RSS

Ashin Awtada – Buddish Summer Camp

12 Aug

၂၀၁၁ နွေရာသီဗုဒ္ဓဘာသာသင်တန်းအကြောင်း မိဘတယောက်၏ ဖွင့်ဟဝန်ခံချက်
အရှင်သြသဓ (ဟပ်မွန်းဘေး)
သြဂုတ် ၁၁၊ ၂၀၁၁


(ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ နွေရာသီဗုဒ္ဓဘာသာသင်တန်းအကြောင်းကို အခြားသူများ သိရှိဝမ်းမြောက်နိုင်စေဖို့ မိမိအမြင်များကိုသာ တင်ပြရေးသားခဲ့ပေသည်။ ဒီနှစ်တော့ ဒကာတယောက်က သူခံစားတွေ့မြင်ရမှုလေးများကို စာရေးသူအား လာပြောပြသွား၏။ မှတ်သား ထိုက်ပါသဖြင့် သူ့ခံစားမှုလေးများကို သူပြောပြချင်သည့်အတိုင်း ၂၀၁၁ ခုနှစ် ကလေးများအတွက် နွေရာသီဗုဒ္ဓသင်တန်းအကြောင်း တင်ပြအပ်ပေသည်။)

နွေရာသီရောက်လာပြီဆိုရင် ကျနော်တို့မိဘများ ကလေးတွေအတွက် အလုပ်ရှုပ်ကြတာ ဓမ္မတာပါ။ ကျုရှင်၊ ရေကူး၊ ဘောလုံး၊ ဘတ်စ ကတ်ဘော၊ တင်းနစ်၊ မြူးဇစ်၊ အက၊ အပန်းဖြေခရီးထွက်၊ အို- စုံနေတာဘဲ။ ဒါပေမဲ့ အခု ၁၀ နှစ် ပတ်ဝန်းကျင်လောက်မှာတော့ ကျနော်တို့ ဆန်ဖရန်ဆစ္စကို၊ ဘေးဧရိယာတဝိုက်နေသူများ နောက်ထပ်တခုတိုးလာပါတယ်။ အဲဒါကတော့ မိဘတော်တော်များများ သူတို့သားသမီးတွေကို နွေရာသီဗုဒ္ဓဘာသာသင်တန်းတွေ ပို့ကြတာပါ။ ကျနော်တို့မှာလည်း ၁၀ နှစ်အရွယ် တစ်ဦးတည်းသော သမီး လေးတစ်ယောက် ရှိပါတယ်။ ကျနော့်မိန်းမက သူ့သမီး နွေရာသီရေကူးသင်တန်းပြီးတာနဲ့ ဗုဒ္ဓဘာသာသင်တန်းကို ပို့ချင်ကြောင်း၊ အခု ငယ်ငယ်ကတည်းက ဘာသာရေးနားလည်အောင် သင်ထားရမည်ဖြစ်ကြောင်း၊ ကြီးခါမှဆို သင်လို့ရတော့မည် မဟုတ်ကြောင်း၊ သူက သိချင်လို့မေးလာရင်တောင် ကိုယ်က ဘာမှဂဃနဏ မသိကြောင်း၊ ပို့မဲ့ကျောင်းကတော့ ကျနော်တို့သွားနေကျ ဟပ်မွန်းဘေးက ဆရာ တော်ကြီး ဦးသီလာနန္ဒရဲ့ကျောင်းဖြစ်ကြောင်း လာပြောပါတယ်။ ဒါနဲ့ ကျနော်က “ဘယ်လောက် ကြာမှာလဲ”လို့ မေးကြည့်တော့ “၇ ရက်”လို့ သူက ပြောပါတယ်။

သူပြောတာတွေ အားလုံးမှန်ပါတယ်။ ဒါပေမဲ့ ခက်တာက ကျနော်ပါ။ သမီးနဲ့ တခါမှမခွဲဖူးတော့ စိတ်ထဲမှာ တမျိုးဖြစ်နေပါတယ်။ အမှန အတိုင်းပြောရရင် အိမ်ထောင်ကျတာစောပေမဲ့ သမီးလေးကို အိမ်ထောင်သက် တော်တော်လေးကြာမှ ယူကြတာပါ။ သမီးလေးကလဲ လိမ္မာ၊ တစ်ဦးတည်းလည်းဖြစ်ဆိုတော့ သမီးနဲ့ပတ်သက်ရင် ကျနော်က ပိုကဲတယ်လို့ဘဲ ဆိုရမှာပါ။ ဒါကြောင့် ကျနော်က …

“ဖြစ်ပါ့မလားကွာ မင်းဟာ”

“ရှင် ဘာတွေများ ဒီလောက်ပူနေတာလဲ။ သူများကလေးတွေလဲ ဒီလိုဘဲ ပို့နေကြတာ။ ကျမ အကုန်လုံး စုံစမ်းကြည့်ပြီးပြီ။ ဆရာတော်တွေ၊ အမှုဆောင် လူကြီးတွေ၊ ဆရာ-ဆရာမတွေ၊ လုပ်အားပေးတွေ၊ အားလုံး ဝိုင်းစောင့်ရှောက်ကြတာ။ ကျန်းမာရေးအတွက်လည်း မပူရဘူး။ အရေးပေါ်ဆို ညအိပ်လုပ်အားပေးနေတဲ့ ဆရာဝန်တွေလဲ ရှိတယ်။ ရှင်သာ နီးနီးနားနားနေပြီး စိတ်ပူနေတာ။ မိုင် ၂၀၀ ကျော်လောက်ဝေးတဲ့ Visalia တို့၊ Fresno တို့ကတောင် သူ့သားသမီးတွေ လာထားကြတယ်။ ရှင်ဒီလောက်ဖြစ်နေရင်လဲ ခွင့်ကြိုယူပြီး လုပ်အားပေးရင်း သမီးနဲ့လိုက်နေ။ ကျမက ခွင့်မရလို့၊ ရရင် လုပ်အားပေးသွားချင်တာ။ သူများမိဘတွေဆို အားတက်သရော သွားကြတယ်”

မိန်းမပြောလိုက်တာနဲ့ဘဲ ကျနော်လည်း အကြံရပြီး ရလိုရငြား ခွင့်တင်ကြည့်လိုက်တော့ ကံကောင်းထောက်မလို့ ရလာပါတယ်။ ဒါ ကြောင့် ကျနော်ကိုယ်တိုင် လုပ်အားပေးခွင့်ရတဲ့အတွက် ဒီသင်တန်းရဲ့လှုပ်ရှားမှုအားလုံးကို ကိုယ်တိုင်သိရှိခွင့် ရခဲ့ပါတယ်။ ကိုယ်သိချင် တာလေးတွေကိုလည်း ဆရာတော်တွေကို မေးမြန်းခွင့်ရတဲ့အတွက် နောက်ခံသမိုင်းနဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြည့်ပြည့်စုံစုံ သိရှိခွင့် ရရှိခဲ့ပါတယ်။



သင်တန်းဖွင့်ရက်မှာဘဲ ကျနော်ကိုယ်တိုင် လိုက်အပ်ပေးပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ Stanley Khoo ကိုယ်တိုင် စားပွဲမှာ ထိုင်ကြိုဆိုကာ ကျောင်းသားများ လက်ခံနေတာ စတွေ့ရပါတယ်။ လေးစားစရာပါ။ ဆရာတော်ဦးသြသဓကလည်း ရောက်လာတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာအတန်းအလိုက် သင်ရမည့်ဖိုင်များကို ပေးနေပါတယ်။ ကျန်လုပ်အားပေးများလည်း အလှုငွေလက် ခံသူနဲ့၊ ကျောင်းသားများအတွက် တီရှပ်ဝေသူနဲ့၊ နေရာလိုက်ပြသူနဲ့ အားရစရာ လုပ်နေကြတာကို တွေ့ရပါတယ်။ ကျနော့်သမီးလည်း သူ့အတွက်နေရာရပြီး မကြာခင်ဘဲ သူ့အခန်းဖော်နဲ့ သူငယ်ချင်းဖြစ်သွားကြပါတယ်။ ညနေ ၅ နာရီမှာတော့ သင်တန်းဖွင့်ပွဲလုပ်ပြီး၊ ဆရာတော်များနှင့် သက်ဆိုင်ရာ သင်တန်းကော်မတီလူကြီးများက စည်းကမ်းပိုင်းဆိုင်ရာများကို ရှင်းပြပါတယ်။ ဖွင့်ပွဲပြီးတာနဲ့ ဆွမ်းစား ကျောင်းမှာ ကလေးတွေ ညနေစာကျွေးဖို့ အသင့်ဖြစ်နေပါပြီ။ ကျနော်လည်း ကျန်တဲ့လုပ်အားပေးတွေနဲ့ စတင်ပြီး ကူညီလုပ်ကိုင်ခဲ့ပါတယ်။

ကျနော်လည်း ကလေးတွေ ဘယ်အချိန်မှာ ဘာလုပ်တယ်ဆိုတာသိရအောင် အချိန်ဇယားကို ကြည့်လိုက်ပါတယ်။ သူတို့အချိန်ဇယားက လည်း မသက်သာလှဘူး။ အချိန်ကို စေ့နေတာဘဲ။ မနက် ၆ နာရီ ထ၊ ၆ နာရီခွဲမှာ ဘုရားရှိခိုး တရားထိုင်၊ ၇ နာရီမှာ မနက်စာစား၊ ၈ နာရီကနေ ၉-၁၅ အထိ စာသင်၊ ပြီးတော့ ၁၅မိနစ် ခဏနား၊ ၉-၃၀ ကနေ ၁၀-၄၅ ထိ စာသင်၊ ၁၅မိနစ် နားပြီးတော့ ၁၁ နာရီကနေ ၁၁ နာခွဲအထိ တရားထိုင်နည်းသင်ပေးပြီး လက်တွေ့ထိုင်၊ ၁၁ နာရီ ၅၀ မှာတော့ နေ့လည်စာ ကျွေးပါတယ်။

နေ့လည်ပိုင်း ပြန်စတဲ့အခါမှာတော့ ၁ နာရီ ၁၀ မိနစ်ကနေ ၂ နာရီ ၁၅ အထိ တချိန်သင်၊ ပြီးတော့ ၁၅ မိနစ်နား၊ ၂ နာရီခွဲကနေ ၃ နာခွဲ။ နောက်ဆုံးချိန်မှာတော့ ဒီနေ့သင်တာတွေအားလုံး ပြန်ပြီး သူတို့ဆရာနဲ့ ရီဗျူးပြန်လုပ်ရပါတယ်။ ၃ ခွဲကနေ ၄ နာရီအထိ အဆာပြေ သရေ စာစားရင်း ခဏကစားချိန်ရပါတယ်။ ညနေ ၄ နာရီကနေ ၄-နာရီခွဲအထိ ဘုရားရှိခိုးစာ ရွတ်ဖတ်နည်းကို ဆရာတော် ဦးသြသဓက သင်ကြားပေးပါတယ်။ ပြီးတော့ နားချိန် ကစားချိန် ရေချိုးချိန် ပေးပါတယ်။ ၆ နာရီမှာ ညနေစာကျွေးပြီး၊ ည ၇ နာရီကနေ ၈ နာရီအထိ ပြင်ပ guest speaker များထံမှာ ဟောပြောချက်များကို နားထောင်ကြရပါတယ်။ မိနစ်၃၀ နားပြီး ၈း ၃၀ ကနေ ၉-နာရီအထိ တရားထိုင် နည်းသင်ပြပေးပြီး လက်တွေ့ အားထုတ်ကြရပြန်ပါတယ်။ ည ၁၀ နာရီမှာတော့ အားလုံးအိပ်ကြရပါတယ်။ ဒီနှစ် ကျောင်းသားက ၉၂ ယောက်၊ ဆရာနဲ့အကူဆရာက ၁၇ ယောက်၊ ချက်ပြုတ်ရေးနဲ့ စောင့်ရှောက်ရေး လုပ်အားပေး ၁၃ ယောက်၊ ပြင်ပ guest speakerက ၆ ယောက်ရှိတယ်လို့ စာရင်းအရ သိရပါတယ်။ အားရစရာ ကောင်းလှပါတယ်။



ကျနော်လည်း အားတဲ့အချိန်မှာ ဘာတွေဘယ်လိုသင်တယ်ဆိုတာ သိရအောင် အတန်းစုံ လိုက်နားထောင်ကြည့်ပါတယ်။ စာမရေးတတ် သေးတဲ့ ၈ နှစ်အောက်ကလေးတွေကိုတော့ သြကာသတန်းဆိုပြီးတော့ တွေ့ရပါတယ်။ အဲဒီအတန်းမှာသင်တဲ့ ဆရာမလေးတွေက ငယ် ငယ်ဘဲ ရှိပါသေးတယ်။ စိတ်ရှည်လက်ရှည် ဘုရားရှိခိုးနည်းကအစ သင်ပေးကြတာ တွေ့ရပါတယ်။ ကလေးတွေက ငယ်တော့ မပျင်းရ အောင် စာသင်လိုက်၊ ပုံပြောလိုက်၊ အရုပ်ဆွဲလိုက်နဲ့ တကယ့်ဆရာမကြီးတွေလို သင်ပေးနေတာတွေ့ရတော့ ကျနော်အံ့သြမိပါတယ်။ သိချင်တာနဲ့မေးကြည့်လိုက်တော့ သူတို့တွေက အတန်းတွေပြီးသွားလို့ ပြန်ပြီးလုပ်အားပေးဆရာ လာလုပ်တာတဲ့။ ဒါကို ကျနော်ကြား လိုက်ရချိန်မှာ ကျနော့်ကိုကျနော် ရှက်သလို ခံစားမိသွားတယ်။ ကျနော်ဆို သူတို့အရွယ်တုန်းက အခုလို စာသင်ဖို့ မပြောနဲ့ အပျော်အပါးနဲ့ ကစားတာကလွဲရင် ဘာမှမသိခဲ့ဘူး။ ငါးပါးသီလတောင် ကောင်းကောင်းမှန်အောင် မရဘူး။

ပြီးတော့ ဟိုဘက်နားက Basic Level 1 တဲ့။ ကျောင်းသား ၂၀ ရှိတယ်။ ပြေးလွှားဆော့ကစားရာကနေ ဝင်လာကြလို့ စိတ်ငြိမ်အောင်ဆိုပြီး အတန်းစ,စချင်း ၃ မိနစ် တရားထိုင်ရသေးတယ်။ သိပ်နားမလည်တဲ့ကလေးတွေကို assistant နှစ်ယောက်က ကူသင်ပေးနေတာလည်း တွေ့ရတယ်။ ဒီအကူဆရာတွေလည်း ကျောင်းသားဟောင်းတွေဘဲတဲ့။ သာဓုခေါ်မိပါတယ်။


နောက်တတန်းကတော့ Basic Level 2 တဲ့။ နေရာက ကျောင်းဆောင်ကြီးအပေါ်ထပ်မှာပါ။ အဲဒိအတန်းက ကျောင်းသား ၁၅ ယောက်ရှိ တယ်။ ဆရာမလေး ၂-ယောက် စားပွဲဟိုဘက်ထိပ် ဒီဘက်ထိပ် ထိုင်သင်ပေးနေတာ တွေ့ရပါတယ်။ လိုအပ်ရင်ကူဖို့ အကူဆရာလေး နှစ်ယောက်လည်း ထိုင်လျက်ဘဲ။ သူတို့လဲ အသက် ၁ရ-၁၈ အရွယ်တွေဘဲ။ နားထောင်ကြည့်ရတာ အတန်းမြင့် သွားတော့ သူတို့စာတွေလဲ မြင့်တဲ့ပုံပါဘဲ။ ဒါပေမဲ့ သူတို့သင်ကြားနည်းစနစ်က စိတ်ဝင်စားစရာဘဲ။ ကလေးတွေ မပြင်းအောင် မေးလိုက် ဖြေလိုက် ဖတ်လိုက်နဲ့ သင်နေကြတာ။ quiz လည်း လုပ်နေတာ တွေ့ရတယ်။ အော်-သူတို့လေးတွေ သင်တတ်လိုက်တာ။ ဆရာတော် ဒီလိုအရွယ်လေးတွေကို ဘယ်လိုများ သင်ပေးထားပါလိမ့်လို့ ဝမ်းမြောက်မိပါတယ်။

ကျောင်းဆောင်ကြီးအနောက်ဖက်က trailer မှာတော့ အတန်းနှစ်ခု သင်နေတာ တွေ့ရပါတယ်။ တစ်ခန်းက Basic Level 3 ပါ။ ကျောင်း သား ၁၈-ယောက်ရှိပါတယ်။ သင်တဲ့ဆရာမ တစ်ယောက်၊ အကူဆရာတစ်ယောက်။ အဲဒီမှာလည်း သင်တဲ့ဆရာမက ၁၉-နှစ်လောက်ဘဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတွေက လေးလေးစားစား နားထောင်ကြပါတယ်။ သူကလည်း သူ့အတန်းပြီး ကတည်းက စာပြနေတာ တဲ့။ အခုဆို ၅ နှစ်တောင် ရှိပြီဆိုဘဲ။ တော်ပါပေတယ်။ ပျော်ပါးရမဲ့အရွယ်မှာ အခုလို ကုသိုလ်ယူရင်း ဘာသာရေးစာတွေ သင်နေလိုက်တာ။

အခြားတခန်းမှာတော့ Advanced Level 1 အတန်းလို့ ဆိုပါတယ်။ အတန်းကြီးလာလို့လားတော့ မသိဘူး။ ကျောင်းသား ၁၀-ယောက်ပဲ တွေ့ပါတယ်။ ဆရာမတစ်ယောက်နဲ့ အကူဆရာတစ်ယောက် ရှိပါတယ်။ ဆရာမက စာပြတာ တော်တော်ရင့်ကျက်ပုံဘဲ။ ကလေးတွေကို ခက်ခဲတဲ့ ကံအကြောင်း၊ ဘဝအကြောင်း၊ နိဗ္ဗာန်အကြောင်းတွေကို နားလည်လွယ်အောင် ပြောတတ်လိုက်တာ။ မကောင်းတဲ့ ကိလေသာ တွေကို မကောင်းတဲ့ဇာတ်ကောင်တွေအဖြစ် ဖန်တီးပြီး မိမိတို့က အသိ၊ သတိတရားတွေနဲ့ ပြန်လည်တွန်းလှန်ရမည်ဖြစ်ကြောင်း၊ သို့မ ဟုတ်ရင် သူတို့မာယာနှင့်လှည့်စားခံရပြီး ထောင်ချောက်ထဲကိုရောက်သွားတတ်ကြောင်း ရှင်းပြနေတာ တွေ့ရပါတယ်။ ကျနော်တောင် နားထောင်ကောင်းလွန်းလို့ အတန်းဆုံးအောင် ဆက်နားထောင်နေမိတယ်။

Advanced Level 2 ကိုတော့ ဦးသီလာနန္ဒခန်းမထဲမှာ သင်နေတာ တွေ့ရပါတယ်။ ဆရာလုပ်သူက တကယ့်တက္ကသိုလ်မှာ စာပြခဲ့တဲ့ ဆရာလို့ ဆိုပါတယ်။ အခုလည်း လူငယ်ထောင်တွေမှာ စာရိတ္တပြန်လည်ကောင်းမွန်ရေးအတွက် ဗုဒ္ဓဘာသာတရားနဲ့ တရား ထိုင်နည်းကို သင်ပေးနေတယ်လို့ ဆိုပါတယ်။ သူ့သင်ပြပုံက တက္ကသိုလ်ကောလိပ်တွေမှာလို စလိုက်ရှိုးတွေနဲ့ကို အဆင်မြင့်မြင့်သင်နေတာ တွေ့ရပါ တယ်။ ကောလိပ်အဆင့်ဖြစ်တဲ့အတွက် အကြောင်းအရာတွေကလည်း မြင့်ပါတယ်။ တွေးခေါ်စဉ်းစားစရာ၊ နှိုင်းယှဉ်စရာတွေကို သူတို့ လက်တွေ့ဘဝထဲမှာ စဉ်းစားတတ်အောင် သင်ပေးနေတာပါ။ လက်တွေ့လဲ အတန်းထဲမှာ အားထုတ်ခိုင်းပါတယ်။ တော်တော်လေးကို ကောင်းတဲ့အတန်းလို့ ဆိုရမှာပါ။ ဒီအဆင့်လောက်ကို သေသေချာချာနားလည်သွားရင် ဗုဒ္ဓဘာသာအတွက် အခြေခံကောင်းကောင်း ရနိုင် တယ်လို့ ဆိုရမှာပါ။


ပြီးတော့ ညပိုင်းမှာလာကြတဲ့ ပြင်ပ guest speakerတွေ ပြောတာလည်း တော်တော်ကို ကောင်းပါတယ်။ ကလေးတွေအတွက်ဆိုပေမဲ့လဲ လူကြီးတွေတောင် မသိတာတွေ အများကြီးပါ။ ခေါင်းစဉ်လေးတွေကိုမှ စိတ်ဝင်စားစရာ၊ “ထင်ရှားသည့် ဘာသာကြီး ၅ ခုအကြောင်း”၊ “မိသားစုနှင့် မိတ်ဆွေ”၊ “သတိပဌာန်နဲ့ နေ့စဉ်ဘဝ”၊ “ကိုယ်ကျင့်သီလနှင့် ဘဝနေထိုင်နည်း” စတဲ့ခေါင်းစဉ်တွေပါ။ ကလေးတွေက မေးခွန်းတွေ ပြန်မေးတာကလည်း စိတ်ဝင်စားစရာပါ။ အမှတ်တမဲ့ မေးလိုက်တဲ့မေးခွန်းတွေဟာ တော်တော်လေး စဉ်းစားဖြေရတာ တွေ့ပါ တယ်။

ဒါတင် မကသေးပါဘူး။ တပါတ်သင်တန်းအတွင်း ကျောင်းသားတိုင်း essay တစ်ပုဒ်ရေးရပါတယ်။ ဒီနှစ်ခေါင်းစဉ်ကတော့ “Morality” တဲ့။ ငွေနောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း ကိုယ်ကျင့်သီလတွေ ပျောက်ကွယ်နေတဲ့ ဒီနေ့ခေတ်မှာ ဒီခေါင်းစဉ် လေးဟာ ကလေး တွေအတွက် အင်မတန်သင့်တော်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တညနေမှာတော့ သမီးက “ဖေဖေ၊ သီလလုံအောင် ဘယ်လိုထိန်းလဲ”၊ “သတိနဲ့ ထိန်းရတာပေါ့ သမီးရဲ့”၊ “ဒါဆို ဖေဖေ ငါးပါးသီလလုံလား”ဆိုတော့၊ “အဲ … အဲ …အဲ” နဲ့ ကျနော့်မှာ ဘယ်လိုဖြေရမှန်းမသိလို့ ဝေလည်ကြောင်ပတ် လုပ်နေလိုက်ရပါတယ်။ လူကြီးများ သီလမလုံဘူးလို့ ဝန်ခံရမလို ဖြစ်နေပါတယ်။

နောက်ပြီး ညနေကစားချိန်တချိန်မှာ တီထွင်စရာအဖြစ် ကလေးများကိုယ်တိုင် Tie-die T-shirt လုပ်ပုံကိုလည်း သင်ပေးပါသေးတယ်။ ကိုယ့်တီရှပ် ကိုယ်ကြိုက်တဲ့ဒီဇိုင်းကို ကိုယ်တိုင်လုပ်ရတာပါ။ ကလေးများ အင်မတန် သဘောကျကြပါတယ်။ သင်တန်းမပြီးခင် တရက် အလိုမှာတော့ ကလေးများ စိတ်အပြောင်းအလဲဖြစ်အောင် ကျောင်းရှေ့နားက beachကို သူတို့လုပ်ထားတဲ့ တီရှပ်လေးတွေဝတ်ပြီး သွားကြပါတယ်။ စောင့်ရှောက်ရအောင် ဆရာတွေရော၊ မိဘတွေပါ လိုက်သွားကြတာပါ။ သဲသောင်ပြင်မှာ ကလေးတွေ အော်ဟစ်ဆော့ လိုက်ကြတဲ့ဖြစ်ခြင်း၊ ကိုယ်တောင် အသက်ပြန်ငယ်သွားသလား အောင့်မေ့ရတယ်။

ချက်ပြုတ်ရေးဘက်ကိုလည်း လေ့လာကြည့်ပါတယ်။ တပါတ်လုံးခွင့်ယူပြီး လုပ်အားပေးသူ ၁၁ ယောက်ရှိပါတယ်။ နေ့ပိုင်း လုပ်အား ပေးတွေလဲ သူ့နေ့နဲသူ လာပြီးလုပ်အားပေးကြပါတယ်။ သူတို့မှာ မိုးမလင်းခင်ကတယ်လို့ မိုးချုပ်အထိ နားရတယ်မရှိပါဘူး။ မနက်စာ၊ နေ့လည်စာ၊ အဆာပြေ သရေစာ၊ ညနေစာ၊ ဒီလေးနပ်ကို မမောနိုင်မပန်းနိုင် တဟားဟား ရီလိုက်မောလိုက်နဲ့ လုပ်နေကြတာ တွေ့ ရပါတယ်။ ကျနော်လည်း သူတို့ကြည့်ကာ ကိုယ်တိုင်လည်း ပျော်ပြီး လုပ်အားပေးအဖွဲ့မှာ ပျော်ပျော်ပါးပါး လုပ်ဖြစ်သွားပါတယ်။ ဘဏ္ဍာ ရေးတာဝန်ခံ နှစ်ယောက်ကလည်း အလှုရှင်များ စိတ်ချမ်းချမ်းသာသာနဲ့ လှုနိုင်ဖို့ ရှင်းပြ၊ အလှုငွေလက်ခံနေတာ တွေ့ရလို့ ဝမ်းမြောက်စရာ ပါ။

ဒီလိုနဲ့ နောက်ဆုံးနေ့ ရောက်လာပါပြီ။ ကလေးတွေ မနက်ပိုင်းမှာ သူတို့ လေ့လာထားသမျှကို ဘုရားရှိခိုးစာများ အလွတ် ဆိုပြရပါတယ်။ နေ့လည် ၁ နာရီမှာတော့ ရေးဖြေ ဖြေရပါတယ်။ ၃ နာရီမှာတော့ ပိတ်ပွဲအခန်းအနား လုပ်ပါတယ်။ အခန်းအနားမှာ ကျနော် စိတ် အဝင်စားဆုံးကတော့ စာစီစာကုံးဆုပေးတာနဲ့ အကောင်းဆုံးကျောင်းသားဆုပေးတဲ့အစီအစဉ်ပါ။ essay ကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းလို့ အဆင့်သုံးဆင့်ခွဲထားပါတယ်။ ပထမဆုရ essay တွေကို ဘာကြောင့် ပထမ ပေးရသလဲဆိုတာ စာစစ်တဲ့ဆရာတွေကိုယ်တိုင် ဝေဖန်ချက်ပေးရပါတယ်။ အကောင်းဆုံးကျောင်းသားဆုကိုတော့ မိန်းကလေးတယောက်၊ ယောက်ျားလေးတယောက် ရွေးပါတယ်။ ပြီး တော့ သူတို့ကို ဘာေ့ကြာင့်ရွေးရတယ်ဆိုတာကိုလည်း ဆရာလုပ်သူတွေကဘဲ ဝေဖန်ချက်ပေးပါတယ်။ သူတို့ဟာ teenager တွေဆိုပေ မဲ့လဲ တကယ့်လူကြီးတွေလို အကွက်စေ့နေအောင် လုပ်သွားကြတာကို ကျနော် မချီးကျူးဘဲ မနေနိုင်ပါဘူး။

နောက်ဆုံးပြောရရင်တော့ ဒီသင်တန်းကြီးကို ဆရာတော်တွေ၊ အမှုဆောင်လူကြီးတွေ၊ သင်တန်းဆရာတွေတင် မဟုတ်ဘဲ ကျနော်တို့လို မိဘတွေပါ တက်တက်ကြွကြွပါဝင်သင့်ပါတယ်။ ကျနော်တို့ မိဘတွေဟာ ကလေးကျောင်းပို့ပြီး အလှုငွေထည့်လိုက်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆသင့်ပါဘူး။ အခု ကျောင်းမှာစာလာသင်ပေးနေတဲ့ ကလေးတွေဟာ စီနီယာဟိုက်စကူးအရွယ်၊ ကောလိပ် ကျောင်းသားအရွယ်တွေပါ။ သူတို့လည်း အလုပ်ရှုပ်တဲ့ကြားက မရ,ရအောင် လာပြီး လုပ်အားပေးကြတာပါ။ သူတို့စိတ်ဓာတ်၊ သူတို့ စေတနာလေးတွေဟာ အင်မတန် အားကျဖို့ ကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ မိဘတွေဘက်ကလည်း ကလေးပို့ရုံတင်မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် လာရောက် လုပ်အား ပေးသင့်ပါတယ်။ လေ့လာသင့်ပါတယ်။ နားထောင်သင့်ပါတယ်။ ဒါမှ ဒီသင်တန်းကြီးဟာလည်း ကျနော်တို့ရင်သွေး နောက်မျိုးဆက် ကလေးတွေအတွက် အစဉ်သဖြင့် တည်ရှိသွားနိုင်မှာဖြစ်ကြောင်း စဉ်းစားမိပါတယ်။ ကျနော် ကိုယ်နှိုက်ကလည်း ဒါတွေဟာ အရေးကြီး တယ်ဆိုတာ အခုမှ သေသေချာချာ သိလာရပါကြောင်း ဖွင့်ဟဝန်ခံအပ်ပါတယ်ခင်ဗျား။


 

 
Leave a comment

Posted by on August 12, 2011 in News Features

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: