RSS

Ayar Lwan – For Farmers

13 Aug

လယ်သမားတွေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အခိုင်အမာ ပြင်ရတော့မယ်
ဧရာလွမ်း
သြဂုတ် ၁၂၊ ၂၀၁၁

နိုင်ငံရေးသမားတွေ အစိုးရသစ်ကို စောင့်ကြည့်နေတာက သူ့အလုပ် သူလုပ်နေတာ။ အခု လယ်သမားတွေအတွက် ရှေ့တန်းရောက်ပြ ဿနာတွေက အပူတပြင်းဖြစ်နေပြီ။ အကြွေးကလည်း ပူပြီ။ လယ်မြေကိစ္စတွေကလည်း ပူနေပြီ။ အပူဆုံးက ဝမ်းမီးပြဿနာ။

သူတို့တတွေ စောင့်ကြည့်နေတာက အခုမှပါ။ လယ်သမားတွေ စောင့်ကြည့်နေတာက ကြာလှပြီ။ စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းနဲ့ ဘဝတွေ ပြိုကွဲပျက်စီးလာလိုက်တာ အခုဆိုရင် လယ်လုပ်ရင်း နွံနစ်နေရပြီ။ လယ်လုပ်ရင်း လယ်ပျောက်နေရပြီ။ ကျေးလက်က လူငယ် လူရွယ်တွေ မိန်းမပျိုတွေပါမကျန် ရေမကြည် မြက်မနုတဲ့ ကျေးလက်ကိုစွန့်ပြီး ရေကြည်တွေ့နိုးနိုး မြက်နုရနိုးနိုးနဲ့ ရောက်ရာပေါက်ရာ ထွက်ကုန်ကြတာ တိုင်းပြည်ပြင်ပအထိပါပဲ။ ချုပ်လိုက်ရင် ကျေးလက်အိမ်ထောင်စုတွေရဲ့ ပြိုကွဲပျက်စီးမှုနဲ့ လွင့်ပါးပျောက်ကွယ်မှုတွေပါ။ (လယ်လုပ်ရင်း လယ်ပျောက်တာထက် လယ်လုပ်ရင်း လမ်းပျောက်သွားရင် လယ်သမားအိမ်ထောင်စုဘဝတွေ ပိုမိုကြေကွဲစရာတွေ ဖြစ် လာလိမ့်မယ်)

ဘယ်လိုအစိုးရသစ် တက်လာတယ်ဆိုဆို လယ်မြေအလုယက်ခံရတဲ့ ပြဿနာတွေ၊ ကျေးလက်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေ၊ လယ်ယာ မြေအပေါ်က၊ စပါးအပေါ်က၊ ချေးငွေအပေါ်က၊ အမတော်ကြေးအပေါ်က၊ ဓာတ်မြေသြဇာနဲ့ပိုးသတ်ဆေးစတဲ့ လယ်လုပ်အထောက်အကူ ပစ္စည်းတွေ ရောင်းဝယ်မှုအပေါ်က စသဖြင့် သွေးစုပ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ဗိုလ်ကျမှုတွေက ဆက်ရှိနေတုန်း၊ ခေတ်အဆက်ဆက် ကျောကော့ အောင် ခံလာရတဲ့လယ်သမားတွေ အခုဆို ကျောဆန့်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်တဲ့ဘဝ ရောက်နေရပြီ။

ဘာအစိုးရသစ်လဲ။ ဘာအပြောင်းအလဲ-လဲ။ သမ္မတသစ် တရုတ်ပြည်ခရီးထွက်တော့ သူနဲ့အတူလိုက်ပါပြီး ၀တ်ကြီးဝတ်ငယ်ပြုစုကာ သမ္မတသစ်က ကျောသပ်ပေးခြင်းခံရသူတွေဟာ လယ်ယာမြေတွေ သိန်းချီသိမ်းပိုက်လိုက်ကြတဲ့ စစ်အုပ်စုမွေးထားတဲ့ သူဌေးတွေပဲ မဟုတ်လား။ (ဗကပဖြိုခွဲရေးမှာ အဓိကပါခဲ့တဲ့ ဘိန်းဘုရင်ရဲ့သားက မျက်နှာသာပေးအခံရဆုံး ဖြစ်နေတယ်မဟုတ်လား) အရပ်သား အစိုးရသစ် နာမည်ပြောင်းလိုက်ရင်လည်း လယ်သမားအရေးနဲ့ ဒီမိုကရေစီရေးတိုက်ခဲ့တဲ့ စုစုနွေးတယောက်ကိုတောင် ထောင်ကလွှတ် ပေးနိုင်လို့လား။ မတရားအသိမ်းခံလိုက်ရတဲ့လယ်ယာမြေတွေ ဘယ်လောက်ပြန်ရသလဲ။ နစ်နာကြေး ဘယ်လောက်တိုးရသလဲ။ စပါးကို ဈေးမနှိမ်ပဲ တန်ရာတန်ဖိုးပေးပြီး ဝယ်မယ်လို့ ကြေညာပြီလား။ အစိုးရသစ်ဆိုတာကို လက်တွေ့ဘဝက အဓိပ္ပါယ်ဖွင့်ပြနေတာ ပြောရရင် အများကြီးပါ။

လယ်သမားအရေး ရပ်တည်လိုက်လံဆောင်ရွက်ပေးနေတဲ့ တဦးချင်း ပြည်သူ့အကျိုးပြု ပုဂ္ဂိုလ် တချို့တလေတော့ ရှိပါရဲ့။ ဗမာပြည် အနှံ့ အပြားက လယ်သမားကိစ္စတွေအတွက် ဒါလောက်နဲ့ ဘယ်လုံလောက်ပါ့မလဲ။ နိုင်ငံရေးပါတီတွေက လယ်သမားအရေး ဆောင်ရွက်ပေးဖို့ ဆိုတာကလည်း သူတို့ကိုယ်တိုင် ဆက်လက်ရပ်တည်နိုင်ဖို့တောင် အလူးအလဲ ရုန်းကန်နေရတဲ့အခြေအနေ။ ကွန်ရက်တွေက လယ်သမား အရေးကို ထိထိရောက်ရောက် ချိတ်ဆက်အကူအညီပေးနိုင်တဲ့ အနေအထားမျိုးရောက်လာရင်တော့ ကောင်းတာပေါ့။ တချို့ကတော့ အစိုးရသစ်ကို စောင့်ကြည့်တုန်း၊ မျှော်လင့်တုန်း၊ အမွှန်းတင်ပေးတာတောင် လုပ်လိုက်ကြသေးတယ်။ တချို့ကလည်း ရွေးကောက်ပွဲဆို တာကို စိတ်ကူးယဉ်လို့ကောင်းတုန်း။

ပြောလိုတာက လယ်သမားတွေ ကိုယ့်ကိုယ်ကာကွယ်ဖို့ ပြင်ဆင်မှုတွေ အခိုင်အမာလုပ်ဖို့ပါ။ “မိမိကိုယ်သာ ကိုးကွယ်ရာ”ဆိုတဲ့ စိတ်ဓာတ် ဟာ လယ်သမားတွေနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ တဦးချင်းလုပ်ဖို့ မဆိုလိုပါ။ တဦးချင်းက ကျေးလက်အနှောင်အဖွဲ့တွေ ရိုက်ချိုးလို့မရပါ။ စုပေါင်း အားကို ယူရပါမယ်။ ညီညွှတ်မှုကို တည်ဆောက်ရပါမယ်။

‘လယ်သမားသမဂ္ဂတွေ အကျယ်အပြန့် ဖွဲ့နိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ လယ်သမားအသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်း ခွင့်ဆိုတာ ခေတ်အဆက်ဆက် တောင်းဆိုလာခဲ့ပေမယ့် ဒီနေ့အထိ မရသေးဘူး။ နောင်ရဖို့ဆိုတာကလည်း ဝေးနေသေးတယ်။ ဒီတော့ ကိုယ့်ဘာသာ ကိုယ်ဖွဲ့ရုံပေါ့။ ဗြောင်ဖွဲ့မရရင် လျှို့ဝှက်ဖွဲ့၊ တချို့နေရာတွေမှာ ဗြောင်တပိုင်း လျှို့ဝှက်တပိုင်းဖွဲ့။

လယ်သမားတွေဆိုတာလည်း စကားပြောတတ်တဲ့လူတွေပဲ။ ကိုယ်နဲ့နီးစပ်ရာ ကိုယ့်ဘာသာစကားပြောတာ ဘယ်သူမှ ပိတ်ပင်လို့မရဘူး။ စကားဝိုင်းတွေဆိုတာ ရှိနေမှာပဲ။ ဒီစကားဝိုင်းတွေမှာ သမာသမတ်ကျသူ၊ တက်ကြွသူ၊ အတွေ့အကြုံရှိသူ။ မဟုတ်မခံ သတ္တိရှိသူ စသဖြင့် ရှိနေတတ်ကြတာပဲ။ ခေါင်းဆောင်မတင်မြှောက်ပေမယ့် သူ့အလိုလို ခေါင်းဆောင်ပေါ်လာမှာပါ။ ဒီစကားဝိုင်းလေးတွေကနေ အသင်းအဖွဲ့ လို့ နာမည်မခံပေမယ့် အသင်းအဖွဲ့ပုံသဏ္ဍာန်ဆောင်လာတာမျိုးဖြစ်အောင် လုပ်ရပါမယ်။ သာမန်စကားဝိုင်း၊ သာမန်ကြိတ်ဝိုင်းနဲ့သာ မန် အဖွဲ့မျိုးလေးတွေတော့ မဟုတ်ဘူး။ ပြောဆိုဆွေးနွေးတာမှန်သမျှလယ်သမားအရေး၊ လယ်သမားအကျိုး ဖြစ်နေစေရမယ်။ သတင်းဖ လှယ်ရမယ်။ သတင်းစုံစမ်းရမယ်။ အရေးကိစ္စတွေကို ပြောဆိုတိုင်ပင်ပြီး အဖြေရှာရမယ်။ နည်းလမ်း ရှာရမယ်။

သတိထားစရာတော့ လိုပါတယ်။ ကျေးလက် ဒလျှိုဒလန်တွေ၊ ကျေးလက်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ်တွေနဲ့ လူတန်းစား မမှန်သူ တွေ၊ ဘက်ပြောင်းတတ်သူတွေ ကိုယ့်အသင်းအဖွဲ့နဲ့ ကိုယ့်စကားဝိုင်းထဲမှာ ပါမလာအောင်တော့ သတိထားရမယ်။ သူတို့ဝင်ရောလာရင် စကားလမ်းကြောင်း အမြန်ပြောင်းပစ်ရမယ်။

ဒီအဖွဲ့လေးတွေ။ ဒီကြိတ်ဝိုင်းလေးတွေမှာ လူတန်းစားမှန်သူတွေ အဓိက ပါဖို့လိုတယ်။ ကျေးလက်တွေမှာ ယေဘုယျအားဖြင့် လူတန်းစား မှန်တဲ့ ဆင်းရဲလယ်သမားနဲ့ လယ်ကူလီအပါအဝင် လယ်ယာအလုပ်သမားတွေက အများစုပါ။ သူတို့ကို အဓိက မှီခိုအားကိုးရပါမယ်။ သူတို့က လယ်သမားလူတန်းစားထဲမှာ ကိုယ်ကျိုးအစွန့်လွှတ်နိုင်ဆုံးနဲ့ အပြတ်သားဆုံးပါ။ သူတို့ကသာ လယ်သမားအရေးကို အဓိက သယ်ဆောင်သွားမှာပါ။ နောက်ပြီး အလတ်လွှာလယ်သမားထဲကဆိုရင် ကိုယ်တိုင် တစိတ်တပိုင်း သွေးစုပ်ခံရတဲ့ အလတ်အောက်လွှာ လယ်သမားတွေလည်း ပါဝင်ခွင့်ပေးရမယ်။ ချမ်းသာကိုတော့ ကြားထားပေါ့။ အလတ်အထက်လွှာနဲ့ အလတ်အလယ်လွှာကိုတော့ သူတို့ရဲ့ ရပ်တည်မှုအပေါ် အကဲဖြတ်ပြီး ပေါင်းသင့် မပေါင်းသင့် စဉ်းစားရမှာပေါ့။

ဒီအဖွဲ့လေးတွေ။ ကြိတ်ဝိုင်းလေးတွေက အရေးကိစ္စပေါ်ရင် ဆင်းရဲလယ်သမား။ လယ်ကူလီနဲ့ လယ်သမားထုကို တပ်လှန့်လှုပ်နှိုး နိုင်ဖို့အတွက် အဆက်အစပ်ကလေးတွေ ကြိုလုပ်ထားရမယ်။ ဆက်ထုံးကလေးတွေကနေ သတင်းဖြန့်နိုင်ဖို့ စိတ်ချရတဲ့ ဆက်ထုံးကလေး တွေ မွေးထားရမယ်၊

နောက်ပြီး တရွာတည်းက အဖွဲ့ကလေးတခုတလေနဲ့။ တရွာတည်းက လယ်သမားတွေချည်းဆို အင်အားသိပ်မတောင့်တင်းရင် အရေး အကြောင်းပေါ်ရင် ချက်ချင်းအဖြိုခွဲခံရနိုင်တယ်။ ဒါကြောင့် နီးစပ်ရာရွာတွေနဲ့ ကောင်းမွန်တဲ့ချိတ်ဆက်မှုရှိဖို့လိုတယ်။ စည်းလုံးမှု။ ညီညွှတ် မှုကောင်းဖို့ဆိုတာ ဒါကိုပြောတာပဲ။ အားလုံး ဘဝတူလယ်သမားတွေပဲ။ တူညီတဲ့ ဘုံအကျိုးစီးပွားအတွက် အားလုံးက စုပေါင်းရပ်ခံရင် အင်အားတောင့်တင်းလာမှာပဲ။ လယ်သမားတွေသာ တကယ်တမ်း သွေးစည်းညီညွတ်ပြီး ရဲရဲရင့်ရင့် အင်အားစုစည်းနိုင်မယ်ဆိုရင် မိုး အောက်မြေပြင်မှာ ဘယ်ဖောက်ပြန်ရေးအင်အားစုကိုမဆို ရင်ဆိုင်လိုရတယ်။ လယ်သမားထုသာ တညီတညွတ်တည်း အုံကြွလာမယ်ဆိုရင် ကျေးလက်မှာ မိုးချုန်းသံတွေလို မြည်ဟည်းပြီး ဖောက်ပြန်ရေးသမားတွေကို ကြောက်ဒူးတုန်စေမှာ အမှန်ပဲ။

အကြီးဆုံးဖောက်ပြန်ရေးသမားဖြစ်ပြီး နိုင်ငံတော် စစ်ဗျူရိုကရက် မြေရှင်ကြီးစနစ်နဲ့ လယ်သမားထုအပေါ် အဓိက သွေးစုပ်နေသူတွေကတော့ စစ်အုပ်စု (အစိုးရသစ်) ပဲ။ ဒါပေမဲ့ လယ်သမားတွေ လက်တွေ့ရင်ဆိုင်နေရတာကတော့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ စီးပွားရေးကုမ္ပဏီ တွေ၊ အစိုးရကျေးလက်အာဏာပိုင် (ကြံ့ဖွံ့ပါတီဝင်တွေ)၊ မြေယာလုပ်ပိုင်ခွင့်ချပေးတဲ့ အာဏာပိုင်တွေ၊ သူတို့လက်ကိုင်တုတ်တွေ၊ မြေယာလုပ်ပိုင်ခွင့်အမြောက်အမြား (ဧက-ရာဂဏာန်း၊ ထောင်ဂဏာန်းအထိ) ရထားသူတွေ၊ စစ်တပ်အာဏာပိုင်တွေ၊ ငွေတိုးကြီးစားသမားတွေနဲ့ သူတို့နောက်လိုက် နယ်ခံလူမိုက်တွေပဲ။ သူတို့တတွေကလည်း သူတို့ချင်း အကျိုးတူမို့ အပေးအယူနဲ့ ချိတ်ဆက်လုပ်ထားတတ်တာတွေ ရှိတယ်။

ဂျာမနီက ရှပ်နက်တပ်သားတွေဖြစ်ဖြစ်၊ ဂျပန်ကင်ပေတိုင်ဖြစ်ဖြစ်၊ တရုတ်ပြည်က ကူမင်တန်နောက်လိုက် ကျေးလက်အာဏာပိုင်တွေနဲ့ ဗိုလ်ကျသူတွေ။ တချိန်က မဆလ ကျေးလက်အာဏာပိုင်တွေ၊ လယ်ယာကော်မတီဝင်တွေ စတဲ့ ဘယ်ဖောက်ပြန်ရေးသမားတွေပဲ ဖြစ်ဖြစ် သူတို့ခေတ်ကောင်းစဉ် ခွေးလှေးပျား တောအနှံ့ ထောင်ထောင် ထောင်ထောင် လုပ်တတ်ာ ဓမ္မတာပဲ။ ဒါပေမဲ့ တော်လှန်ရေး မိုးခြိမ်းသံတွေ စကြားလာရင် စပြီး အမြီးကုတ်သွားတတ်တယ်။ တော်လှန်ရေးက အညစ်အကြေးတွေ ဆေးကြောလိုက်ရင်တော့ သူတို့လည်း ကြက် ပျောက်ငှက်ပျောက်ပျောက်ပြီး လွင့်စင်သွားကြတယ်။ ဒါပေမဲ့ သူတို့ မိုးကောင်းစဉ်မှာလည်း သူတို့ကို ခေါင်းငုံ့ခံနေလို့ မရဘူး။ ကြောက်မှန်း သိလေ ဖြဲခြောက်လေ လူစားမျိုးတွေမို့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတယ်။ ဘယ်တိုင်းပြည်မှာဆို ဒီလိုဖောက်ပြန်ရေး လက်ပါး စေတွေကို အခိုင်အမာ ပြန်လှန်တိုက်ခိုက်ခဲ့ရတာချည်းပဲ။ သူတို့အထဲက တစိတ်တပိုင်းကို စည်းရုံးသိမ်းသွင်းလို့ရရင်တော့ ကိုယ့်အတွက် အကျိုးရှိတာပေါ့။ ဒါပေမဲ့ အနည်းစုကလွဲလို့ သိပ်မပြောင်းလဲတတ်ဘူး။ သူတို့ ဘယ်လိုပဲ မောက်မာရိုင်းစေနေပါစေ၊ တကယ်က လယ်သမား ထုသာ စည်းလုံးညီညွတ်ရင် ကျေးလက်မှာ လယ်သမားထုအင်အားက သူတို့ထက် အများကြီးသာပါတယ်။ အခု လယ်သမားတွေကို ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး လိမ်ညာတယ်။ ငွေချေးခွင့်ရမယ်ဆိုပြီး လုံခြုံရေးကပ် လုပ်ခိုင်းတယ်။ တကယ်သွားလုပ်တော့ ကြံ့ဖွံ့ပါတီလျှောက်လွှာတင်ခိုင်းတာ ဖြစ်နေတယ်။ ချေးငွေပေးမယ်ဆိုတဲ့ကိစ္စက နောက်ကျမှ သူတို့လိမ်ညာအမြတ်ထုတ်တာပေါ်လာမှာ။ လယ် သမားတွေကတော့ ကြံ့ဖွံ့လျှောက်လွှာအတွက် မရှိမဲ့ ရှိမဲ့ငွေကလေးတွေ အရင်ထွက်သွားရပြီ။ သူတို့ ဒီလိုမျိုး လိမ်ညာလှည့်ဖျားတဲ့ ကြံ့ဖွံ့သိမ်းသွင်းရေးအလုပ်တွေ လုပ်လာတာ တမျိုးတော့ကောင်းတယ်။ ဒါတွေဆက်လုပ်ရင် သူတို့ မြန်မြန်ပြိုမှာပဲ။

ကျေးလက်လျှို့ဝှက်အဖွဲ့လေးတွေ၊ ကြိတ်ဝိုင်းလေးတွေအပါအဝင် လယ်သမားထုရဲ့တာဝန်က လယ်သမားထုရဲ့ အကျိုးစီးပွားကို ထိပါး လာတဲ့ကိစ္စတွေမှာ စုပေါင်းပြီး ညီညီညွတ်ညွတ် ရဲရဲရင့်ရင့် ရပ်ခံဖို့က အဓိကပါ။ ဒါပေမဲ့ လယ်သမားမြေပေါ်မှာ ငွေရှင်ကြေးရှင်။ အာဏာပိုင် တွေနဲ့ လူမိုက်တွေပေါင်းပြီး သွေးထွက်သံယို ရိုက်နှက်စော်ကားတာမျိုး ဘယ်အဖြစ်ခံလို့ရမလဲ။ (ဗမာပြည်မှာ အခု ဒါမျိုးတွေခံနေရတယ်) သခင်သန်းထွန်းက ငါတို့သတင်းစာတိုက် လာရိုက်ချိုးလို့်ကတော့ ဆိုရှယ် လစ်အရိုးတွေနဲ့ ဗားကရာချောက်ဖို့ပစ်မယ်ဆိုတာ လိုအပ်လို့ ပြောရတာပါ။ လူတန်းစား အညွှန့်ချိုးတာ မခံနိုင်လို့ ပြောရတာ။ တကယ်က ဘယ်ပြောချင်မလဲ။ လယ်သမားတွေလည်း ကိုယ့်ကို လူညွှန့်ချိုး လာစော်ကားတဲ့ ဖောက်ပြန်ရေးသမားတွေရဲ့ ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေကိုတော့ ခပ်စပ်စပ်ကလေးပြန်ဆုံးမတာမျိုး၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြတာမျိုး တချို့တလေ လုပ်ရမယ်။ ဒီလိုမဟုတ်ရင် ကြောက်လေခြောက်လေနဲ့ လူညွှန့် တုံးသထက် တုံးပြီး လူမွေးမပြောင်တဲ့ဘဝက ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး၊ “ဖိရင် ကြွတယ်။ ထိရင်ချမယ်”ဆိုတာ လယ်သမားထုအပါအဝင် ပြည်သူ လူထုရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ပါ။ နည်းပရိယာယ်ကြွယ်ဝဖို့လိုပေမယ့် ဒီစိတ်ဓာတ်မျိုး အမြဲတမ်း မွေးမြူထားမှသာ လယ်သမားတွေ ခေါင်းထောင်လာနိုင်လိမ့်မယ်။ ကျောမွဲပေမယ့် ရင်ဘတ်က ရဲနေဖို့လိုတယ်။

ဗမာပြည်သမိုင်းမှာလည်း ခေတ်အဆက်ဆက် လယ်သမားတွေ ဒီလိုပဲ တိုက်ပွဲဝင်လာခဲ့ရတာပဲ။ ကိုလိုနီခေတ်မှာလည်း ကိုလိုနီအစိုးရက ဒါလောက်ဖိနှိပ်တဲ့ကြားက လယ်သမားအသင်းအဖွဲ့တွေ၊ ကျေးလက်ဝံသာနုအသင်းတွေ၊ ဘူးအသင်း တွေ ဖွဲ့ပြီး လယ်သမားအရေးအတွက် နယ်ချဲ့အစိုးရကိုတောင် အာခံခဲ့သေးတာပဲ။ ဒီနောက်မှ ဆရာစံခေါင်းဆောင်တဲ့ လယ်သမားတော်လှန်ရေးပေါ်လာတာ။ ဂျပန်ခေတ်မှာ လည်း လယ်သမားတွေ ပြောက်ကျားတပ်အဖြစ်နဲ့ ဂျပန်တွေကို ရဲရဲရင့်ရင့် တိုက်ခဲ့တာပါ။ လွတ်လပ်ရေးရပြီးခေတ်တွေမှာလည်း လယ် သမားသမဂ္ဂတွေဖွဲ့ပြီး ထွန်တုံးတိုက်ပွဲတွေ ဆင်ခဲ့တယ်။ အငတ်တပ်ချီတက်ပွဲတွေ လုပ်ခဲ့တယ်။ ခေတ်အဆက်ဆက် လယ်သမားတွေ တိုက်ပွဲတွေမှာ လယ်သမားတွေဘက်က ပြတ်ပြတ်သားသား မားမားမတ်မတ်ရပ်တည်ပေးတဲ့ နိုင်ငံရေးအဖွဲ့အစည်းရှိရင်တော့ အကောင်း ဆုံးပေါ့။

လယ်သမားတွေ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နိုးကြားလာပြီဆိုရင် လူ့စည်း-ဘီလူးစည်း ရှင်းလင်းလာမှာပါ။ ဘယ်သူက လယ်သမားတွေ ဘက်က ပြတ်ပြတ်သားသားနဲ့ ကိုယ်ကျိုးစွန့်ပြီး ရပ်တည်ကာကွယ်တယ်ဆိုတာ ပေါ်လာပါလိမ့်မယ်၊။ စစ်မှန်တဲ့ ခေါင်းဆောင်မှုဆိုတာလည်း ရလာမှာပါ။ အဲဒီလူပုဂ္ဂိုလ်အဲဒီအဖွဲ့အစည်းကို လယ်သမားတွေက လှိုက်လှိုက်လှဲလှဲ နွေးထွေးကြိုဆိုပြီး အားကိုးမှီခိုလာမှာလည်း အသေ အချာပါပဲ။

 
Leave a comment

Posted by on August 13, 2011 in Op-Ed

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: