RSS

Min Kyaw Khine – For Htoo Ein Thin

14 Aug

ငှက်ကြီး (ထူးအိမ်သင်) အတွက် အမှတ်တရ … …
မင်းကျော်ခိုင်
သြဂုတ် ၁၄၊ ၂၀၁၁ 
ငှက်ကြီးရေ …
ဒီနေ့ သြဂုတ်လ ၁၄ ရက်နေ့။
မင်း ငါတို့အားလုံးနဲ့ ခွဲခွာသွားခဲ့တာ ၇ နှစ် ရှိခဲ့ပေမယ့် ရင်ထဲမှာ သတိတရရှိနေဆဲပါ။
မင်းနဲ့ ငါ စတွေ့တာ ၁၉၈၁ ခုနှစ် မြင့်မိုးအောင်ရဲ့ ခပေါင်းဆောင်က အခန်းမှာ၊ အဲဒီတုန်းက မင်းယူလာတဲ့ ထန်းရည် နှစ်ပုံးကိုလည်း ပြန်သတိရတယ်။
အဲဒီကတည်းက မင်းနဲ့မြင့်မိုးအောင် သီချင်းသွင်းဖို့ တိုင်ပင်နေကြပေမယ့် ငါ့စိတ်ထဲ မင်း အောင်မြင်မှာ မဟုတ်ပါဘူးကွာ လို့ ပြောခဲ့မိတာ တောင်းပန်ပါတယ်။
ငါကမှ သိပ်စိတ်မဝင်စားတာကိုး။ အဲဒီအချိန်တုန်းက ငါက ကျောင်းနေဖက် သူငယ်ချင်း ဂစ်တာတီးတဲ့ မိုးကျော် (The Aces)၊ ကိုရဲလွင်၊ ကိုတိုး (ကိုခင်မောင်တိုး)၊ ကိုမောင်မောင်၊ ကိုနေဝင်းတို့နဲ့ တွဲနေတဲ့အချိန်ဆိုတော့ ကိုတိုး ကြိုးစားနေတဲ့ ‘အဉ္စလီအတွက် ဂီတဉ္စလီ’ ခွေထဲက သီချင်းတွေဘက်ကိုပဲ စိတ်ကရောက်နေတာ ဝန်ခံပါတယ် သူငယ်ချင်း။

ဒါပေမယ့် မင်း အောင်မြင်ခဲ့ပါတယ်။ သူများအဆိုတော်တွေ အောင်မြင်တယ်ဆိုတာက နိုင်ငံတကာမှာပေါက်ထားတဲ့ သီချင်းတွေနဲ့မို့ ဒို့ဆီမှာလည်း အောင်မြင်တာပါ။
မင်းက သူတို့လိုမဟုတ်ဘဲ ကိုယ်ပိုင်သံစဉ်နဲ့ အမှတ်တရ ရင်ထဲမှာ ကျန်ရစ်စေတဲ့ အောင်မြင်မှုကို ရခဲ့တာပါ။ သမိုင်းကျန်ရစ်တဲ့ အောင်မြင်မှုပေါ့။
အဲဒီအတွက် လေးစားဂုဏ်ယူပါတယ် သူငယ်ချင်း။
နောက်မင်းနဲ့ ပြန်ဆုံတာ ၈၈၈၈ အပြီး စစ်တပ်က အာဏာသိမ်းတော့ ဒို့ လွတ်မြောက်နယ်မြေကို အသွား ငှက်ဖျားကြမ်းတဲ့ ဒေါနတောင်တန်းပေါ်မှာ။
တောထဲတောင်ထဲ ခရီးကြမ်းနှင်ရင်း ဆေးလိပ်သောက်စရာမရှိတော့တဲ့ ငါ့ကို မိုးရွာလို့ရေစိုနေတဲ့ ဆေးပေါ့လိပ်တွေ တဝက်ခွဲပေးခဲ့တာလည်း သတိရသေးတယ် သူငယ်ချင်း။
အဲဒီ ရေစိုနေတဲ့ဆေးပေါ့လိပ်တွေကို ထမင်းအိုးအဖုံးပေါ်တင် အခြောက်ခံပြီး သောက်ခဲ့ရတာ မင်းကိုကျေးဇူးပါ သူငယ်ချင်း။
နောက် ဘုရားသုံးဆူ စမ်ခဘူရီမြို့မှာ ငါက အဆက်အသွယ်ကိစ္စအတွက် ဘန်ကောက်တက်ဖို့ ထိုင်းကုန်သည်တယောက်နဲ့ စားသောက်ဆိုင်အပြင်က ကျောက်စားပွဲဝိုင်းလေးမှာ သူတိုက်တဲ့ ထိုင်းအရက် (မဲခေါင်) သောက်ရင်း စကားပြောနေတုန်း သူငယ်ချင်း မွန်းအောင်(အဆိုတော်) ရောက်လာပြီး “ဟေ့ကောင် … ငါ ထိုင်းအရက် မသောက်ဖူးသေးဘူး” လို့ပြောတာနဲ့ “လာ .. ထိုင်ကွာ ဒီ ထိုင်းကုန်သည်က သဘောကောင်းပါတယ်” ဆိုပြီး ဝင်အထိုင်၊ ထိုင်းကုန်သည်ကလည်း အလိုက်တသိပါပဲ၊ ငါတို့ကို လွတ်လွတ်လပ်လပ် နေစေချင်တဲ့သဘောနဲ့ နောက်နေ့မှတွေ့မယ်ဆိုပြီး နှုတ်ဆက်ပြန်သွားတယ်။ မကြာခင်ပဲ ငှက်ကြီး … မင်းယောင်လည်လည်နဲ့ လမ်းလျှောက်လာရင်း ငါနဲ့ မွန်းအောင်ကိုတွေ့တော့ “ဟာ … မင်းတို့ တယ်နိပ်နေပါလား … ငါ အရက်တော့မသောက်ချင်ဘူး … မင်းတို့မှာပိုက်ဆံပါရင် ယိုးဒယား ခေါက်ဆွဲပြုတ် စားချင်တယ်ကွာ” ဆိုလို့ မင်း ခေါက်ဆွဲကိုမြိန်ရည်ရှက်ရည်စားနေပုံ ပြန်မြင်ယောင်မိတယ် သူငယ်ချင်း။ ပြီးတော့ မင်းပြောခဲ့တဲ့စကား ငါ အခုထိကြားယောင်နေသေးတယ်။
“ကောင်းလိုက်တာကွာ … ကြားပဲကြားဖူးတာ … အခုမှ စားဖူးတာ .. ကျေးဇူးပဲ” တဲ့။
အဲဒီနေ့က မင်းနဲ့ နောက်ဆုံးဆုံခြင်းပဲဆိုတာ ငါ မထင်ခဲ့မိဘူး။
နောက်ပိုင်း မွန်းအောင်ပြောပြလို့ မင်း သူနဲ့အတူ Camp ထဲမှာနေသွားတဲ့အကြောင်း၊ “အရေးကြီးပြီ” သီချင်းရေးပေးခဲ့တဲ့အကြောင်းတွေ သိရတယ်။
နောက် ၁၉၉၉ မှာ မွန်းအောင်နဲ့ ငါ ဘုရားသုံးဆူ စမ်ခဘူရီမြို့ကို တခေါက်ပြန်ရောက်ဖြစ်တယ်။ ကိုအောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ပေါ့။
အဲဒီမှာ မွန်းအောင်နဲ့ ငါနဲ့ ဒို့သုံးယောက်ထိုင်ခဲ့ဖူးတဲ့ စားသောက်ဆိုင်ရှေ့က ကျောက်စားပွဲဝိုင်းလေးကို သတိတရသွားကြည့်ပေမယ့် နေရာတွေအားလုံးဟာ ပြောင်းလဲကုန်ပြီ သူငယ်ချင်း …
အဲဒီလိုပဲ မင်းချစ်တဲ့ ဒို့ဧရာဝတီကြီးဟာလည်း ဘယ်တော့ပြောင်းလဲသွားမလဲဆိုတာ … ပူပင်နေရပြီ သူငယ်ချင်း …
ရာဇဝင်များရဲ့သတို့သမီး ဧရာဝတီကို မပျောက်ပျက်ဖို့ ငါတို့ ဝိုင်းကြိုးစားနေပါတယ် သူငယ်ချင်း …
သတိရ .. အမှတ်ရစွာ …
မင်းကျော်ခိုင်
 
Leave a comment

Posted by on August 14, 2011 in Memories, Min Kyaw Khine

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: