RSS

Kan Tun Thit – Mingun Sayadaw

14 Aug

ကောက်သင်းကောက် ပူဇာ
ကံထွန်းသစ်
သြဂုတ် ၁၄၊ ၂၀၁၁
ကဗျာ၊ ဝတ္တု၊ ဆောင်းပါး၊ အက်ဆေး စသည် စာပေမျိုးစုံ အတော်အသင့် ရေးခဲ့ပြီးသော်ငြား မိမိကိုယ်ကို ‘စာရေးသူ’ ဟု မခံယူမိသေးသည်မှာ မြန်မာပြည်၏ လက်မွန် ဓမ္မဘဏ္ဍာဂါရိကထေရ်ဖြစ်သည့် မင်းကွန်း ဆရာတော်ဘုရားကြီး၏ အကြောင်းကို တကြောင်းတပါဒမျှ မရေးသားဘူးသေးသောကြောင့်ပင်။
သက္ကရာဇ် ၂၀၀၀ ပြည့်တွင် မြန်မာစာအုပ်တိုက်အဖွဲ့မှ နှစ်တရာအတွင်း “ထူးခြားစာအုပ်တစ်ရာ” ဆိုသည့် အညွှန်းစာအုပ် ပြုစုထုတ်ဝေစဉ်ကလည်း တာဝန်ကျရာ ဥတ္တမပုရိသဒီပနီ၊ သုတေသနသရုပ်ပြ အဘိဓာန်၊ သပြေကန် ပရိတ်ကြီးနိဿယသစ် စသည့် စာအုပ်များကို အညွှန်းများ ရေးပေးခဲ့ရစဉ်ကလည်း နှစ်ဆယ်ရာစုအတွင်းတွင် ထွက်သမျှ စာအုပ်တို့၌ အထူးခြား အခမ်းနားဆုံးဖြစ်၍ ဗုဒ္ဓဝင်စွယ်စုံကျမ်းဟု ဆိုရမည့် မဟာဗုဒ္ဓဝင်ကျမ်းကြီးကို ငါဘာကြောင့်များကျန်ခဲ့မိပါလိမ့်ဟု တွေးမိတိုင်း မချင့်မရဲဖြစ်ခဲ့ရသည်။

ယခုမူ အကြောင်းဆိုင်စွာ ပူဇော်ခွင့်ရပေပြီ။ ဆရာတော်ဘုရားကြီး၏ ရာပြည့်ပူဇာ စာအုပ်ကြီး ထုတ်ဝေရန် တပည့်ကောင်းတို့ ပေါင်းစုအားထုတ်နေကြပြီတဲ့၊ ကြားခိုက်မှာပင် ရေးလိုစိတ်တို့ ဖိတ်လျှံခဲ့သည်တိုင် ယောအတွင်းဝန်ကို မြင်းထိန်းငတာ ချီးမွမ်းသလိုဖြစ်နေမှဖြင့်ဟု ဘာသာတွေးရင်း ပြုံးလိုက်မိသေးသည်။
မည်သို့ဆိုစေ၊ ခွင့်ကြုံကြိုက်၌ ဦးခိုက်မိရန်မှာ မိမိဝန်ဟု ခံယူစွဲရင်းဖြင့် စွမ်းသရွေ့ရေးသားပူဇော်ရန် အားထုတ်မိသောအခါ … ဥပါလိသူကြွယ်၏စကားတို့ကို ပြန်လည်ကြားယောင်လိုက်မိသည်။ တပည့်သစ်စ ဥပါလိက ဆရာသစ် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုပူဇော်ရာ ဆရာဟောင်း နိဂဏ္ဍက “သင် ဘယ်လိုလုပ်ပြီး ဒီဂုဏ်တွေကို သိနေတာလဲ” ဟု မကျေမချမ်း မေးလေရာ ဥပါလိက “လောကမှာ ရှိရှိသမျှ ပန်းတွေကို ခူးဆွတ်စုပုံထားက လိုရာပန်းကို လွယ်လင့်တကူ ရွေးယူသီကုံးနိုင်သလို ကျွန်ုပ်ဆရာ မြတ်စွာဘုရားဟာလည်း ဂုဏ်အပေါင်းတို့ စုဝေးရာ ဂုဏ်ထုစိုင်ကြီးမို့ မည်သည့်နေရာက ရှုကြည့်သည် ဖြစ်စေ ဂုဏ်တော်တွေသာ တွေ့မြင်ရသလိုဖြစ်ကြောင်း” ပြောပြခဲ့သည်လေ။
ယခုလည်း နည်းတူပင်။ ဆရာတော်ကြီး၏အကြောင်း ဂုဏ်အပေါင်းက အာရုံကျရာရာတွင် ပြတ်ထင်လျက် ရှိတော့သည်။ သီလအရာ၊ သမာဓိအရာ၊ ပညာအရာ၊ ခမာဂုဏ်၊ ဒယာဂုဏ်၊ သုတဂုဏ်၊ ဣက္ခဏာဂုဏ် စသည်တို့ကို သာဓကပြုနေသည့် ထေရုပ္ပတ္တိလွှာ အပိုင်းအစတို့ကား ထိုမှသည်မှ ပြိုးပြက် တောက်စားလာကြတော့သည်။
ထိုထင်ရှားသော အကြောင်းအရာတို့ကို ဂုဏ်နှင့်ဂုဏေး တင့်ဖက်အောင် ရေးဖွဲ့နိုင်ကြသည့် ဆရာတော်ကြီး၏တပည့် ရဟန်းစာဆို လူစာဆိုတို့က ရေးဖွဲ့ပူဇော်ကြပေလိမ့်မည်။ မိမိမူ ကိုယ်နှင့်စပ်သော သို့မဟုတ် မိမိ၏ မယ်တော်ကြီးနှင့်နွယ်သော အကြောင်းအရာငယ်တို့ကိုသာ ကောက်သင်းကောက် ပူဇော်ရန် ရည်စူးပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က မိမိဇာတိ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ သာထွန်းရွာသို့ ဆရာတော်ကြီး ကြွရောက်ကာ တရားချီးမြှင့်ခဲ့ဖူးလေသည်။ အားလပ်ရက်မရှိအောင် တရားပွဲစဉ်တွေ ပြည့်နှက်နေလျှက်က “ဗုဒ္ဓသာသနာနုဂ္ဂဟ” စာပြန်ပွဲဖြစ်၍က တကြောင်း၊ ကျေးလက်နေတို့ကို ချီးမြှောက်လို၍က တကြောင်းဖြစ်၍ ဆရာတော်ကြီးက လက်ခံကာ ကရုဏာကြီးစွာ လှေတတန် လှည်းတတန်ဖြင့် ကြွရောက် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ဆရာတော်ကြီး ဟောကြားခဲ့သော တရားဓမ္မကို ကျေးလက်နေတို့၏ “နားငယ်မဆန့်၊ ရင်ငယ်မပြန့်” ရှိကြသည့်တိုင် ဆရာတော်ကြီး၏ စေတနာ၊ ကရုဏာနှင့် ဆုံးမစကားတို့ကား ယနေ့တိုင် စွဲထင်လျက်ရှိဆဲပင်။ အထူးသဖြင့် စာရေးသူ၏ မိခင်ကြီးထံတွင် ပြန်လည်တွေ့ရှိရသော ဓမ္မစကားများဆိုက ပို၍ လျှော်ကန်ပေမည်။
ထိုစဉ်က မန္တလေးတွင် စာသင်နေဆဲဖြစ်၍ မိမိမှာ ဆရာတော်ကြီးကို မဆုံဆည်းလိုက်ရသည့်တိုင် မယ်တော်ကြီးက ပြန်လည်ပြောပြခဲ့သည်မှာ “အဲဒီညက လူတွေကလည်း စည်ကားလိုက်တာ၊ ဒီနယ်တဝိုက်မှာ အစည်ကားဆုံးလို့တောင် ပြောရမယ်ထင်ပါရဲ့၊ အဲဒီလို တရားပွဲစဖို့ပြင်နေတုံး ကလေးငိုသံက အကျယ်ကြီး ပေါ်လာပါလေရော့၊ အရှေ့ရွာက သားသည် အမေတယောက်နဲ့တူပါရဲ့၊ အဲဒါနဲ့ ဂေါပကလူကြီးအချို့က ကလေးကို အပြင်ခေါ်သွားဖို့ပြောကြတော့ ဆရာတော်ကြီးက အေး .. ကလေးဆိုတာ ငိုမှာပေါ့၊ ငိုပါစေ၊ ငိုပါစေ၊ ကလေးငိုလို့သာ တခြားသွားနေရရင် သားသည်အမေတွေ ဘယ် တရားနာခွင့် ရရှာတော့မလဲကွယ်တဲ့ ဆိုပြီး တရားကို ဆက်ဟောတာပဲ”
ဆရာတော်ကြီး၏ ဂရုဏာသည် တောသူတောင်သားတို့၏ စိတ်ကို အေးမြ စွတ်စိုသွားစေသော မိုးဟု မြင်လိုက်မိသည်။ မိုက်ကရိုဖုန်း မကောင်းလို့၊ ကလေးတွေဆူလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ စသည့် အကြောင်းပြတွေနှင့် တရားဟောရန် ရွှေဘဝင်မချမ်းသည့် ပုဂ္ဂိုလ်တချို့ကိုလည်း ရုတ်ချည်း မြင်လိုက်မိသည်။ ကောင်းတုယူနိုင်ကြပါစေဟု နှလုံးပြုလိုက်မိသည်။
သို့နှယ် စဉ်းစားနေစဉ်မှာပင် မယ်တော်ကြီးက “နောက်ပြီး ဦးဇင်းရယ် .. တရားဥပမာလေးတခု ကောင်းလိုက်တာ၊ လူ့ဘဝဆိုတာတဲ့ … အလွန်မြတ်တယ်တဲ့၊ သံတုံးတတုံး ဆိုပါတော့ ရေထဲချည်း စိမ်ထားရင်လည်း ဓားပေါက်ဆိန် ပဲကွပ် စတဲ့ လိုရာကို မသွန်းလုပ်နိုင်ဘူး၊ မီးထဲချည်းထည့်ထားပြန် ရင်လည်း အရေပျှော်သွားလို့ မလုပ်နိုင်ပြန်ဘူးတဲ့၊ ရေရော မီးပါ နှစ်မျိုးရှိမှ အအေး အပူ သင့်တင့် ညီညွတ်အောင်ပေးပြီး လိုရာပစ္စည်းဝတ္ထုပြုနိုင်သလို နတ်ပြည်ဆိုတာလည်း အမြဲအေးနေတဲ့ ရေနဲ့တူလို့ ဘဝကို လိုရာပုံ မဖော်နိုင်ဘူး။ ငရဲပြည်ကြလည်း အမြဲတောက်လောင်နေလို့ ပုံမသွန်းနိုင်ပြန်ဘူး၊ လူ့ပြည်ကသာ ပူမှု အေးမှု နှစ်မျိုးရှိရာဖြစ်လို့ ဘဝဆိုတဲ့ သံတွေခဲကို လိုသလို ပုံသွန်းထုဆစ်နိုင်တယ်တဲ့”။
တရားပွဲတိုင်းက လင်္ကာသီသံလေးတွေကို ရွာဦးကျောင်း ဆရာတော်ကပင် ချီးမွမ်းလောက်အောင် နှုတ်ငုံဆောင်တတ်သည့် မယ်တော်ကြီးက အခုလို လုံးစေ့ပတ်စေ့ ပြောပြနေသည်ကို ကြည်နူးစွာ နားထောင်နေမိသည်။ “တပည့်တော်မဖြင့်လေ လူဖြစ်ရတာ အရတော်လိုက်လေလို့ အဲသည်ကတည်းက သိလိုက်ရတာ” ဟု ဝမ်းမြူးသံနှင့် စကားကို အဆုံးသတ်သွားခဲ့သည်။
ထိုနေ့မှစ၍ မယ်တော်ကြီးကို ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ တရားတိတ်ခွေ တို့ကို အမြဲဝယ်ယူ ပေးခဲ့ဖြစ်တော့သည်။ အကောင်းဆုံး ကျေးဇူးဆပ်ခြင်းတို့တွင် တခုဟုခံယူကာ ဓမ္မဖြင့် ကျေးဇူးဆပ် ခွင့်ရခဲ့သည်။ ရန်ကုန်ရောက်တော့လည်း စူပါဟိုက်တေးသံသွင်းသို့ သွားရောက်ကာ တရားခွေများ မထပ်အောင် ကူးယူပေးခဲ့သည်မှာ ထင်းရှုးသေတ္တာငယ် တခုပင် ပြည့်ခဲ့ပြီ။
မိခင်ကြီးကလည်း ကိုယ်တိုင် နာကြားသလို တရွာလုံးကြာအောင် ဝါတွင်းကာလများ၌ ရွာဦးကျောင်းမှ အသံချဲ့စက်ဖြင့်ပင် ဖွင့်ပေးလေ့ရှိသည်။ သို့ဖြင့် မိခင်ကြီးသည် ဘဝလက်ကျန်ကို ဆရာတော်ဘုရားကြီး၏ တရားဓမ္မရိပ်၌ မြှုပ်နှံသွားတော့သည်ဟု ဆိုလိုက်ချင်ပါသည်။
မြင်ယောင်မိသေးတော့သည်၊ ၂၀၀၇ ခုနှစ်၊ မေလ၏ နေ့တနေ့၊ မမာမကျန်းဖြစ်ခဲ့သော မိခင်ကြီးသည် ၈၄ နှစ်ဆိုသည့် ဇရာ၏ဖိစီးမှုနှင့် ဖျားနာခြင်း ဗျာဓိတို့ နှိပ်စက်နေသည့်ကြားက တိုးတိုးသဲ့သဲ့လေး ရွတ်ဆိုသွားသည်မှာ …
“သွားလို၊ ရပ်လို၊ ထိုင်နေလို၊ အိပ်လို စိတ်ဟုသိ။
စိတ်ကြောင့်ဖြစ်သော ဓာတ်ဝါယော၊ နှံ့သော ကိုယ်ဝယ်ပြည့်။
ဝါယော ပြည့်သော် ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏၊
ပုဂ္ဂိုလ် မသွား၊ ငါ မသွား၊ ရုပ်သွား ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ် မထိုင်၊ ငါ မထိုင်၊ ရုပ်ထိုင် ဉာဏ်ဖြင့်သိ၊
ပုဂ္ဂိုလ် မအိပ်၊ ငါ မအိပ်၊ ရုပ်အိပ် ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုပ် မရပ်၊ ငါ မရပ်၊ ရုပ်ရပ် ဉာဏ်ဖြင့်သိ၊
ပုဂ္ဂိုလ် မကွေး၊ ငါ မကွေး၊ ရုပ်ကွေး ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ် မဆန့်၊ ငါ မဆန့်၊ ရုပ်ဆန့် ဉာဏ်ဖြင့်သိ။
ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမရူပပရိစ္ဆေဒဉာဏ်ကို ထင်လွယ်စေရာ လင်္ကာသီတံလေးများပင်၊ မိမိတို့မှာမူ အံ့သြခြင်း၊ ကြေကွဲခြင်း၊ ကြည်နူးခြင်းတို့ပြွမ်းသောစိတ်ဖြင့် မိခင်ကြီး၏ နောက်ဆုံးအချိန်ကို ရင်ဆိုင်ခဲ့ကြရပေသည်။ သည်အတွက်လည်း ဆရာတော်ကြီး၏ ကျေးဇူးကို ဦးညွတ်ပူဇော် ဖြစ်ရပြန်သည်။ အော် … ဆရာကောင်း၏ ကျေးဇူးကား ကြီးမားပါပေစွ။
တကယ်တော့ ဒီ သာဓကလေးသည် ပမာမဟုတ်သေး။ ၁၉၈၈ ခုကာလမှစ၍ တိုင်းပြည်အဝှမ်း လောင်ခြစ်ရာ အခါတိုင်းတွင် ဆရာတော်ဘုရားကြီး၏ အေးကြည်သော အသံတော်ဖြင့် “ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ” စသည့် ဒိသာဖရဏ မေတ္တာပို့သံသည် လေလှိုင်းတို့မှ ပျံနှံ့ကာ လူတိုင်း၏ရင်ကို ငြိမ်းအေးစေခဲ့သည် မဟုတ်ပါလား၊ မာနတွေ၊ အာဃာတတွေ လျှောသက်သွားခဲ့ရမြဲ မဟုတ်ပါလား။
ဘီစီ ၆ ရာစုကပင် ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် ယနေ့တိုင် လောကကို ဓမ္မနှုတ်ခွန်းတော်တို့ဖြင့် စောင့်ရှောက်တော်မူနေဆဲ ဖြစ်သကဲ့သို့ ဘုရားတပည့် သားကောင်း သားမွန် ကျေးဇူးတော်ရှင် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးသည်လည်း မိမိတိုင်းပြည် မိမိလောကကို စောက့်ရှောက်ခဲ့၊ စောင့်ရှောက် နေဆဲပါတကား။
ထိုစောင့်ရှောက်မှုတွင် မိမိ၏ မယ်တော်ကြီးနှင့် မိမိတို့လည်း ခံယူခွင့်ရလိုက်ပါကလားဟု ကြည်ကြည်နူးနူးခံယူရင်း ထိုကျေးဇူးဂုဏ်တို့ကို အသက်ထက်ဆုံး အောက်မေ့ ပူဇော်နေရဦးမည်သာ။
ကံထွန်းသစ်
မီဝေါကီး၊ ဝစ်ကွန်ဆင်၊ ယူအက်စ်အေ
၇. ၂၉. ၂၀၁၁
မှတ်ချက်။ ။ တပည့်တော်တို့အတွက် စာတွေ ရေးပါအုံးလို့ ဆိုတဲ့ ဆန်ဖရန်စစ္စကိုမှ ဒေါ်မြင့်မြင့်သိန်း သို့။
 
Leave a comment

Posted by on August 14, 2011 in Essay, Kan Tun Thit

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: