RSS

Gaw Dee – We also DIG Irrawaddy !!!

18 Aug

ကျွန်တော်တို့လဲ .. ဧရာဝတီကို (…) ပါတယ်
ဂျော်ဒီး
သြဂုတ် ၁၈၊ ၂၀၁၁

‘‘ဗျိုး …. ဂျီးဒေါ် .. ကျနော်တို့က အဆင့်အတန်း မြင့်မြင့်နေတာနော် … ဟဲ.. ဟဲ’’

အိမ်ခေါင်မိုးပေါ်ရှိ .. တိုလီမုတ်စအထုပ်တွေကြားမှာ ငုတ်တုပ်ကလေးထိုင်မှိုင်နေရှာသော ဂျီးဒေါ်တယောက်..မျက်စောင်းအကြီးကြီး ထိုး ရင်း …

‘‘ဟိတ်..မောင်မင်းကြီးသား သာဂိ … ပါးစပ်ကလေး တဆိတ်လောက်ပိတ်ထားလို့မရဘူးလား ..။ ဒီမှာ ကိုယ်တိုင်ရေဘေးဒုက္ခသည် ဖြစ်နေလို့ အိမ်ခေါင်မိုးပေါ်တက်နေရတာ စိတ်ညစ်လွန်းလို့ ..’’
‘‘ဂျီးဒေါ်ရယ် တရာနဲ့ နှစ်ရာနဲ့သာ ဖြေပါ..။ တူအရီးတွေ ဘ၀တူ အဆင့်မြင့်အိမ်ယာမှာ နေခွင့်ရတာ ဘယ်လောက်ကံထူးလဲ..။ ဒါ အ မြှော်အမြင်ကြီးမားတဲ့ အရင်တပ်မတော်အစိုးရလက်ထက်က ပြည်သူ့ဘ၀မြှင့်တင်ရေး စီမံကိန်းတွေရဲ့ကျေးဇူးလေ..။ အခု အစိုးရသစ်ကြီး ရဲ့ လက်ထက်မှာ ဆက်လက်အကောင်အထည်ဖော်ရင် ဒီထက်ကို အဆင့်မြင့်ဦးမှာ..´´

‘‘အော် … ဒီထက် ဘယ်လိုများ အဆင့်မြင့်ဦးမှာတဲ့လဲ သာဂိရယ်’’
‘‘ဟုတ်တယ်..အခုပြည်ထောင်စုအဆင့် သတင်းထုပ်ပြန်ရေးအဖွဲ့ကြီးရဲ့ ပထမဦးဆုံးသတင်းစာရှင်းလင်းပွဲကြီးမှာ ပွဲဦးထွက်အနေနဲ့ ဥက္ကဌ ကြီးရဲ့မျက်ရည်တွေနှာရည်တွေကိုတောင် ချူယူနိုင်အောင် အရမ်း အရမ်း ကို ဟော့ဖြစ်နေတဲ့ ဧရာဝတီ မြစ်ဆုံဆည်ကြီးတွေသာပြီးလို့ ကတော့ …အခုလို အိမ်ခေါင်မိုးပေါ် အဆင့်မြင့်မြင့်တက်နေရုံတင်မကဘူး … ဟိုး တာဝတိံသာ နတ်ပြည် ၆ ထပ်ရဲ့ ထိပ်ဆုံးထိတောင် တက်နေရဦးမှာ။ တနိုင်ငံလုံး ရေတွေလွှမ်းကုန်လို့ သေပြီး တာဝတိံသာနတ်ပြည်ရောက် အဲဒီလောက် အဆင့်မြင့်မြင့်နေနိုင်အောင်ကို အစိုး ရမင်းများက စီစဉ်ပေးထားတာ။ တိုင်းသူပြည်သားတွေကို ခြစ်လွန်းလို့ သိလား”

“အမလေး ဒင်းတို့ အခြစ်တော့ ဘ၀ဆက်တိုင်း မခံပါရစေနဲ့တော် …။ ကြောက်လွန်လွန်းလို့။ အခု ထမင်းထုပ်ပေးမယ့်အဖွဲ့တွေကို ဒေါ်စု တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သွေးအကူအညီပေးတဲ့အဖွဲ့ကပေးတာမို့ မဝေခိုင်းဘူး ဆိုလား …။ ဒင်းတို့ကဘဲ ပြည်သူတွေကို ခြစ် ကြောင်း သိအောင် အခု ဒုတိယသမတကြီးကိုယ်တိုင် ဆင်းပြီး ထမင်းထုတ်ဝေမယ်ဆိုလို့ စောင့်နေတာ မနက်ကတည်းက ထမင်းမစားရ သေးဘူး’’

ပြောရင်းဆိုရင်း ဂျီးဒေါ်က ခပ်လှမ်းလှမ်း ရေပြင်ကျယ်ကြီးဆီသို့ လှမ်းမျှော်နေရှာ၏။ ရေပြင်ကျယ်ကြီးထဲတွင် ဂျီးဒေါ်တို့ကဲ့သို့ အဆင့်မြင့် အိမ်ခေါင်မိုးများမှ ရေဘေး ဒုက္ခသည်များကိုသာ မြင်ရရှာပြီး ထမင်းထုတ်ကမ်းမည်ဆိုသော ဒုသမတကြီးနှင့်တူတာဆိုလို့ ရေပြင်ကျယ်ထဲမှာ မျောပါနေသော စားဖား မဲမဲကြီးများကိုသာ တွေ့ရလေ၏။

“ဂြီ … ဂြီ … ဂီြ .. ဂြီးးးး’’

သာဂိ၏ဗိုက်ထဲမှ သံစုံတီးဝိုင်းသည် ဆာလောင်မှု ဆင်ဖိုနီတေးသွားကို မရပ်မနား တီးမှုတ်နေလေသည်။ ထိုစဉ် ဟိုးဖက် ခပ်လှမ်းလှမ်းမှ အိမ်ခေါင်မိုးတခုပေါ်မှ လက်ကိုင်လော်စပီကာလေးကို ကိုင်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီးက ဗိုက်ကလေးကို လက်နဲ့အုပ်ရင် ထမင်းခုနှစ်ရက် အစားရရှာသော လေသံလေးနဲ့ ကြောညာလိုက်လေသည်။

‘‘ရေဘေးဒုက္ခသည်များ ခင် … ဗျာ …။ ဒုသမတကြီးဟာ ဒီနေ့ခရီးစဉ်မှာ ရေဘေးဒုက္ခသည် အနဲငယ်ကို နွေးနွေး ထွေးထွေးနှုတ်ဆက်ပုံ သတင်းစာထဲထဲ့ဖို့ ဒူးထောက်ကလေးထိုင်းပြီး .. ဓာတ်ပုံအရိုက်ခံစဉ် … ဘောင်းဘီကွဲသွားပါသဖြင့် … နေပြည်တော်သို့ အမြန်ပြန်သွားရပါ တယ်။ ဒါကြောင့် ဒုသမတကြီးရဲ့ ပြည်သူများအပေါ်ထားသော စေတနာကို လေးစားသောအားဖြင့် အားလုံးဗိုက်မှောက်ပြီး အိပ်ကျပါရန် ကြေညာအပ်ပါသည်ခင်ဗျား ..။

‘‘ဟာ’’ “ဟင်” “ဟယ်” အားလုံး စိတ်ပျက်လက်ပျက် ညည်းညူလျက် ကိုယ့်အိမ်ခေါင်မိုးလေးပေါ်တွင် ကိုယ် ငတ်တုတ်ကလေးတွေထိုင်ရင်း ဟိုဟိုဒီဒီ အကူအညီရလိုရငြား ငေးမောနေကြရှာ၏။

သာဂိကား ရီကျဲကျဲ မလုပ်နိုင်တော့ …. သူ့ဝမ်းနာ သူသာသိလေတော့ ဒေါသတကြီးနဲ့ ရေရွတ်၏။
‘‘တောက် … ဒီဆည်တွေဆောက်ကတည်းက တခါမှ ရေမကြီးဘူးတဲ့ နေရာတွေ ရေကြီးလို့ ကြီး …၊ ပြည်သူတွေမှာ ရေဘေးဒုက္ခသည်တွေ ဖြစ်ရုံမက လယ်ယာတွေပျက် စီးပွားတွေပျက်၊ သူတို့ဖြင့် ဟုတ်တိပတ်တိ မကူညီဘဲနဲ့ တခြားသူတွေက ကူညီတာကြတော့ ကာဆီး … ကာဆီး …”
“စိတ်လျော့ တူလေး …စိတ်လျော့ …။ ကာဆီးရုံဆို ဘာအရေးလဲကွယ် …။ နာဂစီမှာတုံးကဆို လှူတဲ့သူ၊ ကူတဲ့သူတွေကို ကာဆီးရုံမက ဖမ်းဆီးတာတွေတောင် လုပ်ခဲ့သေးတာ …”

“ဟင်း … ပြောတော့ဖြင့် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသားရေးကို ရှေးရှုသလေး … ဘာလေးနဲ့”
“ဟင် … ဟုတ်လား …။ ဘယ်တုံးက ဘယ်သူကပြောတာလဲ …ဟဲ့”

“ဒေါ်အောင်ဆန်းစုကြည်နဲ့ စိမ်းလဲ့ကန်သာမှာ သွားသွားတွေ့ဆုံခိုင်းထားတဲ့ စပ်ကြားရေးဝန်ကြီးက တွေ့ဆုံပွဲအပြီးမှာ ဖတ်ပြတာလေ”
“ဟေ ..စပ်ကြားရေးဝန်ကြီးဟုတ်လား …။ တခါမှ မကြားဖူးပါလား …သာဂိရဲ့”

“ကမ္ဘာမှာ မြန်မာကွလို့ ကြွေးကြော်နိုင်အောင်ထွင်ထားတာလား …။ ဒါမှမဟုတ် .. အချိန်မရွေး …ဘွာတေးခတ်နိုင်အောင် ထွင်ထားတာလား မသိ …။ အရင် အစိုးရလက်ထက်ကလို ဆက်ဆံရေးဝန်ကြီးအနေနဲ့ဘဲ ဒေါ်စုကို လာတွေ့ခိုင်းတာလား ..။ အခု အစိုးရလက်ထက်က ပြည် ထောင်စုဝန်ကြီး အဆင့်အနေနဲ့ တွေ့ခိုင်းတာလား မသဲကွဲတော့ စပ်ကြားရေး ၀န်ကြီးပေါ့ဗျာ …”

“ကိစ္စမရှိပါဘူး …သာဂိရယ် …။ အရင်အစိုးရနဲ့ အခုအစိုးရက ကုလားကြီးနဲ့ အရာကြီး အတူတူပဲဟာ …။ ဘာနံမယ်တပ်တပ် ..သွားတွေ့ လိုက်ဦးဆို တွေ့လိုက်ရတာ သူ့ခမျာ သနားစရာပါ။ နောက်ပြီး ဒေါ်စုနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ သူ့လက်ကြီးက လက်အတုကြီးဆိုလား ဈေး ထဲမှာ ပြောနေကြတာဘဲ”

“အော် …လောက လောက ..
အပြုသဘောဆောင်ဖို့ ..
အတုသဘောတွေနဲ့ ..
လက်ဆွဲနှုတ်ဆက်လို့ ဆက်ရ”

သာဂိက ပို့စ်မော်ဒန်အလွန် ကဗျာဆရာတွေလို ခပ်ဒန်ဒန် ဟန်ပန်အပြည့်နဲ့ ကဗျာတပုဒ်ကို ကောက်ရွတ်ဆိုလိုက်လေရာ …

“အမယ် …ငါ့တူလေး သာဂိတောင် ကဗျာဆရာဖြစ်နေပါလား”
“အင်း … ဗိုက်ဆာဆာနဲ့ ရင်ဘတ်ထဲက ကဗျာတွေ အံထွက်လာတာပေါ့ဗျာ။ ပြောရင်းဆိုရင်း ရင်ထဲမှာ ဝေဒနာတွေများလာပြီ။ ရုပ်ရှင်တကားစာလောက် အနုပညာတွေ အံထွက်လာပြီ …”

“အမယ် ရုပ်ရှင်ဒါရိုက်တာတောင်လုပ်ဦးမှာလား …”
“ဟုတ်တယ် … ဂျီးဒေါ် ရေကျသွားရင်တော့ ရုပ်ရှင်တကားရိုက်ဦးမယ်။ အင်းးးး မင်းသား မင်းသမီးတွေ အလကားရအောင် ပေါ်လစီကား ရိုက်မယ်”

“ဟဲ့ .. ဟို ပေါ်လစီကားရိုက်တဲ့ ဒါရိုက်တာကြီးလို ဖြစ်နေဦးမယ်။ “အာရုံဦးမှာ ရူးသည့်ငါ” ဆိုတဲ့ ကားကြီးလည်း ရိုက်ပြီးရော ချီးစိမ်းတွေ ပန်းပြီး သေသွားရှာတာလေ”
“အို … ကျနော်က ဒါရိုက်တာနံမယ်တောင် ရွေးပြီးပြီ။ ပေါ်လစီကားရိုက်မယ်ဆိုတော့ “လဒမောင်မောင်”ဆိုတဲ့ နံမယ်နဲ့လိုက်တယ်။ မင်းသားက အီမိုးရှင်းဖြစ်လွယ်တော့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်တဲ့ ဇာတ်ကို သရုပ်ဆောင်ခိုင်းမယ်။ သူက ငိုလိုက် .. ခုရီလိုက်လုပ်တာ ကျွမ်းတယ်။

“ဟယ် ..ဟုတ်လား။ မင်းသားက ဘယ်သူလဲဟင် …။ နေတိုး …လား။ ခန့်စည်သူ …လား။ မင်းသမီးလေး ..ဘာလေး ..အမေခန်းက ဖြစ်ဖြစ်လိုဘူးလားဟယ် …။ ကိုယ့်တူလေး ဒါရိုက်တာလုပ်တုံး ငါလဲ ရုပ်ရှင်သရုပ်ဆောင်လေး ဘာလေး လုပ်ဖူးအောင်”

“အင်းး ဖြတ်လျှောက်ခန်းလေး ဘာလေးမှာ လူလိုရင် ခေါ်သုံးမယ်။ အခုက ခဏတိတ်တိတ်ကနေ ..။ ဗိုက်ဆာဆာနဲ့ ဖီလင်လေးလာတုံး စိတ်ကူးနဲ့ ရုပ်ရှင်ဆက်ရိုက်လိုက်ဦးမယ် …”
သာဂိက မျက်လုံးကို မှေးစင်းရင် တဂွီဂွီမြည်နေသော ၀မ်းဗိုက်ကလေးကို မှောက်ရင်း …စိတ်ကူးနဲ့ ရုပ်ရှင်ဇတ်လမ်း ဆင်နေသည်။

“မင်းသားက နှစ်ကိုခွဲ …။ တကိုယ်က အပြုသဘောဆောင်တဲ့ လူ …။ တကိုယ်က အခြိမ်းအခြောက် အဟိန်းအဟောက်တွေနဲ့ အဖျက် သဘောဆောင်တဲ့ သရုပ်ကို အပီအပြင် ထရိုက်ချင်စရာကောင်းအောင် သရုပ်ဆောင်ခိုင်းမယ်။ နှစ်ကိုယ်ခွဲ သရုပ်ဆောင် အတတ်နဲ့ ရုပ်ရှင် ကြည့် ပရိတ်သတ်ကို မျက်စိလည်အောင် သရုပ်ဆောင်ပြနိုင်ရမယ်။ ဇာတ်ကားရဲ့နောက်ခံက ဧရာဝတီမြစ်ဆုံဆည်ကြီးတွေ နောက်ခံထားတဲ့ ဇာတ်လမ်း။ ဇာတ်ညွှန်းကို ဟို …မြန်မာ့အမှောင်မှာ …ဘာမှန်းညာမှန်းမသိသူတဦးဆိုတဲ့ ကလောင်အမည်နဲ့ စောင်းပြောတွေ ရေးရေးနေတဲ့ စာရေးဆရာကြီးက ရေးပေးထားပြီ”

“ဟယ် … စိတ်ဝင်စားလာပြီ …။ မင်းသား …ဘယ်သူလဲ ပြောပါဦးဟဲ့”
“မင်းသားကို အခုကတည်းက လွမ်းခန်းအတွက် လက်ကိုင်ပုပါ ဆယ်ဒါဇင်ပေးပြီး အငိုကျင့်ခိုင်းထားရမယ်။ ဒါတွေ သူပိုင်ပါတယ်။ လူရှေ့ သူရှေ့ဆိုရင် အရင်ဦးဆုံး ပြူးတူးပြဲတဲ လုပ်ပြီး ဘာဆက်လုပ်ရမှန်းမသိရင် မရှက်မကြောက် ချုံးပွဲချပြီး ငိုချပြနေကျ …။ မင်းသားနံမယ်က ဗမာဆန်ဆန် “မုန့်လက်ကောက်ကွင်း” တဲ့”

“ရလဲ့ …နံမယ်က အဆန်းပါလား ..အလန်းပါလား”
“အဲဒါ မင်းသားကိုယ်တိုင်ပေးထားတဲ့နံမယ်လေ …။ သူက မြန်မာပြည်နဲ့ မြန်မာလူမျိုးကို အရမ်းးးး ခြစ်တာ …ဂျေဒိုးနတ်တွေ ဘာတွေ မကြိုက်ဘူး။ ကောက်ညှင်းလေးကို ကျော်ပြီး ..ထညက်ရည်လေး ဆမ်းထားတဲ့ မြန်မာမုန့်ကလေးကို နှစ်သက်လို့ ဒီနံမယ်ကို ယူထားတာပါတဲ့”

“ဇာတ်ကားနံမယ်ရော …ရွေးထားပြီးလား”
“ရွေးထားပြီ။ ဧရာဝတီကို နောက်ခံထားပြီး ဧရာဝတီမြစ်ကြီးကို ဘယ်လောက်ခြစ်တဲ့အကြောင်း သရုပ်ဖော်ထားတဲ့ဇာတ်လမ်း။ ဧရာဝတီကို ခြစ်လွန်းလို့ ရှိသမျှရေတွေ သဲသောင်တွေပါ တစမကျန်အောင်ခြစ်ယူတဲ့အကြောင်းကို သရုပ်ပေါ်အောင် ရုပ်ရှင်ကြည့်သူတွေ မျက်ရည်နဲ့ မျက်ခွက်ဖြစ်အောင်ကို ရိုက်ပြမယ်။ အကယ်ဒမီတွေ တထောကြီးရဦးမယ့် ပေါ်လစီကား …။ ဇာတ်ကားနံမယ်က “ကျွန်တော်တို့လည်း ဧရာ ၀တီကိုခြစ်ပါသည်”တဲ့”

“ဂွီ” (အီကား ဂျီးဒေါ်၏ မှောက်ထားသော ၀မ်းဗိုက်မှ ဆာလွန်း၍ မြည်သံဖြစ်သတည်း။ ။

သရုပ်ဖော် – ဟန်လေး
 
Leave a comment

Posted by on August 18, 2011 in Gyaw Dee, Satire

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: