RSS

Man Htet Thar – Padauk Thee 2

14 Aug

ပိတောက်သီး (အပိုင်း -၂)
မာန်ထက်သာ
သြဂုတ် ၁၃၊ ၂၀၁၁


ထိုသို့ဖြင့်လည်း ကျနော် အကျီစားခံခဲ့ရသည်။ တစ်မြို့လုံးခြံတိုင်းနီးပါးပိတောက်ပန်းများပွင့်လျှင် ရှက်ရွံ့အားငယ်စိတ်နှင့်အတူ မခံမရပ်နိုင် စိတ်များ ကျနော်ဖြစ်ခဲ့ရ၏။ ထို့နောက်တွင်တော့ အပွင့်မပွင့်သော ကျနော်ပင်အမြုံအတွက် ကျနော် စိတ္တဇဖြစ်နေသည့်အကြောင်းမှ အစပြု ကာ အပင်များအား ကျနော်စိတ်ဝင်စားခဲ့မိပါသည်။ အပင်များအကြောင်းတွေးတိုင်း ကျနော့်ပိတောက်ပင်သည် ကျနော့်နှလုံးသားပစ်မှတ် တည့်တည့်၌ ထိုးစိုက်ဝင်နေသော မြှားတစင်းကဲ့သို့ စူးနစ်နေတတ်၏။ တခါတလေတွင် အိပ်မက်များမက်သည်အထိပင်ဖြစ်သည်။

အိပ်မက်ထဲတွင် ကျနော်ပိတောက်ပင်သည် ပိတောက်သီးများသီးနေ၏။ ပိတောက်သီး၏ ပုံသဏ္ဍာန်မှာ ဖော်ပြရခက်သော ပုံသဏ္ဍာန်ဖြစ် သည်။ မြန်မာ့အနုသုခုမ ပန်းတဉ်းပန်းနွယ်ခက်ကဲ့သို့ ရိုးရာဟန်ကို ဆောင်ထားသော်လည်း တဆင့်ပြန်လည်ဖော်ပြရခက်သော ပုံသဏ္ဍာန် မျိုးဖြစ်သည်။ အသီး၏အရွယ်အစားမှာ ပို၍ပင်အံ့သြဖွယ်ရာဖြစ်၏။ အမှန်အားဖြင့်ဆိုလျှင် ပိတောက်ပန်းပွင့်များသည် အလွန်ပင်သေးငယ် လွန်းလှသော်လည်း ပိတောက်သီး၏အရွယ်မှာ ယောကျာ်းကောင်းတယောက်၏ ညာဘက်လက်သီးတဆုပ်စာခန့်ရှိ၏။ အရောင်မှာ မိုး ရွာ ပြီးစ ရောင်ခြည်လင်းဖြန့်သည့်ကောင်းကင်ကဲ့သို့ကြည်ပြာရောင်လဲ့လဲ့ဖြစ်သည်။ အနံ့မှာ သူတော်စင်များ၏ ခန္ဓာကိုယ်မှထွက်သောရနံ့မျိုး နှင့်ဆင်တူသည်။ အရသာမှာ…အရသာကိုတော့ကျနော် မသိခဲ့ရပေ။ မြည်စမ်းကြည့်ရန်ကျနော်ခူးဆွတ်လိုက်သည့်အခါတိုင်း အိပ်မက်မှ ကျနော်လန့်နိုးခဲ့ရသောကြောင့်ဖြစ်ပါသည်။ ထိုအိပ်မက်သည် ကျနော်မက်ခဲ့ဖူးသည့်အချိန်မှစ၍ ခဏခဏမက်လေ့မရှိသော်လည်း မေ့ လျော့တော့မည်မလိုလိုဖြစ်ခါနီးတွင် ပြန်၍မက်လေ့ရှိ၏။ ပြန်မက်သောအကြိမ်တိုင်းတွင်လည်း ရှေ့ကမက်ခဲ့သည့်အတိုင်းပင် ထပ်တူထပ်မျှ ပြန်မက်မိပြန်သည်။ အကြိမ်အရေအတွက်အားဖြင့် ပျမ်းမျှပြန်တွက်ကြည့်မည်ဆိုလျှင်တော့ တစ်နှစ်လျှင်နှစ်ကြိမ်၊ သုံးကြိမ်ခန့် မက်လေ့ရှိ၏။ ဇမဒီပါတောင်ကျွန်း နိမိတ်ထွန်းသည်ဟူသော မိရိုးဖလာအစြွဲဖင့် ကျနော် ပိတောက်သီးအိပ်မက်သည် အမှန်တစ်ကယ်ဖြစ်လာလိမ့်မည်ဟု ပြင်းပြထက်သန်စွာ ကျနော်ယုံကြည်နေခဲ့မိပါသည်။

နှစ်သစ်မင်္ဂလာအခါတော်ဦးတွင် ဖက်ဆွတ်မိုးပြေးကလေးသည် တစ်ပြိုက်၊ နှစ်ပြိုက်ရွာမည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်အခါသမယမင်္ဂလာ ကာလတွင် အညစ်အကြေးအဟောင်းအနွမ်းများကို စွန့်၍ လူသားတိုင်း ရင်ဝယ်အသစ်အဦးခံစားချက်အဖူးများဖြင့် ငြိမ်းချမ်းလန်းဆန်းနေချိန် ပိတောက်ပန်းများပွင့်မည်။ ထိုအချိန်တွင် ကျနော့်ပိတောက်ပင်သည် အခြားပတ်ဝန်းကျင်ရှိပိတောက်ပင်များထက် ပိုမိုသာလွန်၍ အပွင့်များ အပြင် ပိတောက်သီးများပါသီးလိမ့်မည်။ ထိုပိတောက်သီးများကိုခူးဆွတ်၍ ကျနော်ဘုရားတင်မည်။ ကျောင်းလှူမည်။ အိမ်နီးနားချင်းများအား ဝေငှမည်။ ထိုသို့မျှော်လင့်ချက်များဖြင့် ကျနော်အသက်ဆက်ခဲ့ပါသည်။

******

“သစ္စာမင်းမလုပ်သင့်ဘူးကွာ။ စားစေချင်လို့ပေးတဲ့ဟာကို”

ဘယ်သူပေးထားသောပန်းသီးမှန်းမသိ။ ကျနော့်စားပွဲပေါ်တွင် တင်ထားသောပန်းသီးတစ်လုံးကိုလွှင့် တာဝန်ကျဆရာဝန်က ကျနော်အား အပြစ်တင်တော့၏။ ဆရာဝန်ဆိုသော်လည်း ဤဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော ကျနော့်ဦးလေးအရင်းပင်ဖြစ်သည်။

“ဟာ ဦးလေးကလဲကျနော်ပိတောက်သီးကလွဲလို့ ဘာအသီးမှစိတ်မ၀င်စားဘူး။”

ယေဘုယျအားဖြင့်ဆိုလျှင် စိတ်မကျန်းမာသူတယောက်၏စကားအား စိတ်ကုဆရာဝန်တစ်ယောက်က အမှတ်တမဲ့ပင်ရှိရမည်ဖြစ်သော် လည်း ဦးလေးဆရာဝန်သည် ကျနော့်စကားကို အရေးတယူပြန်လုပ်လေတော့သည်။

“ဘာ ပိတောက်သီး ၊ ဟုတ်လား”
“ဟုတ်တယ်။ ပိတောက်သီး။ ပိတောက်သီးပဲ ကျနော်စိတ်ဝင်စားတယ်”

တကယ်တမ်းတော့ ကျနော့်ဦးလေးသည် ကျွန်တော့်စကားကိုအရေးတယူဖြစ်သွားရခြင်းမှာ အကြောင်းတစုံတရာရှိပါသည်။ သူသည် လူပျိုကြီးဖြစ်ပြီး ခြံဝန်းကျယ်ကြီးတခုတွင် တယောက်တည်း အထီးကျန်ဆန်သောဘ၀ဖြင့် လောကဓံကို တယောက်တည်း အေးဆေး တည်ငြိမ်နူးညံ့စွာ ဖြတ်သန်းနေရသူဖြစ်၏။ သူ၏ခြံဝန်းပတ်ပတ်လည်တွင် သူကိုယ်တိုင်စိုက်ပျိုးခဲ့သော ပိတောက်ပင်ကြီးများရှိသည်။ သူ့ပိ တောက်ပင်များသည် သူဆရာဝန်ဖြစ်ကာစမှ ယခု သူ့အသက် ငါးဆယ်ဝန်းကျင်ရှိလာသည်အထိ နှစ်စဉ်နှစ်တိုင်း ပိတောက်ပန်းများပွင့်ခဲ့၏။ သို့သော် အသီးတော့ မသီးခဲ့ပေ။

“ဆရာရယ် ကျနော်က ကဗျာဆရာတယောက်ပါ။ စကားလုံးတွေကျွမ်းကျင်တော့ ကျနော်တို့ကဗျာဆရာတွေဟာ ဘီလူးသည်းခြေကို စံ ပယ်ပွင့်ဖြစ်သွားတဲ့အထိ ကဗျာဖွဲ့ဖူးပါတယ်ဗျာ။ ကိုသစ္စာလိုတော့ ပိတောက်ပင်က ပိတောက်သီးသီးတဲ့အထိတော့ မရူးဖူးပါဘူး။ တကယ် ရူးပါ့ ကိုသစ္စာရယ်။”

တဖက်ခန်းမှ ဆေးရုံတက်ဖော်တက်ဖက် ကဗျာဆရာကိုငြိမ်းချမ်းက ကျနော့်ဦးလေးအားလှမ်းပြောရင်း ကျနော့်ကိုလည်း အရူးဟုမှတ် ချက် ချလေသည်။

“ပုထုဇဉ်နော ဥမ္မာတကော” ဟူသော ဗုဒ္ဓမြတ်စွာဘုရားရှင်တော်က ဟောကြားတော်မူခဲ့သည့်အတိုင်း အမှန်တော့ ပုထုစဉ်လူသားတိုင်းသည် တစုံတရာပေါ်မှီတွယ်၍ ရူးသွပ်နေကြသူများပင် ဖြစ်ပါသည်။ ငါမရူးဘူးဟုဆိုလေသူသည် ကိလေသာအညစ်အကြေးကင်းစင်လျှက် သံ သရာလွတ်လမ်း၏လမ်းပေါ်သို့ ခြေလှမ်းများ စပြီးပြီဖြစ်သော သူတော်စင်သူတော်မြတ်တို့ပင် ဖြစ်ပေလိမ့်မည်။

ကျနော်သည် ပုထုစဉ်လူသားတဦးဖြစ်ပါသည်။ ထို့ကြောင့် ကျနော်သည်ရူး၏။ ကျနော်တို့မျိုးရိုးစဉ်ဆက်မပြတ် ပုထုစဉ်လူသားစဉ်ဆက်ဖြစ် သည်။ ထို့ကြောင့် ကျနော်တို့မျိုးရိုးစဉ်ဆက်သည် ရူး၏။ အဖေ့ညီမအရင်းဖြစ်သူ ကျနော့်အဒေါ်တယောက်သည် ကလေးမွေးဖွားပြီး ရက်အနည်းငယ်အကြာတွင် ရူးသွပ်သွားကာ ယခုအချိန်အထိ ပျောက်ချင်းမလှပျောက်နေဆဲပင်ဖြစ်သည်။ အဖေသည်လည်း ရူး၏။

အဖေ၊ အမေနှင့်ကျနော်တို့ သုံးဦးရန်ကုန်သို့ဘုရားဖူးသွားစဉ်က အဖေကကားကိုကိုယ်တိုင်မောင်းခဲ့၏။ အဝေးပြေးလမ်းမဘေးတွင်နယ်မြို့ ရွာငယ်ကလေးများရှိနေသဖြင့် ခွေး၊ ဆိတ်၊ ၀က်၊ နွား စသော တိရစ္ဆာန်များသည် ကားလမ်းမပေါ်တက်လာတတ်၍ အဖေကကားကို ဂရုတ စိုက်မောင်းခဲ့ရ၏။ ထိုသို့မောင်းရင်း အကြောင်းတိုက်ဆိုင်လာသဖြင့် ကျနော့်အား ပြောခဲ့ဖူးသော အဖေ့စကားတို့သည် ထူးဆန်းနေခဲ့ပါသည်။

“တကယ်လို့ကွာ၊ ကားမောင်းရင်းပေါ့၊ တဖက်က ခွေးတစ်ကောင်၊ တဖက်က လူတယောက် တက်လာမယ်ဆိုပါတော့။ ကားကလည်း အရှိန်လုံးဝသတ်လို့မရတော့ဘူး။ ဘရိတ်နင်းလို့ မရတော့ဘူးကွာ။ တကောင်ကောင်ကို မတိုက်မဖြစ်တိုက်ရတော့မယ်ဆိုရင် သားဘာကို တိုက်မလဲ”
“သားက အင်း၊ ကြုံတဲ့အရာကို တိုက်လိုက်မှာပဲ”

“ဘယ်ဟုတ်မလဲ သားရဲ့။ လူမှန်ရင် ဆုံးဖြတ်ချက်ဆိုတာ အစတည်းကရှိထားသင့်တာမျိုးကွ”

အဖေ့မေးခွန်းအပေါ် ကျနော်တွေဝေခဲ့ဖူးရသည်။

“အဖေ ဆိုရင်ကော ဘာကိုတိုက်မှာလဲ”

အဖေကချက်ချင်းပင် မဆိုင်းမတွပြန်ဖြေခဲ့လေသည်။

“အဖေကတော့ လူကိုတိုက်မှာပဲ”
“ဟာ ဘာဖြစ်လို့လဲ အဖေရဲ့”

“တိရိစ္ဆာန်ဆိုတာ အသိဉာဏ်မရှိလို့ အရှိန်နဲ့လာတဲ့ကားကို အန္တရာယ်တခုမှန်းမသိဘူးလေ။ လူကတော့ အသိဉာဏ်ရှိရဲ့နဲ့ အရှိန်နဲ့လာတဲ့ကား ကိုရော၊ ကားမောင်းတဲ့လူကိုရော ဂရုမစိုက်၊ မထီမမြင်နဲ့ သူ့အန္တရာယ်လည်း သူပေါ့ဆတာမို့လို့ ပညာပေးတဲ့အနေနဲ့ ခွေးကိုမတိုက်သင့်ပဲ လူကိုတိုက်သင့်တာပေါ့သားရဲ့”
“အာ အဖေကလည်း ခွေးကဘာတန်ဖိုးမှ မရှိဘူးလေ။ လူက သူ့ကားအတိုက်မခံရဘဲ အတိုက်ခံရမလို အန္တရာယ်ကနေ သီသီလေးလွတ်တဲ့ အဖြစ်ကို တွေ့ကြုံဖူးသွားရင် နောက်ဆိုဂရုတစိုက်နဲ့ သူ့အမှားကိုပြင်လို့ရ သေးတယ်လေ”

အဖေသည် ကားမောင်းနေရင်းမှ ကျနော့်မျက်နှာအား စေ့စေ့စပ်စပ်ကြည့်ရင်း…

“အဖေတို့က အဲ့ဒီ့လိုမှားတိုင်း ခွင့်လွှတ်နေရမှာလားသား”

ထိုသို့ပြောရင်းစကားဆုံးပြီး လေးငါးမိုင်ခန့်မောင်းလာရာ အရန်အမြင့်ဆုံးရောက်လာချိန်၌ အဝေးပြေးလမ်းမပေါ်သို့တက်လာသော တစ် ဖက်ကလည်းလူတစ်ယောက်နှင့် တစ်ဖက်ကလည်းခွေးတကောင်ကို တိုက်ဆိုင်စွာတွေ့လိုက်ရ၏။ အဖေသည် ကားအရှိန်ကို မည်သို့မှ သတ်၍မရတော့ပေ။ သို့သောအဖေသည် အကျပ်အတည်းတခုနှင့်ကြုံတွေ့နေရသူတဦးနှင့် လုံးဝမတူဘဲ တ၀ါးဝါး တဟားဟား အားပါး တရ ရယ်မောလျှက် (အစကတည်းက ရှိနှင့်ထားခဲ့ပြီဖြစ်သော) သူ့ဆုံးဖြတ်ချက်အတိုင်းပင် ခွေးကိုမတိုက်ဘဲ လူကိုသာ ရွေးချယ်၍ တိုက် လိုက်သည်။ ဟန်ချက်ပျက်သွားသောအရှိန်ကြောင့် ကျနော်တို့ကားသည် လမ်းဘေးသစ်ပင်နှင့်ဝင်တိုက်မိခဲ့၏။ အတိုက်ခံရသည့် အတိုက် ခံရသည့် အဖေခွင့်လွှတ်မပေးနိုင်သော ထိုလူဆိုသောသူသည် ထိုနေရာ၌ပင် မြင်မကောင်း၊ ရှုမကောင်း အသက်ထွက်သွားခဲ့ရသလို ကျ နော့် အဖေသည်လည်း ကားစတီယာရင်ပေါ်ခေါင်းနှင့်ရင်ဖိစိုက်ဝင်လျက် သေဆုံးခဲ့ရ၏။ အမေက သူ့ညာဘက်လက်ကို လက်မောင်းရင်းမှ ဖြတ်တောက်လိုက်ရသည်။ ကျနော်ကတော့ အသေးစားဒဏ်ရာဗရပွနှင့် ကံကောင်းထောက်မစွာ သတိလစ်ရုံသာဖြစ်ခဲ့ပါသည်။ သို့သော် ကျနော်ခေါင်းအား အတွင်းဒဏ်ရာထိခိုက်မှုမျိုးဖြစ်ခဲ့သဖြင့် ကျနော်သည် တခါတရံ၌ လေ့လာကျက်မှတ်ရသောကျောင်းစာများကို လုံးဝ အလွတ်မရတတ်သလို၊ တစ်ခါတစ်ရံတွင်လည်းလေးငါး ခေါက်လိုက်ကျက်လိုက်ရုံနှင့် စွဲမြဲစွာအလွတ်ရနေတော့သည်။ သို့သော် အမေတက် ခိုင်းသည့်တက္ကသိုလ်မျိုးကို တက်၍ပညာသင်ယူရန် ကျနော့်ဦးနှောက်အား ရာခိုင်နှုန်းအနည်းငယ်မျှပင် ကျနော်မယုံကြည်ရဲ။

အဖေဆုံးပြီးနောက် မိဘဘိုးဘွားစဉ်ဆက် စိန်မရှား၊ ငွေမရှား ချမ်းသာကြွယ်ဝသူဖြစ်သော ဒုက္ခိတအမေသည် ယခုကျနော့်အဖေဟုခေါ်နေ ရသောသူနှင့် ကျန်ဘ၀ခရီးတစ်ဝက်ကိုဆက်ခဲ့လေတော့သည်။ မကြွယ်ဝသောဝေါဟာရအားဖြင့် ပြောရမည်ဆိုလျှင် ထိုသူသည် ကျနော့် အဖေမဟုတ်ဘဲ ကျနော့်ပထွေးဖြစ်နေပါသည်။ သူနှင့်အမေသည် ငယ်ရည်းစားများဖြစ်ကြ၏။ သူတို့အကြောင်းမဆုံ၍ အမေကအဖေ့အား လက်ထပ်ခဲ့ရသည်။ အဖေသေဆုံးသောအခါ သူတို့ရေစက်မှာ ပြန်ဆုံကြတော့သည်။ သူသည်ဆင်းရဲ၏။ ဆင်းရဲသောသူ၏လက်ထဲသို့ လက်တစ်ဖက်မရှိသောအမေ့ဘ၀ ရောက်သွားသောအခါ သူလည်းချမ်းသာကြွယ်ဝလာတော့သည်။ အဖေအရင်းလိုပင် ကျနော့်အပေါ်၌ သူ့မေတ္တာများမသက်ရောက်ခဲ့သော်လည်း မိသားစုဆက်ဆံရေးအရ ၀တ္တရားအရတွင်တော့ ကောင်းမွန်သယောင်ယောင်ရှိခဲ့၏။ သို့သော် ကျနော်လိုချင်နေသည်က စစ်မှန်သောမေတ္တာတရားပေပဲ။ သစ်ပင်များတွင်မေတ္တာတရားရှိမည်။ ပန်းပွင့်များတွင် မေတ္တာတရားရှိမည်။ အ သီးများတွင်မေတ္တာတရား ရှိပါမည်။

ဆက်လက်ဖော်ပြပါမည်။

 
Leave a comment

Posted by on August 14, 2011 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: