RSS

Mhan Htet Thar – Padauk Thee

12 Aug

ပိတောက်သီး (အပိုင်း -၁)
မာန်ထက်သာ
သြဂုတ် ၁၁၊ ၂၀၁၁

ပိတောက်ပန်းအညှိုးများကိုမြင်ရလျှင် ကျနော့်အဖေသေဆုံးသွားသကဲ့သို့ ယူကျုံးမရစိတ်ဖြင့် ကျနော်ငိုရပါသည်။ အဘယ့်ကြောင့် ဆို သော် အဖူးမှအငုံ၊ အငုံမှအပွင့်၊ အပွင့်မှအသီးဟူသော ကျနော့်အတ္တစိတ်အစွဲဖြင့် ပိတောက်ဖူးမှပိတောက်ပွင့်ကိုမြင်ရသော်လည်း ထိုပိ တောက်ပွင့်များသည် ပိတောက်သီး မသီးသောကြောင့် ဖြစ်ပါသည် ။ ကျနော်သည် ပိတောက်သီးကိုမြင်ခွင့်မရ၍ ဆန္ဒမပြည့်သော ကြောင့် ငိုရခြင်းဖြစ်၏။ ကျနော့်အကြောင်းပြချက်ကြောင့် ကျနော့်ကို အရူးတယောက်ဟု မှတ်ချက်ချမည်ဆိုလျှင်လည်း ကျနော်မည်သို့မှ မတုံ့ပြန် လိုပါ။ ‘မှန်နေလျှင် အရူးစကားလို့ လက်ခံလိုက်ပါ’ဟူသော သီချင်းကို ဆိုညည်းလျှက် စိတ်ကျန်းမာရေးဆေးရုံမှပေးထားသော ကျနော့်၏ လူနာမှတ်တမ်းကဒ်ပြားကို ထုတ်ပြရမည်ဖြစ်ပါသည်။ ထိုအခါ ကျနော့်အားအရူးတယောက်ဟု သတ်မှတ်နိုင်ပြီဖြစ်သော်လည်း ကျနော်မရူး သွပ်သေးကြောင်းကိုတော့ တစ်စုံတစ်ရာက လျှောက်လဲချက်ပေးပါလိမ့်မည်။

သို့သော် အချိန်ကာလ အနည်းငယ်မျှတော့ စောင့်စားရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်မရူးသွပ်ကြောင်း ကိုလျှောက်လဲချက် ပေးမည့်သူသည် “အချိန်ကာလ” ဟူသော ဂုဏ်သရေရှိ ရှေ့နေကြီးတဦး ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် အချိန်ကာလအနည်းငယ်မျှတော့ စောင့်စားရမည် ဖြစ်ပါသည်။

အများကကျွဲဟုဆိုသဖြင့် ဤဖြစ်စဉ်အား ကျနော်ကိုယ်တိုင် ဤမဟုတ်ဟု ငြင်းဆိုခဲ့မိပါသည်။ ထိုကြောင့် ကျနော့်အား ‘ခေါင်းထဲမှာ ဘာမှ တွေးမထားနဲ့’ ဟူသော လက်လှမ်းမှီရာ ဆေးမြီးတိုတခွက်ဖြင့် ကြုံရာလူတိုင်းက ကုသကြသည်။ ကျနော့် အမေသည် လက်မောင်းအရင်းမှ ဖြတ်လိုက်ရသော သူမ၏ညာဘက်လက်တဖက်ကို ကြည့်သလိုမျိုး ကျနော်အား ကြည့်လျှက် “အမေ ဒုတ္တ၀ယ်ပေးထားမယ်နော်၊ မင်း ပိတောက်ပင် ပင်စည်အခြေမှာ ဖျန်းဖို့လေ။ မင်းထင်တဲ့အတိုင်းနောက် တစ်နှစ်၊ နှစ်နှစ်လောက်ဆို ပိတောက်သီး သီးလာမှာ”

“မေကြီးရာ နေစမ်းပါ။ ဒီကောင်ဆေးရုံတက်လိုက်ရင် ပျောက်သွားမှာပါ”
အဖေက အမေ့အားနှစ်သိမ့်မည်။ ထို့နောက် ကျနော့်အား ပြုံးစေ့စေ့ကြည့်လျှက်

“သား မင်းနေမကောင်းဘူး။ ဆေးရုံတက်ရမယ်။ မင်းစိတ်ထဲမှာ ဘာမှမထားနဲ့။ အခုလာမယ့်နွေက ရာသီဥတုကောင်းသားပဲ။ ပိတောက်တွေ သီးမှာပဲ။ အဲ့ဒီ့ပိတောက်သီးတွေခူးဖို့ မင်းနေကောင်းမှ ဖြစ်မယ်လေ”

အဖေကလည်း ကျနော့်အားနှစ်သိမ့်စွာ လှည့်စားသည် ။ ဆေးရုံတဲ့။ ထိုသို့ဖြင့် –
*******

ကျနော် စိတ်ကျန်းမာရေးဆေးရုံသို့ ရောက်ခဲ့ရသည်။ ဆေးရုံသို့ရောက်ပြီး ရက်များမကြာမီ ကိုပုညနှင့်ဆုံဆည်းခဲ့ရသည်။ ကိုပုညသည် ရုက္ခဗေဒ အဓိကဖြင့် မဟာသိပ္ပံတန်းတက်ရောက်နေစဉ်မှာ စိတ်မကျန်းမာသဖြင့် ကျောင်းမှနှုတ်ထွက်ကာ ဆေးရုံ မကြာခဏတက်နေရသူ ဖြစ်သည်။ ကိုပုညနှင့်ကျနော် ဆုံတွေ့တွေ့ချင်း …

“မြင်ဖူးလား။ ဒါမျိုးလေ ဒါမျိုး”
“ဟာ … ခင်ဗျား အရူးပဲ”

“အသီးလေဗျာ … အသီး”

ကျနော်က ဘယ်ဘက်လက်မှ လက်ညှိုးနှင့်လက်မအား ခပ်ဟဟခွာကာ ညာဘက်လက်မှ လက်ညှိုးဖြင့် ထိုအဟနေရာအား ပိတ်လျှက် အသီး ပုံစံလုပ်ပြမိ၏ ။

“အသီး ဟား.. ဟား… ဟား။ အသီး ဟား… ဟား… ဟား။ အသီး ဟား… ဟား….ဟား”

သူ့လှောင်ရယ်သံမှာ မတိတ်နိုင်တော့ ။

“ကိုပုည မရယ်နဲ့ဗျာ။ ခင်ဗျား အရူးပဲ။ ဒါလေးတောင် မသိဘူးလားဗျာ”
“ကိုသစ္စာရယ် … ကျနော်က ရုက္ခဗေဒကို ဘွဲ့တွေ ၊ ဂုဏ်ထူးတွေအတွက်မဟုတ်ဘဲ ၀ါသနာအရလိုက်စားခဲ့သူပါ။ ကမ္ဘာပေါ်မှာရှိတဲ့အသီးတွေ၊ အပင်တွေ ကျနော်မသိတဲ့အသီး၊ ကျနော်မသိတဲ့ အပင်မရှိသလောက်ပဲဗျ။ ဟား … ဟား … ဟား”
“ဒါမျိုးအသီးလေဗျာ”

ကျနော်လည်း မကျေနပ်နိုင်သေးဘဲ သူ့အားထပ်ပြမိပြန်၏။

“အေးလေ ဒါလည်း ကျနော့်အတွက် ထပ်တိုးလာတဲ့ပညာပဲပေါ့။ အမှန်အတိုင်းပြောရရင်တော့ ခင်ဗျားပြတဲ့ပုံသဏ္ဍာန်အရ အဲ့ဒီ့အသီးကို ကျနော်မသိသေးဘူးဗျ။ အဲ့ဒါ ဘာသီးလဲ ”
“ပိတောက်သီးလေ … ပိတောက်သီး”

ကိုပုည ချက်ချင်းပင် တွေဝေသွား၏ ။ ကျနော့်လက်အားကိုင်လျက် သူ့မျက်နှာရှေ့သို့ ပင့်မကြည့်ကာ …

“ပြန် … ပြန်ပြစမ်းပါဦး ကိုသစ္စာ”

ကျနော်က သူ့အားထပ်ပြမိလိုက်ရာ ကိုပုညလည်း အိပ်မက်ယောင်သူလို နှုတ်ကရေရွတ်တော့၏ ။

“ပိတောက်သီး”
“ဟုတ်တယ် ပိတောက်သီး”
********

ကျနော့်ဘ၀တွင် အရေးအကြီးဆုံးတခုတည်းကိုသာ ပြပါဟုဆိုလျှင် ပိတောက်သီးကိုသာပြရပေမည်။ အဘယ့်ကြောင့်ဆိုသော ကျနော် သည် (တသက်နဲ့တကိုယ် မည်သည့်အပင်မျိုးကိုမှ မစိုက်ခဲ့ဖူးသော်လည်း) လွန်ခဲ့သော နှစ်အတန်ငယ်အကြာက ပိတောက်ပင်တစ်ပင်ကို စိုက်ဖူးခဲ့ခြင်း၏ နောက်ဆက်တွဲအကြောင်းကြောင်းများစွာကြောင့် ဖြစ်ပါသည်။ ထိုပိတောက်ပင်အား ကျနော် စတင်စိုက်ပျိုးခဲ့စဉ်ကာလမှစ၍ ယခုအချိန်အထိ အခြားသူတို့အတွက် အရေးကြီးသည်ဟု ယူဆထားကြသော အရာများကို ကျနော်ဘ၀တွင် ငြင်းဆိုပယ်ချပြီးခဲ့ပြီဖြစ် သည်။

တခါတုန်းက ကျနော်တက္ကသိုလ်တက်ရန်ပြင်ဆင်နေခဲ့သောနှစ်တစ်နှစ် တစ်ပေါင်းတကူး နွေဦး။ တသက်ပျော်ချင်လျှင် သစ်ပင်စိုက်ပေး ပါဟူသော စကားပုံအရ ကျနော့်တသက်တာ ပျော်ရွှင်ရမည့်အရေးအတွက် ပညာရေးအိပ်မက်သစ်ပင်ရွေးချယ်စိုက်ပျိုးခွင့်ကြုံဆုံခဲ့သော နှစ်တစ်နှစ်။

“ဆေးဖြစ်ဖြစ်၊ ကွန်ပြူတာဖြစ်ဖြစ် တက်ရမယ်။ မင်းအမှတ်က မှီနေတာပဲ။ သူများတွေတက်ချင်လွန်းလို့တောင် အမှတ်မမှီကြဘူး”
“မဖြစ်ဘူး အမေ.. သားအဲ့လောက်မြင့်တဲ့ပညာတွေသင်ဖို့ သားလိုက်မှီမှာမဟုတ်ဘူး … သားညံ့တာ အမေအသိပဲ”

တက္ကသိုလ်တက်ခွင့်တွင် မြင့်မားသောအမှတ်များဖြင့် အောင်မြင်ခဲ့သော်လည်း အမှန်တကယ်တော့ ကျနော်စာညံ့ပါသည်။ အနည်းငယ်မျှ ရွေးချယ်၍သာ နှုတ်တိုက်ကျက်မှတ်ခဲ့သော သင်ခန်းစာများနှင့် စာမေးပွဲမေးခွန်းတိုင်းသည် အံ့သြဖွယ်ရာ တိုက်ဆိုင်ခဲ့ခြင်းကြောင့်သာ ကျနော်သည် မြင့်မားသောအမှတ်များစွာဖြင့်အောင်မြင်ခဲ့ခြင်းဖြစ်၏။

“သား ရူးသွားလိမ့်မယ်အမေ။ အဲ့လောက်မြင့်တဲ့ပညာရပ်တွေ သားလိုက်နိုင်မှာမဟုတ်ဘူး”
“ဟဲ့ ရူးသွားမှာမဟုတ်ဘူး။ အခုတည်းက မင်းရူးနေပြီ။ ဒီလောက်မြင့်တဲ့အမှတ်ရဖို့ တော်ရုံလူလွယ်တာမှတ်လို့”

“သား ရုက္ခဗေဒပညာလောက်ပဲယူပြီး ဘ၀မှာ အေးအေးဆေးဆေးနေချင်တယ်”
“ဘာ ရုက္ခဗေဒမေဂျာယူမယ်ဟုတ်လား။ သစ္စာရယ် … သစ်ပင်တွေနဲ့ပက်သက်ရင် မင်းကဘယ်လောက်အဖြစ်ရှိလို့လဲ”

ကျနော် အားငယ်ခဲ့ရသည်။ အမေ့ကရုဏာဒေါသစကားကြောင့်လည်း ကျနော့်ခန္ဓာကိုယ်တွင်း ရိုးတွင်းချဉ်ဆီထဲရှိသမျှ အားအင်များဆုတ်ယုတ်ခန်းခြောက်သွားသလို ခံစားရတော့သည်။ အမေပြောသည်လည်း မှန်၏။ တသက်နဲ့တကိုယ် တပင်တည်းသာစိုက်ခဲ့ဖူးသော ကျနော့် ပိတောက်ပင်သည် ကျနော့်အား အရှက်ရစေခဲ့၏ ။

လွန်ခဲ့သော နှစ်အတန်ငယ်အကြာက ကျနော်တို့မြို့တွင့် အင်အားကြီးမားသော မိုးသက်မုန်တိုင်းတခု ကျရောက်ခဲ့ဖူးသည်။ ထိုစဉ်အချိန် တုန်းက ကျနော်တို့မြို့ပြင်ရှိ ပိတောက်ပင်အိုအိုကြီးသည် ပြိုလဲခဲ့လေ၏။ ထိုအခါ မြို့သူမြို့သားများသည် သစ်တောရေးရာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အပင်ပြန်လည်စိုက်ရန်သင့် လျော်မည့် ပိတောက်ကိုင်းများကို ယူခွင့်ရခဲ့ကြ၏ ။ ကျနော်လည်း ထိုစဉ်က ရည်ရွယ်ချက်မရှိပါပဲနှင့်
ပိတောက်ကိုင်းတကိုင်းကို ရွေးယူ၍ ကျနော့်ခြံထောင့်တွင် စိုက်ခဲ့ဖူးပါသည်။ ထို့နောက် နှစ်အနည်းငယ်ကြာသော် ကျနော့်နည်းတူ ပိတောက်ပင်စိုက်ခဲ့ကြသော အိမ်နီးနားချင်းများအပြင် မြို့ထဲရှိ ခြံဝန်းတိုင်း၌ ပိတောက်ပန်းများပွင့်ဝေကြ၏။ ပိတောက်မြို့တော်ဟုပင် နှိုင်းဖွဲ့ဖွယ်။ ဆိုဒီယမ် မီးဆလိုက်အလင်းအောက်မှ ပွဲခင်းဇာတ်ခုံကဲ့သို့ လင်းပ၀င်းလဲ့နေသော ပိတောက်ပန်းများနှင့် ပိတောက်ရနံ့များသင်းပျံ့ထုံလှိုင်လျက် ကျနော်တို့မြို့လေးသည် ကြည်နူးဖွယ်ကောင်းလွန်းလှ၏။ သို့သော် ကျနော်စိုက်ခဲ့သောပိတောက်ပင်မှာ အပွင့်မဆိုထားနှင့်
အရွက်ပင်ဝေေ၀ဆာဆာ မရှိခဲ့ပေ။

“မင်းတို့ခြံက အရင်တုန်းက ရုပ်ရှင်ရုံအဟောင်းနေရာကြီးကွ။ ရုပ်ရှင်ရုံပိုင်ရှင်စီးပွားပျက်ပြီး ပြောင်းသွားတော့ ရုပ်ရှင်ရုံကိုဖျက်ပြီး ခြံကွက် တွေပိုင်းပြီးရောင်းခဲ့တာ။ မင်းတို့ခြံက ရုပ်ရှင်ဇာတ်စင်နေရာတည့်တည့်ပဲ။ မင်းပိတောက်ပင်အောက်မှာ အုတ်မြစ်ရိုးအဟောင်းတွေရှိနေလို့လားမှ မသိတာ”

ရပ်ကွက်ထဲက အမေတို့၏အဖေအရွယ်ဖြစ်သူ ရှေ့မှီ နောက်မှီအဖိုးကြီးတဦးက ကျနော်အားပြောခဲ့ဖူး၏။

“ဟေ့ကောင်သစ္စာ… မင်းစိုက်တုန်းက ပိတောက်ကိုင်းကို ပြောင်းပြန်စိုက်လိုက်လို့ အပင်ကအားယူပြီး အသက်ဆက်ရှင်နေရတာဖြစ်မယ် ဟား … ဟား … ဟား”

ဆက်လက်ဖော်ပြပါမည်။

 
Leave a comment

Posted by on August 12, 2011 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: