္ဓာရှိတဲ့ သတ္တဝါတိုင်းရဲ့ ဗီဇအကျင့်ဖြစ်ကြောင်း၊ စာပေလိုဆို ထိန မိဒ္ဓ ခေါ်ကြောင်း၊ ကိုယ်ပင်ပန်းတဲ့အခါ၊ စိတ်လေးလံထိုင်းမှိုင်းတဲ့အခါ ငိုက်တတ်ကြောင်း၊ ဒါကို စိတ်ပျက်စရာလို့ မမှတ်သင့်ကြောင်း၊ ပယ်ဖျောက်လို့ရနိုင်ကြောင်း အားပေးရင်း ခေါင်းထဲမှာ ဘုရားပေးတဲ့ အငိုက်ဖျောက်နည်းကို အမှတ်ရလိုက်သည်။
ထို့ကြောင့် “တနေ့မှာ ရှင်မောဂ္ဂလာန် မထေရ်ကြီးဟာ စောင်းတန်းဦးမှာ တရားရှုမှတ်ရင်း ငိုက်မည်းနေပါသတဲ့၊
ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တွေ့တော်မူတဲ့အခါ အငိုက်ဖျောက်နည်း ပေးတော်မူလိုက်တာက ..
(၁) ပယ်ဖျောက်သညာ၊
ကမ္မဋ္ဌာန်းရှုရင်း၊ ဝိပဿနာပွားရင်း၊ ငိုက်မည်းလာပြီဆိုရင်၊ ထိန မိဒ္ဓတွေ ဝင်လာပြီဆိုရင် နဂိုရှုမှတ်နေတဲ့ အမှတ်က ခွာလိုက်ပါ၊ ဖျောက်လိုက်ပါတဲ့၊ ဒါမှ အငိုက်က မပြေသေးရင် …။
(၂) စာနှလုံးသွင်း၊
ကိုယ်သင်အံ လေ့ကျက်ထားတဲ့ စာတွေကို နှလုံးသွင်းလိုက် လေ့ကျက်လိုက်ပါ တဲ့၊ အဲဒါမှ ငိုက်နေသေးရင် …
(၃) စာအံလျှဉ်း၍၊
ရတဲ့စာတွေကို အသံထုတ်ဆိုပါ၊ ပရိတ်တို့ ပဋ္ဌာန်းတို့ စတာတွေကို ရွတ်ပါ အံပါပေါ့၊ ဒါမှမရရင် …။
(၄) နားပျဉ်းကိုယ်သပ်၊
ကိုယ့်နားရွက်ကိုဆွဲပါ တဲ့၊ ဒီနည်းကိုတော့ ကိုဂွမ်တီကြီးနဲ့ လိုက်မယ်ထင်တယ်၊ နားပျဉ်းဆိုတာ နားရွက်ရဲ့ အောက်နားက နားကပ်ပန် တဲ့ နေရာလေးကိုပြောတာ၊ နောက်ပြီး မျက်နှာကို ပွတ်သပ်ပါတဲ့၊ အဲဒါမှ မပြေသေးရင် ..
(၅) အရပ်ရှုမျှော်၊
အရပ် ရှစ်မျက်နှာ တောင်မြောက်လေးပါး ရှုလိုက် မျှော်လိုက်ပါတဲ့၊ ဒါမှ ငိုက်သေးရင် …
(၆) အာလော်ကပွား၊
အလောကဆိုတာ အရောင်အလင်းကို ပြောတာ၊ အလင်းရောင်ကို စူးစိုက်ကြည့်ပါ၊ မျက်စိကျယ်သွားအောင်ပေါ့၊ ဒါမှ မရရင် …
(၇) စင်္ကြန်သွားသည် ခုနှစ်ပါး အငိုက်ဖျောက်ကြောင်းတည်း တဲ့၊
လမ်းလျှောက်၊ စင်္ကြန်သွားလိုက်ပါတဲ့၊ အဲဒါ ဘုရားပေးတဲ့ အငိုက်ဖျောက်နည်းတွေပဲ၊ ဒကာတို့ အသုံးပြုကြည့်ပေါ့။
အဲဒီနည်းတွေသုံးလို့မှ အငိုက်မပျောက်ဘူး ဆိုရင်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “အိပ်ပစ်လိုက်ပါတော့” တဲ့၊ ဒီနည်းကိုတော့ ဒကာတို့ အကြိုက်ဆုံးနည်းလို့ ထင်ပါတယ်။ အမြဲလိုက်နာချင်နေမည့်နည်းနဲ့ တူပါရဲ့။
ဘုရားရှင် အိပ်ခိုင်းတာက ဘယ်အချိန်မှာ ထမည်ဆိုတဲ့ သတိကိုဖြစ်စေပြီး၊ ညာဘက်ကို စောင်းကာ အမှတ်နဲ့ အိပ်စေတဲ့နည်းဖြစ်တယ်။ အဲဒါကို ဒကာတို့ နှလုံးသွင်းကြပေတော့”။
သည်နှယ် သူတို့စရိုက်နှင့်ကိုက်မည့် ကမ္မဋ္ဌာန်းကို မပေးနိုင်ပေမယ့် သူတို့မငိုက်မယ့် နည်းကောင်းလေးတွေကိုတော့ပေးခဲ့ရင်း လောကီကြီးပွားကြောင်း၊ လောကုတ္တရာ ကြီးပွားကြောင်းတွေကို ဒီလို အသေးအဖွဲလေးတွေကစပြီး နိဗ္ဗာန်ရောက်ကြောင်းအထိ သွန်သင်ပြသတော်မူခဲ့သည့် အဖမြတ်စွာကိုလည်း ကြည်ညိုခြင်း အသစ်အသစ်တို့ ဖြစ်ခဲ့ရသည်လေ…။
ကံထွန်းသစ်
၂၀၁၁ ခု၊ သြဂုတ်လ ၃ ရက်
 
Leave a comment

Posted by on August 7, 2011 in Essay, Kan Tun Thit

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: