RSS

U Theik

16 Aug

အေးချမ်းရာသို့သွားလေသူ ပန်းချီမောင်မောင်သိုက်
ခက်မာ
သြဂုတ် ၁၆၊ ၂၀၁၁

 

၂၀၀၉ ခုနှစ်နွေဦးမှာ ပန်းချီမောင်မောင်သိုက် ဆွဲပေးခဲ့တဲ့ ကျမပုံတူ..

သောကြာနေ့ နေ့လယ် ၃နာရီပတ်ဝန်းကျင်ကြီး ကိုအော်ပီကျယ်ကို လိုင်းပေါ်မှာ တွေ့လိုက်တော့ “မအိပ်သေး ဘူးလား” လို့ နှုတ်ဆက်မိပါတယ်။ “မနက် ၃ နာရီကြီးနိုး လာတာ၊ ကိုသိုက်အတွက်စိတ်မကောင်းလို့” ဆိုပြီး သူက ပြန်ပြောတော့ ကျမကြက်သေသေသွားမိတယ်။

“သောကြာနေ့ကဆုံးတယ်။ တနင်္ဂနွေနေ့ သဂြိုဟ်မယ်လို့ သူက ဆက်ပြောတော့ သိပ်မကြာခင် ကြားရတော့မယ်မှန်း သိတဲ့သတင်းပေမယ့် ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပြီး အကြာကြီး ငြိမ်သက်သွားမိပါတယ်။ ဦးမောင်မောင် သိုက်ကွယ်လွန်ရှာပြီ။ ကျမတို့ မြန်မာအနုပညာ လောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတခု ကြုံရပြန်ပြီ။

ဦးမောင်မောင်သိုက်ကို ကျမခင်ပွန်း ပန်းချီသန်းဌေးမောင်က “ကိုသိုက်” လို့ ခေါ်ပေမယ့် ကျမကတော့ “ဦး” လို့ပဲ ခေါ်ပါတယ်။ ကျမနဲ့ ဦးသိုက်က ကျမ အိမ်ထောင်မကျခင် ကတည်းက သိထားတာကိုး။

အိမ်ထောင်ကျတော့ သူတို့ ပန်းချီဆရာချင်း ကိစ္စတွေနဲ့ ကိုသန်းဌေးမောင်နဲ့ ဦးသိုက်တို့ မကြာခဏဆုံကြပါတယ်။ တချို့ တွေ့ဆုံချိန်တွေမှာ ကျမလည်း ပါတာပေါ့။ ကျောက်မြောင်းကဦးသိုက်အိမ်ကိုသွားရင်တော့ ကျမလိုက် သွားတာများတယ်။ မိန်းကလေးပုံတွေကို အလွန် လှပပြီးအနုပညာမြောက်အောင် သူရေးချယ်ပုံကို ကြည့်ချင်လို့လေ။ ဒါပေမယ့် တခါမှ သူပန်းချီရေးတာ မကြည့်ရပါဘူး။ ကျမတို့ သူ့အိမ်ပေါ်ရောက်တာနဲ့ သူက အပေါ်ဝတ် ရှပ်အင်္ကျီလေး ကောက် ၀တ်ပြီး ‘ လာ.. လက်ဖက်ရည်ဆိုင် သွားကြမယ်’ ဆိုပြီး လဖက်ရည်ဆိုင်(တခါတလေ ဘီယာဆိုင်) ဘက် ချီတက်ကြလို့ပါပဲ။

ဦးသိုက်က အင်မတန်အေးချမ်းပါတယ်။ အမြဲလိုလို ပြုံးနေတတ်ပြီးစကားကို ငြင်ငြင်သာသာ ပြောတတ်တယ်။

ကိုမင်းဝေအောင် ဦးဆောင်ပြီး ပန်းချီဆရာတွေ အောက်ဒိုးရေးဖို့ ထွက်ကြတဲ့ ခရီးရှည်တခုမှာ ကိုသန်းဌေးမောင် လိုက်သွားတယ်။ ပြန် လာတော့ ကိုသိုက်က ဘယ်လို၊ ကိုညိုဝင်းက ဘယ်လို၊ ကိုဝသုန်က ဘယ်လိုနဲ့ သူ့ အတွေ့အကြုံတွေကို ပြန်ပြန်ပြောပြတာ လနဲ့ချီကြာပါတယ်။ သူပြောပြတဲ့ထဲမှာ ‘သိပ်ချစ်ဖို့ကောင်းတာ’ ဆိုတဲ့ စကားမကြာခဏပါတာကျမမှတ်မိနေတယ်။ အဲဒီခရီး အကြောင်း အပါအ၀င် သူချစ်ခင်တဲ့ ပန်းချီဆရာတွေ အကြောင်းသူ့ဆီကမကြာခဏ ကြားရတတ်ပါတယ်။

အဲဒီအထဲက အမှတ်ရစရာ တခုကတော့ ပန်းချီတင်မောင် မျင့်အကြောင်းပါ။ ပန်းချီတင်မောင်မျင့်မှာ ကြောင်ကြီး တကောင် ရှိခဲ့ပါတယ်တဲ့။ တနေ့ ကိုသန်းဌေးမောင် ဦးတင်မောင်မျင့်အိမ်ကို ရောက်သွားတော့ ဦးတင်မောင်မျင့်က “မင်းကို ငါ တောင်းပန်စရာတခုရှိတယ် သန်းဌေးမောင်ရာ” လို့ ပြောသတဲ့။ ကိုသန်းဌေးမောင်ကကြောင်ပြီး ဘာများတုံးဗျ ကိုတင်မောင်မျင့်ရ ဆိုတော့ “ ငါ့ကြောင်ကြီးကို သန်းဌေးမောင်လို့ နာမည်ပေးထားတယ်ကွာ၊ သန်းတွေ ပေါလွန်းလို့” လို့ဆိုသတဲ့။ “သူက အတည်ပေါက် ပြောနေပေမယ့် ကိုယ့်မှာ ရယ်လိုက် ရတာကွာ” လို့ပြောရင်းကပဲ ကိုသန်းဌေးမောင်က မျက်ရည်ထွက်အောင် ရယ်ပါတယ်။

အဲဒီလို သူပြန်ပြောပြ တတ်တဲ့ ပန်းချီဆရာတွေနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ အမှတ်တရတွေကို နားထောင်ပြီး ကျမ ချစ်ခင်ရင်းစွဲရှိပြီးသား ပန်းချီဆရာတွေကို ပို သံယောဇဉ် ဖြစ်ခဲ့ရတာပါ။

အဲဒါကြောင့်ပဲ ၂၀၀၉ ခုနှစ်မှာ ကျမတို့မိသားစု အမေရိကားကိုလာဖို့ ဖြစ်လာတော့ ဦးညို(ပန်းချီမောင်ညို ၀င်း) ရယ်၊ ဦးသိုက် (ပန်းချီမောင်မောင်သိုက်) ၊ ဆရာဦးခင်မောင်ရင်ရယ်ကို ကျမ ပုံတူပန်းချီကား ဆွဲပေးဖို့ ပူဆာမိတယ်။ ဦးညိုနဲ့ ဦးခင်မောင်ရင်ကို ကျမ ကိုယ်တိုင် ပူဆာတာပေမယ့် ဦးသိုက်ကို ကိုသန်းဌေးမောင်က တဆင့် ပူဆာခိုင်း တာပါ။ “ ဆွဲပေးမှာပေါ့ကွ” လို့ဦးသိုက်ကပြောတယ် ဆိုတော့ ကျမမှာပျော်လိုက်တာ။

အင်မတန် နံမည်ကြီးတဲ့ ပန်းချီဆရာကြီးတွေက နွေးနွေးထွေးထွေး လိုလိုလားလားနဲ့ ကျမ ပူဆာတာကို ဖြည့်ဆည်းပေးကြတာမြင်တော့ သူတို့ရဲ့မေတ္တာတရား အခြေခံတဲ့ စေတနာကို အလွန်ပဲ လေးစားမိပါတယ်။ ကျမဘ၀မှာတသက်လုံး တစိမ့်စိမ့်တွေးပြီး ငါ ကံကောင်းလိုက်တာ လို့ ကျေနပ်ပီတိ ဖြစ်နေစေမယ့်အဖြစ်အပျက်လေးတွေ အဖြစ်လည်း တန်ဖိုးထား သတ်မှတ်မိပါတယ်။ အလွန် အလုပ်များတဲ့ ဦးသိုက်က ကျမပုံတူကို လေးငါး ရက်အတွင်း အပြီးရေးပေးတော့ ကျမမှာ ပိုပြီး အံ့သြ ပျော်ရွှင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ တလကျော်ကျော်လောက်ကတော့ ကိုသန်းဌေးမောင်က ဘယ်သူနဲ့ စကားပြောမိတယ် မသိ၊ ကိုသိုက် တယောက် တော်တော် နေမကောင်းဘူး။ အခြေ အနေမကောင်းဘူးကြားတယ်။ သနားလိုက်တာ၊ နှမြောဖို့သိပ်ကောင်းတဲ့သူလို့ ပြောတော့ ကျမလည်း အတော် စိတ်မကောင်းဖြစ်ရတယ်။ သူက တလအတွင်းမှာ ဦးသိုက်ကို သနားကြောင်း၊ နှမျောကြောင်း သုံးခါလောက် ပြောတယ်။ ကျမကတော့ ဦးသိုက်က ငယ်သေးတယ်၊ မသေသင့်သေးဘူးလို့ချည်း တွေးနေမိတယ်။ ဦးသိုက်ရဲ့ အမင်္ဂလာသတင်း စောစောစီးစီး မကြားပါရစေနဲ့ လို့ ဆုတောင်းနေမိတယ်။

ဒါပေမယ့် ဆုတောင်းတိုင်း မပြည့်တတ်တဲ့ လူ့ဘ၀ကြီးမှာ ဒီတခါလည်းကျမဆု တာင်းမပြည့်ပြန်ပါဘူး။ ဦးသိုက်ကထွက်ခွာသွားခဲ့ပါပြီ။ ဦးသိုက်ရဲ့နောက်ဆုံး အချိန်တွေ မှာ သူဘယ်လိုတွေ ခံစားခဲ့မလဲ ကျမ မသိပေမယ့် အေးချမ်းလှတဲ့ ဦးသိုက်ဟာ အေးချမ်းတဲ့ ဘုံတနေရာရာဆီ ဦးတည်သွားခဲ့တာပဲ ရယ်လို့တော့ ကျမ ယုံယုံကြည်ကြည်ပဲ တွေးမိပါတယ်။
ခက်မာ
၇ ရက်၊သြဂုတ်၂၀၁၁

မူရင်း – khetmar.blogspot.com
 
Leave a comment

Posted by on August 16, 2011 in Khet Mar

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: