RSS

Yan Win (Taung Dagar) – Kauk Sait

13 Aug

ပျိုလေးတို့ ကောက်စိုက်ရာ
ရန်ဝင်း (တောင်တံခါး)
သြဂုတ် ၁၄၊ ၂၀၁၁
‘ပျိုလေးတို့ ကောက်စိုက်ရာ
လိုက်လာနှင့်လေး’
ကောက်စိုက်သမ ဗုံကြီးသံ
သံတော်ဆင့် လယ်ဝန်မင်း ဆောမြို့စား ဦးစီ
(မြန်မာသက္ကရာဇ် ၁၁၆ဝ-၁၂၃ဝ)
အခုအချိန်လောက်ဆိုရင် မြန်မာပြည်တပြည်လုံး နေရာအနှံ့အပြားမှာ စိမ်းလဲ့လဲ့ ကောက်ပင်တွေအပြည့်နဲ့ လယ်ကွင်းကျယ်ကြီးတွေကို ရှုလို့ မျှော်လို့ မဆုံးနိုင်အောင်ဘဲ တမျှော်တခေါ်ကြီး မြင်ကြရပေလိမ့်မယ်။ 
လယ်သမားကြီးတွေ၊ လယ်သူမကြီးတွေအဖို့မှာတော့ ကောက်စိုက်တဲ့အလုပ် ပြီးသွားပြီဆိုရင် စပါးခင်းကြီးတွေထဲက ကောက်ပင်တွေ တနေ့တခြား ကြီးမားဖွံ့ဖြိုးလာတာကိုပဲ အရိပ်တကြည့်ကြည့်နဲ့ ရှုလို့မဝနိုင်ကြတော့ပြီ။ 

ရှုမဆုံးတော့သည်
‘ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့ နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်’
လူချွန် လူကောင်း
ရေး-မြို့မငြိမ်း
ဆို-ကိုအံ့ကြီး
လယ်ကွင်းတွေကလည်း ဒေသအလိုက် တောင်စောင်း လှေကားထစ်လယ်တွေကအစ အညာ၊ မြေလတ်၊ မြစ်ဝကျွန်းပေါ် မြေပြန့်အရပ်ဒေသတခွင်က လယ်ကွင်းကြီးတွေအဆုံး အကြီး အသေး အရွယ်စုံလင်လှပါတယ်။ အရပ်ဒေသအသီးသီးမှာ စိုက်ကြတဲ့ စပါးတွေကလည်း အမျိုးစုံလှတာမို့ စပါးပင်ရဲ့ အသီးအနှံတွေ ရင့်မှည့်ကြတဲ့ သက်တမ်းအရ ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး နဲ့ မုရင်း လို့ မှတ်သားနိုင်ပါတယ်။ 
စပါး စိုက်ပုံ စိုက်နည်းတွေနဲ့ လယ်လုပ်ငန်း အဆင့်ဆင့်ကလည်း လေ့လာမှတ်သားစရာ များလှပါတယ်။ အဲဒါကြောင့် ယေဘုယျ သဘောမှာ တူညီတာကလေးတွေလောက်ကိုသာပဲ တင်ပြနိုင်ပါလိမ့်မယ်။
ထယ်ထိုး၊ လယ်ထွန်၊ ရေသွင်း လုပ်ငန်းအဆင့်ဆင့် လုပ်ထားပြီးတဲ့ လယ်ကွက်တခုမှာ စပါးမျိုးတွေကို ပျိုးကြဲရတယ်။ စပါးပင်ပျိုတွေပေါက်လာပြီး လိုအပ်တဲ့အရွယ်ရောက်ရင် အဲဒီ ပျိုးခင်းက ပျိုးပင်တွေကိုနှုတ်ပြီး စိုက်ရမယ့် လယ်ကွင်းတွေဆီကို ပို့ရတယ်။ 
ပျိုးနှုတ်ရသယ်တော့
‘လုပ်ရသယ်တဲ့ ကိုင်ရသယ်တော့
မောင်ကြီး ထွန်ကိုဖြုတ်ရင်
ပျိုးနှုတ်ရသယ်’
ကောက်စိုက်သမ ဗုံကြီးသံ
စိုက်ဖို့အသင့် ပျိုးပင်တွေ
ပျိုးနှုတ်ပြီးရင်တော့ ကောက်စိုက်ချိန်ပေါ့။ နှုတ်ပြီးသား ပျိုးပင်တွေမနွမ်းခင် အချိန်မီ ကောက်စိုက်ကြရတယ်။ တက်ညီ လက်ညီ ဆိုသလိုပဲ အားလုံးဝိုင်းဝန်းလုပ်ကြမှ ပြီးစီးအောင်မြင်ပါတယ်။
လယ်ကွင်းထဲမှာ ကောက်စိုက်သူမ၊ ကောက်စိုက်သမ လို့ ခေါ်တဲ့ ကောက်စိုက် လယ်သူမတွေ ညီညီညာညာ သွက်သွက်လက်လက်နဲ့ ကောက်စိုက်နေကြတာကိုက အင်မတန်ကြည့်လို့ကောင်းပါတယ်။ အမြင်လွယ်သလောက် ပညာပါတဲ့ အလုပ်ပါပဲ။ 
မယ်သာ စိုက်တဲ့ ကောက်ပင်တွေ
‘ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့လေ
စိုက်ရေးငယ်မှ ကျင်းကျင်း
နှမကြီး မယ်သာ စိုက်တဲ့
ကောက်ပင်ရင်းမှာ
ကင်း ကို အလယ်က ထားသတဲ့’
သုံးထောင့် အိုင်ချင်း၊ ညောင်ရမ်းခေတ်
(မြန်မာ သက္ကရာဇ် ၇ဝဝ-၉ဝဝ ခန့်)
စပါးပျိုးပင်ရဲ့ အလယ်၊ အရွက်တွေ ဖြာထွက်နေတဲ့နေရာ ကို ‘ကင်း’ လို့ ခေါ်ပါတယ်။ အဲဒီ ကင်း နေရာကို လက်ညှိုး၊ လက်ခလယ်နဲ့ ညှပ်ကိုင်ပြီး လယ်မြေပျော့ပျော့ထဲကို ထိုးစိုက်ရတယ်။ အဲဒါကို ကောက်စိုက်တယ်လို့ ခေါ်တာပါပဲ။ ရေဝင်လယ်တွေမှာတော့ ရေအောက်ကို လက်က မမီလို့ ‘ကင်းခွ’ လို့ ခေါ်တဲ့ တုတ်တံနဲ့ ထိုးပြီးစိုက်ရတယ်။
ကောက်ပင်တွေက အတန်းလိုက်လည်း ညီရပါတယ်။ အပင်အရေအတွက်ကလည်း မျှမျှတတနဲ့ မြေထဲမှာလည်း မြဲမြဲစိုက်မိဖို့ အရေးကြီးပါတယ်။ စိုက်ပြီးသား ကောက်ပင်တွေ လဲပြိုသွားရင် အခင်းထဲကိုဝင်ပြီး ပြင်စိုက်စရာ သွားဖို့ လမ်းမရှိတော့ပါ။ အဲဒီကောက်ပင်တွေကို ဆုံးရှုံးပြီး သူတို့က ဖြစ်ထွန်းလာမယ့် စပါးတွေကိုပါ ဆုံးရှုံးရပါတော့တယ်။ 
မယ်သာ စိုက်တဲ့ ကောက်ငန်းတာ
‘ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့လေ
လယ်ပြင်ငယ်မှ ပတ်သန်း
ပျို့ ကောက်ပန်း နှင့်
အလွမ်းငယ်ပျော်ရာ
နှမကြီး မယ်သာ စိုက်တဲ့
ကောက်ငန်းတာကို’
သုံးထောင့် အိုင်ချင်း
‘ကောက်ငန်းတာ’ ဆိုတာ လယ်ထဲမှာ ကောက်ပင်တွေကို စိုက်ကြတဲ့အခါ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်း အစိတ်အပိုင်းကို ခေါ်တာပါပဲ။ လယ်ကွင်းကို အစိတ်အပိုင်းတွေ ပိုင်းခြားလိုက်ပြီး ကိုယ်စီ ကိုယ်စီ စိုက်ကြတော့ တဦးနဲ့တဦး တိုက်မိ ခိုက်မိ ရှုပ်ထွေးမနေတော့ဘဲ မြန်မြန်ဆန်ဆန် စိုက်နိုင်ပါတယ်။ 
ဝင်းဝါစိုတဲ့ ကောက်ပင်ပျိုတွေ
‘ကောက်ပင် လယ်ကွင်း အဆင်း ဝင်းဝါစို
ပျိုးခင်းပျို မိုးမင်းကို ဆီးကာ ကြိုဆို’
မိုးညိုညို
ရေး-စန္ဒယားလှထွတ်
ဆို-မာမာအေး
ထွန်တုံးကိုတဲ့ ခြေတော်တင်
‘ထွန်တုံးကိုတဲ့ ခြေတော်တင်
နွားကြန်စုံနှင်
ပျိုးခင်းကိုဝင်
ကောင်းကင်က ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း’
ရွှေဘို ဗုံကြီးသံ
ရွှေဘို ဗုံကြီးသံ နဲ့ သုံးထောင့် အိုင်ချင်းတွေရဲ့ မူလဇာတိ ရွှေဘိုနယ်တဝိုက်က လယ်တွေမှာ ‘မိုးကောင်းတော’ လယ် နဲ့ ‘မူးရေဝင်’ လယ် ဆိုပြီး အဓိက လယ်နှစ်မျိုး နှစ်စားရှိပါတယ်။ မူး တူးမြောင်းက ရေပေးတဲ့ ‘မူးရေဝင်’ လယ်တွေနဲ့ ဆင်တူတဲ့ ‘ကန်ရေသောက်’၊ ‘ဆည်ရေသောက်’ လယ် တွေလည်း ရှိပါသေးတယ်။ 
‘မူးရေဝင်’ လယ် နဲ့ ‘ကန်ရေသောက်’၊ ‘ဆည်ရေသောက်’ လယ်တွေမှာတော့ ရေခွဲဝေပေးတဲ့ စနစ်ရှိနေတော့ တော်တော်တန်တန် မိုးခေါင်တာလောက်နဲ့တော့ လယ်တွေကို မထိခိုက်ပါ။ မိုးရေကိုပဲ အဓိက အားပြုရတဲ့ ‘မိုးကောင်းတော’ လယ်တွေမှာတော့ မိုးကောင်းကောင်းရွာမှ လယ်တွေက ဖြစ်ထွန်းပါတယ်။ 
‘သည်မိုးရယ် ရေအောင်မှ
မောင်နဲ့မယ် အလှူပေးမယ်
မိုးကူပါ့လေး’
ရွှေဘို ဗုံကြီးသံ
မိုးခေါင်ပြီဆိုရင် လယ်တွေက ရေငတ်ကြလို့ ပပ်ကြားအက်တွေပေါ်လာပြီး မြေတွေ ကွဲအက်လာတဲ့အခါ နီးစပ်ရာ ချောင်း မြောင်း အင်း အိုင်တွေထဲက ရနိုင်သမျှ ရေကို သွယ်ကြ၊ သွင်းကြရတယ်။ 
လယ်ကွက်က မြင့်နေလို့ ရေကိုသွယ်ယူဖို့ ခက်ခဲရင်တော့ ရေသွင်းကရိယာ တမျိုးမျိုးနဲ့ ရေကိုတင်ကြရပါတယ်။ ‘ခူ’၊ ‘ခူနင်း’ လို့ခေါ်တဲ့ ခြေနဲ့နင်းရတဲ့ ရေသွင်းကရိယာ၊ ‘မောင်းလက်’ လို့ခေါ်တဲ့ ရေသွင်းကရိယာ၊ အမျိုးမျိုး ရှိပါတယ်။ ခနဲ လို့ အညာမှာခေါ်ကြတဲ့ ခနွဲ ဆိုတာလည်း ရှိပါတယ်။ တနေ့တာ ကာလပတ်လုံး အင်မတန် ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်မျိုးပါပဲ။
‘ထွာနံငယ် ခမောက်စုတ်နှင့်
လူလုပ်ကယ်တဲ့ ညံ့လိုက်တာ
ဆိုးတဲ့ ကံဟာ။
မိုးမရွာ မြေသာကွဲလို့
ခနဲ နှင့် ရေကိုတင်
ပန်းတဲ့ဖြစ်အင်။’
ရွှေဘို ဗုံကြီးသံ
ခနဲ နှင့် ရေကိုတင်
အဲဒီလို အပန်းတကြီးနဲ့ ရေကိုတင်ပြီးစိုက်ထားလို့ ပျိုးခင်းက သန်သန်မာမာနဲ့ ကောင်းကောင်း ဖြစ်ထွန်းလာတဲ့အခါ ပျိုးပင်တွေကို ဖျက်ဆီးမယ့် ကျိုင်းကောင်တွေနဲ့ လယ်ကြွက်အမျိုးမျိုးရဲ့ ရန်ကလည်း မသေးလှပါ။ 
လယ်ဖျက်ပိုးတွေကိုလည်း တားဆီး ကာကွယ်ကြရပြန်တယ်။ အတွေ့ရများတဲ့ လယ်ဖျက်ပိုးတွေက ငမြောင်တောင်၊ ပိုးလောင်မီး၊ ပိုးတောင့်တဲ၊ ဆစ်ပိုး၊ နှံဖြတ်၊ ရွက်ဖြတ်၊ ရွက်လိပ်ပိုးတွေပါ။ သေသေချာချာ မကာကွယ်နိုင်ရင်တော့ အပျက်အစီးက သိပ်ပြီး ကြီးမားနိုင်တယ်။
‘မောင်း နှင့် ခူနင်း
ရေလျှင်သွင်း
ပျိုးခင်းကောင်းလျက်
မြောင်တောင် ဖျက်’
ဖျက်စု သံပေါက်
တောင်ဖီလာဆရာတော်
(မြန်မာ သက္ကရာဇ် ၉၄ဝ-၁ဝ၁၃)
အဲဒီလို ပြုစု ပျိုးထောင်လာခဲ့ကြတဲ့ ကောက်ပင်တွေက စပါးနှံတွေ သန်မြန်အောင်မြင်ပြီဆိုရင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြရတာတွေအတွက် အမောပြေကြရပြီပေါ့။ စပါးရိတ်သိမ်းချိန်ကို မျှော်လင့် စောင့်စားနေကြရတာကလည်း လယ်သမားကြီးတွေအဖို့ ကြည်နူးနှစ်သိမ့်စရာ တမျိုးပါပဲ။
ဝင်းမှည့်ရွှေစင် အိလို့ပင်
‘ရိတ်သိမ်းချိန် ဆိုပြန်လျှင်
ဝင်းမှည့် ရွှေစင် အိလို့ပင်’
လူချွန် လူကောင်း
ရေး-မြို့မငြိမ်း
ဆို-ကိုအံ့ကြီး
ရိတ်သိမ်းချိန်ကိုရောက်ပြီဆိုမှဖြင့် ဝင်းမှည့်ရွှေစင် အိလို့နေတဲ့ စပါးနှံကြီးတွေကို ဝမ်းသာအားရ ကြည့်ကြရင်းနဲ့ ကောက်စိုက်သမတွေကလည်း သူစိုက်တဲ့အပင်က ပိုကြီးတယ်၊ ငါစိုက်တဲ့အပင်က ပိုပြီးသန်တယ်နဲ့ ကြွားဝါကြ၊ အပြိုင်အဆိုင် စကားနိုင်လုကြပေလိမ့်ဦးမယ်။ 
ဟော ကြည့်စမ်း မွမ်၊ တနှံ ကို ဆယ်ပြည်ထွက်သယ်
‘ညည်းစိုက်တဲ့ ကောက်သွယ်ငယ်
မှန်း ဘယ်မျှကြီး။
ဟော ကြည့်စမ်း မွမ်
တနှံ ကို ဆယ်ပြည်ထွက်သယ်
ဖြိုးအက်လို့သီး။’
ကောက်စိုက်သမ ဗုံကြီးသံ
ကိုယ်ပိုင်လယ်ကို ကိုယ်တိုင်လည်း စိုက်ကြပေမယ့် ကောက်စိုက်သမတွေဆိုတာကတော့ သူများပိုင်လယ်တွေမှာ နေ့စား၊ အခစားနဲ့လိုက်ပြီး အငှားကောက်စိုက်ကြရတာက များပါတယ်။ ကောက်စိုက်သမတွေခမျာမှာတော့ ကိုယ်ကိုယ်တိုင်က ဘယ်လောက်ပဲ ရွှံ့အလူးလူးနဲ့ တနေကုန် ပင်ပန်းချင် ပင်ပန်းပါစေ ကိုယ်ချစ်တဲ့သူကိုတော့ ရွံ့စက်ကလေး တစက်တလေတောင်မှ မစဉ်မိစေချင်၊ မပေစေချင်ကြဘူးလေ။
‘သည်လယ် သည်မယ် စိုက်ပါလို့
လိုက်ခဲ့မယ့် ပုံလိုလို
ရောင်ကြီးဗွေ လူလှည့်စားရယ်
သွားနှင့်တော့ ဆို
ပျို့ဖုန်းမို
လာမယ်ဆို မှာ ကတိကြောင့်
ယုံမိတယ်လေး။
ပျိုလေးတို့ ကောက်စိုက်ရာ
လိုက်လာနှင့်လေး
လိုက်လာလျှင် ရွှံ့စဉ်ရော့မယ်
ပေါင်းကြော့ ရင်သွေး။’
ကောက်စိုက်သမ ဗုံကြီးသံ
သံတော်ဆင့် လယ်ဝန်မင်း ဆောမြို့စား ဦးစီ
(မြန်မာသက္ကရာဇ် ၁၁၆ဝ-၁၂၃ဝ)
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) ဂီတဝိသောဓနီကျမ်း (မောင်မောင်လတ်)၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄
(၂) စာပေဝတ်ဆံ (၅)၊ ဒဂုန်နတ်ရှင်၊ ဒု အကြိမ်၊ ၁၉၆၇
(၃) ရင်ထဲက ဂန္ဓဝင်တေးများ
(၄) လယ်ကွင်း ဓာတ်ပုံများ အင်တာနက်
(၅) လယ်ကွင်း ဓာတ်ပုံများ http://www.wikipedia.com
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: