RSS

Mar Mar Aye – 389

12 Aug

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၈၉

မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ် – အပိုင်း (၂)
မာမာအေး
သြဂုတ် ၁၁၊ ၂၀၁၁

“…အတွင်းမှာ လှိုက်စားတဲ့ ဂျပန်ဖယောင်းချက်လို့ လူပြက်တွေ နောက်တာ ကြားဖူးတယ်မို့လား။ သူတို့လဲ ဒါမျိုးဘဲ၊ အတွင်းထဲမယ် သွေးကွဲစေတဲ့ စကားတွေကို လူငယ်တွေဆီ ပို့ပေး သွေးထိုးကြတယ်လေ…”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ရှေ့နှစ်ပါတ်က အတွင်းရေးမှူး(၁) အမှူးရှိတဲ့ တာဝန်ရှိလူကြီးမင်းများကို မာအေးတို့ မြန်မာနိုင်ငံ ဂီတပညာရှင်များအဖွဲ့ချုပ် အမှုဆောင်များက တင်ပြ တောင်းဆိုထားခဲ့တဲ့ ကိစ္စတွေ ပြန်ဖြေခဲ့တာကို ဒီနေ့မှ ပြန်ဆက်ပြောဖြစ်တော့မယ်ရှင့်၊ အားနာပါတယ်နော်၊ 7 July လေးကို ကျော် မသွားချင်လို့ပါ။

ကဲပါလေ … အဖြေကောင်းလေးတွေလို့ ယူဆရမယ့် စကားတွေ ကြားစေချင်ပါပြီ။ သီဆိုဖျော်ဖြေခွင့်၊ အသံသွင်းထုတ်ဝေခွင့်၊ စင်တင်ပွဲပြုလုပ်ခွင့်တွေကို ဂီတပညာရှင်များအဖွဲ့ချုပ်က အာမခံမယ်၊ တာဝန်ခံမယ် ဆိုရင် ပြန်လည်ခွင့်ပြုပေးမယ် တဲ့ရှင်။ ဂီတဥပဒေကိစ္စကိုလဲ အဖွဲ့ချုပ်က တာဝန်ယူရေးဆွဲ တင်ပြပေးပါ တဲ့။ နိုင်ငံတော်က လိုအပ်ခဲ့ရင်လဲ ရှေးတုန်းက ဂီတအဖွဲ့အစည်းတွေလိုဘဲ ပါဝင် ကူညီ ဆောင်ရွက်ပေးဘို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီလိုဆက်ဆံလို့ကတော့ မာအေးတို့ဖက်က ဘာငြင်းစရာရှိမှာလဲရှင်၊ ကိုယ့်ဂီတလောကအတွင်း ပိတ်ပင်တားမြစ်ခြင်းတွေကင်းပြီး ရှင်းရှင်းလင်းလင်း ပြန်လည်လှုပ်ရှားနိုင်မယ့် လမ်းပွင့်သွားတာ အဓိက မဟုတ်လား။ နိုင်ငံတော်ကိစ္စ မကူလို့ရမှာလား၊ ဖြစ်မှာလား၊ စဉ်းစားကြည့်၊ ကိုယ့်အဖွဲ့မှာ ကိုယ့်လောကမှာ လိုတာရှိရင် ထပ်ညှိရမှာ၊ ဆက်ဆံရဦးမှာလေ၊ ကိုယ့်လူတွေ နားလည်ကြမှာပါ။

နိုင်ငံတော်အတွက် စပြီး ၀င်ကူပေးခဲ့ရတာကတော့ ‘အမျိုးသားအောင်ပွဲနေ့’ပါ။ စမ်းချောင်း ပဒုမ္မာကွင်းထဲက ဇာတ်ရုံကြီးမှာ ဂီတပညာရှင်တွေနဲ့ စုပြီး ဖျော်ဖြေပေးခဲ့ကြပါတယ်။ ဂီတဖက်မှာတော့ ဖျော်ဖြေခွင့်တွေ ထုတ်ဝေခွင့်တွေ၊ ပွဲမိန့်ရဘို့တွေကို တာဝန်ခံ အကူအညီပေးနိုင်ခဲ့ပါတယ်။ ပြန်လည် သီဆို ဖျော်ဖြေခွင့်၊ ထုတ်ဝေခွင့် ရသွားတဲ့ တေးသံရှင်အချို့ကိုတော့ တဖက်က လိုအပ်နေတဲ့ ပေါ်လစီသီချင်းတွေ ကူညီသီဆိုပေးဘို့ ပြောမှာ ညှိမှာ သေချာတာပေါ့ရှင်။ ဒါကြောင့်လဲ ပြည်သူထဲက အငြိုအငြင်ပေးတာကို ခံစားသွားရတဲ့သူတွေ ရှိခဲ့ပါတယ်။ ဘယ်သူတွေပါလဲ – ပရိသဒ်များ တွေးကြည့်ခဲ့ရင် သိနိုင်ပါတယ်။ သူတို့ရင်ထဲမှာ တမာလား – သကာလား၊ ဘယ်လိုဘဲ ပုန်းထါးထါး အချိန်က စကါးပြောမှာပါ၊ ဆူးကြားလမ်းကရှည် – မာအေးတို့မှာ လျှောက်လေခက်လေ၊ ကိုယ်တွေ အသိဆုံးပါဘဲလေ။

ဒီလိုနဲ့ဘဲ ဇွဲထား၊ သွားသာတဲ့လမ်းလောက် လိုက်ဖေါက်တဲ့အခါမှာ နယ်ဖက်တွေ စည်းရုံးရတာ ပိုပြီးတော့ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ ရောက်လေရာ ဒေသတွေက မြို့နယ်တာဝန်ရှိသူတွေရဲ့ အကူအညီလဲ ရခဲ့တယ်။ ဆိုင်ရာမြို့နယ်ခွဲအတွက် ရုံးခန်းနေရာများပါ စီစဉ်ပေးတာ တချို့တောင် ရှိပါတယ်။ နယ်ခံဂီတပညာရှင်တွေကလဲ အားတက်သရော စုဝေး ပါဝင်လာကြတယ်၊ စည်းရုံးရေးထွက်ကြတဲ့ အမှုဆောင်တွေဟာ ဆိုတတ် တီးတတ်တဲ့ နာမည်ကျော်တွေချည်း ဖြစ်တာမို့ နယ်ခံဂီတသမားတွေပါ စုပေါင်းပြီး ရံပုံငွေပွဲများတောင် ရနိုင်သလောက် လုပ်ဆောင်ပေးဖြစ်ခဲ့ကြပါတယ်။ မြို့နယ်တွေက ဂီတသမားများ ပညာရည်တိုးတက်ဖို့ကိုတော့ ကိုယ့်နယ်မှာရှိတဲ့ တတ်ကျွမ်းပြီးပညာရှင်များနဲ့ အဆိုအတီးများ သင်ကြားပေးထားနှင့်ရန် အကြံပြုခဲ့ကြရပြီး လိုအပ်တဲ့အခါ ဗဟိုအဖွဲ့ချုပ်က လာရောက် ပူးပေါင်းစိစစ် သင်ကြားပေးမှာဖြစ်ကြောင်းနဲ့ အင်အားစုဆောင်းခဲ့ရတာပေါ့ရှင်။ ဂီသမား ငါးဦးထက် မနည်း ပါဝင် လျှောက်ထား ဖွဲ့စည်းနိုင်ကြောင်း သိလာတဲ့ မြို့နယ်များထဲက (၅၈) မြို့မှာ တနှစ်မကြာမီ သွားရောက် ဖွဲ့စည်းပေးခဲ့ပါတယ်။ နယ်ခံဂီတသမားများတင်မက မြို့နေ သောတရှင် ပြည်သူလူထုကပါ ၀မ်းသာအားရ၊ မာအေးတို့ သွားကြလာကြရမယ့် စားရိတ်စကတွေကိုပါ စုဆောင်း စိုက်ထုတ်ပေးခဲ့ကြပါသတဲ့ရှင်။ အဲဒါလောက် အချစ်ခံခဲ့ရတဲ့ ဂီတအဖွဲ့အစည်းကြီးပါ လို့ နည်းနည်းတော့ ကြွားလိုက်စမ်းပါရစေနော။

ရန်ကုန်ရွှေမြို့တော်ကြီးက နောက်ဆုံးပေါ် ဂီတလူငယ်တွေဖက်ကတော့ သိတ် အစာမကြေဘူး ထင်ပါတယ်၊ အဖွဲ့အစည်းမှတ်ပုံတင်ကျလာလို့ မာအေးရဲ့အိမ်မှာ ဂီတသမားတွေ ဖိတ်ကြားပြီး လုပ်ငန်းစဉ်တွေ ရှင်းလင်းချပြတဲ့အခါ “ဒီ ဂီတအဖွဲ့အစည်းနဲ့ ပူးပေါင်းမှ ဆိုရတော့မှာလား၊ တီးရတော့မှာလား” ဆိုတဲ့ ဂွကျတတ အမေးတွေ ဖြေလို့ မဆုံးနိုင်အောင် ကြားခဲ့ရလို့ပါဘဲ။

အဲဒီအချိန်က လူငယ်တို့ခေတ် စင်မြေင့်ဖျော်ဖြေပွဲတွေမှာ တီးဝိုင်းက စိုးမိုးနေပါတယ်၊ နိုင်ငံတကာ သီချင်းတွေအပေါ် အားကိုး မှီတည် copy တွေ မှိုလိုပေါက်၊ အရေးပိုင်းနဲ့ အဆိုပိုင်းက ဂုဏ်မမြောက်သော်လဲ၊ အတီးပိုင်းမှာက မတူ တူအောင်လဲ တီးနိုင်တတ်နိုတယ်၊ သူ့ထက်ကဲ အရည်းအချင်းပြည့်တွေလဲ ရှိကြပါတယ်၊ သူတို့တွေကို နောက်ကနေ ကြိုးကိုင် မြှောက်ပေး ဂီတသွေးတွေ ဝေးစေကြတဲ့ လက်ဟောင်းကြီးများလဲ ရှိနေတယ်၊ အရှိအတိုင်း ပြောကြေး ဆိုရင် “မြန်မာသံအဆိုတော်များနဲ့ စင်ပေါ်မှာ အတူတွဲပြီး မဖျော်ဖြေခင်ဘူးတဲ့ရှင့်” ဒီတော့လဲ ကျန်တဖက်က “တို့တွေဟာ နူဝဲနေလို့လား” ဆိုတာတွေ ဖြစ်ကုန်ကြတာပေါ့ရှင်။

မူလကတော့ မြန်မာနိုင်ငံ ဂီတပညာရှင်များ အဖွဲ့ချုပ်ဟာ ထုတ်ဝေခွင့်၊ ဖျော်ဖြေခွင့် မရတဲ့ တေးသံရှင် မောင်ညီမငယ်တွေအတွက် အကျိုးဆောင်ပေးပြီးပြီ၊ စင်တင်ပွဲမိန့်တွေအတွက် တာဝန်ခံပေးလိုက်လို့ ဂီတလောကသားတွေ ရပ်တည်မှု ရရင်ဘဲ တော်လောက်ပြီ၊ ဂီတအတွက် ဆက်လုပ်ဖို့တွေထက် ဘာမှ အရေးမကြီးတော့ဘူး လို့ဘဲ နေခဲ့တာပါ။ သက်ဆိုင်ရာက ပထမဆုံး ပွဲမိန့်ပြန်ပေးလိုက်တဲ့ ဖျော်ဖြေပွဲကို အောင်ဆန်းကွင်းအတွင်းမှာ ကျင်းပတော့ ခေတ်လွန် ခေတ်ပေါ် တေးသံရှင်တွေချည်း ပါဝင် သီဆိုခဲ့တာလေ၊ ‘၈၈’ အရေးအခင်း အရှိန် ဟတ်လို့ ပွဲငတ်နေတဲ့အချိန်မှာ လွှတ်ပေးလိုက်တာမျိုး ဖြစ်သွားတာကိုး။ လွတ်လပ်စွာဘဲ စင်ပေါ်ကလဲ ရိုးတိုးရွတ လှုပ်ရှားပြ၊ စင်အောက်ကလဲ မြူးကြမူးကြနဲ့ ထိန်းလို့ မရတော့ ပွဲပျက်ရော ဆိုပါတော့။ အဲဒီတင် မြန်မာတေးသံရှင်တွေပါ ထည့်သွင်း ဖျော်ဖြေစေဘို့ သက်ဆိုင်ရာက ညွှန်ကြားလာခဲ့တာဖြစ်ပါတယ်ရှင်။ ဂီတပညာရှင်များအဖွဲ့ချုပ်ဟာ ပြောရေးဆိုခွင့် အာဏာ ပါဝါ နည်းနည်းလေး ရလာတဲ့အကြောင်း တစေ့တစောင်း မြင်နိုင်ရဲ့မဟုတ်လား သောတရှင်တို့။ မင်းသားယောင်ဆောင်ထားတဲ့ ကိုယ်မွေးတဲ့မျောက်တွေ၊ ဖိုးသင်းမျောက် လုပ်ချင်လာပြီပေါ့ရှင်။ အဲဒီ ၀ဲစားစိတ်နဲ့ မေတ္တာတုံးတွေက ကုံးရုံးထကြွ စကါးဖွတော့တယ်။ အတွင်းမှာ လှိုက်စားတဲ့ ဂျပန်ဖယောင်းချက်လို့ လူပြက်တွေ နောက်တာ ကြားဖူးတယ်မို့လား။ သူတို့လဲ ဒါမျိုးဘဲ၊ အတွင်းထဲမယ် သွေးကွဲစေတဲ့ စကားတွေကို လူငယ်တွေဆီ ပို့ပေး သွေးထိုးကြတယ်လေ။ ဂီတရှေ့ရေး သန့်စင် ပညာပေးရမယ့် စီမံချက်၊ လျှို့ဝှက်လုပ်ငန်းစဉ်တွေအပေါ် အမြော်အမြင်နည်းစွာ၊ အာကျယ် လွှင့်ထုတ် ဆရာကြီးများလုပ်စားဘို့ရာ “မင်းတို့တွေ နိုင်ငံခြားသီချင်းတွေနဲ့လုပ်စားလို့ မရအောင် အထက်ကို စာတင်ကြလိမ့်မယ်” ဆိုတဲ့ စကားမျိုးနဲ့ နောက်လိုက်မွေးတာတွေလဲ ကြုံရပါတယ်ရှင်။ ဂီတဘုံက စိတ်ကုန်စရာလေးတကွက် လို့သာ အောင်းမေ့ပါ။ ယဉ်ကျေးမှု ဆိုတဲ့ဖက်က လာဦးမှာ။ စောင့်သာ နားဆင်ကြပေတော့။

BBC http://www.bbc.co.uk/burmese တွင် အသံလွှင့်ခဲ့သောဆောင်းပါး ဖြစ်သည်။

 
Leave a comment

Posted by on August 12, 2011 in Mar Mar Aye

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: