RSS

Kyaw Thu – Q & A

07 Aug

မေးလို့ ဖြေပြီ
ကျော်သူ
သြဂုတ် ၇၊ ၂၀၁၁
၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း NewsWatch Weekly (စောင့်ကြည့်သတင်း) ဂျာနယ်အတွက် သတင်းသမား မနွယ်နီ လာရောက်မေးမြန်းချက်များကို ဖြေဆိုထားသော ကျော်သူ၏ အဖြေစကား များကို ၁၀. ၈. ၂၀၁၁ (ဗုဒ္ဓဟူးနေ့) NewsWatch Weekly (စောင့်ကြည့်သတင်း)ဂျာနယ် အတွဲ – ၇၊ အမှတ် – ၆ ထုတ်တွင် ပါဝင်မှုတို့ကို တင်ပြခြင်းဖြစ်သည်။
လူတယောက်ဖြစ်လာတဲ့နောက်မှာ ဖြတ်သန်းကျော်လွှားရတဲ့နယ်ပယ်တွေက တော်တော် များပါတယ်။ နှစ်သစ် တနှစ်ကိုရောက်တိုင်း၊ နှစ်ဟောင်းတွေကို ဖြတ်ကျော်ပြီးတိုင်း လူတိုင်းလိုလို ပြောလေ့ရှိတဲ့ စကားလုံးအရ “နှစ်ဟောင်းက အညစ်အကြေးတွေကုန်ဆုံးပြီး နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ” လို့ ဆုတောင်းပေးကြလေ့ရှိပေမယ့် တကယ်တော့ နှစ်ဟောင်းက အရာတွေဟာ ကုန်ဆုံးတယ်လို့မရှိဘဲ ကိုယ့်နောက်က အရိပ်တခုလို အမြဲလိုက်ပါနေတာပ။ ကောင်းခြင်းတွေကိုပဲ သယ်ဆောင်လို့ မသွားနိုင်သလို ဆိုးခြင်းတွေကို ချန်ထားရစ်ခဲ့လို့ မရနိုင်ပါဘူး။ လူတယောက်ဟာ နာမည်တခုနဲ့အတူ ဘဝတခုမှာ ရှင်သန်နေထိုင်ပေမယ့် တခါတခါမှာ မထင်မှတ်ဘဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။ ဒါဟာလည်း မမြင်နိုင်တဲ့ ကံတရားပဲ မဟုတ်ပါလား။

ဒီကံတရားကပဲ အတွေးအခေါ်တွေ ဖြတ်သန်းရတဲ့ လူမှုပတ်ဝန်းကျင်တွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဘဝလမ်းခရီးတွေရဲ့ အချိုးအကွေ့တွေက ရည်ရွယ်ရာလမ်းကြောင်းတွေကို ပြောင်းလဲ သွားစေတယ်။ ဒီလိုပြောင်းလဲမှုတွေကို ကြုံဆုံတွေ့ရတဲ့ လူတယောက်ရဲ့ ခရီးလမ်းကြောင်းတခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ တချိန်က နာမည်ကျော် သရုပ်ဆောင်တယောက်ဖြစ်တဲ့ အကယ်ဒမီကျော်သူ၊ အခုအချိန်မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ခေါင်းဆောင်ကောင်း တယောက်ဖြစ်တဲ့ ဦးကျော်သူပါပဲ။
ကျွန်မတို့ ကျော်သူ လျှောက်သောလမ်းကို ကြည့်ရအောင် . . . .
အမျိုးသားရုပ်ရှင်ကုမ္ပဏီရဲ့ သားတယောက်ဖြစ်တဲ့ မောင်မောင် ဆိုတဲ့ လူငယ်တယောက် အတွက်တော့ ဒီအနုပညာရပ်ဝန်းဟာ သူ့အတွက် မစိမ်းတဲ့နယ်ပယ် တခုပါ။ ဒီအနုပညာကို ချစ်မြတ် နိုးတယ်။ ဒီအနုပညာနယ်ပယ်မှာပဲ ကြီးပြင်းခဲ့တယ်။ ဒါပေမယ့် သူဟာ ဒီလမ်းခရီးကို အလွယ်တကူ <င်ရောက်ခဲ့တာ မဟုတ်ခဲ့ဘူး။ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်။ မိဘရဲ့ နောက်ခံအင်အားတွေနဲ့ ပံ့ပိုးမှုတွေကြောင့် အောင်မြင်လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစား အားထုတ်မှုတွေကပဲ ပထမဆုံးဇာတ်ကားမှာ ပရိသတ်က ကျော်သူဆိုပြီး သရုပ်ဆောင်လောကထဲကို ခြေချခွင့်ပြုခဲ့ပါတယ်။ ဒါရိုက်တာ မျုdးမြင့်အောင် ရိုက်ကူးတဲ့ “ချစ်ကြိုး လေးနှစ်မျှင်” ဆိုတဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲ ခြေချလာခဲ့တဲ့ မင်းသား ကျော်သူဟာ အဲဒီနောက်ပိုင်းမှာ ဒါရိုက်တာ တော်တော်များများနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်တိုက် ရိုက်ကူးဖြစ်လာပါတယ်။ ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်ရင်ထဲကို ရောက်စေတဲ့ ဇာတ်ကားတွေပဲ ဖြစ်ခဲ့ပါတယ်။ ဒရာမာကားတွေမှာလည်း ကျော်သူရဲ့ သရုပ်ဆောင်မှုတွေက ရင်ထဲကို ထိရောက်စေခဲ့တယ်။ အက်ရှင်ကားတွေမှာလည်း ဟာကွက်မရှိတဲ့ သရုပ်ဆောင်မှုမျိုးကို တွေ့ရပါတယ်။ အကယ်ဒမီနဲ့ အကြိမ်ကြိမ်လွဲခဲ့ပေမယ့် နောက်ဆုံးတော့ စစ်မှန်တဲ့ လုံ့လနဲ့ မလျှော့သောဇွဲက ကိုကျော်သူကို “တပြည်သူ မရွှေထား” ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရယူစေပါတယ်။
 
နိုင်ငံတော်ဇာတ်ကားအဖြစ် “လှလေးစိန်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။ ကလိ ထိုးရယ်ရတဲ့ ဟာသကားတွေကြားထဲမှာ သဘာဝကျကျနဲ့ ပျော်စရာ၊ မိသားစုဇာတ်ကားလေး တကားဖြစ်တဲ့ “အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ” ဆိုတဲ့ ဇာတ်ကားကြီးကတော့ ကျော်သူရဲ့ အနုပညာပြသခွင့်ရတဲ့ နောက်ဆုံးဇာတ်ကားဖြစ်မယ်လို့ အကယ်ဒမီကျော်သူကလည်း တွေးဖြစ်ခဲ့မယ် မထင်ပါဘူး။ ဒါဟာ အကယ်ဒမီကျော်သူ အနုပညာရှင်တစ်ယောက်ဆိုတဲ့ ဘဝတခု အဖြစ် ကျန်ရစ်ပြီးခဲ့တဲ့ အတိတ်တွေပါပဲ။ ဘယ်လိုပဲ မှုန်ဝါးဝါး အတိတ်တွေဖြစ်နေစေဦးတော့ အကယ်ဒမီကျော်သူဆိုတာ အနုပညာလောကမှာရော၊ လူထုပရိသတ်တွေကြားမှာပါ အမြဲရှိနေတဲ့ သူတယောက်ဖြစ်နေခဲ့တယ်။ ဒီစိတ်ကူးတွေ ပြောင်းလဲသွားတဲ့ ယုံကြည်မှုတွေကို အခုလို မေးခွန်းတွေကတဆင့် သိခဲ့ရပါတယ်။
အခုအချိန်မှာတော့ ဘဝဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို ဒီလိုဖော်ဆောင်ထားပါတယ်။
“ဘဝဆိုတာ ရခဲ့တယ်။ ရခဲတဲ့ လူ့ဘဝကို အောင်မြင်မှုရှိအောင်လို့တော့ မတွက်ဘူး။ တန်ဖိုးရှိ အောင်နေတယ်။ တန်ဖိုးရှိအောင် နေတယ်ဆိုတဲ့ နေရာမှာတော့ ကိုယ့်အတွက်လည်း တန်ဖိုးရှိအောင်၊ အများပြည်သူအတွက်လည်း တန်ဖိုးရှိအောင်နေတယ်။ အောင်မြင်မှုဆိုတာ ကျွန်တော့်ဆီမှာ မရှိဘူး။ တန်ဖိုးရှိဖို့ပဲ အဓိကထားတယ်။”
NW – အရင်မင်းသားဘဝက “ဘဝ” ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် ဒီစကားလုံးမျိုးဖြစ်လိမ့်မယ် မထင်ဘူးနော်၊ အရင်ကရော ဘယ်လိုများ ဖွင့်ဆိုထားပါလဲ။ ဒီလိုပဲ တွေးခဲ့တာတော့ဟုတ်မယ် မထင်ဘူးနော်။
KT – မတွေးခဲ့ဘူး။ ဒီလိုမျိုး လုံးဝကို မတွေးခဲ့တာပါ။
NW – ဒါဆိုရင် မင်းသားကျော်သူက ဖွင့်ဆိုထားတဲ့ ဘဝအကြောင်းကို ပြောပေးပါဦး။
KT – အဲဒီအချိန်တုန်းကတော့ အောင်မြင်မှုလို့ သတ်မှတ်တယ်။ ရုပ်ရှင်လောကမှာ အောင်မြင်မှုဆိုတာ လိုချင်တယ်။ နာမည်ကြီးဖြစ်ချင်တယ်။ တန်ဖိုးရှိအောင်နေဖို့ဆိုတာ မတွေးမိခဲ့ဘူး။
NW – ဒီလိုအတွေးတွေ ဝင်ရောက်လာစေဖို့ ပံ့ပိုးပေးတဲ့အရာ ဘယ်အရာမျိုးဖြစ်မလဲ။
KT – လူသားတွေပဲပေါ့။ လူသားတွေကပဲ ဒီအရာတွေကို ပံ့ပိုးပေးတယ်။ အသိဉာဏ်ပေးတယ်။ လူသားတွေဆိုတာ အားလုံးပါပဲ။ ဆရာတော်ကြီးတွေလည်း ပါတာပေါ့။
NW – အခုလို နာရေးကူညီမှုအသင်းဖြစ်လောက်အောင် စတင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းနည်း လောက်ပြောပါဦး။
KT – ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီ (၁) ရက်နေ့မှာ စတင်ဖြစ်တယ်။ အဲဒီမတိုင်ခင် ဘဘဦးသုခက နာရေး ကူညီမှုအသင်း လုပ်တယ်။ ကျွန်တော့်မိန်းမကလည်း လူမှုရေးအသင်းအဖွဲ့တခုခု လုပ်ချင်နေတယ်။ သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ နာယယကအနေနဲ့ လုပ်တယ်။ အဲဒီကြားကတည်းက သူက အရမ်းလုပ်ချင်နေတာ၊ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတာ၊ ဘဘဦးသုခကလည်း ဒီအသင်းကို စမယ် ဆိုတာနဲ့ ဘဘအိမ် သွားတယ်။ အကြံဉာဏ်ယူကြတယ်။ အသင်းကို ဖွဲ့စည်းပြီး စလုပ်ဖြစ်တယ်။ ဒီလို အသင်းအဖွဲ့မျိုးတွေက ဗုဒ္ဓဘာသာလူမျိုးတွေမှာ မရှိဘူး။ တခြားဘာသာတွေမှာက ရှိတယ်လေ။ ဘဘက အဲဒီအတွေးနဲ့ ရန်ကုန်မှာ စခဲ့တာ။ အဓိက ရန်ကုန်မှာ မရှိဘူးဖြစ်နေတာ။
 
NW – ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဦးကျော်သူအနေနဲ့ တဦးတယောက်ကို အားကျစိတ်မျိုးရှိနေမိလား။
KT – မရှိဘူး။ ဘယ်သူတဦး တယောက်ကိုမှ အားကျစိတ်နဲ့ လိုက်လုပ်တာမျိုး မဟုတ်ပါဘူး။ ဒီအလုပ်ကို လုပ်ရင်းနဲ့ဘာအဖြေ ထွက်လာသလဲဆိုတော့ ငါ မင်းသားဖြစ်တုန်းက အများပြည်သူက ပေးတဲ့ ပိုက်ဆံနဲ့ ကိုယ့်မိသားစုကို သားတွေ၊ သမီးတွေကို ဆုံးခန်းတိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒီအချိန်မှာ ဘယ်လိုကျေးဇူးဆပ်မလဲဆိုတော့ ဒီလို ကျေးဇူးဆပ်တာက အကောင်းဆုံးဖြစ်တယ်လို့ တွေးမိလာတယ်။
NW – အရင်အချိန်က လူသေတွေအတွက် မြှုပ်နှံသင်္ဂြိုဟ်တဲ့ အလုပ်မျိုးကိုလုပ်တဲ့သူ မြန်မာလူမျိုးက မရှိသလောက်နည်းပြီး လုပ်တဲ့သူရှိပြန်ရင်လည်း လူ့ပတ်ဝန်းကျင်မှာ နေရာမပေးကြဘူးလေ။ ကျွန်မ ကြားဖူးသိဖူးသလောက်ဆိုရင် ၁၉၇၀ ခုနှစ်ကျော်လောက်က ဒီလိုအလုပ်မျိုးလုပ်တဲ့ မိသားစုမှာဆို ငွေကြေးချမ်းသာပါရဲ့နဲ့ ပတ်ဝန်းကျင်က လက်မခံတဲ့အတွက် သားသမီးတွေ အိမ်ထောင်ရေးမှာ သတင်းစာမျက်နှာပေါ်က ကြော်ငြာခေါ်ယူရတဲ့အထိ အခြေအနေမျိုးရှိခဲ့တာမို့ ဦးကျော်သူအနေနဲ့ ဒီအကြောင်းအရာတွေကို နာရေးကူညီမှုအသင်း မတည်ထောင်မီက စဉ်းစားဖြစ်ခဲ့သေးလား။
KT – လုံးဝကို မစဉ်းစားဘူး။ စဉ်းစားစရာလည်း မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်တယ်။ မြတ်စွာဘုရားချမှတ်တဲ့ လမ်းစဉ်အတိုင်း ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုပြီး လုပ်တယ်။ ဒါဟာ လူဖြစ်လာရင် လူတွေလုပ်ရမယ့်အလုပ်၊ ဘယ်ဘာသာ ဘယ်လူမျိုးမှ လုပ်ရမယ်လို့ မပြောဘူး။ လူဖြစ်လာရင် လူတွေလုပ်ရမယ့်အလုပ်ပဲ။
NW – သရုပ်ဆောင်အလုပ်ကို စွန့်လိုက်ချိန်မှာ ခံစားချက်ကတော့ တော်တော်ပြင်းထန်လိမ့်မယ်နော်။
KT – ဒါတွေဟာ ပြီးဆုံးသွားပါပြီ။ အခုအချိန်မှာ ဒီအလုပ်တွေကို ထဲထဲဝင်ဝင်လုပ်နိုင်လို့ ကုသိုလ်ရတယ်။ အဲဒီအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။
NW – နာရေးကူညီမှုအသင်းပြီးတော့ သုခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်ဖြစ်ခဲ့တယ်နော်။ ဘယ်အရာမှ အလွယ်တကူ တည်ဆောက်လို့မရတဲ့ အချိန်အခါမျိုး၊ အခြေအနေမျိုးမှာ အသင်းကို ခိုင်မာအောင်၊ ဘေးပယောဂတွေ မဝင်အောင်တော်တော် ကြိုးစားယူခဲ့ရမှာပဲ။ ဘယ်လို အခက်အခဲမျိုးတွေ ကျော်လွှားခဲ့ရသလဲ။ ကြုံတွေ့ခဲ့ရလဲ။
KT- အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးကတော့ အများကြီးပါပဲ။ ရည်ရွယ်ချက်မှန်မှန်နဲ့ ကြိုးစားအားထုတ်ရပါတယ်။
NW – အသင်းကို အုပ်ချုပ်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်လဲ။
KT – အသင်းကိုတော့ ကျွန်တော်ရဲ့ အနုပညာစိတ်နဲ့ပဲ အုပ်ချုပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာအသင်းတွေရဲ့ ဥပဒေသတွေ ဘာမှမရှိပါဘူး။ နားမလည်ဘူး။ သိလည်း မသိဘူး။ သိလည်း မသိချင်ဘူး။ ကိုယ့်ခြေလှမ်းနဲ့ ကိုယ်ပဲလျှောက်တယ်။ ဒီလိုလျှောက်ကြရင်းနဲ့ ၃ နှစ်အတွင်း အခုလို ဖြစ်လာတယ်။ အများကို ထိထိရောက်ရောက် ကူညီနိုင်တယ်။
NW – ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်ထားတဲ့ ပရဟိတလုပ်ငန်းတွေ ရှိသေးလား။
KT – ဘာတွေလုပ်ဖို့ ရည်ရွယ်လဲဆိုတော့ ဒီမှာက အခုအခြေအနေအရ အနာဂတ်ကို ပြောလို့ မရနိုင်သေးပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်အလုပ်ကို ကောင်းအောင်လုပ်ဖို့ပဲ ရှိတယ်။ ပစ္စုပ္ပန်ကောင်းအောင် လုပ်ရင် အနာဂတ်က ပွင့်လင်းလာပါလိမ့်မယ်။
NW – စာကြည့်တိုက်လည်း ဖွင့်လှစ်ထားသေးတယ်နော်။
KT – ဟုတ်ပါတယ် စာကြည့်တိုက်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။
NW – ဒီနေ့ လက်ရှိအခြေအနေမှာ စီးပွားရေးအရ တွက်ဆရရင် လူတန်းစားက နှစ်ရပ်ဖြစ်နေတယ်။ အလယ်လတ်တန်းစာဆိုတာက ပျောက်နေတယ်။ ဒါဟာ ဘာကြောင့်ဖြစ်မယ်လို့ ထင်မိလဲ။
KT – နိုင်ငံရေးစကားလုံးတွေနဲ့တော့ ကျွန်တော်သိတာက ဒီမှာ အရမ်းချမ်းသာတဲ့ သူတွေရှိတယ်။ ဆင်းရဲတဲ့သူတွေရှိတယ်။
NW – နိုင်ငံရေးဆိုတဲ့ စကားလုံးကြားမိလို့ မေးချင်လာတာ တခုရှိပါတယ်။ ဘာလဲဆိုတော့ နာရေးကူညီမှုအသင်းကို လူတွေအားကိုးလာကြတယ်။ အကူအညီ တောင်းခံလာကြတယ်။ ဒီ့အပြင် အသင်းရဲ့ ကူညီမှုတွေကို ခုတုံးလုပ်တဲ့ ကြားပွဲစားတွေကို ပပျောက်အောင်လည်း ရှင်းလင်းနိုင်ခဲ့တယ်။ ခေါင်းဆောင်တယောက်ရဲ့ အရည်အသွေးတွေကိုတွေ့ရတဲ့ ဦးကျော်သူအနေနဲ့ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာရော၊ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာရော ဝင်ရောက်ဖို့ စိတ်မဝင်စားခဲ့ဘူးလား။
KT – စိတ်မဝင်စားဘူး။ ဒီအသင်းအဖွဲ့လေး လုပ်တာတောင်မှ လူပေါင်းစုံနဲ့ ဆက်ဆံရတယ်။ လက်တွဲပြီး အလုပ်လုပ်ရတယ်။ ဒီလိုအလုပ်တွေ လုပ်ရာမှာ စည်းကမ်းဖောက်တဲ့သူကလည်း ဖောက်တယ်။ သီလမလုံတဲ့ သူတွေကလည်း မလုံဘူး။ ဒီတော့ လူပေါင်းများစွာနဲ့ အလုပ်လုပ်ရမယ့်၊ အုပ်ချုပ်ရတဲ့အလုပ်ကို စဉ်းကိုမစဉ်းစားဘူး။ ကိုယ်နိုင်တဲ့ဝန်ကိုပဲ ထမ်းတယ်။ အခုက နိုင်တယ်လို့လည်း မဟုတ်ဘူး။ နိုင်အောင်ကြိုးစားနေရတာ လူတွေကိုလည်း တော်တော် စိတ်ကုန်တယ်။
 
NW – လူတွေကို တော်တော်စိတ်ကုန်တယ်ဆိုတော့ တခါတခါမှာ ဒီအလုပ်ကို လုပ်ချင်စိတ် မရှိတော့ဘူးဆိုတာ ဖြစ်မိလား။
KT – တကယ်လည်း လူတွေကို စိတ်ကုန်တယ်။ နေလည်း မနေချင်တော့ဘူး။ အလုပ်တခုလုပ်တယ် ဆိုတာ အားလုံး စိတ်တူကိုယ်တူနဲ့လုပ်တာ ကောင်းတယ်။ တယောက်တမျိုးနဲ့ ဖြစ်လာရင် ကုသိုလ် လိုချင်လို့လုပ်တာ အကုသိုလ်တွေပဲ ပါလာတယ်။ ကျွန်တော်ကတော့ မလုပ်ချင်တော့ဘူး။ မလုပ်ချင်တော့ဘူးဆိုတာ အတိုင်းအတာတော့ ရှိတာပေါ့။ ဒါပေမယ့် အများအတွက် လုပ်ပေးရမယ့် အပိုင်းတွေ၊ လုပ်ပေးရမယ့် တာဝန်တွေ၊ လုပ်ပေးရမယ့် လူ့ကျင့်ဝတ်တွေ ရှိသေးတာပေါ့။ ဒီအလုပ်လုပ်တယ်ဆိုကတည်းက စွန့်လွှတ်ရတာတွေက အများကြီးပါ။
NW – ဘယ်လိုအရာမျိုးတွေကို စွန့်လွှတ်ခဲ့ရလဲ။
KT – ရုပ်ရှင်မင်းသားတယောက်ဖြစ်ဖို့ ကြိုးစားရတာထက် ဒီမှာ ပိုပြီးကြိုးစားရတယ်။ စွန့်လွှတ်ရတယ်။ သားသမီးလည်း စွန့်လွှတ်ရတယ်။ ကိုယ့်စီးပွားရေးတွေလည်း စွန့်လွှတ်ရတယ်။ ဝင်ငွေ တပြားတချပ်မှ မရတဲ့အလုပ်ကို လုပ်နေရတာ။ ၂၀၀၁ ခုနှစ်ကစပြီး ဒီနေ့ ဒီအချိန်အထိ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်ကားနဲ့ ကိုယ်လာပြီး အလုပ်လုပ်နေရတာ၊ အသင်းသည် ကိုယ့်အတွက် မဖြစ်စေရ၊ ကိုယ်သည် အသင်းအတွက်သာ ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်နေတာ။
NW – မင်းသားတယောက်အဖြစ်လည်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သလို အခု ပရဟိတ လုပ်ငန်းကိုလည်း အောင်မြင်အောင် တည်ထောင်နိုင်ခဲ့တယ်။ အခုလို မတူညီတဲ့ နယ်ပယ်နှစ်ခုလုံးမှာ အောင်မြင်ခဲ့တာ ဘာကြောင့်လဲ။
KT – မင်းသားလုပ်တုန်းကတော့ ကျွန်တော်တို့ဆီမှာ သင်တန်းတွေရှိခဲ့တာ မဟုတ်ပါဘူး။ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ကနေ ပထမဆုံး ရိုက်ခဲ့တယ်။ သူလည်း သူတတ်သလောက် သင်ပေးခဲ့တယ်။ ကျွန်တော်ကလည်း ကြိုးစားတယ်။ ပရိသတ်က အားပေးလာတယ်။ မင်းသားကျော်သူ ဆိုပြီး ဖြစ်လာတယ်။ ထို့နည်းတူစွာ သူ့ဆရာ၊ ဆရာတွေတော့ ရှိတာပေါ့။ ဦးအောင်မြင့်မြတ် ဆိုရင် ဒရာမာပိုင်းကို သင်ပေးတယ်။ အေဝမ်း ဦးလှမျိုးဆိုရင် အက်ရှင်ပိုင်းကို သင်ပေးတယ်။ ကျွန်တော်က သူတို့နဲ့ သင်တန်းတခုလို သင်ရတာလည်း မဟုတ်ဘူး။ သူတို့လုပ်တာကို လေ့လာပြီးတော့ လုပ်ရတာ။ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့စိတ်ကပဲ အရေးကြီးတာပါ။
NW – နာရေးကူညီမှုအသင်းစတော့ လူသေအလောင်းတွေကို ကိုယ်တိုင်သယ်ယူရတာနော်။ ဦးကျော်သူ မှတ်မိသလောက်လေး ပြောပါဦး။
 
KT – ဒီမှာက လူသေအလောင်းကို ဘယ်လိုပြင်ဆင်မယ်ဆိုတာ သင်တန်းပေးထားတာမျိုးလည်း မရှိပါဘူး။ တခါမှအလောင်း သယ်ဖူးတာလည်း မရှိဘူး။ နိဗ္ဗာန်ယာဉ်ကားလည်း မောင်းဖူးတာ မဟုတ်ဘူး။ ဆွေမျိုးသားချင်းတွေမှာတုန်းကလည်း အလောင်းကို ကိုယ်တိုင်လည်း ကိုင်ဖူးတာ မဟုတ်ပါဘူး။ အဘိုး အဘွားတွေတုန်းကလည်း ကိုင်တောင် ကိုင်ရတာမဟုတ်ဘူး။ ပထမဆုံး ကိုယ်နဲ့ သူစိမ်းတယောက်ဖြစ်တဲ့ ဦးဟန်တင်ရဲ့ ရုပ်ကလာပ်ကို ကိုယ်တိုင်သယ်ရတယ်။ ကိုယ်တိုင်ကားမောင်း ပို့ပေးရတယ်။ ကိုယ်က ဒီလို ပေးဆပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကြောင့် အခုလို လုပ်နိုင်တာ။
NW – ပရဟိတလုပ်ငန်းတွေမှာ စိတ်ဓာတ်က အဓိကကျတယ်လို့ ပြောရမှာပေါ့။
KT – ဒီလိုစိတ်ဓာတ်ကြောင့် ကိုယ့်ရဲ့ ခံယူချက်တွေ မှန်တဲ့အတွက် အများပြည်သူကလည်း အားပေးလာတယ်။ နာရေးကူညီမှုအသင်းကို အားပေးလာတယ်။ အရေးကြီးတာက စိတ်ဓာတ်ပဲ။
NW – တခါတလေတော့ ဦးကျော်သူအနေနဲ့ အရင်က သရုပ်ဆောင်ဘဝကို လွမ်းမိသေးလား။
KT – တခါတလေတော့ ကိုယ်သရုပ်ဆောင်ထားတဲ့ ကားလေးတွေကို ပြန်ကြည့်ဖြစ်ပါတယ်။ သရုပ်ဆောင်ဘဝဆိုတာလည်း မလွမ်းလောက်ပါဘူး။
NW – မလွမ်းလောက်ဘူးဆိုတာက ….
 
KT – ဒီလိုပါ။ မနေ့က လှိုင်မဟာစည်ဆရာတော် ဘုရားဆီ ရောက်ခဲ့တယ်။ ဆရာတော်ကြီးက အနုပညာသမားတွေသေရင် ပကာသငရဲကို ရောက်တယ်ဆိုတာ မြတ်စွာဘုရားနဲ့ တပည့်ရဟန်း တပါးပြောကြားတဲ့အကြောင်းကို ဟောတာ၊ ရဟန်းတော်တပါးက မြတ်စွာဘုရားကို အနုပညာသမားတွေသေရင် ပကာသငရဲကို ရောက်တယ်ဆိုတာ ဟုတ်လားလို့မေးတာ အဲဒါနဲ့ ပတ်သက်ပြီး ပြောဖြစ်ခဲ့တာက ကျွန်တော့်သမီးနဲ့ သားက ရှစ်တန်းနှစ် နွေရာသီကျောင်းပိတ်ရက်မှာ တရားစခန်း ဝင်တယ်။ အင်းစိန် အောင်ဆန်းတောရမှာ အဲဒီတုန်းက သမီးက ရုပ်ရှင်သရုပ်ဆောင်တွေ သေရင် ဘယ်ဘဝကို ရောက်လဲလို့မေးတော့ ဆရာတော်ကြီးကလည်း အဲဒီလိုပဲ မိန့်တယ်။ အဲဒီအကြောင်းကို ဆရာတော်ကြီးကို အခုပြောပြဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာကတည်းက တုန်လှုပ်သွားပြီး ဘာသာရေးဘက်ကို တဖြည်းဖြည်း လိုက်လာခဲ့တာ။ အနုပညာသမားဆိုတာကလည်း ဘဘဦးသုခတို့လို ကိုယ့်ရဲ့ အနုပညာကိုလည်း ဖော်ထုတ်၊ လူတွေကို အကျိုးပြုမယ့် ဇာတ်ကားတွေရိုက်ဖို့ အရေးကြီးတယ်။
NW – အသင်းရဲ့ ရန်ပုံငွေကို ဘယ်လိုကောက်ခံပါသလဲ။
KT – အသင်းအတွက် ရန်ပုံငွေကောက်ခံခြင်းတွေ မလုပ်သလိုဘဲ နိုင်ငံတကာက ဘယ် အဖွဲ့အစည်းကိုမှလည်း အကူအညီ တောင်းခံတာမျိုး မဟုတ်ပါဘူး။ အသင်းကို လာရောက်လှူဒါန်းတဲ့ အလှူငွေနဲ့ပဲ လည်ပတ်တယ်။ စာရင်းစစ်တွေရှိတယ်။ အသင်းမှာ ငွေစာရင်း အတိအကျထားတယ်။ အသင်းရဲ့ ငွေစာရင်းတွေကို သက်ဆိုင်ရာ၊ တိုင်း၊ မြို့နယ်တွေကို လစဉ်အမြဲပို့တယ်။
NW – ပေါ်ပေါက်လာတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး ဦးကျော်သူအမြင် ပြောပါဦး။
KT – ဒီမှာ လူမှုရေးအသင်းအဖွဲ့တွေ ပေါ်ပေါက်လာတယ်။ ဖောင်ဒေးရှင်းတွေ ပေါ်လာတာတွေက အစိုးရကလုပ်တာပဲလေ။ လုပ်တဲ့ရည်ရွယ်ချက်မှန်ဖို့ အရေးကြီးတယ်။ နာမည်ကြီးချင်လို့ လုပ်တာလား။ အများပြည်သူတွေအတွက် ကူညီချင်လို့ လုပ်တာလား။ ဒါမှမဟုတ် တခြား အသင်းအဖွဲ့ကို တိုက်ခိုက်ချင်လို့ လုပ်တာလား။ ဒါတွေ ပြန်သုံးသပ်ဖို့လိုတယ်။ တကယ့်စိတ်ရင်းနဲ့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကြရင်တော့ အောင်မြင်မယ်လို့ ကျွန်တော် ထင်တယ်။
NW – အခုလို လူမှုရေးတွေလုပ်နိုင်တဲ့ ဦးကျော်သူအတွက် အိမ်ရှင်မနဲ့ နားလည်သိတတ်မှုက ဘယ်လောက် အတိုင်းအတာအထိ ပါဝင်လဲ။
 
KT – သူက အပြည့်အဝ ပါဝင်တယ်။ မင်းသားလုပ်တုန်းကတော့ သူက ဒီအလုပ်ကို စိတ်မဝင်စားဘူး။ ဒါပေမယ့် အဲဒီကရလာတဲ့ ငွေကို စနစ်တကျ သိမ်းဆည်းတယ်။ သုံးစွဲတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ကျော်သူဟာ အလုပ်မရှိဘဲ ထိုင်စားနေနိုင်တာပါ။ အခုလည်း ဒီမှာ လူမှုရေးအလုပ် လုပ်တယ်ဆိုတာ သူလုပ်ချင်တဲ့ အလုပ်ပဲ။ လူမှုရေးဟာ ဘာသာရေးနဲ့လည်း နွှယ်တယ်။ ဒီတော့ ဒါဟာ နှစ်ယောက်စလုံးရဲ့ ဆန္ဒပဲ။ ဒါကြောင့် ဒီနေ့အချိန်အထိ လက်တွဲပြီး ရပ်တည်နိုင်တာပါ။
NW – ဒီနေ့ လူငယ်တွေအတွက်နဲ့ ပတ်သက်ပြီး ဦးကျော်သူမှာ ပြောစရာစကားလုံးများ ရှိနေမလားပဲ။
KT – ဒီနေ့ လူငယ်တွေဟာ ကိုယ့်ဝမ်းစာကိုယ်ပဲရှာရှာ၊ ကုမ္ပဏီမှာပဲလုပ်လုပ် ဘယ်လို ဝန်းကျင်မျိုးမှာပဲဖြစ်ဖြစ် ဘယ်လောကထဲရောက်ရောက် ကိုယ့်အလုပ်ကိုယ်လုပ်မယ်။ ကိုယ့်လမ်းကိုယ် သွားမယ်။ ကိုယ့်သီလ ကိုယ်လုံဖို့ တိုက်တွန်းချင်တယ်။ အဓိကတော့ သီလလုံဖို့ပါပဲ။
NW – ဟုတ်ကဲ့ပါ။ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဓိကဘယ်မှာဖြစ်ဖြစ် သီလလုံဖို့ အရေးကြီးတယ်လို့ ပြောချင်တာပေါ့နော်။
KT – ဟုတ်ပါတယ်။ ဘယ်နေရာ၊ ဘယ်ဋ္ဌာနကိုပဲရောက်ရောက် မိမိရဲ့ သီလလုံနေဖို့ပဲ အရေးကြီး ပါတယ်။
xxx xxx xxx xxx xxx
 
Leave a comment

Posted by on August 7, 2011 in Contemporary Experience, Kyaw Thu

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: