RSS

Maung Maung One – 23 year ago 8888 (Part 4)

19 Aug

ရင်ထဲက ရှစ်ဆယ့်ရှစ် – အပိုင်း (၄)
မောင်မောင်ဝမ်း
သြဂုတ် ၁၈၊ ၂၀၁၁
ကျနော် အဲဒီ့တညလုံး ကောင်းကောင်းမအိပ်ခဲ့ရဘူး .. အားလုံးကလည်း အကွဲကွဲအပြားပြား ဖြစ်ကုန်ကြပြီ။ ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်း မသိ။ သပိတ်စခန်းထဲမှာရှိနေတဲ့ လူဦးရေ ကြည့်လိုက်တော့ အယောက် ၂၀ တောင် ကောင်းကောင်းမပြည့်ချင်ဘူး။ တော်တော်လေး ထိတ်လန့်ပြီး စိုးရိမ်နေမိတာ အမှန်ပဲ … ဘယ်အချိန်များ ငါတို့ကိုဝိုင်းပြီး ဖမ်းမလဲပေါ့ …။

ဒါပေမယ့် ပတ်ချာလည်မှာ ဝိုင်းပတ်နေတဲ့ အိမ်တွေကလူတွေနဲ့ သပိတ်စခန်းရှိရာ ဆုံတိုက်ရပ်ကွက်က ပြည်သူတွေက အမာခံ ကာကွယ်ပေးထားတယ် … တုတ်တွေ၊ ဓားတွေ၊ ဂျင်ကလိ လက်နက်တွေ ကိုင်ဆောင်ပြီး ညလုံးပေါက် ကင်းစောင့်ပေးရှာတယ်။ ကြားဖြတ်ပြီး တခုပြောချင်သေးတယ်။ ဂျင်ကလိဆိုတာ မြား ပုံစံလုပ်ထားတဲ့ သံချောင်းအတိုလေး … လောက်လေးဂွနဲ့ ထည့်ပစ်တာ … အဲဒါမှန်လိုက်လို့ကတော့ တော်တော် မလွယ်ဘူးဗျ … အာဏာပိုင်တွေဟာ .. အဲဒီ့ ဂျင်ကလိလက်နက်ကို တော်တော်ကြောက်ကြတယ် … တော်တော်လှမ်းတဲ့အကွာအဝေးထိ လှမ်းပစ်လို့ ရတယ် …။

သြဂုတ်လ ၇ ရက်၊ ၁၉၈၈
မနက်လင်းလင်းချင်း ရောက်လာတာက ကျနော့် အမေ … အူးယားဖားရားနဲ့ ရောက်လာတယ် … ကျနော့်ကိုမြင်လိုက်မှ တော်တော် စိတ်ချမ်းသာသွားပုံရတယ် … သူလည်း တညလုံး မအိပ်ရေသေးဘူး …။
“အိမ်ကို ညကရဲတွေ အထပ်ထပ်ဝိုင်းပြီး … မင်းကို လာရှာတယ် … တအိမ်လုံး လိုက်ရှာကြတာ ဗြောင်းဆန်နေတာပဲ … ရဲအရာရှိတယောက်က ငါ့နားထင်ကို သေနတ်နဲ့ထောက်ပြီး … ခင်ဗျားသား ဘယ်မှာလဲ မှန်မှန်ပြော ဆိုပြီး … မေးတယ်.. ငါကလည်း အမှန်ပြောတာလေ … ကျမ ဘာမှမသိဘူး … သူ လုပ်တာတွေက … သူစိတ်သူ့သဘောနဲ့ လုပ်တာ … ကျမလည်း ဘာမှမပြောဘူးဆိုတော့ .. တော်တော် ရိုင်းကြတယ်ကွာ … ပြောတာဆိုတာတွေက … လူမဆန်ဘူး… တခါ မင်းညီတွေရော ကျန်တဲ့ အလုပ်သမားတွေရောကို ဝမ်းလျှားမှောက်ခိုင်းပြီးထားတယ် … ငါ မင်းအတွက်တော်တော် စိုးရိမ်တာ … ဆုတောင်းလိုက်ရတာ အမောပဲ … မင်းကိုတွေ့မသွားတော့ … သူတို့ တော်တော်လေး ဒေါကန်နေပုံရတယ် … တော်တော်များများလည်း အဖမ်းခံရတယ်လို့ ကြားတယ် … လူအယောက် ၃၀ လောက် မြို့မရဲစခန်းအချုပ်ထဲမှာ အခုဖမ်းထားတယ်တဲ့…”
အမေနဲ့ အိမ်သားတွေအတွက် တော်တော်စိတ်မကောင်း ဖြစ်သွားတယ် … မနက် ၇ နာရီလောက် ရောက်တော့ လူတွေ တဖွဲဖွဲ သပိတ်စခန်းရှိရာကို ရောက်လာကြတယ် … ဒါပေမယ့် ကျနော်တို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက စုစည်းလို့မရသေးဘူး … ယာယီ ဥက္ကဋ္ဌ တင်ထားတဲ့ .. စက်မှု တက္ကသိုလ်ကျောင်းသား ကိုကံတင်ကလည်း အဖမ်းခံလိုက်ပြီ … ဖြစ်ချင်တော့ … လှုပ်ရှားမှုအဖြိုခွဲခံရပြီးနောက် ကိုယ့်အိမ်တွေကိုယ်ပြန်အိပ်ကြတဲ့သူတွေ အကုန်နီးပါးလောက် အဖမ်းခံလိုက်ရတယ် …
ကျောင်းသားရယ်လို့ ပြန်စုစည်းလို့ရတာ ကျနော်ရယ်၊ မြင့်ငွေ၊ ကိုဝင်းရွှေ၊ ကိုပေါက် (ဂျီတီအိုင်) လောက်ပဲ ရှိတော့တယ် … ကျန်တဲ့သူတွေ ပြန်ဆုံလို့ မရသေးဘူး … လူအယောက် ၁၀၀ လောက် သပိတ်စခန်းထဲမှာ စုစည်းမိတယ်ဆိုရင်ပဲ .. မြင့်ငွေက လူထုတရားပွဲကို စကျင်းပတယ် … မနေ့ညနေက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်မှာ သူက ကိုယ်တိုင်ပါဝင်ခဲ့သူဆိုတော့ … အပ်ကျမတ်ကျ ပြောပြနိုင်တယ်လေ … လူထုရင်ထဲမှာ ဘယ်လိုဖြစ်သွားသလဲဆိုတော့ … အစိုးရရဲ့ဗြောင်ကျကျ လိမ်ညာမှုကြီးကို အတော်ကို စက်ဆုတ်သွားကြတယ် … တဖြည်းဖြည်းနဲ့ လူတွေက သပိတ်စခန်းထဲက ရောက်လာလိုက်ကြတာ … လည်ပေါ် သာသနာ့ဗိမ္ဗာန်ထဲမှာ အပြည့်လောက်ရှိနေပြီ … မကြာခင်ပဲ .. ကျနော်တို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ထဲက .. ကျော်စွာမြင့် ရောက်လာတယ် .. အားလုံးက တော်တော်ဝမ်းသာသွားကြပြီ … သူနဲ့အတူ မန္တလေးဆေးတက္ကသိုလ်ကျောင်းသား .. အောင်မျိုး (ယခု ကင်ဆာ အထူးကု ဆရာဝန်ကြီး .. စင်္ကာပူ) ပါ ပါလာတယ်လေ … အားတွေကို ပြန်စုနိုင်ကြပြီ … ဒီလိုနဲ့ မနက် ၉ နာရီလောက်ရောက်တော့ မြို့လည်ထဲက ပစ်ခတ်နေတဲ့သေနတ်သံတွေကို အတိုင်းသားကြားနေရတယ် .. သတင်းလာပို့သူတွေကလည်း .. အပြေးအလွှား သတင်းလာပို့ကြ …

“မြို့ထဲမှာ … လူစုစုရှိတဲ့နေရာတွေကို လိုက်ဖြိုခွဲနေတယ် … ရဲတွေအများကြီးပဲ … လက်ဘက်ရည်ဆိုင်ထဲက စားပွဲထိုးလေးတယောက်က ပုဆိုးလှန်ပြလို့ဆို သေနတ်နဲ့ပစ်လိုက်တာ .. ပွဲချင်းပြီး သေသွားတယ် … သူ့နာမည်က .. ရာကူ တဲ့ … နောက် ဆိုက်ကားစီးလာတဲ့ .. တယောက် သေနတ်ကျည်ဆံ ပါးစပ်မှန်သွားတာ ဆေးရုံကိုချက်ခြင်း ခေါ်သွားတယ် .. သူ့နာမည်က ဦးသောင်း … နောက်ထပ်လည်း သေတဲ့သူတွေ မှန်တဲ့သူတွေ ရှိသေးတယ် ကြားတာပဲ … အဲဒီနေ့က ကျနော်တို့ သပိတ်စခန်းကနေ ပြင်ပထွက် စီတန်းဆန္ဒပြမှုမလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြတယ်.. သပိတ်စခန်းကိုပဲ .. ကျမသွားအောင် အကာကွယ်ပေးဖို့ .. ပြည်သူလူထုကို မေတ္တာရပ်ခံခဲ့တယ် … ကျောင်းသားသမဂ္ဂ ကိုလည်း.. ပြန်လည်ဖွဲ့စည်းလိုက်ကြတယ် … ကျနော်က ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌက ကျော်ဆန်းဦး၊ အောင်မျိုးက အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ကျော်စွာမြင့်နဲ့ မြင့်ငွေက အခြေခံပညာအထက်တန်း ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင်တာဝန်တွေကို ယူခဲ့ကြတယ် …
ညရောက်တော့ လူထုက ကျနော်တို့ကို မေတ္တာရပ်ခံတယ် .. ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေ ကျလို့ မဖြစ်ဘူး။ ဒါ့ကြောင့် ကျနော်တို့ကို လုံခြုံတဲ့နေရာမှာ ထားမယ် .. သပိတ်စခန်းကို သူတို့ ကာကွယ်မယ် .. သတင်းတွေကလည်း ရထားတာရှိတယ် … သပိတ်စခန်းကို ရဲအင်အား အလုံးအရင်းနဲ့ ဝင်စီးလိမ့်မယ် .. ဘာဖြစ်လို့လဲဆိုတော့ .. မနက်ဖြန်က ရှစ်လေးလုံးနေ့ .. တနိုင်ငံလုံး တပ်လှန့်ထားတဲ့နေ့ … သတင်းရထားတဲ့အတိုင်းပါပဲ .. သက်ဆိုင်ရာ အာဏာပိုင်များက အဲဒီ့ညမှာ .. အလုံးအရင်းနဲ့ဝင်စီးဖို့ ကြိုးစားတယ် … ဒါပေမယ့် ပြည်သူလူထုရဲ့ မားမားမတ်မတ်ခုခံမှုကြောင့် .. သူတို့ သပိတ်စခန်းကို ဝင်မစီးနိုင်ခဲ့ဘူး .. တပ်လှန်သွားခဲ့တယ်။ ညပိုင်းရောက်တော့ .. သပိတ်စခန်းတည်ရှိရာ ဆုံတိုက် ရပ်ကွက်က အမာခံလူထုတွေက .. ကျနော်တို့ကို လျှို့ဝှက်ခေါ်ထုတ်သွားပြီး .. လုံခြုံတဲ့နေရာကို ပို့ပေးထားတယ် .. မှတ်မိနေပါသေးတယ်။ ကျနော်ရယ် အတွင်းရေးမှူး အောင်မျိုးရယ် တွဲ-အတွင်းရေးမှူး ကျော်စွာရယ် လိုင်ဂူကြီးတလုံးထဲ ဝင်အိပ်ရတယ် .. ကောင်းကောင်းလည်း အိပ်မရပါဘူး … အပေါ်က သဲတွေက တဖျောဖျောကျဆိုတော့ .. ပေးထားတဲ့ .. စောင်တွေကို ခေါင်းမြီးခြုံပြီး ကွေးနေရတာပေါ့ .. အားလုံးက မနက်ဖြန်အတွက် ရင်ခုန်နေကြတော့ .. တော်တော်နဲ့ အိပ်မပျော်နိုင်ကြပါဘူး။

သြဂုတ်လ ၈ ရက်၊ ၁၉၈၈
မနက်မိုးလင်းတော့ ကျနော်တို့ သပိတ်စခန်းရှိရာကို သွားခဲ့တယ် … လုံခြုံရေး တာဝန်ယူထားတဲ့ သူတွေက .. ညက သပိတ်စခန်းကို ဝင်စီးဖို့ကြိုးစားခဲ့တဲ့ … ရဲတွေကို သူတို့ ဘယ်လိုတုံ့ပြန် ကာကွယ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြကြတယ် … ရဲတွေ ဂျင်ကလိနဲ့ လောက်လေးတွေမှန်ပြီး ရှေ့ဆက် မတက်ရဲဘဲ .. ပြန်ဆုတ်သွားကြတယ် … မနက် ၈ နာရီလောက်ရောက်တော့ .. လူတွေ တော်တော်များများ ရောက်လာကြပြီ … ခွပ်ဒေါင်းအလံတွေ ကိုယ်စီ ကိုယ်စီ လွှင့်ထူလို့ … ကျနော်တို့က ၁၀ နာရီမှာ စီတန်းလှည့်လည် ဆန္ဒပြပွဲလုပ်ဖို့ သတ်မှတ်ထားတော့ … ၁၀ နာရီလောက်မှာ .. လူထုကြီးက သပိတ်စခန်းထဲမှာ ခြေချစရာနေရာမရှိလောက်အောင်ကို များနေပြီ … အဲဒီနေ့မှာ ကျနော်တို့ထဲက ခေါင်းဆောင်ပိုင်းတွေ အကုန်နီးပါးလောက် ပြန်ဆုံနိုင်ကြတယ်… ပြန်ကြားရေးတာဝန်ခံ မင်းရဲထွန်းကား၊ တို့ပြန်လာတယ် … ဒီလိုနဲ့ သပိတ်လမ်းကြောင်းချီတက်ရာ လမ်းကြောင်းရေးဆွဲနေစဉ်မှာပဲ … အမကြီးတယောက်က အမောတကောပြေးလာပြီး ကျနော်တို့ကို လာပြောတယ် …
“မောင်လေးတို့ .. အမ အရေးကြီးတာလေးတခု ပြောချင်တယ် .. မောင်လေးတို့ ယုံတာ မယုံတာခဏထားပေါ့ .. အမ ပြောတာလေးတော့ နားထောင်ပေးပါ … အမကို အကြံပေးတဲ့သူရှိနေလို့ပါ … မောင်လေးတို့ချီတက်ရင် တောင်ဘက်ကို ဦးတည်ပြီး မသွားကြပါနဲ့ … နဂါးဦးခေါင်းက ဒီလမှာ မြောက်ဘက်ကို ဦးတည်နေတယ် … တောင်ဘက်ကို ဦးတည်သွားတယ်ဆိုရင် .. နဂါးခံတွင်းထဲ ဝင်သွားသလိုဖြစ်မယ် .. အစားခံရလိမ့်မယ် … အမ တောင်းပန်ပါတယ် … မသွားကြပါနဲ့ … မြောက်ဘက်ကို ဦးတည်ထွက်ပါ…”
သူကိုကြည့်ပြီး ကျနော်တို့ တယောက်ကိုတယောက် ပြုံးမိကြတယ် … ဒါနဲ့ပဲ .. ကျနော်တို့အားလုံးက .. တောင်ဘက်ကို ဦးတည်ထွက်မယ့် လမ်းကြောင်းကိုပြောင်းပြီး မြောက်ဘက်ကို ဦးတည်ထွက်လိုက်ကြတယ် … ပြီးတော့ .. ပစ်ခတ်နိုင်လောက်တဲ့ လမ်းကြောင်းတွေကိုရှောင်ပြီး ချီတက်ခဲ့ကြတယ် … အဲဒီနေ့က ပစ်တာခတ်တာ လုံးဝ မလုပ်ခဲ့ဘူး … ပါဝင်လာတဲ့ လူထု အင်အားကြီးကလည်း ကြောက်စရာကောင်းလောက်အောင် များလိုက်တာမှ မပြောပါနဲ့တော့ … တမြို့လုံးမှာရှိနေတဲ့ လူထုကလည်း အားပေးလိုက်ကြတာ .. ကျနော်တို့ တယောက်ကိုတယောက် ကြည့်ရင်း ကျေနပ်မိခဲ့ကြတယ် … ဘာပဲပြောပြော ကျနော်တို့ ကြိုးပမ်းချက်တွေ အောင်မြင်သွားပြီ … ပူပြင်းလှတဲ့ အညာနေရဲ့ဒဏ်ကိုတောင် ဘယ်သူမှမမှုကြဘူး … မြို့လည်မှာ ကျနော် နိုင်ငံရေး တရားဟောတော့ … အောက်က လူထုကိုကြည့်ပြီး … ကြက်သီးတွေတောင် ထမိတယ် … အားလုံးရဲ့ မျက်နှာသွင်ပြင်တွေဟာ .. နာကျဉ်းခက်ထန်နေကြသလိုပဲ … ကြွေးကြော်သံတွေကို နောက်က လိုက်အော်သံတွေဟာ … မိုးကြိုး အလုံးလိုက် အလုံးလိုက် ပစ်ချလိုက်သည့်အလား။
တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး — — — တို့အရေး တို့အရေး
ဒီမိုကရေစီရရှိရေး — — — တို့အရေး တို့အရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး — — — တို့အရေး တို့အရေး
အရေးတော်ပုံ — — — အောင်ရမည် အောင်ရမည်
အပိုင်း (၅) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း
 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: