RSS

Letters from Michigan – 82

16 Aug

မစ်ရှီဂန်ကပေးတဲ့စာ(၈၂)
အောင်ဝေး
သြဂုတ် ၁၆၊ ၂၀၁၁

“—ကျနော်တို့ အလေးပြုနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီးရဲ့ တိုက်ပွဲဝင် အလံတော်ဟာ ကိုသိုက် ကနဦး မူလ ရေးဆွဲပေးခဲ့တဲ့ အလံပါပဲဗျာ—“

မိတ်ဆွေကြီးကိုဒေါင်း …
ကျန်းခံ့များလည်းသာပါစ။ အရင်တပတ်က ကျနော်တို့ ထူးအိမ်သင်တို့ လူငယ်ဘ၀တုန်းက စိတ်အားငယ်တဲ့အခါ ကြံတောသင်္ချိုင်းထဲက ဆရာဗန်းမော်တင်အောင်အုတ်ဂူ သွားထိုင်ပြီး စိတ်ခွန်အားသတ္တိတွေ ပြန်မွေးခဲ့ရတဲ့ အကြောင်း ပြောခဲ့တယ် မဟုတ်လား။

ဒါတကယ်ပါပဲဗျာ ကိုဒေါင်း။ ဆရာဗန်းမော်တင်အောင်ဟာ ကျနော်တို့လူငယ်ဘ၀ကိုလမ်းညွှန်ခဲ့တယ်။ ဆရာဗန်းမော်တင်အောင်အုတ်ဂူပေါ်က စာသားတွေဟာ ကျနော်တို့ကို တွန်းအားပေးခဲ့တယ်။ “လူတယောက်ရဲ့ တန်ဖိုးကို၊ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက၊ သူ့ ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေး တာဝန်ကို၊ သူဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” တဲ့။
အဲဒါ ဆရာဗန်းမော်တင်အောင်ရဲ့ ဒဿနပဲ မဟုတ်လားကိုဒေါင်း။ ကျနော်တို့ လူငယ်ဘ၀ဟာ အဲဒီဒဿနနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ ဒီကနေ့ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်တော်သားတွေ ဖြစ်လာတဲ့အထိ အဲဒီဒဿနကို ဦးထိပ်ပန်ဆင်ထားကြဆဲ မဟုတ်လား။

အဲဒီတော့ ဆရာဗန်းမော်တင်အောင်အုတ်ဂူပေါ်က ဒဿနဟာ ကျနော်တို့ အဖိနှိပ်ခံတွေရဲ့ ပေတံဖြစ်လာတယ်။ စံဖြစ်လာတယ်။ ကျနော်တို့အဖိနှိပ်ခံတွေ အချင်းချင်း တိုင်းတာစရာရှိရင် အဲဒီပေတံနဲ့ တိုင်းတာခဲ့ကြတယ်။ ချိန်ထိုးစရာရှိရင် ချိန်ထိုးခဲ့ကြတယ်။ အကဲဖြတ်စရာရှိရင် အဲဒီပေတံ၊ အဲဒီစံနဲ့ အကဲဖြတ်ခဲ့ကြတာပဲ မဟုတ်လား။
ဟုတ်ပြီကိုဒေါင်း။ အဲဒီပေတံ၊ အဲဒီစံနဲ့ တိုင်းတာကြည့် ချိန်ထိုးကြည့်မယ် ဆိုရင် …။

ကိုဒေါင်းရေ … ဆိုပါတော့ဗျာ … အနာတရတွေများလွန်လွန်းလှတဲ့ ဟောဒီ သြဂုတ်လ မိုးကောင်းကင်အောက်မှာ ကြွေလွင့်သွားခဲ့တဲ့ ကြယ်တွေကိုပဲ ကြည့်လိုက်ပါဦး။ မှတ်မိသလောက် … ၂၀၀၄ သြဂုတ်လလယ်မှာ ထူးအိမ်သင်နဲ့ ဆရာကြီးမင်းသုဝဏ်တို့ ရှေ့ ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြပြီးတော့၊ မရှေးမနှောင်းမှာပဲ အန်ကယ် ဦးကြည်မောင် (ကာနယ်ကြည်မောင်) ကွယ်လွန်ခဲ့တယ်ဗျာ။ ၂၀၀၇ သြဂုတ်လဆန်းမှာ တာရာမင်းဝေ ကွယ်လွန်တယ်ဗျာ။ ဟော အခုလတ်တလော ဒီသြဂုတ်လဆန်းမှာပဲ ဆရာပန်းချီမောင်မောင်သိုက် ကွယ်လွန်သွားခဲ့ပြန်ပြီဗျာ။

ဆရာကြီးမင်းသုဝဏ်တို့၊ အန်ကယ်ဦးကြည်မောင်တို့က မဟာကြယ်တာရာကြီးတွေပါ။ ထူးအိမ်သင် မာနယ်ပလောက ပြန်ခဲ့တယ်။ ကျနော်တို့ဒီမိုကရေစီ ခရီးရှည်ကြီး အတွက်“အဆုံးသတ်တိုက်ပွဲ” ဆိုတဲ့သီချင်းကို ထူးအိမ်သင် ထည့်ဝင်ပေးခဲ့ပြီ။ တာရာမင်းဝေက ဗကသကျောင်းသားခေါင်းဆောင်တယောက်။ မင်းကိုနိုင်၊ ကိုကိုကြီး ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့  တိုက်ဖော်တိုက်ဖက်။
ထူးအိမ်သင်တို့၊ တာရာမင်းဝေတို့ဟာ ဆရာဗန်းမော်တင်အောင်ရဲ့ ပေတံနဲ့၊ စံနဲ့အတိုင်းခံပြီးသား၊ ချိန်ထိုးခံပြီးသား။ သမိုင်းကသူတို့ကိုအသိအမှတ်ပြုပြီးသား။ သူတို့ဟာ ကျနော်တို့မော့ကြည့်ရမယ့် ကြယ်တာရာငယ်တွေ။ သူတို့ဟာ အနုပညာကိုယ်ထည်အနေနဲ့လည်းထင်ရှား ကျော်ကြားသူတွေ ဖြစ်ကြသလို၊ သူတို့အနုပညာနောက်ကွယ်က နိုင်ငံရေးကိုလည်း လူသိများတဲ့သူတွေပဲ မဟုတ်လား။

ကိုဒေါင်းကြီး၊ ဒီနေရာမှာ၊ အဲဒီလိုအနုပညာနောက်ကွယ်ကနိုင်ငံရေးကို လူသိမခံဘဲ လုပ်ခဲ့တဲ့သူ၊ တနည်းအားဖြင့် လူမသိတဲ့သူတွေ ရှိသေးတာကိုတော့၊ သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်အကြောင်း ဆက်စပ်လာလို့ ပြောပရစေဦး။

၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးကြီး ပြီးလို့၊ လူတွေ မြေပေါ် ပြန်ရောက်လာတဲ့ အခါကျတော့၊ ဖက်ဆစ်တော်လှန်ရေးမှာ နိုင်ငံရေးတာဝန်ခံဖြစ်တဲ့ သခင်စိုးက၊ ဂျာနယ်ကျော်ဦးချစ်မောင်ကို “ကိုချစ်မောင်တို့များ၊ အရေးကြီးတဲ့အချိန်မှာ၊ ဘယ်ပျောက်နေတာခဲ့တာတုံးဗျာ“ လို့မေးလိုက်တယ် တဲ့။
သခင်စိုးအမေးကို ဂျာနယ်ကျော်ဦးချစ်မောင်က ဘာမှတုံ့ပြန်ပြီး မဖြေပါဘူး။ ဖြေလိုက်တာက ဗိုလ်ချုပ်အောင်ဆန်းပါ။ ဗိုလ်ချုပ်က သခင်စိုးကို “ခင်ဗျားတို့ဂျပန်တော်လှန်ရေးသမားတွေ၊ မြေအောက်မှာ အရေးတကြီး အထူး လျှို့ ဝှက်ဖတ်ခဲ့ရတဲ့ စာစောင်တွေ၊ သတင်းလွှာတွေဘယ်သူ့ လက်ချက်လို့ ခင်ဗျား ထင်သလဲ။ အဲဒါတွေ အကုန်လုံး၊ ဦးချစ်မောင် တယောက်တည်းဒိုင်ခံပြီးလုပ်ခဲ့တာဗျ“ လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောပြလိုက်တော့မှ၊ သခင်စိုးလည်း ဦးချစ်မောင်ကို ပြန်တောင်းပန်ခဲ့ရတယ် လို့၊ သက်ကြီးစကား သက်ငယ်ကြား ကြားခဲ့ဖူးပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဆိုတာ ဖဆပလအဖွဲ့ ချုပ်ကြီးရဲ့ ဗဟိုဦးစီးအဖွဲ့ ဝင်ဖြစ်ခဲ့တဲ့ အထိ၊ ဗိုလ်ချုပ်အောင်ဆန်း အင်မတန်မှ အားထားယုံကြည်ခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးပါဗျာ။

ကိုဒေါင်းရေ … ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းပြောပြီးပြီ ဆိုရင်တော့၊ အခု ကျနော်ဆရာ ပန်းချီ မောင်မောင်သိုက် (ကိုသိုက်) အကြောင်း ဆက်ပြောမှ ပြည့်စုံတော့မယ်။ အခု သူကွယ်လွန်သွားချိန်မှာ ကိုသိုက်ရဲ့ ပန်းချီဆရာဘ၀ နောက်ကွယ်က လူတွေ သိပ်မသိကြတဲ့နိုင်ငံရေးကို ကျနော် ဖွင့်ပြောရတော့မယ်။ ဒါမှလည်း သူ့ ကို ဂုဏ်ပြုရာကျတော့မယ်။

ကိုဒေါင်းကြီး … ဒီကနေ့  ကျနော်တို့ အလေးပြုနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီးရဲ့ တိုက်ပွဲဝင် အလံတော်ဟာ ကိုသိုက် ကနဦး မူလ ရေးဆွဲပေးခဲ့တဲ့ အလံပါပဲဗျာ။ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ တိုက်ပွဲဝင်ကျောင်းသားတွေရဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) ခွပ်ဒေါင်းအလံကို ပထမ ရေးဆွဲပေးခဲ့တဲ့ ကိုသိုက်ဟာ နောင်ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီး၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီးကို တည်ထောင်တဲ့ အချိန်မှာ၊ NLD ရဲ့ ကြယ်ဖြူကြီးတလုံးနဲ့ ခွပ်ဒေါင်းအလံကို ကနဦး မူလ ရေးဆွဲပေးသူဖြစ်လာခဲ့တာပါပဲ။

ကိုဒေါင်းရေ … ဒီတချက်တည်းနဲ့တင်ပဲ၊ ကိုသိုက်ကို ကျနော်တို့ အလေးပြုသင့်နေပါပြီဗျာ။ NLD အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အတွက်၊ ဒီမိုကရေစီတိုက်ပွဲ အတွက်၊ ကိုသိုက် စိုက်ထည့်ခဲ့သမျှတွေကို ကျနော်တို့ ဂုဏ်ယူ လေးစား အမြဲ တန်ဖိုးထားနေရမှာပဲ မဟုတ်လားဗျာ။

အခုအချိန်မှာ ကိုသိုက်(ဆရာပန်းချီမောင်မောင်သိုက်)လိုပဲ၊ ပြည်သူ့ ဘက်သား၊ ဒီမိုကရေစီ လိုလားတဲ့အနုပညာသည်တွေ ရဲရဲရင့်ရင့် ပေါ်ထွက်လာနေကြပါပြီ။ ကိုဇာဂနာ အစ၊ ကိုကျော်သူ အစ၊ ကိုရဲလွင် အစ၊ ကိုဝင်းမော် အစ၊ ကိုဇေယျာသော် အစ၊ အားလုံးကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါရဲ့ ။
တော်လှန်ရေး သစ္စာဖြင့်-

အောင်ဝေး
သြဂုတ် ၉-၂၀၁၁။

မူရင်း – လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese

 
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: