RSS

Theipan Chit Thu – Bagyi Aung Soe

17 Aug

ဗဂျီအောင်စိုး (သို့မဟုတ်) လောကသစ္စာကို ရှာဖွေခဲ့သူ
သိပ္ပံချစ်သူ
သြဂုတ် ၁၆၊ ၂၀၁၁

ကျနော်သည ပန်းချီဆရာကြီး ဗဂျီအောင်စိုးကိုသိခဲ့သည်မှာ ကြာခဲ့လေပြီ။ သူ့လက်ရာများကို လူချင်းမရင်းနှီးမီ ကပင် စာနယ်ဇင်းများ၌ တွေ့မြင်ဖူးသည်။ စာနယ်ဇင်းများ၌ ဆရာကြီး၏ တမူထူးခြားသည့် သရုပ်ဖော်လက်ရာ များသည် ကြည့်ရှု့သူအာရုံကို ဆွဲငင်သိမ်းပိုက်ခြောက်ခြားစေသည်။ ကျနော်သည် “သင့်ဘ၀” မဂ္ဂဇင်း၊ “တိုင်းရင်း မေ” ဂျာနယ် “သောကြာ”စာစောင်များသို့ ဆောင်းပါးသွားပို့တိုင်း အပြန်၌ ဆရာကြီးအိမ်သို့ ခဏတဖြုတ်ဖြစ်ဖြစ် ၀င်ဖြစ်အောင်ဝင်ပြီး နှုတ်ဆက်စကားဆိုခဲ့သည်။ တခါတရံ ဆရာကြီးအား မတွေ့ရ။ သူ့သား သူရစိုးက “အဖေ မြို့ထဲသွားတယ်” ဆိုမှ ကျနော် မ၀င်ဖြစ်တော့ချေ။

ဆရာကြီးဗဂျီအောင်စိုးအိမ်သည် တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သင်္ဂဟာလမ်းအမှတ် (၁၁) ၌ ရှိသောကြောင့် တိုင်းရင်းမေဂျာနယ်တိုက်နှင့်ဆိုလျှင် တလမ်းတည်းဖြစ်ပြီး သင့်ဘ၀မဂ္ဂဇင်းတိုက်နှင့်ဆိုလျှင် တလမ်းသာခြား သည်။ ကျနော်သည် အားလပ်ရက်တရက်ဖြစ်သော စနေနေ့တစ်နေ့၌ ဆရာကြီးအိမ်သို့ သွားရောက်လည်ပတ်ခဲ့ သည်။ ဆရာကြီးအိမ်သည် မကျယ်လှ။ သုံးပင်နစ်ခန်း အိမ်ကလေးပင်ဖြစ်သည်။ အိမ်ဘေး၌ အမှီလေးဆွယ်ကာ မီးဖိုချောင်နှင့်တွဲ၍ ကုန်စုံဆိုင်လေးဖွင့်ထားသည်။ ဆရာကြီးဇနီးဒေါ်သန် ကြည်သည် ကျောက်မြောင်းဈေးထဲ၌ ကုန်စုံဆိုင်ဖွင့်ထားသည်။ အိမ်ထဲသို့အ၀င် ခန်းဆီးကာထားသော သုံးထပ်သားနံရံ၌ မင်အနက်ဖြင့် ရေးသားထား သောစာတစ်ပိုဒ်ကို တွေ့ရလေသည်။ စာ၌ ငါသည် မည်မျှဆင်းရဲမွဲတေနေစေကာမူ ပန်းချီ၏ကျေးကျွန်မဟုတ်။ ပန်းချီသည်သာ ငါ့အားအလုပ်ကျွေးပြုစုနေသော ငါ၏ကျေးကျွန်သာဖြစ်စေရမည်။
ဗဂျီအောင်စိုးဆရာကြီးသည် မုတ်ဆိတ်ကျင်စွယ်မွေးများကိုရိတ်ဖြတ်ထား၍ ဆံပင်ကိုလည်း အကျအနဖြီးသင် ကာ အင်္ကျီအဖြူ၊ အကွက်စိတ်အင်းလေး ပုဆိုးတို့ဖြင့် သေသပ်ခန့်ညားနေလေသည်။ ယခင်ကဆိုလျှင် ဆရာ့ကို ထူထဲသောမုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွှေးများနှင့် အ၀တ်အစားပိုသီပတ်သီဖြင့်သာအတွေ့များ၍ ထူးဆန်းသလိုဖြစ် နေသည်။ အသေအချာကြည့်မှပင် ဆရာကြီး၏ပေါ်လွင်ထင်ရှားသော နှာတံ၊ ထူထဲနက်မှောင်သောမျက်ခုံး၊ သိမ် မွေ့နူးညံ့သော မီးခိုးရောင်မျက်လုံး၊ ဖော်ရွေနှစ်လိုဖွယ်ကောင်းသော အပြုံးများဖြင့် ယောက်ျားပီသပြီး အနောက် တိုင်းဟန်ထူးခြားသော ဥပဓိရုပ်ပိုင်ရှင်လူချောကြီးတစ်ဦးအဖြစ် တွေ့မြင်ရသည်။ ဆရာကြီးသည် ယမကာလေး မှီဝဲကာ ဘ၀တွင် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူဖြစ်သည်။ ကျနော်သည် ဆရာကြီးနှင့် တွေ့စကပင် ဆရာကြီး၏ရင်းနှီးပွင့်လင်းသော အပြောအဆို၊ သွက်လက်သောဟန်၊ မစိုးမရွံ့သောအမူအရာ၊ နှစ်ကြိုက်စွဲမက်စရာ ဟာသဓာတ်ခံများကြောင့် ဆရာကြီးကို ချက်ချင်းပင်ရင်းနှီးခင်မင်သွားရတော့သည်။
ဆရာကြီးအကြောင်းကို စပ်စုလိုသဖြင့် …
“ဆရာကြီး ပန်းချီပညာစတင်သင်ကြားခဲ့ပုံကို သိပါရစေ”
“ဆရာဂျပန်ခေတ်အတွင်း တနေ့ဗဟန်းဘက်ကို လမ်းလျှောက်သွားရင်း ရွှေကျင်ကျောင်းတိုက်နားရောက်တော့ ပန်းချီ ဆရာကြီးတဦး ပန်းချီကားတစ်ကားရေးဆွဲနေတာ မြင်ရတယ်။ အတန်ကြာငေးကြည့်ပြီး ဆရာကြီးရဲ့ ပန်းချီ လက်ကွက်ကို ကြိုက်နှစ်သက်တာနဲ့ ဆရာကြီးဆီမှာ ကျနော် ပန်းချီပညာသင်ပါရစေလို့ပြောပြီး စာသင်ကြာားခဲ့ တာပဲ”
“အဲ ဒါပေမယ့် စစချင်းတော့ ပန်းချီပညာသင်မပေးသေးဘူးကွဲ့။ မင်းကိုပန်းချီပညာ သင်ပေးသင့်၊ သင်မပေးသင့် အရင်စမ်းကြည့်ရဦးမယ်။ အခုဘုန်းကြီးကျောင်းထဲမှာ ရှိတဲ့အိမ်သာတွေမှာ ယိုသူရှိပြီး ကျုံးသူမရှိလို့ မစင်နံ့တွေ တကျောင်းလုံးနံစော်နေတာ မင်းအမြင်ပဲ။ အဲဒါတွေကို ငါနဲ့မင်းကျုံးပစ်ရအောင်” ဆိုပြီး ဆရာကြီးကိုယ်တိုင် စ တင်သန့်စင်တော့တာပဲ။ ဆရာလည်း ပထမတော့ ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် ပန်းချီပညာသင်ချင်တာရယ်၊ ဒါဟာ ငါ့စိတ်ကို စမ်းသပ်တာပဲလို့ယူဆပြီး ဆရာကြီးနဲ့အတူ ၀င်လုပ်ရတော့တာပဲ။
“အဲသလိုဆရာတို့တ်တွေ အိမ်သာတွေကို သန့်ရှင်းရေးလုပ်ပြီးတော့ အနံ့အသက်တွေလည်းပျောက်ပြီး မြင်တဲ့လူ တွေက ဆရာတို့ကို “သာဓု”သုံးကြိမ်ခေါ်ကြတယ်”
“သည်တော့မှ ဆရာကြီးက “အေးမင်းကိုပန်းချီပညာသင်ပေးလို့ရပြီ” ဆိုပြီး စတင်သင်ပေးခဲ့တာပဲ။ ဆရာ့ဘ၀မှာ ပန်းချီနဲ့ပတ်သက်ပြီး ကံ့ကူလက်လှည့်သင်ပေးခဲ့တဲ့ ဆရာကြီးနာမည်က ဦးလှအောင်လို့ ခေါ်တယ်။ အဲသည်တုန်း က ဆရာကြီးဦးလှအောင်ဟာ ဆရာအတတ်သင်သိပ္ပံကျောင်းမှာ ပုံဆွဲပန်းချီဆရာလုပ်နေတယ်ကွဲ့”
“ဆက်ပါဦးဆရာ”
“ဆရာကြီးဦးလှအောင်ဆီက အခြေခံစပြီးသင်ပြီးတာနဲ့ ဘိလပ်ပြန်ဗိသုကာဆရာကြီး ဦးသာထွန်းဆီမှာ ဆက် လက်ဆည်းပူးခဲ့သေးတယ်။ ဆရာကြီးလှအောင်က ပန်းချီသင်ရင်းနဲ့ “ပန်းချီဆရာဆိုတာ တကိုယ်ကောင်းစိတ်ကို ပယ်ရမယ်။ အများအကျိုးအတွက် ဆောင်ရွက်ရမယ်။ လောကမှာ ပန်းချီပညာဟာ အလှဆင်နေတာမို့ သစ္စာ သည်သာ အလှတရား” လို့ အမြဲဆုံးမတယ်ကွဲ့။ အဲသည်စိတ်ဓာတ်ရှိမှ ပန်းချီဆရာပီသတယ်လို့ ဆိုတယ်”
“နောင်တွင် မြို့မကျောင်းကနေ တက္ကသိုလ်တ၀င်တန်းအောင်ပြီးတဲ့အခါ၊ ပန်းချီဆရာကြီး ဦးဘဉာဏ်(၁၈၉၇-၁၉၄၅) အုပ်ချုပ်သော စတိတ်အကယ်ဒမီသိပ္ပံကျောင်းမှာ တက်ရောက်သင်ကြားဆည်းပူးခွင့်ရခဲ့သေးတယ်”
“ဆရာသမားသား လန့်အင်ဆန်းကုမ္ပဏီလီမိတက် Mother Land & Son Co Ltd မှ ၁၉၄၇ ခုနှစ်က စာရေး လုပ်နေတုန်း ဆရာဒဂုန်တာရာနဲ့တွေ့ဆုံရင်းနှီးပြီး သူ့ရဲ့ “တာရာ” မဂ္ဂဇင်းမှာ သရုပ်ဖော်ပန်းချီဆရာ အဖြစ်စတင် ရေးဆွဲခဲ့ပါတယ်။ ဆရာပထမဆုံးရေးဆွဲခဲ့တဲ့ပုံက ကဗျာဆရာမငွေတာရီရဲ့ ကဗျာပါပဲ။ နောက် ဆရာမငွေတာရီ နဲ့ စွန်းလွန်းဝိပဿနာကျောင်းမှာ အတူတူတရားအားထုတ်ရင်း ဓမ္မမိတ်ဆွေတွေဖြစ်ခဲ့သေးတယ်။ အဲသည်လို တာရာ မဂ္ဂဇင်းမှာ တနှစ်လောက် ရေးဆွဲပြီးတဲ့နောက် အဲသည်ကမှ တစ်ဆင့်သွေးသောက်၊ ရှုမ၀၊ မြ၀ တီ၊ ငွေတာရီစတဲ့ မဂ္ဂဇင်းတွေမှာ မျက်နှာဖုံးပန်းချီနဲ့ ကဗျာသရုပ်ဖော်ပုံတွေ စဉ်ဆက်မပြတ်ရေး ဆွဲခဲ့ပါတယ်။”
“ဆရာအိန္ဒိယမှာ ပန်းချီကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါလေးကြုံတုန်း ပြောပြပါဦး”
“ဆရာ ၁၉၅၀ ပြည့်နှစ်က အိန္ဒိယနိုင်ငံ သျှန်တီနီကေတန်တက္ကသိုလ်မှာ အိန္ဒိယပန်း ချီနဲ့ အရှေ့တိုင်းပန်းချီပ ညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ပညာတော်သင်အဖြစ် စေလွှတ်ခဲ့ပါတယ်။ အဲသည် တက္က သိုလ်ကို ၁၉၁၃ ခုနှစ်က စာပေဆိုင်ရာနိုင်ဘယ်ဆုရခဲ့တဲ့ ဘင်္ဂါလီကဗျာဆရာကြီးရာဘင်ဒြာနတ်တဂိုး(၁၈၆၁ ခုနှစ်၊ မေ ၆-၁၉၄၁ ခုနှစ်၊ သြဂုတ် ၇ ရက်) တည်ထောင်ခဲ့ပါတယ်။ “သျှန်တီ” ဆိုတာ “ငြိမ်းချမ်းခြင်း” ၊ “နီကေ တန်” ဆိုတာ “အရပ်ဒေသ” လို့အဓိပ္ပါယ်ရတာမို့ “ငြိမ်းချမ်းရေးဒေသ” လို့ မြန်မာလိုအဓိပ္ပါယ်ရတယ်။ အဲဒီ ကျောင်းမှာ ရိုးရာပန်းချီသက်သက်ကိုသာ သင်ပေးတယ်။ အနောက်တိုင်းပန်းချီကို မသင်ဘူး”
“ဟိုမှာ သင်ကြားခဲ့ရပုံ အတွေ့အကြုံလေးကို ပြောပြပါဦးဆရာ”
“ဟိုရောက်တော့ ပန်းချီပညာကို အရင်သင်မပေးသေးဘူး။ ယောဂီအရင်ထိုင်ရတယ်။ ယောဂီထိုင်ခိုင်းရခြင်းက အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ စိတ်ဓာတ်ခွန်အားမြင့်မြတ်ဖို့လို့ဆိုတယ်။ သူတို့သင်ပေးတဲ့ ပန်းချီအခြေခံနည်း ပညာတွေကတော့ ဆရာ့အဖို့ မဆန်းပါဘူး။ ဂျပန်ခေတ်ကတည်းက ဆရာကြီးဦးလှအောင်ဆီမှာ သင်ခဲ့တဲ့နည်း တွေအတိုင်းပါပဲ။ မြန်မာ့ရိုးရာပန်းချီအ ခြေခံကို သင်ကြားခွင့်ရခဲ့တာပဲ။ ဒါပေမယ့် အဲဒီကျောင်းရောက်မှ အရှေ့ တိုင်းပန်းချီနဲ့ အနောက်တိုင်းပန်းချီရဲ့ကွာခြားချက်ကို ပိုမိုသိမြင်လာတယ်။ နောက်ပြီး အဲသည်ကျောင်းမှာ အပို ဘာသာအဖြစ် အကပညာကိုပါသင်ကြားခဲ့ရတယ်။ ဆရာတို့ဆီမှာလို ဂီတနဲ့အကကျောင်း ဆက်သွယ်နေသ လိုပေါ့ကွာ”
“ဆရာရေးတဲ့ ကဗျာသရုပ်ဖော်ပုံတွေဟာ ကဗျာရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို အမိအရ ကွက်တိပုံဖော်နိုင်တယ်နော်”
“ကဗျာသရုပ်ဖော်ရာမှာ ပန်းချီလက်ရာကျွမ်းကျင်မှု (Clever in Hand) အရေးကြီးသလို၊ ကဗျာဆရာရဲ့ စိတ်ပိုင်း ဆိုင်ရာအတွေးအခေါ်အယူအဆ (Clever in Mind) နဲ့ပတ်သက်တဲ့ အတွေးပါရမီလည်း ရှိရမယ်။ ဆိုလိုတာက ကဗျာရဲ့ဆိုလိုရင်း အနက်အဓိပ္ပါယ်က ဘာလဲဆိုတာကို ကိုယ်ကသိနေရမယ်။ ဒါကြောင့် ပန်းချီဆွဲတဲ့အ တတ် ပညာကို တတ်ဖို့ဆိုတာက လူပုံတွေနဲ့ ရှုမျှော်ခင်းပုံတွေကို ထပ်တလဲလဲဆွဲနေရုံ မပြည့်စုံဘူး။ ကဗျာတွေ၊ စာပေ တွေကိုလဲ အများကြီးလေ့လာဖတ်မှတ်ရမယ်။ လူတယောက်ပုံပန်းသဏ္ဌာန်ကို ရေးဆွဲနိုင်ဖို့အတွက် ပန်းချီဆရာ တယောက်ဟာ ခန္ဓာဗေဒကိုလည်းကောင်း နားလည်ရမယ်။ ခန္ဓာကိုယ်ထဲကအရိုးတွေ၊ အကြောတွေနဲ့ ကြွက် သားတွေအကြောင်းမသိဘဲနဲ့ လူ့ခန္ဓာကိုယ်တခုကို ပီပြင်စွာရေးဆွဲ ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။ ကဗျာသရုပ်ဖော် ပုံပီပြင်ဖို့အတွက် ပန်းချီဆွဲတာကို များများကျင့်သင့်ပေမယ့် လက်သေအောင်တော့ မလုပ်သင့်ဘူး။ လက်သေ သွားရင် ပြင်ဖို့မလွယ်တော့ဘူး။ ယွန်းပန်းချီလိုပေါ့။
နောက်တစ်မျိုးကြည့်လည်း သည်အတိုင်းပဲ။ နောက်ထပ်မလုပ်တတ်တော့ဘူး။ အဲဒီလို ဖန်တီးမှုအနုပညာ (Creative Art) မရှိရင် ဘာနဲ့တူသလဲဆိုတော့ လပေါ်တက်တဲ့ဒုံးပျံလိုပေါ့။ လပေါ်မရောက်ခင် လောင်စာက လည်းကုန်သွားလေတော့ ရှေ့ဆက်မတက်နိုင်ဘဲ လေဟာပြင်ထဲမှာ တ၀ဲလည်လည်မျောနေတာမျိုးနဲ့ တူနေရ တာပေါ့။ တစ်ခါလာလည်း သည်အတိုင်း၊ နောက်တစ်ခါလာလည်း မည်းပြာပုဆိုးလိုပေါ့။
ဆရာပြောပြသည်မှာ မှတ်သားစရာပင်။ ထို့ကြောင့်လည်းဆရာကြီး၏ ပုံများဆိုလျှင် ရှိသည့်စာရွက်၊ ရှိသည့်စုတ် တံ၊ ဆော့ဖ်ပင်၊ ရှိသည့်ပစ္စည်းများဖြင့်ပင် ပန်းချီကားချပ်ပုံတစ်ပုံကို ဖန်တီးရေးဆွဲနိုင်စွမ်းရှိနေသည်မှာ သူပြော သလိုပင် လက်သေအောင်မလုပ်သည့်အတွက် ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ဆရာကြီးက သူ့စကားကို ဆက်၍ …
“ဖန်တီးမှုအနုပညာရဖို့ကတော့ အရင်တုန်းကလေ့ကျင့် ရေးဆွဲခဲ့တဲ့အတွေ့အကြုံများရမယ်။ အလေ့အကျင့်များ ရမယ်။ ဖန်တီးတတ်တဲ့ စိတ်ကူးရှိရမယ်။ ပြီးတော့ တတိယမျက်လုံးခေါ် Mind eye (အတွေးစိတ်ကူး) ရှိရမယ်။ ဒါတွေရှိမှလည်း ဖန်တီးမှုအနုပညာထွက်ပေါ်တာကိုး”
“ပြီးတော့ ပန်းချီဆရာဟာ သဘာဝကိုလေ့လာရမယ်။ သဘာဝမှနာယူရမယ်။ ဆည်းပူးရမယ်။ ဒါပေမယ့်… သဘာဝကို ပုံတူကူးချခြင်းမဟုတ်ဘဲ ပန်းချီဆရာရဲ့စိတ်ထဲမှာ ထင်ဟပ်လာတဲ့ခံစားမှုအာရုံရုပ်ကို အနုပညာ သဘောသက်ဝင်လာအောင် သင်္ကေတတွေနဲ့ တင်ပြရေးဆွဲတတ်ရမယ်။”
“ဒါနဲ့ ဆရာ ရန်ကုန်စက်မှုတက္ကသိလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) အင်ဂျင်နီယာ မဟာဌာနနဲ့ ရန်ကုန် တက္ကသိုလ်ပညာရေး မဟာဌာနတွေမှာ ပန်းချီကထိကအဖြစ် ဆောင်ရွက်ခဲ့သေးတယ်နော်”
“အေး ဆရာရန်ကုန်တက္ကသိုလ်ပညာရေးမဟာဌာနနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်တွေမှာ ၁၉၆၂ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ ၁၆ နှစ်ကြာမျှ အချိန်ပိုင်းကထိကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက ဆရာကျောင်း သားတွေနဲ့ သင်ကြားဆွေးနွေးဖို့အတွက် Elementary of Design, Life Drawing, Graphic Art, History of Art စတဲ့ပညာရပ်တွေကို ဖတ်မှတ်လေ့လာခဲ့ရပါတယ်။ အဲဒီလို စာတွေနဲ့ မိမိမှာရှိပြီးအသိနဲ့ ပေါင်းစပ်လိုက်တဲ့အ ခါ ခေတ်သစ်ပန်းချီ (Modern Art) ကို ဂဃနဏသိလာရတယ်ဆိုရမှာပဲ”
“ဒါနဲ့ ဆရာ … ဆရာရေးသားခဲ့တဲ့ “ရိုးရာမှသည် ခေတ်သစ်ဆီသို့” စာအုပ်ထဲမှ ဗင်ဂိုး (Van Gogh) နဲ့ဂေါ်ဂင် (Gauguin) တို့ရဲ့အချို့ပန်းချီလက်ရာတွေဟာ အရှေ့တိုင်းက ဂျပန်ပန်းချီဆရာကြီးတစ်ဦးရဲ့ ပန်းချီအငွေ့အ သက် မကင်းကြောင်း တင်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအကြောင်းအနည်းငယ်ရှင်းပြပေးပါလားဆရာ”
“နိုင်ငံတကာက ထင်ရှားတဲ့အနုပညာလက်ရာဟောင်းတွေကို လေ့လာကြည့်ရင် သူတို့ရဲ့လက်ရာတွေမှာ စူးရှ ပြင်းထန်တဲ့ ရနံ့တမျိုးကို ခံစားရတယ်။ အဲဒီရနံ့က အခြားမဟုတ်ဘူး။ အမျိုးသားရနံ့သင်းနေတဲ့ အနုပညာ လက် ရာမှန်သမျှ အနုပညာလက်ရာကောင်းတွေရဲ့ ဂန္ထ၀င်မြောက် (Master Piece) လက္ခဏာတွေပဲ။ အမျိုးသားရနံ့ သင်းပျံ့လေ နိုင်ငံတကာဝင်လေပဲပေါ့ကွာ”
“စင်စစ်ခေတ်သစ်ပန်းချီ (Modernism) ဆိုတာ အတင်းဖွယ်လုပ်စရာမလိုဘူး” မိမိတို့ အတူတကွစီးမျောလိုက်ပါ နေတဲ့ ခေတ်ရဲ့လှုပ်ရှားနေတဲ့ လူမှုဆက်ဆံရေးတွေ၊ ထိုးထွန်းသွားလာနေတဲ့ သိပ္ပံပညာစတာတွေရဲ့ ရိုက်ခိုက်မှု ကြောင့် မိမိတို့ရဲ့ ရုပ်နမ်နှစ်ပါးမှာ မော်ဒန်တရား တွေမွေးဖွားပြီးဖြစ်တယ်။ ထိုတရားကိုယ် အနှစ်သာရတွေကို ညီ ညွတ်မျှတစွာစုစည်းပြီး တကယ်ဆိုလျှင် ဆရာကြီး၏ ပန်းချီလက်ရာများမှာ အနောက်တိုင်းပန်းချီဆရာကြီးများ၏ လက်ရာအတိုင်း ၀ါဒပေါင်းစုံဖြင့် ရေးဆွဲထားသည်ကို တွေ့ရပါသည်။ သို့သော် ၀ါဒနည်းဟန်သာတူ၍ ထိုပန်းချီ ဆရာကြီးများ၏ လက်ရာနှင့် သိသိသာသာကွဲပြားခြားနားသည့်အချက်မူ မြန်မာ့ရနံ့ သင်းနေသည့်အချက်၊ မြန်မာ့ ပန်းချီဖြစ်နေသည့်အချက်၊ မြန်မာပန်းချီဆရာတစ်ယောက်ရေးဆွဲထားမှန်း သိသာထင်ရှားနေသည့်အချက်များပင် ဖြစ်ပေတော့သည်။ တနားဆိုရသော် မြန်မာ့ပန်းချီကို ကိုယ်စားပြုနေခြင်းပင်တည်း။
အဆိုပါစာအုပ်၌ အမှာစာရေးသားပေးသော ဒေါက်တာလွင်အောင် (ဗိသုကာ) ကလည်း “သူသည် ပန်းချီသက် တမ်းတလျှောက် အတတ်ပညာပိုင်း၌ နည်းအမျိုးမျိုးကို စမ်းသပ်ရေးဆွဲခဲ့ဖူးသော်လည်း ရိုးရာမှသည် ခေတ်သစ် ဆီသို့ကူးသောသူ၏ရပ်တည်ချက်ကို မည်သည့်အခါမှ ဖောက်ပြန်ခဲ့သူမဟုတ်ပေ” ဟုရေးသားဖော်ပြထားလေ သည်။
ဆရာကဆက်၍ …
“တကယ်တော့ ပန်းချီဆရာ “မိုဒါန်ရမ်” ရေးဆွဲခဲ့တဲ့ ရောင်စဉ်ကွက် (Color Pattern) နည်းကို အရင်ကတည်းက မြန်မာတွေရေးခဲ့ပြီးသားပါ။ ဗိသုကာကျောင်းသားတွေနဲ့အတူ ပုဂံကို ဆရာခရီးထွက်ခဲ့တုန်းက အဲဒီမှာ ယွန်းပန်းချီ ဆွဲနည်းရယ်၊ Pattern တွေရယ် အများကြီးလေ့လာခွင့်ရခဲ့တယ်။ ပုဂံခေတ်နံရံဆေးရေးပန်းချီတွေကို လေ့လာ လိုက်တော့ ပန်းချီမဆွဲခင် Pattern တွေ ချထားတာ အဲဒီအတိုင်းတွေ့ခဲ့ရတာပေါ့”
“အခုဆရာရေးနေတဲ့ ပန်းချီလက်ရာပုံစံဟာ ဒါတွေကိုနွယ်ပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ကဗျာနဲ့ဆိုရင် သိပ်လိုက်ဖက် တယ်။ ဒီပန်းချီရေးနည်း ရေးဟန်တွေလည်း ပုံဂံခေတ်မှာ အများကြီးတွေ့နိုင်တာပေါ့”
“ဆရာပန်းချီကားလက်ရာတွေမှာ ရေးထိုးလေ့ရှိတဲ့ ပန်းချီအမှတ်အသားရဲ့သဘောကို သိပါရစေ”
“ရိုးရိုးလေးပါ။ ကလေးဘ၀မှာ အမေက သနပ်ခါးလိမ်းပေးရင်း ပါးကွက်ကလေးကွက်ပြီး မီးချစ်ဆံလေးနဲ့ အစက် ပျေက်ကလေးတွေ ချပေးတဲ့မြန်မာ့ရိုးရာ ဓလေ့ထုံးစံတခုကို နှစ်ခြိုက်လို့ သင်္ကေတလုပ်ထားတာပါ”
“ဆရာငယ်စဉ်က ပန်းချီဆွဲရတဲ့အခြေအနေနဲ့ အခုအသက်ကြီးမှပန်းချီဆွဲရတဲ့အခြေအနေ ဘယ်လိုကွာခြားမှု ရှိပါ သလဲ”
“ဆရာ အသက်ငယ်စဉ်ဘ၀ကထက် အခုအသက် ၆၀ ကျော်ဘ၀ရောက်မှ ပန်းချီဆွဲရတာ ပိုပြီးစိတ်ချမ်းမြေ့ပြီး လွတ်လပ်မှုရှိတယ်လို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတ္တကို သိလာလို့ပါပဲ။ ပြီးတော့ နတ္ထိက ဒိဋ္ဌိတရား၊ သုညဆိုတဲ့ သဘောတရားစတာတွေကိုလည်း ပိုပြီးသဘောပေါက်လာလို့ပါပဲ”
“ဆရာ တကိုယ်တော်ပန်းချီပြပွဲတွေ လုပ်ဖူးပါသလား”
“ဆရာ အများနဲ့ပဲ ပူးတွဲပြသဖူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကမွဲတော့ ဆေးတို့၊ စုတ်တံတို့၊ ကင်းဗတ် တို့မ၀ယ်နိုင်ဘူးပေါ့။ အဲဒီတော့ သူများကဆေး၊ စုတ်တံ၊ ကင်းဗတ်ရှာပေးပြီး ဆွဲခိုင်းမှ ဆွဲတယ်”
“ဆရာ ဘယ်ပန်းချီဆရာတွေရဲ့လက်ရာကို အထူးကြိုက်နှစ်သက်သလဲ”
“ဆရာပန်းချီကားဆိုရင် ပထမနှစ်ပန်းချီကျောင်းသားလေးပဲဆွဲဆွဲ ကြိုက်နှစ်သက်ပါတယ်”
“ဆရာ့ရဲ့မြန်မာ့ရိုးရာပန်းချီကားပေါ် ထင်မြင်ချက်ကို သိပါရစေ”
“ဆရာမြန်မာ့ရိုးပန်းချီကို မြတ်နိုးရကောင်းမှန်း ဆရာကြီးဦးလှအောင်၊ ဆရာကြီး ဦးဘဉာဏ်၊ ဆရာကြီး ဦးသာ ထွန်းတို့နဲ့မှပဲ သိခဲ့ရပါတယ်။ မြန်မာ့ရိုးရာ ပန်းချီပညာကိုလေ့လာရင်းနဲ့ မျိုးချစ်စိတ်လည်း ထက်သန်ခဲ့ပါတယ်။ နောက်ဗိုလ်လက်ျာ၊ ဗိုလ်မှူးချုပ် စောကြာဒိုးတို့ရဲ့ ပန်းချီကော်မတီမှာ မြန်မာ့ရိုးရာပန်းချီပြန်လည်ဆန်းစစ်ရေး စတဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ ဆရာမြန်မာ့ရိုးရာပန်းချီပြန်လည်ဆန်းသစ်၍ မြန်မာ့ရိုးရာပန်းချီ ဟန်သစ်ကိုပါ ရှာဖွေခဲ့တာ အခုဆိုရင် နှစ်ပေါင်း (၄၀) ကျော်ရှိပါပြီ။ အခု ချယ်ရီမဂ္ဂဇင်းအတွက် “၂၀ ရာစု နောက် ပိုင်း မြန်မာ့ရိုးရာ ပန်းချီဟန်သစ်ရှာပုံတော်” ခေါင်းစဉ်နဲ့ ဆောင်းပါးတွေ ရေးနေပါတယ်”
“ဟုတ်ဆရာ အခုလိုစိတ်ရှည်လက်ရှည်ရှင်းပြပေးတဲ့အတွက် ဆရာ့ကို အထူးပဲကျေးဇူးတင်ပါတယ်။ ဆရာကို နောက်ဆုံးမေးချင်တဲ့မေးခွန်းက ဆရာပန်းချီအပေါ်ထားရှိတဲ့ ခံယူချက်ပါပဲ”
“ဆရာ့ခံယူချက်ကတော့ ရှင်းပါတယ်။ ပန်းချီဟာ လောကရဲ့အလှသစ္စာတရားကို ရှာဖွေတင်ပြနေတဲ့အတွက် သစ္စာသည်သာ အလှတရားများပါပဲ”
ဆရာကြီး ဗဂျီအောင်စိုးကို ၁၉၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အဖဦးဘချစ်တင် (အမှုလိုက်အင်စပက် တော်)၊ အမိ ဒေါ်အုန်းတင်တို့မှ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ရန်ကုန်မက်သစ်ကျောင်း၊ မန္တလေး ၀က်စလီယံကျောင်းနှင့် မြို့မ အစိုးရအထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၄၃ ခုနှစ်ဂျပန်ခေတ်မှ စစ်ပြီးခေတ်အထိ ဗဟန်းတိုက်နယ် အာရှလူငယ်အစည်းအရုံးတွင် ဥာဏ ဗလမှူး တာဝန်ကိုထမ်းဆောင်ရင်းမှ ဗမာ့ကာကွယ်ရေးတပ်မတော်သို့ ၀င်ရောက်အမှုထမ်းခဲ့သည်။
၁၉၄၇ ခုနှစ်မှစ၍ “တာရာ” မဂ္ဂဇင်းတွင် သရုပ်ဖော်ပန်းချီကို စတင်ရေးဆွဲခဲ့သည်။ ထိုအချိန်မှစ၍ စာနယ်ဇင်း သရုပ်ဖော်ပန်းချီကို အစဉ်တစိုက်ဖန်တီးရေးဆွဲခဲ့သည်။ အထူးသဖြင့် ကဗျာသရုပ်ဖော်ပန်းချီရေးဆွဲခြင်း၌ အထူး ထင်ရှားသည်။ ဆရာသည် မိမိအယူအဆ၊ ယုံကြည်မှုများကို ကာတွန်းများရေး၍လည်း တင်ပြခဲ့ဖူးသည်။ ကာ တွန်းသည် ပြည်သူများက အလွယ်တကူနားလည်နိုင်သည့် “ပြည်သူ့ပန်းချီ” ဟု သဘောပေါက်ခံယူသူဖြစ်သည်။
၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ သျှန်တိနီကေတန် တက္ကသိုလ်၌ အိန္ဒိယပန်းချီနှင့်အရှေ့ တိုင်းပန်းချီပညာ သင် ကြားရန်အတွက် ပညာတော်သင်အဖြစ် စေလွှတ်ခြင်းခံရသည်။ ၁၉၅၂ ခု နှစ်၌ ဆရာဗဂျီအောင်စိုးသည် ပါမော က္ခ ဦးအောင်လှဦးဆောင်သော ယဉ်ကျေးမှုအဖွဲ့ဝင်တဦးအဖြစ် ဆိုဗီယက်ပြည်ထောင်စု (ရုရှား ဖရက်ဒေးရှင်း) သွားရောက်ခဲ့သည်။ လမ်းခရီးတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ ပါကစ္စတန် နိုင်ငံလာအိုမြို့၊ ပက်ရှဝါမြို့၊ အာဖဂန် နစ္စတန်နိုင်ငံ ကဘူးမြို့များတွင် အာရှပန်းချီကို လေ့လာခဲ့သည်။ မော်စကိုစသော မြို့ကြီးများသို့လည်း ရောက်ခဲ့ သည်။
၁၉၅၃ ခုနှစ်၌ အစိုးရဆေးဆိုးပန်းရိုက်သင်တန်းကျောင်းတွင် တွဲဘက်သင်တန်းမှူးအ ဖြစ် ခန့်အပ်ခြင်း ခံရသည်။ သင်တန်းမှူးများ အိန္ဒိယမှခေါ်ယူသော ဆေးဆိုးပန်းရိုက်ပညာရှင် မစ္စတာရှားမား ဖြစ်သည်။ မစ္စတာရှားမားက ဆရာဗဂျီအောင်စိုး၏ ပန်းချီလက်ရာများကို နှစ်သက်သဖြင့် ၎င်းနှင့်တွဲဖက်လုပ်ကိုင်ခြင်းဖြစ်သည်။ ထိုစဉ်က ဗဂျီ အောင်စိုးသည် မြန်မာ့ရိုးရာ ပစ်တိုင်းထောင်၊ ဖိုးဝရုပ်၊ ၀ါးလက်ခုပ်၊ ဆင်၊ ကျား၊ မြင်းရုပ်စသည်များဖြင့် ဆေးဆိုး ပန်းရိုက်ဒီဇိုင်းများကို တီထွင်ရေးဆွဲခဲ့ရာ လူကြိုက်များခဲ့သည်။
၁၉၆၂ မှ ၁၉၇၈ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ် အင်ဂျင်နီယာ မဟာဌာနနှင့် ရန် ကုန်တက္ကသိုလ် ပညာရေး မဟာဌာနတို့၌ အချိန်ပိုင်းကထိကအဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် မြန်မာ့ရိုးရာပန်းချီကို ဟန်သစ်ဖြင့်ရေး ဆွဲလေ့ရှိသည်။ ကျေးလက်ပန်းချီကိုလည်း ဟန်သစ်ဖြင့်ပင် ရေးဆွဲတတ်သည်။
ဆရာသည် စာပေဆိုင်ရာ၊ ပန်းချီဆိုင်ရာဆောင်းပါးများကို မဂ္ဂဇင်းများ၌ ကြိုကြားကြိုကြားရေးသားခဲ့ပြီး ရေးသား ထုတ်ဝေပြီးသော စာအုပ်များမှာ “ရိုးရာမှာ သည်ခေတ်သစ်သို့” ၊ “စာမဲ့ကဗျာ” ၊ “မြန်မာ့ရိုးရာ ပန်းချီဟန်သစ်ရှာ ပုံတော်”တို့ ဖြစ်သည်။
ဆရာ ဗဂျီအောင်စိုးသည် ပန်းချီအနုပညာဘက်တွင်သာမက ရုပ်ရှင်အနုပညာဘက်တွင်လည်း ထင်ရှားအာင်မြင် သူဖြစ်သည်။ ဗြိတိသျှဘားမားမှ ရိုက်ကူးသော “တစ်မိနစ်အလို” ဇာတ်ကားမှာ စ၍ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့ သည်။ ဒါရိုက်တာဦးသုခ ရိုက်ကူးသည့် “မိုး လုံးပတ်လည်” ဇာတ်ကားတွင် အဓိက အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ရသည်။ ရုပ်ရှင် ဇာတ်ကားပေါင်း ၆၀ ခန့်တွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် ကျရာအခန်းမှ ပီပြင်စွာသရုပ် ဆောင်ခဲ့သည်။
ဆရာဗဂျီအောင်စိုးသည် ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။ ဆရာ သည် ကွယ်လွန်ချိန်အထိ စာနယ်ဇင်းသရုပ်ဖော်ပုံ ပန်းချီကားများကို ရေးဆွဲသွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အမာခေါ် ဒေါ်သန်းကြည် သားသမီးရှစ်ယောက်နှင့် မြေးမျး ကျန်ရစ်ခဲ့သည်။
ဆရာကွန်လွန်ခြင်း နှစ်(၂၀) မြောက်အထိမ်းအမှတ် အဖြစ် ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၆ ရက်နေ့တွင် ရန်ကုန်မြို့ ဗိဿနိုးအနုပညာပြခန်းများ၌ “ဗဂျီအောင်စိုးအမှတ်တရ” ပန်းချီကားများကို ခင်းကျင်းပြသခဲ့လေသည်။ ဆရာ သည် သက်ရှိထင်ရှားရှိစဉ်က သူရေးဆွဲခဲ့သော ပန်းချီလက်ရာများကို တန်ဖိုးထား၍ တန်ရန်တန်ကြေး ပေးဝယ် သူ မရှိသော်လည်း ဆရာမရှိသည့် နောက်ပိုင်း၌ ပန်းချီကားများသည် ပြည်တွင်းပြည်ပပန်းချီဈေးကွက်တွင် အဆ မတန်မကြားဘူးသော ဈေးများပေး၍ အလုအယက်ဝယ်ယူနေကြသည်ကို ဆရာသာသိရှိပါက မည်မျှဝမ်းမြောက် ၀မ်းသာ ဖြစ်နေမည်ကို မပြောတတ်တော့ပေ။ မည်သို့ဆိုစေ လောက၏သစ္စာတရားကိုရှာဖွေခဲ့သော ဆရာ၏ ပန်းချီလက်ရာများသည် သဘာဝလောကကြီး၏ အလှတရားများဖြစ် နေသည်လှပေသည်။
 
Leave a comment

Posted by on August 17, 2011 in Potraits, Theipan Chit Thu

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: