RSS

Man Htet Thar – Padauk Thee

17 Aug

ပိတောက်သီး (အပိုင်း -၃)
မာန်ထက်သာ
သြဂုတ် ၁၆၊ ၂၀၁၁


ဝေဒနာသက်သာလာ၍ ဆေးရုံဆင်းတော့မည့်ကိုပုညက ကျနော်အားလာနှုတ်ဆက်သည်။

“ခင်ဗျား ချောကလက် စားဖူးတယ်မဟုတ်လား ကိုသစ္စာ”
“အစားဖူးဘူးဗျ။ ဘာဖြစ်လို့လဲ”

“ချောကလက်ကိုမစားခင်နှာသီဖျားအ၀မှာမထိတထိလေးတေ့ အဲ့ဒီ့အချိန်မှာ မျက်လုံးမှိတ်ပြီးစိတ်ကို ချောကလက်ဆီမှာပဲ အာရုံစိုက်ထား ကြည့်၊ ချောကလက်ထဲက စိမ့်ထွက်လာတဲ့ရနံ့ဟာ စိတ်အာရုံကိုငြိတယ်ဗျာ။ ပြီးရင် လျှာဖျားမှာ ဖွဖွကလေးတင်ပြီး ကိုယ့်လျှာဖျားပေါ်နောက် ထပ်ပြီးအာရုံစိုက်ကြည့်လိုက်ဦး။ ရင်ထဲမှာ ချစ်ခြင်းမေတ္တာတရားနဲ့စတွေ့ရသလို အလိုလိုလှိုက်ခုန်လာရော”

“ဟုတ်လား။ ချောကလက်မှာ အဲ့ဒီ့လောက်တောင်အနုပညာဆန်တဲ့ ယဉ်ကျေးမှုတွေရှိသလား”

“ဒါပေါ့ ကိုသစ္စာရဲ့။ အဲ့ဒီ့ချောကလက်ကို ဘာနဲ့လုပ်ရတယ်ဆိုတာရောခင်ဗျားသိသလား”
ကျနော် စိတ်ဝင်စားစွာဖြင့် ခေါင်းရမ်းလိုက်မိသည်။

“ကိုကိုးသီးဗျ။ ကိုကိုးသီး။ ကိုကိုးသီးအစေ့တွေ အများကြီးနဲ့ လုပ်ရတာ”

“ကိုကိုးသီး ဟုတ်လား.. ကိုပုည”
“ဟုတ်တယ်။ ကိုကိုးသီးဟာ နေရာဒေသတိုင်းမှာ မသီးဘူး။ ပြီးတော့ နုနယ်လွန်းပြီး ဂရုစိုက်ရလွန်းလို့ တစ်ချို့တွေက ခုထိမစိုက်ကြတော့ ဘူးလေ။ အင်း ပြီးတော့ ချောကလက်စက်ရုံတွေရှိနေတဲ့ဒေသတွေက အဲ့ဒီ့ကိုကိုးသီးကို စိုက်လို့မဖြစ်လို့ အခြားစိုက်တဲ့ဒေသကနေစာချုပ် တွေနဲ့ချုပ်ပြီးဝယ်ရတယ်ဗျ။ တစ်ကမ္ဘာလုံးကို စွဲဆောင်ဖမ်းစားတဲ့၊ မှော်ဆန်တဲ့ ထိပ်တန်းအစားအစာချောကလက်ကိုရဖို့ အဲ့ဒီ့ ကိုကိုးသီးက အဓိကဗျ”

“ဟာ ကိုပုည၊ ကျနော်ကတော့ ပိတောက်သီးပဲ စိတ်ဝင်စားတယ်ဗျာ”
“ဟုတ်တယ်။ ကိုသစ္စာ ခင်ဗျားပြောတဲ့ ပိတောက်သီးက ကိုကိုးသီးထက်အဆပေါင်းများစွာသာမယ်လို့ ကျနော်ယုံကြည်တယ်။ ကျနော် လည်း ပိတောက်သီးကိုတွေ့အောင် ရှာမယ်ဗျာ”

ထို့နောက် “ကျနော်တို့ ပြန်ဆုံကြတာပေါ့ဗျာ”ဟုဆိုကာ ကျနော်ရှေ့ကနေ ကိုပုညထွက်ခွာသွားလေသည်။ ကိုပုညဆေးရုံက ဆင်းသွားပြီး နောက် ဆယ့်ငါးရက်အကြာတွင် ကျနော်လည်း ဆေးရုံမှဆင်းခွင့်ရခဲ့၏။
***

အိမ်ရောက်တော့အမေက ကျနော်အား ဖက်၍ငိုသည်။

“အမေမှားတာပါ သားရယ်။ မင်းအဖေတို့မျိုးရိုးရှိမှန်းသိလျက်နဲ့ သားလေးကိုဒီစိတ်ရှုပ်ရမယ့်ပညာတွေ သင်ခိုင်းလို့ဖြစ်ရတာ။ အမေ့အမှား ပါ။ အမေ့ အမှားပါ”

ကျနော်လေ့လာချင်သော ရုက္ခဗေဒပညာကိုမသင်ယူခဲ့ရဘဲ အမေ့သဘောဆန္ဒအရ ကွန်ပြူတာတက္ကသိုလ်ကိုသာ ကျနော်တက်ခဲ့ရပါသည်။ ကျနော်ကျောင်းစာမလိုက်နိုင်၍ ဦးနှောက်ပျက်သွားခြင်းဟု အမေက ယူဆထားသော်လည်း အမှန်စင်စစ်၌ ခလုပ်နှိပ်ရုံသာနှိပ်၍ ဖြေရှင်း ကိုင်တွယ်ရသော ဘာသာဗေဒမျိုးကို ကျနော်ပင်ကိုယ်စိတ်အခြေအနေအရ မလိုက်စားနိုင်ပေ။ ကွန်ပြူတာတက္ကသိုလ်၌ ဒုတိယနှစ်အား ဒု တိယအကြိမ်ရှုံးနိမ့်အပြီးတွင် Delete ခလုပ်ကိုသာ ကျနော်ကျွမ်းကျင်စွာနှိပ်တတ်ခဲ့၏။ အကြောင်းမှာ ကျနော်သင်ယူလေ့လာသမျှ နောက် ဆုံးရလာဒ်အဖြေတွင် မှားယွင်းနေခဲ့ပြီမှန်းသိရသဖြင့် အမှားများကို မကြာခဏ Delete လုပ်လျှက် Delete ခလုပ်နှင့်သာ ကျင့်သားရခဲ့ခြင်းပင်။

“သား မင်းအေးအေးဆေးဆေးနေတော့။ မင်းဝါသနာအတိုင်း သစ်ပင်တွေစိုက်ရင်းနဲ့ပဲ အပန်းဖြေ။ မြို့ပြင်မှာ လေးဆယ်၊ ခြောက်ဆယ်ခြံနှစ် ခြံအမေ၀ယ်ထားပေးမယ်။ မင်းသစ်ပင်စိုက်ဖို့လေ။ မင်းပိတောက်ပင်လေးကို အဲ့ဒီ့ရွှေ့ချင်လည်းရွှေ့”

“သား ဒီပိတောက်ပင်လေးကို မရွှေ့ချင်ဘူး အမေ၊ ဒီခြံထဲမှာပဲ ဒီပိတောက်ပင်လေးက ပိတောက်သီးသီးရမယ်”
“အဲ့ဒီ့အခါကျရင် ကိုကြီးက ပိတောက်သီးစား၊ ညီမလေးက ပိတောက်ပန်းပန်မယ်”

တတိယတန်းကျောင်းသူဖြစ်နေပြီဖြစ်သော ကျနော့် ညီမ၀မ်းကွဲက၀င်ပြောသည်။ အဒေါ်စိတ်ဖောက်၍ ပျောက်ဆုံးသွားရာမှ အမေက ညီမ လေးကို ကျွေမွေးစောင့်ရှောက်ထားရခြင်းဖြစ်၏။

“ညီမလေးရယ်… မင်းကငယ်သေးတော့ ဘာမှမသိသေးပါဘူးကွယ်”

ထို့နောက် နွေဦးရာသီများ၊ နှစ်သစ်ကူးပွဲတော်များ၊ ပိတောက်ပွင့်များ၊ တွေ့ဆုံကြုံကွဲများအပြင် တစ်ထပ်တည်းကျနေသော ကျနော် အိပ် မက်တစ်ခုဖြင့် ဘ၀၏ဖြတ်သန်းမှုသည် မြို့ပြင်ရှိစိုက်ပျိုးရေးခြံထဲ၌ မနက်၊ နေ့ခင်း၊ ညနေ၊ ညဟူ၍ များပြားခဲ့ပြီးပြီဖြစ်သော်လည်း ပိတောက် ပန်းအညှိုများကိုမြင်ရလျှင် ကျနော်သည် ငိုချင်နေတုန်းပင်ဖြစ်သည်။ ထို့အတူ ကျနော့် ပိတောက်ပင်လေးသည်လည်း ယခုအချိန်အထိ အ သီးမသီးနိုင်သေးပေ။ ကျနော့်ကိုလည်း အများကအရူးဟုသတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းကိုလည်း ကျနော်သတိမထားနိုင်တော့ပေ။ ကျ နော်သိထားသည်မှာ ပိတောက်သီးများမသီးသေးသည်ကိုပင် ဖြစ်၏။

ဤသို့ဖြင့် အနည်းငယ်မျှသော အချိန်ကာလတစ်ခုအား ကျနော်စောင့်စားနေရဦးမည်သာဖြစ်ပါသည်။

အမေ၀ယ်ပေးထားသော မြို့ပြင်ရှိခြံထဲတွင် သစ်ပင်ပန်းမန်များကိုစိုက်လျက် ကျနော်ဘ၀၏ငြိမ်းချမ်း တည်ငြိမ်သောနေ့ရက်လနှစ်များစွာကို ဖြတ်သန်းခဲ့တော့သည်။ တခါတရံတွင် ရန်ကုန်တက်၍ ဆေးခန်းသွားပြရသည့်နေ့များမှတပါး ခြံထဲတွင်သာကျနော်ဘ၀က မှတ်တိုင် တစ်တိုင်ကဲ့သို့ ထူမတ်တိတ်ဆိတ်နေခဲ့သည်။ သို့သော် ပိတောက်သီးဆိုသည်ကတော့ ကျနော့်အိပ်မက်ထဲမှတစ်ဆင့် ကျနော့်ဘ၀အား မုန်တိုင်းမိသော ရွက်တိုင်တစ်ခုကဲ့သို့ ရိုက်ပုတ်လှုပ်ခတ်နေမြဲဖြစ်သည်။ ကျနော်ဘ၀အပြင်ကျနော်နှင့် ပက်သက်ဆက်နွယ်နေသော သူများ ကိုပင် ပိတောက်သီးက လှုပ်ခတ်စေခဲ့ခြင်းဖြစ်၏။

တနေ့တွင် ဆေးပြန်စစ်ရန်အတွက် ဦးလေးရှိရာစိတ်ကျန်းမာရေးဆေးရုံသို့ကျနော်ရောက်သွားသည်။

“ပိတောက်သီး၊ ဂေါက်ကြီး။ ဂေါက်ကြီး၊ ပိတောက်သီး”

ဆေးရုံဆင်းခွင့်မရသေးသော ကျနော့်အပေါင်းအဖော်များက ကျနော့်အား အော်ဟစ်နှုတ်ဆက်ကြ၏။ သို့သော် ကျနော့်ဦးလေး စိတ်ကုဆရာ ၀န်ကိုတော့ မတွေ့ခဲ့ရ။

“ဆရာ.. ကျနော့် ဦးလေးရောဟင်”
“မင်းဦးလေး ဆေးပင်စင်နဲ့ တာဝန်ကနေ အနားယူသွားပြီလေ”

“သြော်… ဟင် ဘယ်လို… ဘယ်လို ဆေးပင်စင်၊ ဦးလေးက ဘာဖြစ်လို့လဲ”
“ပြောရမှာလည်းစိတ်မကောင်းပါဘူး ကိုသစ္စာရယ်၊ သူ့စိတ်က တစ်မျိုးဖြစ်နေတယ်”

“ဘာ ဘယ်လိုတစ်မျိုးလဲ”
“သူက အသီးတွေတွေ့ရင် လွှင့်ပစ်တယ်။ ဓားနဲ့ထိုးတယ်။ ကျန်တာက တစ်ခြားတော့ဘာမှမဖြစ်ပါဘူး။ မင်းလည်း သွားတွေ့လိုက်ပါဦး”

ဦးလေးဆီသို့ ကျနော်ရောက်သွားသောအခါ ခြံတံခါးဝတွင် ငူငူငိုင်ငိုင်ဖြင့် တွေဝေရပ်တန့်နေသည့် ကျနော်ဦးလေး စိတ်ကုဆရာဝန်ကို တွေ့ရသည်။ ဦးလေးအားကျနော်လည်း မှင်သက်စွာရပ်ကြည့်နေမိခဲ့၏။ ကျနော်၊ ကျနော့်အဖေ၊ ကျနော့်အဒေါ်၊ ထို့အပြင်ကျနော့်ဦးလေး အားလုံးသည် တစ်စုံတစ်ရာအပေါ်တွင် မှီတွယ်၍ ရူးသွပ်ခဲ့လေပြီ။ သံသရာဝဋ်ကြွေးတစ်ခုပေလား။

“သစ္စာ”
ကျနော်က စတင်နှုတ်မဆက်မိရဘဲ ဦးလေးက ကျနော့်ကိုစတင်နှုတ်ဆက်လေသည်။

“ဦးလေးဘာလုပ်နေတာလဲဟင်”
ဦးလေးက သက်ပြင်းတစ်ချက်ချရင်း…

“အေးကွာ၊ ပေသီးလို့အသံကြားလို့ထွက်လာတာ၊ စိတ်ထိန်းမိနိုင်လို့ တော်သေးတာပေါ့။ လူသတ်မှုဖြစ်တော့မလို့၊ ပေသီးကအသီးမဟုတ်ဘဲ လူဖြစ်နေတယ်လေ”

ထိုသို့ပြောရင်း သူ့ကုတ်အင်္ကျီအိတ်ထဲက ဓားမြှောင်ကို ကျနော့်ကိုထုတ်ပြသည်။ ထို့နောက် ကျနော့်လက်မောင်းကို ဆုပ်ကိုင်တွဲရင်း အိမ် ထဲသို့ ခေါ်လာခဲ့သည်။ ဧည့်ခန်းထဲသို့ရောက်သောအခါ ဦးလေးသည် ကျနော့်အားနှုတ်အမူအယာ၊ ဟန်အမူအယာ၊ ဘာသင်္ကေတ၊ ဘာစ ကားမှမပြောဘဲ စန္ဒယားခုံ၌ သွားထိုင်နေသည်။စန္ဒယားခုံပေါ်၌မျက်စိစုံမှိတ်လျက်ကျောက်ရုပ်ဆန်ဆန်ငြိမ်သက်နေသောဦးလေးအား ကျ နော်လည်း တို့ဆေးမိထားသူတစ်ယောက်ကဲ့သို့ ဆိတ်ငြိမ်နေမိတော့၏။ ထိုခဏသည် တစ်ဘ၀စာမျှအထိ ကြာမြင့်လိုက်သလိုထင်ရသော် လည်း တစ်မိနစ်ခန့်အကြာတွင်ထွက်ပေါ်လာသော ဂီတသံနှင့်အတူ အရာရာသည်ပြန်လည်သက်ဝင်လှုပ်ရှားလာပြန်သည်။ ဦးလေးသည် တစ်ကယ့်ပါရမီရှင်ဂီတပညာရှင်ကြီး တစ်ယောက်ကဲ့သို့ တေးသွားတစ်ပုဒ်ကို တီးခတ်နေ၏။ စန္ဒယားခုံပေါ်တွင်ပိတောက်ပန်း ခြောက် အညှိုးတစ်ခက် လည်းတွေ့ရသေးသည်။

“ကဲ သစ္စာ၊ ပိတောက်သီးသီးရင် ဒီတေးသွားနဲ့ကြိုဆိုဖို့ ၊ ဒါဦးလေးဖွဲ့ထားတဲ့ မယ်လိုဒီလေ”
“ဦးလေးက စိတ်ကူးယဉ်ဝါဒကို လက်ခံလာပြီပဲ”

“ဟားဟားဟား ဒီလိုပဲပေါ့ ငါ့တူရယ်၊ ကဲ ကဲ ထားပါတော့။ ငြိမ်းချမ်း … ကိုငြိမ်းချမ်းကို မင်းမှတ်မိတယ်မဟုတ်လား”
“သြော် ကဗျာဆရာ၊ ခု သူဘယ်မှာလဲ”

“မသိပါဘူးကွာ။ ရော့ မင်းအတွက် ကဗျာတစ်ပုဒ်တဲ့။ လက်ဆောင်တဲ့။ ကဗျာနာမည်က ပိတောက်ရနံ့ဆိုပဲ”

ဦးလေးကသူ့အိတ်ကပ်ထဲမှ စာရွက်ခေါက်လေးတစ်ခုအားထုတ်လျက်ကျနော့်အားကမ်းပေးပါသည်။ စာရွက်ခေါက်ပေါ်တွင် …

“ကိုသစ္စာ ပိတောက်သီးသီးတော့မှ ကျနော်တို့ပြန်ဆုံကြမယ်။ ခုပိတောက်ရနံ့ကိုရှိုက်ထားနှင့်ပါဦး။ ကိုငြိမ်းချမ်း” ဟူသော ယုံကြည်မှုဖြင့် သေသပ်လှပနေသော လက်ရေးကိုတွေ့ရသည်။ ကဗျာကိုတော့ ကျနော် ဖွင့်မဖတ်ဖြစ်ခဲ့ပေ။ ဓားမြှောင်ကို တဆဆလုပ်လျက် ခြံထဲဆင်း သွားသော ဦးလေးနောက်သို့ ကျနော်လိုက်သွားလိုက်သည်။

“ဦးလေး နေကောင်းတယ်နော်”
“အေး … ကောင်းတယ်။ စိတ်တော့ မကောင်းဘူး။ လူတွေက ငါ့ကိုရူးသွားပြီလို့ထင်နေကြတယ်။ အဲ့ဒီ့လို လူတွေကိုပဲ ရူးနေပြီလို့ ငါက လည်းထင်နေမိတယ်။ အေးလေ ငါကလည်း ပိတောက်သီးကလွဲလို့ တခြားအသီးတွေကို မုန်းတီးမိခဲ့တာကို”

ထိုသို့ပြောရင်း ဓားမြောင်ကို ပိတောက်ပင်စည်ဆီသို့ ပစ်ပေါက်ထိုးစိုက်လိုက်သည်။ ထို့နောက် ငေးရီမှိုင်းမှုန်စွာကြည့်လျက် ငြိမ်သက်နေ လေသည်။

“ဒါနဲ့ ကိုပုညရော၊ ဦးလေးနဲ့တွေ့ဖြစ်သေးလား။ သူရော ကျန်းမာရေးအခြေအနေ”
“ကောင်းပါတယ်။ တွေ့တာတော့ မတွေ့ဘူး”

“ဟို”
“မင်း သူ့ကို တွေ့ချင်နေတာ မဟုတ်လား”
“ဟုတ်ကဲ့”

နောက်တစ်နေ့နံနက်၌ ဦးလေးပြောပြသည့် လိပ်စာများကိုမှတ်သားကာ ကိုပုညကိုရှာရန်ဦးလေးအိမ်မှ ကျနော်ထွက်လာခဲ့သည်။ ဦးလေး ပြောပြသည့်လိပ်စာများဖြစ်သော သီရိမင်္ဂလာဈေး သစ်သီးတန်း၊ ဘောက်ထော် သစ်သီးတန်း၊ လမ်း ၂၀ သစ်သီးတန်း၊ ၃၈ သစ်သီးတန်း၊ ရွှေဂုံတိုင်သစ်သီးတန်းများတွင် ကိုပုညကို ကျနော်ရှာဖွေခဲ့သည်။

“အကိုပြောတဲ့ ကိုပုညဆိုတာ သစ်သီးရောင်းတာလား”
“မဟုတ်ဘူး ညီမရဲ့၊ သူက အဲ့ ဟို၊ ဒီနားတစ်ဝိုက်မှာမကြာခဏရှိတတ်တယ်လို့ကြားလို့”
“ဘယ်လိုပုံမျိုးလဲ”

ကိုပုည၏ ပုံပန်းသဏ္ဍာန်ကိုကျနော်ပြောပြလိုက်တော့မှ ….

“သြော် သိပြီ သိပြီ၊ အကိုကလည်း စောစောတည်းက အဲ့လိုပြော ပြီးရော၊ သြော် သူ့နာမည်က ကိုပုညတဲ့လား။ မနေ့ကတောင် လာသွား သေးတယ်။ သူ့ကိုတွေ့ချင်ရင် မနက်ဖြန်ပြန်လာခဲ့။ သူက ပျောက်သွားရင်လည်း တစ်ရက်ပဲ”
“ကျေးဇူးပဲ ညီမရာ”

သံသရာ၌ ဆွေမျိုးတော်စပ်ခဲ့ဖူးကြသဖြင့် ဤဘ၀၌ ရေစက်ဆုံခဲ့ကြရသော်လည်း အတိတ်အကြောင်းကြောင့် ယခုလိုဝေးကွာနေရချိန်တွင် ပို၍ လွမ်းဆွတ်မိတတ်သည်။ မနက်ဖြန်ဆိုလျှင် ကိုပုညနှင့်ကျနော်တွေ့နိုင်တော့မည်ဖြစ်သဖြင့် ကျနော်ကျေနပ်သွားသည်။ ကျနော့်အဖေနှင့် ကျနော့်အဒေါ်တို့အပြင်၊ ဦးလေး၊ ကဗျာဆရာ၊ ကိုပုညနှင့် ကျနော် အားလုံးသည် တစ်စုံတစ်ရာအပေါ်မှီတွယ်၍ အသက်ရှင်သန်နေသော သူများပင် မဟုတ်ပါလား။

“ဘယ်သစ်သီးတန်းကဆိုင်ဖြစ်ဖြစ် သူကမသိတဲ့သူမရှိဘူး။ သူကအကောင်းဆုံးအ၀ယ်ဖောက်သည် တစ်ယောက်လေ၊ ပိတောက်သီး ရောက်ပြီလား။ ပိတောက်သီးရောက်ပြီလားနဲ့ နေ့တိုင်းလိုလိုလာလာမေးနေတတ်တာ အကိုရဲ့”
“သြော်”

“ဒါနဲ့ အကိုနဲ့ ကိုပုညက ဘယ်လိုပက်သက်တာလဲ”
“အကိုတို့က ညီအစ်ကိုအဟောင်းတွေလေ။ အရင်ဘ၀တွေက ကွဲကွာခဲ့ကြရတာပေါ့”

ကျနော်စကားကြောင့် ရုပ်ရှင်ပိတ်ကားတစ်ခုကဲ့သို့ အံ့သြမှု၊ တုန်လှုပ်ချောက်ခြားမှု၊ နားမလည်နိုင်မှုများ ဖြတ်သန်းလှုပ်ခတ်သွားသောသစ်သီးသည်မိန်းကလေး၏ မျက်ဝန်းများကို ကျနော်ကျောခိုင်းလှည့်ထွက်လာခဲ့သည်။ သူမသည် ကျနော့်ကျောပြင်အား ငေးကြည့်ရင်း မှင် သက်ငူငိုင်ကာ ကျန်ရစ်ခဲ့ပါလိမ့်မည်။ သူမအား ကျနော်တို့အားလုံး၏ဇာတ်လမ်းကို ရှင်းမပြချင်သေးပါ။ ပိတောက်သီးများ သီးလာခဲ့သော အချိန် ကာလအနည်းငယ်မျှတော့ စောင့်စားရမည်ဖြစ်သည်။

အချိန်ကာလအနည်းငယ်မျှအကြာတွင် ပိတောက်သီးများသီးလာလိမ့်မည်ဟု ကျနော်သည် ယုံကြည်နေမိဆဲပင် ဖြစ်သည်။

****
ပြီးပါပြီ။
 
Leave a comment

Posted by on August 17, 2011 in Short Stories

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: